အားနည်းချက်ကဘယ်မှာလဲ
Vol. 10 Ch. 121
'ဒါက ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်ပဲ...'
သူတို့နှစ်ယောက်လုံး နောက်ဆုံးတွင် အလေးအနက်ထားလာကြသည်။ ဂူလင်းဖေးသည် သူ့ကျင့်စဉ်ကို စတင်လည်ပတ်လိုက်ပြီး ခန္ဓာကိုယ်သန်မာတာကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်သည်။ ထိုပြောင်းလဲမှုကို မြင်သောအခါ အားလုံးက အနည်းငယ်အံ့အားသင့်သွားကြသည်။
'သူတို့အကြီးဆုံးစီနီယာအစ်ကိုကြီးက ကျောက်ရုပ်တုကြီးကို ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သက်သက်နဲ့ တိုက်ခိုက်တော့မှာလား...'
"မင်းတို့ရဲ့ အကြီးဆုံးစီနီယာအစ်ကိုကြီးက နည်းနည်းမဆင်မခြင်နိုင်ပေမယ့် အရူးတော့မဟုတ်ဘူး။ ဆက်ကြည့်ရင် နားလည်လာလိမ့်မယ်" ကျန်းယီမင် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
အစီအရင်ထဲရှိ ဂူလင်းဖေးသည် လက်သီးကိုဆုပ်လျက် အမြင့်သို့ခုန်တက်လိုက်သည်။ ထို့နောက် သူသည် ကျောက်ရုပ်တုကြီးရဲ့ဦးခေါင်းကို တည့်တည့် ထိုးချလိုက်သည်။
"ဝုန်း...."
သူ့လက်မောင်းကို အစွမ်းကုန်လွှဲလိုက်သည့်အခါ မိစ္ဆာဘုရားတစ်ပါးကဲ့သို့သော ကျောက်ရုပ်တုကြီးဦးခေါင်းက ကြေမွသွားသည်။
"ဟားဟားဟားဟား... ဒီလောက်ပါပဲလား... တော်တော် ခွန်အားကြီးမယ်ထင်နေတာ..." ဂူလင်းဖေးရဲ့ဂုဏ်ယူဝင့်ကြွားတဲ့ ရယ်မောသံသည် လျှို့ဝှက်နယ်မြေထဲတွင် ပဲ့တင်ထပ်သွားသည်။
"စီနီယာအစ်ကိုကြီး... သတိထား..." ယဲ့ယွမ်ဖန်က အော်ဟစ်လိုက်သည်။
ပုဆိန်ကြီးသည် ဂူလင်းဖေးရဲ့ ခေါင်းဦးရေပြားနား ကပ်ပြီး ဖြတ်သန်းသွားပြန်သည်။
"ဒါက...."
ကျောက်ရုပ်ထုကြီးဦးခေါင်းက အပိုင်းပိုင်းကြေမွသွားတာကို သူရှင်းရှင်းလင်းလင်းနဲ့ မြင်တွေ့ခဲ့ရသည်။
"စီနီယာအစ်ကိုကြီး... အဲ့ဒီမှာ ငူငူငိုင်ငိုင်ကြီး ရပ်မနေနဲ့လေ... အဲ့ဒါကျောက်ရုပ်တုကြီးဗျ..." ယဲ့ယွမ်ဖန်က လှမ်းသတိပေးလိုက်သည်။
အကယ်၍ ပြိုင်ဘက်က သာမန်ကျင့်ကြံသူတစ်ဦးသာဖြစ်ခဲ့လျှင် လုံးဝပြန်လည်မတိုက်ခိုက်နိုင်တော့သည်မှာ သေချာသည်။ သို့သော် ယခု ကျောက်ရုပ်ထုကြီးပြိုင်ဘက်ရဲ့ သေစေနိုင်တဲ့အားနည်းချက်သည် ဦးခေါင်းတွင် လုံးဝမရှိပေ။ မြေပြင်ပေါ်ရှိ ကျောက်ခဲအကျိုးအပဲ့များသည် ကိုယ်ပိုင်အသက်ရှိသကဲ့သို့ တုန်ခါနေပြီး မူလအခြေအနေသို့ ပြန်ရောက်တော့မည့်ပုံပေါက်နေသည်။
"စီနီယာအစ်ကိုကြီး... ဒီလို ဆက်လုပ်နေလို့ မဖြစ်ဘူး... အားလုံးကိုရိုက်ခွဲပစ်လိုက်..."
