လျှို့ဝှက်နယ်မြေရဲ့ ခုနှစ်ဆင့်မြောက်အဆင့်
Vol. 10 Ch. 123
အနက်ရောက်အသူရာရဲ့ မူလဇစ်မြစ်သည် ပုံမှန်အားဖြင့် ကြမ်းတမ်းတဲ့သားရဲတစ်ကောင်ကောင် ဖြစ်သည်။ တစ်ကောင်တည်းမဟုတ်ဘဲ သားရဲအုပ်စုကြီးတစ်ခုဖြစ်သည်။ ထိုသားရဲများသည် အတိတ်ကအန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပြီး လုံးဝသုတ်သင်ခံလိုက်ရခြင်းဖြစ်သည်။ ကျန်ရှိနေခဲ့တဲ့ ဝိညာဉ်များသည် ပခုလိုထူးဆန်းတဲ့ပုံစံအဖြစ် ပြောင်းလဲသွားကြသည်။ သူတို့သည် ခုနကကျောက်ရုပ်သေးနှင့်လည်း ဆင်တူပြီး ကိုယ်ပိုင်စိတ်မရှိပေ။ သူတို့တွင် တိုက်ခိုက်လိုစိတ်မှတစ်ပါး တခြားဘာမျှမရှိပေ၊ သားရဲတို့ရဲ့ထိုစိတ်က ကြောက်မက်ဖွယ်ကောင်းသောအချက်ဖြစ်သည်။ သူတို့ကို ဖြေရှင်းမည့်နည်းလမ်းနှင့်ပတ်သက်ပြီး ကျန်းယီမင်ပင် မသိပေ၊ ကွင်းထဲရှိ ဂူလင်းဖေးနှင့် ယဲ့ယွမ်ဖန်ဆိုလျှင် ပိုလို့ပင် မသိနိုင်ပေ။
သူတို့ကခွဲထွက်လိုက်ပြီး သူတို့ရှေ့မှအနက်ရောင်အရိပ်ကို ဘေးနှစ်ဖက်မှညှပ်တိုက်လိုက်ကြသည်။ လူသားတစ်ဦးနှင့်တူသော်လည်း ခြေထောက်များ မပါရှိပေ။ အပေါ်ပိုင်းကိုယ်ခန္ဓာသာပါပြီး အောက်ပိုင်း ကိုယ်ခန္ဓာမှာ အမြီးနှင့်တူသောအလုံးကြီးတစ်ခု ဖြစ်သည်။
"ကျွန်တော်အရင်စမ်းကြည့်လိုက်မယ်..."
ယဲ့ယွမ်ဖန် အာရုံစိုက်လိုက်ရာ လက်ထဲမှ ဓားသည် လည်ပတ်ပြီးထွက်သွားသည်။ သူ လေ့ကျင့်ထားတဲ့ကျင့်စဉ်သည် အခုအချိန်တွင် အပြည့်အဝသက်ဝင်လှုပ်ရှားနေသည်။ သို့သော် ဓားသည် အနက်ရောင်အရိပ်ရဲ့ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည့်အခါ အသံပင် မထွက်ဘဲဖြတ်သန်းသွားသည်။ ခုနက ကျောက်ရုပ်သေးတောင်မှ အနည်းဆုံးထိခိုက်မိသလို ခံစားရစေပေမယ့် သူတို့ရှေ့ကအနက်ရောင်မြူခိုးကို တိုက်ခိုက်လိုက်တဲ့အခါ လေကိုရိုက်လိုက်သလိုမျိုးသာ ဖြစ်နေသည်။ သူတို့နှစ်ယောက်က သူ့ကို ဘာမှလုပ်လို့ မရနေပေ။
အနက်ရောင်အသူရာသည် လူများကိုကြောက်ရွံ့တုန်လှုပ်စေတဲ့ မိစ္ဆာရယ်သံများရယ်ရင်း သူတို့နှစ်ယောက်ကို လှောင်ပြောင်နေသလို ဖြစ်နေသည်။ ထို့နောက် သူတို့နှစ်ယောက် မျက်စိရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူတို့နှစ်ယောက်လုံး ရုတ်တရက် ဆွံ့အသွားကြသည်။ လျှို့ဝှက်နယ်မြေထဲက လေထုကအစကတည်းက အတော်လေး ထိတ်လန့်စရာကောင်းနေခဲ့သည်။
