← Chapters

အတိုင်အဖောက်ညီတဲ့ ညီအကို

Vol. 10 Ch. 122

အတိုင်အဖောက်ညီတဲ့ ညီအကို

Vol. 10 Ch. 122

ကျောက်ရုပ်သေးနှင့် ထိတွေ့မိလိုက်သည့်ခဏတွင်ပင် တစ်ခုခုမှားယွင်းနေကြောင်း သူတို့ပြောနိုင်ခဲ့သည်။ သူတို့နှစ်ယောက်က ခွန်အားအကုန်သုံးပြီး တိုက်ခိုက်ကာ ရုပ်ထုခြေထောက်များကို ဖြတ်တောက်လိုက်ပြီးနောက် ဒီကျောက်ရုပ်ထုထံမှ ထွက်ပေါ်လာတဲ့စွမ်းအင်သည် ပိုအားကောင်းလာသကဲ့သို့ ဖြစ်နေသည်။

"စိတ်မပူပါနဲ့..၊ စီနီယာအစ်ကိုကြီး... ကျွန်တော်တို့အရင်တိုက်ခိုက်ကြမယ်..." ယဲ့ယွမ်ဖန်ကပြောရင်း လက်ထဲမှဓားကို ရန်သူရဲ့ကျောက်သားလည်ပင်းထဲသို့ တည့်တည့်ထိုးစိုက်လိုက်သည်။

"ဘုန်း....."

သူ့လက်ထဲမှဓားသည် တိုက်ရိုက်ကန်ထွက်သွားသည်။ လက်ထဲမှ ဓားလွင့်ထွက်သွားတာကို မြင်သောအခါ ယဲ့ယွမ်ဖန်မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများနဲ့ ပြည့်နှက်နေသည်။ ကျောက်ရုပ်သေးသည် အရင်ငကလို မာကျောခြင်းမရှိတော့ပေ။ ခြေထောက်များဆုံးရှုံးသွားပြီး မြေပြင်ပေါ်တွင် လဲကျနေတဲ့ကျောက်ရုပ်သေးသည် အမှန်တကယ်ပင် ထိုးဖောက်လို့မရနိုင်သောခံတပ်ကြီးတစ်ခု ဖြစ်လာခဲ့သည်။

"စီနီယာအစ်ကိုကြီး... ဒီလိုဆိုမဖြစ်ဘူး..."

ဂူလင်းဖေးမျက်လုံးများ အေးစက်သွားသည်။ သူ့ရှေ့မှ ပြိုင်ဘက်သည် ကိုင်တွယ်ရ အခုလောက်ထိခက်ခဲလိမ့်မည်ဟု သူထင်မထားခဲ့မိပေ။ သူတို့နှစ်ယောက်သည် သူတို့ခွန်အားအားလုံးနီးပါးကို အသုံးပြုပြီး ရန်သူကို ဖျက်ဆီးလုနီးပါး တိုက်ခိုက်နိုင်ခဲ့သော်လည်း ယခုအခါ အနည်းငယ်မျှပင်ထိခိုက်အောင် မလုပ်နိုင်တော့ပေ။

"ဂျူနီယာညီလေး၊ ငါတို့တွေ ဟန်ချက်ညီမှသာ ဒီကောင်ကြီးကို ဖျက်ဆီးနိုင်လိမ့်မယ်..."

ကျန်းယီမင် ခေါင်းညိတ်လိုက်သည်။ သူ့အကြီးဆုံးတပည့်သည် အရေးအကြီးဆုံးအချက်ကို အခုလိုမြန်မြန် နားလည်သဘောပေါက်နိုင်လိမ့်မည်ဟု သူထင်မထားခဲ့ပေ။

'အံ့ဩစရာပဲ...'