ယဲ့ယွမ်ဖန်က သဲလွန်စအချို့ ရှာတွေ့သွားသည်။ သူ့လက်ထဲမှ စိတ်ဝိညာဉ်စွမ်းအားများ လျင်မြန်စွာပေါက်ကွဲထွက်လာပြီး ကျောက်တုံးများကို အမှုန့်ဖြစ်အောင် ရိုက်ခွဲလိုက်သည်။ သို့သော် ကျောက်ရုပ်တုကြီး ပြန်သက်သာလာတာကို တားဆီးနိုင်ပုံမရပေ။
"ဒါမဟုတ်သေးဘူး... စီနီယာအစ်ကိုကြီး... ငါတို့ အားလုံးကို ဖျက်ဆီးပစ်သင့်တယ်..."
"ကောင်းပြီ..."
ဂူလင်းဖေးသည် လောလောဆယ်တွင် အတော်လေး အခြေအနေဆိုးဝါးနေသည်။ ပြိုင်ဖက်က လေးလံထိုင်းမှိုင်းတဲ့ကျောက်ရုပ်တုကြီး ဖြစ်ပုံရသော်လည်း လှုပ်ရှားမှုများမှာ အတော်လေးသွက်လက်ပြီး သူနှင့် ယဲ့ယွမ်ဖန်ထက် အနည်းငယ်လေးတောင် မလျော့နည်းပေ။ လက်ထဲမှပုဆိန်ကြီးကို ဝှေ့ယမ်းလိုက်သည့်အခါ ဂူလင်းဖေးသည် တစ်ဖက်ရန်သူရဲ့ တိုက်ခိုက်မှုကို မခံနိုင်တော့သလိုတောင် ခံစားလိုက်ရသည်။
သူ့ရှေ့မှကျောက်ရုပ်ထုကြီးတွင် မည်သည့်ကျင့်ကြံခြင်းစွမ်းအားမှ မရှိသော်လည်း လက်ထဲမှ ကြမ်းတမ်းတဲ့အရှိန်အဝါသည် အခြေတည်စိတ်ဝိညာဥ်အဆင့်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ နှစ်ယောက်ကို အတော်လေးဒုက္ခရောက်စေရန် လုံလောက်သည်။ ဂူလင်းဖေးက အခွင့်အရေးရသည်နှင့် ချက်ချင်း လှည့်ပြီးထိုးနှက်လိုက်သည်။ သူ့လက်သီးအစွန်းတွင် ဝေဝါးတဲ့နဂါးပုံရိပ် ရှိနေသည်။ လက်သီးသည် ရုပ်ထုကြီးရဲ့ ရင်ဘတ်ကို ဝင်ထိုးလိုက်သည်။
"စီနီယာအစ်ကိုကြီး... ရင်ဘတ်ကိုမထိုးနဲ့... သူ့ခြေလက်တွေကိုထိုး..."