ထိုကြောင့် ရန်သူက ရုတ်တရက်ပျောက်ကွယ်သွားတာကို မြင်လိုက်ရတဲ့အခါ သူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ဘူး ဖြစ်နေသည်။ နောက်တစ်စက္ကန့်တွင် သူတို့မျက်လုံးများလည်း အမှောင်ဖုံးသွားသည်။
ဒီအရာက အနက်ရောင်အသူရာရဲ့ ကြောက်စရာကောင်းတဲ့ အချက်ဖြစ်သည်။ ဂူလင်းဖေးသည် ထိုထူးဆန်းတဲ့မိစ္ဆာကို ပထမဆုံးမြင်လိုက်ရကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသည်။ ဘာပဲဖြစ်လာဖြစ်လာ သူကလျှို့ဝှက်နယ်မြေထဲက ထိုထူးဆန်းတဲ့ ကျောက်ရုပ်တုကြီးကို အခုလေးတင်မြင်တွေ့ခဲ့ရသည်။ ထိုကြောင့် ဒီအရာက ဘယ်လောက်ပဲ ထူးဆန်းနေပါစေ၊ သူအံ့ဩတော့မှာ မဟုတ်ပေ။ စိတ်ဝိညာဉ်စွမ်းအားများက သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ တကယ်တမ်းတော့ သူတို့ခေါင်းပေါ်ဖုံးလွှမ်းထားတဲ့ မြူခိုးလွှာက ဟန်ပြသက်သက်သာ ဖြစ်သည်။ တကယ့်သေစေနိုင်တဲ့ တိုက်ကွက်က သူတို့နောက်က အရိပ်ထဲမှာ ပုန်းနေခဲ့သည်။
"ဂျူနီယာညီလေး... သတိထား..." ဂူလင်းဖေး အော်ဟစ်လိုက်သည်။
သူနှင့်သူ့ဂျူနီယာညီလေး ခေါင်းပေါ်မှအရာကို ဆွဲဖယ်လိုက်ပြီးသည့်နောက် သူတို့ထံရောက်လာတဲ့ ချွန်ထက်သည့်လက်သည်းများကို မြင်တွေ့လိုက်ရသည်။
"စီနီယာအစ်ကိုကြီး... ဒီကောင်က အရင်စပြီးမတိုက်ဘူးဆိုရင် ကျွန်တော်တို့တိုက်တာတွေက သူ့ကို နည်းနည်းလေးမှထိခိုက်စေနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်...." ယဲ့ယွမ်ဖန်လည်း သဲလွန်စတချို့ တွေ့ထားသည်။
"ပြဿနာမရှိဘူး... ငါတို့သူ့ကို အပိုင်းပိုင်းဆွဲဖြဲပစ်လိုက်မယ်..."
အနက်ရောင်အသူရာရဲ့ အားနည်းချက်သည်လည်း အလွန်ထင်ရှားသည်။ တခြားသူများက သူ့ကို စတင်မရန်စသရွေ့ သူသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ထာဝရလှည့်လည်သွားလာနေနိုင်မည်ဖြစ်သည်။ ကံဆိုးစွာဖြင့် သူ့ဗီဇစိတ်က သတ်ဖြတ်စရာတစ်ခုခုကို ရှာဖွေရန်တွန်းအားပေးနေသည်။ တိုက်ပွဲက အနည်းငယ်ခက်ခဲသော်လည်း သူတို့နှစ်ယောက်အတွက် သူ့ကိုအနိုင်ယူနိုင်ခဲ့လိုက်သည်။ ဒီတစ်ခါပြိုင်ဘက်က ကိုင်တွယ်ရသိပ်မခက်ခဲပေမယ့် သူတို့ခွန်အားကို အများကြီးကုန်ဆုံးသွားစေခဲ့သည်။
'ဒါက ဆဌမအဆင့်ပဲ ရှိသေးတယ်လေ...'
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိန်ခေါ်ပွဲကို ဆက်လုပ်လိုက်ကြသည်။
'သတ္တမအဆင့် စမ်းသပ်ပွဲစပြီ...'