အမှန်အတိုင်းပြောရရင် ကျောက်ရုပ်သေးခွန်အားသည် သာမန်မျှသာဖြစ်သည်။ သူ့ကိုဟန်ချက်ညီညီ ဖျက်ဆီးနိုင်မည့်နည်းလမ်းကို ရှာတွေ့လိုက်သရွေ့ လွယ်ကူစွာအနိုင်ယူနိုင်မည်ဖြစ်သည်။ သာမန်အားဖြင့် အနည်းငယ်မဆင်မခြင်နိုင်တဲ့ ဂူလင်းဖေးသည် ဒီလျှို့ဝှက်ချက်များကို အရင်ဆုံးခန့်မှန်းနိုင်လိမ့်မည်ဟု ကျန်းယီမင်မမျှော်လင့်ထားခဲ့ပေ။ ထိုအကြောင်းကို တွေးမိသောအခါ ကျန်းယီမင်က ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ ကျောက်ရုပ်သေးကို ဖျက်ဆီးဖို့က လုံးဝမခက်ခဲပေ။ သူ့ခန္ဓာကိုယ်ထဲက အမြုတေကို ရှာဖွေဖို့သာ လိုအပ်သည်။

"ဂျူနီယာညီလေး... သူ နည်းနည်းပိုကြီးလာတဲ့အထိ စောင့်လိုက်... ပြီးရင်ငါတို့ အတူတူတိုက်ခိုက်ပြီး ချေမှုန်းပစ်မယ်..." ဂူလင်းဖေးက အော်ဟစ်လိုက်သည်။

ယဲ့ယွမ်ဖန်ခေါင်းညိတ်လိုက်ပြီး ခုနကလွင့်ထွက်သွားတဲ့ဓားကို ပြန်ယူရန်စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်သည်။ ထိုဓားသည် တန်ဖိုးကြီးပစ္စည်းမဟုတ်သော်လည်း မတော်တဆရရှိထားတဲ့ အရာတစ်ခုအဖြစ်သတ်မှတ်နိုင်သည်။ ထို့ကြောင့် ဓားအပေါ်ထားရှိတဲ့ သူ့သံယောဇဉ်သည်လည်း နက်ရှိုင်းသည်။

"လာ... အတူတူတိုက်ခိုက်ကြစို့..."

ယခုအခါ သူတို့နှစ်ယောက်သည် ရုပ်ထုရဲ့အလုပ်လုပ်ပုံစည်းမျဉ်းများကို အပြည့်အဝ ယနားလည်သဘောပေါက်သွားကြသည်။ သူတို့နောက်ထပ်တာဝန်မှာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အနူးညံ့ဆုံးအမြုတေအမှတ်ကို ရှာဖွေရန်ဖြစ်သည်။ ထို့နောက် တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်ရမည်။ သူတို့နှစ်ယောက်က ဆက်တိုက်ကြိုးစားနေကြသည်။ သူတို့ရှေ့မှကျောက်ရုပ်သေးကို တိုက်ရိုက်မဖျက်ဆီးနိုင်သေးသော်လည်း သူ့ကိုမြေကြီ္ပေါ်တွင် မြဲမြံစွာ ထိန်းချုပ်ထားနိုင်သဖြင့် ရုပ်သေးသည် လှုပ်ရှားလို့မရတော့ပေ။ ကွင်းအောက်ရှိ လင်းယွင်ဂိုဏ်းအဖွဲ့ဝင်များသည်လည်း အခုအချိန်တွင် ရုပ်သေးလျှို့ဝှက်ချက်များကို မြင်တွေ့သွားကြသည်။

'ဒီလျှို့ဝှက်နယ်မြေက တကယ်ကောင်းမွန်တဲ့ အရာတစ်ခုပဲ...'