ယဲ့ယွမ်ဖန် လေ့ကျင့်ထားတဲ့ကျင့်စဉ်သည် အခုလိုမျိုရန်သူမျိုးနှင့် ရင်ဆိုင်ရတဲ့အခါ အနည်းငယ်အသုံးမဝင် ဖြစ်နေသည်။ အကယ်၍ တူညီတဲ့အဆင့် သို့မဟုတ် အနည်းငယ်ပိုအားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်နှင့်ရင်ဆိုင်ရလျှင် အဆင်ပြေပေလိမ့်မည်။ သို့သော် အခုတစ်ကြိမ် သူ့ပြိုင်ဘက်မှာ အားနည်းချက် လုံးဝမရှိပုံရတဲ့ ကျောက်တုံးကြီးတစ်တုံး ဖြစ်နေသည်။ သူ့ လွင့်မျောတိမ်တိုက် ကျိုးပဲ့လကျင့်စဉ်သည် ပြိုင်ဘက်ရဲ့အားနည်းချက်များကို ရှာဖွေရာတွင် ပိုအသုံးဝင်သော်လည်း အခုပြိုင်ဘက်ရှေ့တွင် ဘာမှမဟုတ်တော့ပေ။
"စီနီယာအစ်ကိုကြီး... ကျွန်တော် သူ့ခြေလက်လေးဖက်ကို ဖြတ်လိုက်မယ်... အစ်ကိုက အရှေ့ကနေ တိုက်ခိုက်ပြီး သူပြန်မကောင်းလာအောင် တားထား..." ယဲ့ယွမ်ဖန်က အော်ပြောလိုက်သည်။
အကယ်၍ သူတို့သည်အခုရင်ဆိုင်နေရတဲ့ ရန်သူကို သူ့စီနီယာအစ်ကိုကြီးလုပ်သကဲ့သို့ ဆက်တိုက်တရစပ်တိုက်ခိုက်နေပါက ဘာအကျိုးမှရှိလာလိမ့်မည် မဟုတ်ပေ။ သူတို့နှစ်ယောက် လေ့ကျင့်ထားတဲ့ကျင့်စဉ်များတွင် ဓာတ်သဘာဝအထောက်အပံ့များစွာ မပါဝင်နေတာက တိုက်ဆိုင်မှုတစ်ခု ဖြစ်နေသည်။ အကယ်၍သူတို့နှင့်အတူ ရေဓာတ်သဘာဝ သို့မဟုတ် သစ်သားဓာတ်သဘာဝကျင့်ကြံသူတစ်ယောက်ပါခဲ့လျှင် တိုက်ခိုက်ရန် ပိုအဆင်ပြေပေလိမ့်မည်။
"ကောင်းပြီ..."
ဂူလင်းဖေးက နောက်ဆုံးတွင်အခွင့်အရေးရပြီး ပြိုင်ဘက်ရင်ဘတ်ကို နောက်ထပ်တစ်ချက် ထိုးနှက်လိုက်သည်။ သို့သော် ရုပ်ထုရဲ့မာကျောမှုကို သူ လျှော့တွက်မိခဲ့သည်။ သူ့လက်သီးများသည် ရန်သူကို ကြေမွသွားအောင် မဖျက်ဆီးနိုင်တော့ပေ၊ ထိုအစား သူ့လက်သီးသည် ရုပ်ထုကျောက်သားထဲသို့ လက်မအနည်းငယ်ဝင်သွားပြီး ပြိုင်ဘက်ရင်ဘတ်ထဲတွင် နက်ရှိုင်းစွာနှစ်မြုပ်ဝင်သွားကာ ပြန်ထုတ်လို့မရတော့ပေ။
"ကောင်းတယ်..."
ထိုအချိန်တွင် ယဲ့ယွမ်ဖန်ကဘေးကနေ ထွက်လာသည်။ သူ့အင်္ကျီလက်ကို တစ်ချက်ခါလိုက်ရာ ဓားရှည်တစ်လက်က သူ့လက်ထဲတွင် ပေါ်လာသည်။
"ဂျူနီယာညီလေး... မင်းဒီလောက်ကောင်းတဲ့အရာကို ဘယ်တုန်းကရလိုက်တာလဲ... ငါ့ကိုပြောပြသင့်တာပေါ့..."
ယဲ့ယွမ်ဖန်လက်ထဲမှ ဓားရှည်ကိုမြင်လိုက်ရသောအခါ ဂူလင်းဖေးက လှောင်ပြောင်ဖို့မမေ့ပေ။ ယဲ့ယွမ်ဖန်က သူ့ကိုလျစ်လျူရှုပြီး တစ်ဆက်တည်းတိုက်ခိုက်လိုက်သည်။ ဓားသည် ပြိုင်ဘက်လက်မောင်းအဆစ်ကို ခုတ်ပိုင်းလိုက်သည်။
"ခရက်..."