ဒီတစ်ခါပြိုင်ဘက်က မိစ္ဆာတစ်ကောင်မဟုတ်ဘဲ ကောက်ရိုးမိုးကာအင်္ကျီ ဝတ်ဆင်ထားတဲ့ဓားသမားတစ်ယောက်ဖြစ်သည်။ ရိုးရှင်းတဲ့ဓားသမားတစ်ဦးဟု ထင်ရသော်လည်း သူ့လက်ထဲမှဓားသည် သွေးနံ့သင်းသင်းထွက်ပေါ်နေသဖြင့် သူတို့နှစ်ယောက်က မတုန်လှုပ်ဘဲ မနေနိုင်ကြတော့ပေ။ သို့သော် သူသည် လူသားတစ်ဦးဖြစ်နေသောကြောင့် တခြားအရာတွေကို ဘေးဖယ်ထားလိုက်ရင် ဟိုမိစ္ဆာတွေလောက် ကိုင်တွယ်ရတာ ခက်ခဲမှာမဟုတ်ဘူးလို့ သူတို့ထင်လိုက်ကြသည်။
မိုးကာအင်္ကျီဝတ်ဓားသမားရဲ့ မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိပေ။ ခန္ဓာကိုယ်ယိမ်းလိုက်သည်နှင့်တပြိုင်နက် သူကဓားနှစ်လက်ကို ဝှေ့ယမ်းလိုက်ပြီး သူတို့နှစ်ယောက်ရဲ့ လည်ပင်းဆီကို လာခုတ်ပိုင်းလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအားအတက်အကျများကို မခံစားရသော်လည်း လက်ထဲမှဓားများကို ထိန်းချုပ်ထားနိုင်တဲ့ အတိုင်းအတာအရ ဒီလူသည် အနည်းဆုံး အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သူတို့ပြောနိုင်သည်။ အခုလိုပြိုင်ဘက်နှင့် ရင်ဆိုင်ရသောအခါ ယဲ့ယွမ်ဖန် ပိုစိတ်အားထက်သန်လာသည်။
'စိတ်ဝင်စားစရာပဲ... သူ့ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာ မအောင်မြင်ကြောင်း သိလိုက်ရသောအခါ ဓားသမားသည် ပေါ့ပါးစွာလှည့်ပြီး သူတို့ရှေ့ကို ခုန်လိုက်သည်။ ဒီတစ်ခါ ခုခံရန် ပြင်ဆင်ထားပြီးဖြစ်တာကြောင့် ယဲ့ယွမ်ဖန်က သူ့ကိုဒီလောက်လွယ်လွယ်ကူကူ လွတ်မြောက်ခွင့်ပေးမည်မဟုတ်ပေ။ သူသည်လည်း သူ့ဓားကိုသူ့ရှေ့တွင် အလျားလိုက်ကိုင်ထားလိုက်သည်။ သူ့စိတ်ဝိညာဉ်စွမ်းအားနှင့် ကျင့်စဉ်ရဲ့ပံ့ပိုးမှုဖြင့် သူ့ဓားချီသည် သူ့ရှေ့မှ ဓားသမားထက် အနည်းငယ်မျှပင် မလျော့နည်းပေ။
တချိန်တည်းမှာပင် ဂူလင်းဖေးက ဘေးဘက်သို့ခုန်ထွက်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားအားလုံးကို ညာဘက်လက်သီးပေါ်တွင် စုစည်းလိုက်သည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် တစ်ယောက်ကဓားကိုင်၊ တစ်ယောက်ကလက်သီးပြင်ဆင်လျက် အရှေ့နှင့် အနောက်မှ ညှပ်တိုက်ရန် အသင့်ဖြစ်နေကြသည်။ သို့သော် ဓားသမားက ပြာယာခတ်ခြင်း မရှိပေ။ စိတ်အတွေးတစ်ခုဖြင့် သူသည် ပုံရိပ်သုံးခုအဖြစ်ကွဲထွက်သွားပြီး သူတို့နှစ်ယောက်ကို ပြန်ဝိုင်းရံလိုက်သည်။ သူတို့က ပြိုင်ဘက်ကို အရှေ့နဲ့အနောက်ကနေ ဝိုင်းရံတိုက်နိုင်မယ်လို့ ထင်ထားခဲ့ကြပေမယ့် ပြန်ဝိုင်းခံရမယ်လို့ မမျှော်လင့်ထားခဲ့ကြပေ။
ဓားသမားရဲ့ပင်မခန္ဓာကိုယ်ပါ ထပ်ပေါင်းလိုက်လျှင် ဂူလင်းဖေးနှင့် ယဲ့ယွမ်ဖန်တို့သည် အခုခါရန်သူလေယောက်ကို တစ်ပြိုင်နက်တည်းရင်ဆိုင်ရတော့မည်။ အလယ်ရှိ ဓားသမားပုံရိပ်သည် လက်ခနဲဖြစ်သွားပြီး ကိုယ်ပွားသုံးခုနှင့် ရောနှောသွားသည်။ အခုအခါ မြောက်၊ အရှေ့၊ အနောက်၊ တောင် အရပ်မျက်နှာအသီးသီးတွင် ရန်သူတစ်ဦးစီရှိနေပြီး သူတို့နှစ်ယောက်ထံသို့ ဖြည်းညှင်းစွာတိုးကပ်လာနေကြသည်။