ကျန်းယီမင် ကိုယ့်ဘာသာတွေးမိလိုက်သည်။ သူသည် သူ့တပည့်နှစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို ဆက်လက်စောင့်ကြည့်နေလိုက်သည်။ ကြိုးစားတိုက်ခိုက်တာ အကြိမ်ကြိမ်လုပ်ပြီးနောက် နောက်ဆုံးတွင် သူတို့သည် ဝေဝါးတဲ့အမြုတေတစ်ခုကို တွေ့သွားကြသည်။ နောက်ဆုံး ပူးပေါင်းတိုက်ခိုက်လိုက်ပြီး သူတို့သည် ရုပ်ထုကိုအောင်မြင်စွာ ဖျက်ဆီးလိုက်ကြသည်။ အနည်းငယ် ကြောက်မက်ဖွယ်ကောင်းတဲ့ ကျောက်ရုပ်သေးသည် အမှုန့်တေ့အဖြစ် ပြောင်းလဲသွားတာကို မြင်လိုက်သောအခါ ဂူလင်းဖေးနှင့် ယဲ့ယွမ်ဖန်တို့က နောက်ဆုံးတွင်စိတ်သက်သာရာ ရသွားကြသည်။ သူတို့ အသက်လုရှုနေရပြီး မောဟိုက်နေကြသည်။

"ဟူး... စီနီယာအစ်ကိုကြီး၊ အစ်ကိုတော်တယ်ဗျာ... ဒီလိုအရေးကြီးတဲ့အချိန်မှာ အစ်ကိုကဖြေရှင်းနည်းကို အရင်ရှာတွေ့လိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့ဘူး...."

"ဟွန့်...၊ ဒါပေါ့ကွ... မဟုတ်ရင် ငါဘယ်လိုလုပ် မင်းရဲ့စီနီယာအစ်ကိုကြီးဖြစ်လာနိုင်မှာလဲ..."

သူတို့နှစ်ယောက် စနောက်နေကြစဉ်မှာပင် ကွင်းထဲရှိ ကျောက်တိုင်သည် တဖန်ပြန်မြင့်တက်လာသည်။ သူတို့က အခုအချိန်တွင် ကျောက်တိုင်နှင့် ရင်ဆိုင်ရတာကို ကျင့်သားရနေပြီဖြစ်သည်။ အဆင့်တိုင်းရဲ့ တိုက်ပွဲပြီးဆုံးပြီးနောက် ကျောက်တိုင်သည် မြင့်တက်လာမည်ဖြစ်ပြီး ကျောက်တိုင်အပေါ်တွင် စိန်ခေါ်သူများရဲ့အထောက်အထားကို အတည်ပြုနေသကဲ့သို့ သူတို့လက်ရာများရှိနေမည်ဖြစ်သည်။

သို့သော်ဒီတစ်ခါတွင် အခြေအနေသည် အရင်ခေါက်တွေနှင့် အနည်းငယ်ကွာခြားနေသည်။ သဲတစ်ဆုပ်သည် ကျောက်တိုင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်လာသည်။ သူတို့နှစ်ယောက်က စူးစမ်းချင်စိတ်အပြည့်ဖြစ်နေချိန်ပဲ သဲများသည်လေမတိုက်ဘဲ ထိုနေရာတွင် နားလည်နိုင်ချိန်မရလိုက်ဘဲ လွင့်မျောသွားကာ လေထုထဲတွင်ပျောက်သွားသည်။

'ဒါက ဘာကြီးလဲဟ...'

ကျန်းယီမင်ပင်လျှင် အနည်းငယ်ဇဝေဇဝါ ဖြစ်နေသည်။ ခေတ္တမျှစဉ်းစားပြီးနောက် ယဲ့ယွမ်ဖန် သဘောပေါက်သွားသည်။

"စီနီယာအစ်ကိုကြီး... ဒါ...၊ ဒါဖြစ်နိုင်တာက..."

"ဘာလဲ..."