သူသည် ဒီဓားချက်တွင် သူ့အသန်မာဆုံးခွန်အားကို ထုတ်သုံးလိုက်ခြင်းဖြစ်ပြီး တကယ်ပင်ထိရောက်မှု ရှိခဲ့သည်။ ယဲ့ယွမ်ဖန်ရင်ထဲတွင် ပျော်ရွှင်မှုများနဲ့ ပြည့်နှက်သွားသည်။ ကျောက်ရုပ်ထုကြီးကို တိုက်ခိုက်မည့်နည်းလမ်းကို သူနောက်ဆုံးတွင် ရှာတွေ့ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့သည်အခုပြိုင်ဘက်နှင့် ရင်ဆိုင်နေရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ တိုက်ပွဲချိန် ကြာလေလေ၊ သူတို့နှစ်ယောက်အတွက် အကျိုးမရှိလေလေဖြစ်သည်။ ထိုသို့ဖြစ်ပြီးနောက် ကျောက်ရုပ်ထုကြီးသည် ပါးစပ်အကျယ်ကြီးဟပြီး အော်ဟစ်ဟိန်းဟောက်လာသည်။ ဂူလင်းဖေးသည် ရုပ်တုရှေ့တွင် ရပ်ကာအချိန်ဆွဲထားသည်။ ဘေးတစ်ဖက်တွင် ယဲ့ယွမ်ဖန်သည် သူ့ညာလက်ကို ဖြတ်တောက်လိုက်သည်။
"တော်တယ်... ဂျူနီယာညီလေး... မင်းနဲ့ငါပူးပေါင်းမယ်ဆိုရင် ဘာမှမခက်ခဲဘူးကွ..."
ဂူလင်းဖေးစကားမဆုံးခင်မှာပင် သူ့မျက်လုံးထဲတွင် ကြောက်ရွံ့တဲ့အရိပ်အယောင်များ ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ကျောက်ရုပ်ထုကြီးရဲ့ လက်မောင်းကျိုးသွားတဲ့နေရာတွင် ကျောက်လက်မောင်းသစ်တစ်ခု မျက်စိရှေ့မှာတင် လျင်မြန်စွာပြန်ပေါက်လာတာကို သူမြင်လိုက်ရသောကြောင့် ဖြစ်သည်။
"မဖြစ်နိုင်တာ...."
ယဲ့ယွမ်ဖန် ကျောက်ရုပ်တုကြီးထံမှ ဆုတ်ခွာလိုက်စဉ်မှာပင် ကျောက်ရုပ်ထုကြီးရဲ့လက်မောင်းက ပြန်ပေါက်လာတာကို မြင်လိုက်ရသည်။
"မဖြစ်နိုင်တာ... စီနီယာအစ်ကိုကြီး... ငါတို့နှေးလွန်းနေသေးတယ်... ငါတို့ ဒါကိုအမြန်ဆုံး အဆုံးသတ်ရမယ်..."
ကွင်းအပြင်ဘက်တွင်ရှိနေတဲ့ ကျန်းယီမင်သည် သူ့တပည့်နှစ်ယောက်ရဲ့ သနားစရာကောင်းတဲ့အခြေအနေကိုကြည့်ပြီး အတော်လေးစိတ်ဝင်စားနေသည်။
"မဆိုးဘူး... မဆိုးဘူး..."
'ဒီလျှို့ဝှက်နယ်မြေက တကယ်ကိုကောင်းမွန်တာပဲ...'
ပေါ်လာတဲ့ရန်သူတွေ အားလုံးမှာ ကိုယ်ပိုင်အားသာချက်တွေ ရှိပုံရေနသည်။ စနစ်ထဲက လျှို့ဝှက်နယ်မြေမိတ်ဆက်ကို ဖတ်ကြည့်တုန်းက စမ်းသပ်မှု အဆင့်တိုင်းမှာရှိတဲ့ မိစ္ဆာတွေက စိတ်ကူးယဉ် သက်သက် မဟုတ်ကြောင်း စနစ်ကဖော်ပြထားခဲ့တယ်။ သူတို့က ကမ္ဘာကြီးထဲမှာ တကယ်ရှိနေကြသည်။ စမ်းသပ်မှုမှာ သူတို့ကိုအနိုင်ယူနိုင်ခဲ့ရင် အနာဂတ်မှာ မသိရတဲ့နေရာတစ်ခုခုမှာ သူတို့နဲ့ တွေ့ဆုံတဲ့အခါ သူတို့ကိုယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည်ဖြစ်သည်။ ဒီရုပ်ထုကြီးကို ကျောက်ရုပ်သေးဟုခေါ်သည်။ ကျွမ်းကျင်သူတချို့က သေဆုံးခါနီးအချိန်တွင် သူတို့ဂူသင်္ချိုင်းများတွင် အစောင့်အဖြစ်ထားရှိလေ့ရှိတဲ့ အရာများဖြစ်သည်။