"စီနီယာအစ်ကိုကြီး၊ သူတို့ဝိုင်းပိတ်ဆို့ပြီးသွားပြီဆိုတာ သိသာပေမယ့် တိုက်ရိုက်ကျွန်တော်တို့ကို လာမတိုက်ခိုက်ကြဘူး။ အဲ့အစား ကျွန်တော်တို့ကို ဒီနေရာမှာတင် ထောင်ချောက်ဆင်ပြီး သတ်ချင်နေပုံရတယ်..." ယဲ့ယွမ်ဖန်က လေးနက်တဲ့အသံဖြင့် ပြောလိုက်သည်။
သူတို့ရှေ့မှဓားသမားသည် ကောက်ရိုးမိုးကာအင်္ကျီ ဝတ်ဆင်ထားပြီး မျက်နှာဖုံးစွပ်ထားသည်။ သူ့မျက်လုံးများကိုပင် မမြင်ရပေ။ သူက အလွန်လျှို့ဝှက်ဆန်းကြယ်ပုံ ပေါက်နေသည်။
"ဟုတ်တယ်၊ သူက ငါတို့ကို လွယ်ကူတဲ့သားကောင်တွေလို ဖမ်းချင်ပေမယ့် မဆင်မခြင်မလုပ်ရဲဘူး။ ဒါ ထောင်ချောက်ပဲ ဖြစ်ရမယ်... ဂျူနီယာညီလေး၊ သူတို့လေးယောက်ထဲမှာ တစ်ယောက်ကပဲ ပင်မခန္ဓာကိုယ်ဟုတ်တယ်။ အဲ့ဒီတစ်ယောက်ကို ရှာတွေ့မှသာ ငါတို့ကိုဝိုင်းပိတ်ထားတာကို ဖောက်ထွက်နိုင်မယ်..." ဂူလင်းဖေး ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူကဆက်မစောင့်တော့ဘဲ သူ့ခန္ဓာကိုယ်ကိုဗဟိုပြုပြီး အရှိန်အဝါများမြင့်တက်လာသည်။ သူ့စွမ်းအားကြီးမားတဲ့အရှိန်အဝါသည် အရပ်မျက်နှာအနှံ့ပေါက်ကွဲထွက်သွားသည်။ တချိန်တည်းမှာပင် ထိုအရှိန်အဝါက ဓါးသမားရဲ့ သူတို့ကိုဝိုင်းထားတဲ့ပုံရိပ်များကို ဖြိုခွင်းလိုက်သည်။ ဓားသမားရဲ့ ပုံရိပ်များက အနည်းငယ်ယိမ်းယိုင်သွားပြီး လူတစ်ယောက်တည်းရဲ့ ခန္ဓာကိုယ်ပေါ်ကို ပြန်စုစည်းသွားသည်။
"ဒါ လှည့်ကွက်လေးတစ်ခုပါပဲ... ဂျူနီယာညီလေး... ငါ အရှေ့ကနေတိုက်မယ်...၊ မင်းဘေးကနေသွားလိုက်... ဒီကောင့်ကို အသက်ရှူဖို့အခွင့်အရေးတောင် လုံးဝမပေးနဲ့..."
စကားမဆုံးခင်မှာပင် ယဲ့ယွမ်ဖန်ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဓားသမားဘေးဘက်ကို ရောက်သွားသည်။ သို့သော် ဓားသမားသည် လုံးဝစိုးရိမ်ပုံမရပေ။ သူက အနည်းငယ်အာရုံစိုက်လိုက်ပြီး အင်္ကျီလက်ထဲမှ ဓားသေးလေးတချို့ကို ပစ်လွှတ်လိုက်သည်။ သို့သော် ယဲ့ယွမ်ဖန်ရဲ့ လွင့်မျောတိမ်တိုက် ကျိုးပဲ့လကျင့်စဉ်ရှေ့တွင် ထိုဓားများသည် သူ့ခန္ဓာကိုယ်အနားသို့ပင် မကပ်နိုင်ကြပေ။ သူတို့နှစ်ယောက်ရဲ့ ဖိအားအောက်တွင် ဓားသမားလက်ထဲမှ ဓားနှစ်လက်သည် ပိုလွတ်လပ်စွာ ဝေ့ယမ်းလာသည်။
ဓားများကို ဝှေ့ယမ်းတိုက်ခိုက်ရန် စိတ်ဝိညာဉ်စွမ်းအားမရှိဘူးဆိုတာ ထင်ရှားသော်လည်း တဖြည်းဖြည်းချင်း ဓားချီတချို့က သူ့ဆီကနေထွက်ပေါ်လာသည်။ ထိုဓါးတို့က လေထဲတွင် အဆက်မပြတ်ပေါင်းစည်းကာ ရောနှောသွားကြသည်။ ဓားသမား အဆက်မပြတ်ဝှေ့ယမ်းနေသော ဓားချီများသည် လေထဲတွင်တဖြည်းဖြည်း ပုံပေါ်လာသည်။ အောက်ဘက်မှလူအုပ်ကြီးသည် ပါးစပ်အဟောင်းသားဖြင့် တိုက်ပွဲကိုကြည့်နေကြသည်။ အခုလို နှစ်သက်ဖွယ်ကောင်းပြီး လှပသွာစီးဆင်းနေတဲ့ ဓားသိုင်းပညာရပ်မျိုးကို ဒီလောကတွင် တွေ့ရခဲလှသည်။