သူ့ဂျူနီယာညီလေးစကားကို ကြားလိုက်သောအခါ ဂူလင်းဖေးလည်း ဘာလဲဆိုတာခန့်မှန်းမိလိုက်သည်။ သဲပုံသည် သူတို့ စကားပြောနေစဉ်အတွင်းပဲ လျင်မြန်စွာ ပျောက်ကွယ်သွားနေသည်။

"စီနီယာအစ်ကိုကြီး၊ အစ်ကိုမှတ်မိသေးတယ် မဟုတ်လား..." ယဲ့ယွမ်ဖန်မျက်နှာအမူအရာတွင် ကြောက်ရွံ့မှုတချို့ ရှိနေသည်။

"ငါတို့ ဒီအစီအရင်ထဲ ဝင်လာတုန်းက ဆရာပြောခဲ့တာလေ။ ဒီလျှို့ဝှက်နယ်မြေထဲ ခြေချလိုက်တာနဲ့ ငါတို့မှာ ရွေးချယ်စရာနှစ်ခုပဲ ရှိတော့မယ်။ တစ်ခုက အဆုံးထိတိုက်ခိုက်မလား၊ ဒါမှမဟုတ် ခုနက ကျောက်ပုံလိုမျိုး..." သူတံတွေးတစ်လုပ်ကို ခက်ခက်ခဲခဲမျိုချလိုက်ပြီး ဆက်ပြောသည်။

"ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားမလား..."

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အကယ်၍ သူတို့ဒီမှာဆက်ပြီး စောင့်နေမယ်ဆိုရင် သူတို့ရင်ဆိုင်ရမယ့်အရာက သေခြင်းတရားသာဖြစ်သည်။ သဲပုံက တဖြည်းဖြည်း လျော့နည်းသွားတာကိုကြည့်ရင်း သူတို့နှစ်ယောက်က ကျောက်တိုင်ရှေ့တွင်ရပ်လိုက်ကြသည်။ ထိုသို့ဖြင့် ကျောက်တိုင်အတွင်းမှ အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ဆေးလုံးနှစ်လုံးက သူတို့ရှေ့တွင် ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်ကြားက လေထုထဲတွင် မွှေးပျံ့တဲ့ရနံ့တစ်ခုနဲ့ ပြည့်နှက်သွားသည်။

"ဒါက..."

"ဒါက စိတ်ဝိညာဉ်စွမ်းအားပြန်လည်ဖြည့်တင်းဖို့ သုံးတဲ့ ဆေးလုံးဖြစ်လောက်တယ်။ ဟုတ်တယ်၊ ဆရာ ကျွန်တော်စားဖို့ပေးခဲ့တဲ့ ဆေးလုံးကလည်း ဒီလိုအနံ့မျိုးပဲ..." ယဲ့ယွမ်ဖန်အနံ့ခံကြည့်ပြီး ပြောလိုက်သည်။

အစီအရင်ထဲမှ ဆေးလုံးများကို မြင်သောအခါ ကျန်းယီမင်ရင်ထဲတွင် ပျော်ရွှင်မှုများနဲ့ ပြည့်နှက်သွားသည်။ ဆေးလုံးတွေက တော်တော်အံ့သြဖွယ် ကောင်းတဲ့အရာတွေဖြစ်သည်။ လျှို့ဝှက်နယ်မြေသည် ရိုးရှင်းတဲ့လေ့ကျင့်ရေးကွင်းပြင် သို့မဟုတ် လျှို့ဝှက်နယ်မြေသက်သက် မဟုတ်ခဲ့ပေ။ အထဲက ပစ္စည်းတွေကို ပြင်ပလောကဆီ ယူသွားလို့ရမလားလို့ သူတွေးလိုက်မိသည်။ အကယ်၍ ယူနိုင်မယ်ဆိုရင် လျှို့ဝှက်နယ်မြေဟာ ဆေးလုံးတွေနဲ့ရတနာတွေ ပံ့ပိုးပေးနိုင်တဲ့ နေရာတစ်ခု ဖြစ်လာလိမ့်မည်။