ရုပ်ထုတွင် ကိုယ်ပိုင်စိတ်မရှိဘဲ တိုက်ပွဲအတွင်း အကြိမ်ကြိမ်ပြန်သက်သာလာနိုင်သည်။ ထိုကဲ့သို့သောရုပ်ထုကိုအနိုင်ယူရန် တစ်ခုတည်းသောနည်းလမ်းမှာ လုံးဝတစ်ခါထဲဖျက်ဆီးပစ်ရန် ဖြစ်သည်။ သူကဲ့သို့ မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကသာ လှုပ်ရှားမည်ဆိုလျှင် စိတ်ဝိညာဉ်စွမ်းအား တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ရုပ်ထုကြီးကို ဖုန်မှုန့်အဖြစ်ပြောင်းလဲပစ်နိုင်မည် ဖြစ်သည်။ သို့သော် သူ့တပည့်နှစ်ဦးအတွက်မူ ထိုမျှလွယ်ကူမည်မဟုတ်ပေ။
"စီနီယာအစ်ကိုကြီး... ငါတို့စတိုက်ခိုက်တာနဲ့ တစ်ခါတည်း အပိုင်းပိုင်းအစစဖြစ်အောင် ရိုက်ခွဲပစ်ရမယ့်ပုံပဲ... မဟုတ်ရင် သူကပြန်ကောင်းလာနေဦးမှာပဲ..."
"ကောင်းပြီ..."
ဒီအချိန်မှာ သူတို့နှစ်ယောက်အတွက် တခြားနည်းလမ်း မရှိတော့ပေ။ ကိုယ့်ကိုယ်ကို အမြဲတမ်း ပြန်ပြုပြင်နေနိုင်တဲ့ ဒီကျောက်ရုပ်ထုကိုရင်ဆိုင်ရာတွင် အနိုင်ယူလိုလျှင် ထိုအရာကတစ်ခုတည်းသော နည်းလမ်းဖြစ်ပုံရသည်။
"သေစမ်း..." ဂူလင်းဖေးက ကျယ်လောင်စွာအော်ဟစ်ရင်း လက်သီးကိုမြှောက်လိုက်သည်။
ယဲ့ယွမ်ဖန်နှင့်အတူ သူတို့က ကျောက်ရုပ်သေးရဲ့ခြေထောက်များကို တိုက်ခိုက်လိုက်ကြသည်။
"ဝုန်း...."
သူတို့နှစ်ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်လိုက်တာက အကျိုးသက်ရောက်မှုမှာ ထူးကဲလှသည်။ ရုပ်ထုခြေထောက်များကို တိုက်ရိုက်ဖြတ်တောက်လိုက်သည်။
"စီနီယာအစ်ကိုကြီး... နောက်တစ်ကြိမ်... ကျွန်တော် သူ့လက်မောင်းတွေကိုဖြတ်လိုက်မယ်... အစ်ကိုက သွားပြီး သူ့ခေါင်းကိုဖြတ်လိုက်..."
"ငါလည်း အဲ့လိုပဲသဘောရတယ်..."
ကျန်းယီမင်သည် သူ့တပည့်နှစ်ယောက်ကို တိတ်တဆိတ် ချီးကျူးလိုက်သည်။ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုသည် အပြစ်ပြောစရာမရှိဟု ဆိုနိုင်သည်။ သို့သော် ကျောက်ရုပ်သေးတွင် တခြားထူးခြားချက်တစ်ခု ရှိနေသေးသည်။ ခန္ဓာကိုယ်ထုထည် လျော့နည်းသွားသည်နှင့်အမျှ တစ်ကိုယ်လုံးရဲ့ မာကျောမှုလည်း ပိုတိုးလာလိမ့်မည်။ အခုချိန်တွင် ကျောက်ရုပ်သေးသည် ခြေထောက်များကို ဆုံးရှုံးသွားပြီဖြစ်ပြီး ပြန်ကောင်းလာသော တခြားအစိတ်အပိုင်းများသည် ပိုမာကျောလာတော့မည်။