သူ့တပည့်နှစ်ယောက် လျှို့ဝှက်နယ်မြေထဲက ထွက်လာပြီးတာနဲ့ သူလည်း စမ်းသပ်ဖို့ ဝင်ရမယ်လို့ တွေးလိုက်သည်။ အခုလိုလျှို့ဝှက်နယ်မြေထဲမှာ ရတနာဘယ်လောက်များများ ဝှက်ထားလဲဆိုတာ သူကြည့်ချင်နေသည်။ ကွင်းထဲမှ လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ဆေးလုံးများကို အတူတူသောက်လိုက်ကြသည်။ မကြုံစဖူး သက်သောင့်သက်သာရှိတဲ့ ခံစားချက်သည် သူတို့ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်သွားသည်။

"ဝိုး...၊ ဒီဆေးလုံးရဲ့အာနိသင်က ဒီလိုမျိုးကောင်းလိမ့်မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး..."

သူတို့နှစ်ယောက် အနည်းငယ်အံ့အားသင့်သွားကြသည်။ ဘာကြောင့်ဆို သူတို့က ဒီဆေးလုံးတွေက ကျပန်းဆေးလုံးတွေပဲလို့ ထင်ထားခဲ့ကြသည်။ ဆေးလုံးအာနိသင်နှင့် ပတ်သက်ပြီးတော့ သူတို့နှစ်ယောက်က တွေးပင်မတွေးရဲတော့ပေ။ ကျောက်တိုင်ပေါ်မှ သဲများလည်း တဖြည်းဖြည်းပျောက်ကွယ်သွားတာကို မြင်လိုက်သောအခါ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်ကြပြီး ကျောက်တိုင်ကလက်ရာပေါ်တွင် သူတို့လက်များကို တစ်ဖန်ပြန်တင်လိုက်ကြသည်။

ထို့နောက် ကျောက်တိုင်သည် ဖြည်းညှင်းစွာနစ်မြုပ်သွားပြီး အနက်ရောင်မြူခိုးတစ်ခုက အစီအရင်အတွင်း တဖြည်းဖြည်းပုံပေါ်လာသည်။ လူပုံသဏ္ဌာန်ရှိပုံရသော်လည်း ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင်နှင့်လည်း တူနေသည်။ ကျန်းယီမင်လည်း အတော်လေးအံ့အားသင့်သွားသည်။

'ဒါက ဘာကြီးလဲ...'

သူအရင်ကဖတ်ဖူးတဲ့ ရှေးဟောင်းစာအုပ်တွေထဲမှာ ဒီလိုအရာမျိုး မှတ်တမ်းတင်ထားတာကို သူမှတ်မိသလိုလို ရှိလာသည်။ ပြောရမယ်ဆိုရင် တုန်းမီနောက်ကွယ်က တုန်းမိသားစုပေးပို့လိုက်တဲ့ ပစ္စည်းတွေ အားလုံးကကောင်းမွန်တဲ့ ပစ္စည်းတွေချည်းဖြစ်သည်။ ဆေးပညာအမျိုးမျိုးကို မှတ်တမ်းတင်ထားတဲ့ စာအုပ်တွေသာမက ထူးဆန်းတဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို မှတ်တမ်းတင်ထားတဲ့ ရှေးဟောင်းစာအုပ်တွေလည်း ပါဝင်ခဲ့သည်။ သူတို့ရှေ့က အနက်ရောင်မြူခိုးကို သူမှတ်မိတာမှန်ရင် အနက်ရောင်အသူရာလို့ ခေါ်သည်။ သူတို့တွင် ခန္ဓာကိုယ်မရှိဘဲ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် သေဆုံးခဲ့ရင် ကျန်ရစ်ခဲ့တဲ့ဝိညာဉ်ကဲ့သို့သောအရာဖြစ်သည်။ ကွာခြားချက်မှာ သူတို့သည် ဝိညာဉ်ပုံစံဖြင့်ပေါ်လာသော်လည်း သူတို့တွင် ကိုယ်ပိုင်စိတ်မရှိခြင်းပင် ဖြစ်သည်။

All Chapters