ဖုန်းဟော်လေလံပွဲ
Vol. 10 Ch. 125
"ငါမင်းတို့သုံးယောက်ကို ဒီကိုခေါ်ရတဲ့အကြောင်းရင်းက ဒီပြဿနာကိုဖြေရှင်းမယ့် နည်းလမ်းရှိမရှိ ဝိုင်းဝန်းစဉ်းစားပေးစေချင်လို့ပဲ"
စနစ်က သူ့ကိုဂိုဏ်းအတွက် လိုအပ်တဲ့ အဆောက်အအုံတွေအားလုံး တည်ဆောက်ဖို့ အဓိကတာဝန်ပေးထားသည်။ အဆောက်အအုံတွေ ပြီးစီးသွားတဲ့အခါ သက်ဆိုင်ရာအလုပ်သမားတွေကိုလည်း စုဆောင်းရမည်။ သူ့ရဲ့သိုလှောင်အိတ်ထဲမှာ မရေမတွက်နိုင်တဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေ ရှိနေတာကြောင့် အဆောက်အဦးသစ်တွေ တည်ဆောက်တဲ့အပိုင်းကတော့ မခက်ခဲခဲ့ပေ။
"ဟင်း...၊ ဆရာ ပြောတာမှန်တယ်။ ဒီလူတွေရဲ့ နောက်ကွယ်မှာ အင်အားကြီးတဲ့အဖွဲ့အစည်းတွေ ရှိတယ်။ ဒါ့အပြင် ဆေးဖော်စပ်သူတွေနဲ့ အလားတူလူတွေက အခြေခံအားဖြင့် အဖွဲ့အစည်းသပ်သပ်တစ်ခုဖွဲ့စည်းထားပြီးသားပဲ...။ ဆေးဖော်စပ်သူအသစ်တွေ မွေးထုတ်ပေးနိုင်သရွေ့ သူတို့ကိုစုဆောင်းဖို့ ဈေးကြီးပေးမယ့် ဂိုဏ်းတွေရှိနေမှာပဲ..." တုန်းမီက ပြောလိုက်သည်။
တုန်းမီနှင့် ရှန့်ကွမ်း နှစ်ဦးစလုံးက မိသားစုကြီးများတွင် မွေးဖွားခဲ့ကြသော်လည်း ကွာခြားချက်တချို့ ရှိနေသေးသည်။ တုန်းမီသည် ကုန်သည်မိသားစုတွင် ကြီးပြင်းလာခဲ့သူဖြစ်ပြီး အရာရာကိုမြင်ဖူးတွေ့ဖူးတာမှာ သေချာသည်။
"လင်းယွင်ဂိုဏ်းရဲ့ လက်ရှိအခြေအနေက အနည်းငယ်အဆင်မပြေ ဖြစ်နေသေးတယ်" ကျန်းယီမင်ပြောလိုက်သည်။
"တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာနယ်မြေမှာ ငါတို့က အတိုင်းအတာတစ်ခုအထိ နာမည်ကြီးနေတယ်။ ဒါပေမဲ့ အပြင်လူတွေရဲ့ မျက်လုံးထဲမှာတော့ တချို့လူတွေက ငါတို့ဟာ မတရားတဲ့နည်းလမ်းတွေနဲ့ အင်အားကို မြန်ဆန်ဆန်တိုးခဲ့တယ်လို့ ပြောကြလိမ့်မယ်"
လူတိုင်းက တူညီစွာ ခေါင်းညိတ်လိုက်ကြသည်။ လင်းယွင်ဂိုဏ်းကျဆုံးနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဂိုဏ်းအတွက် အင်အားကဲ့သို့ပင် အရေးကြီးတဲ့အရာတစ်ခုကို ဆုံးရှုံးခဲ့ရသည်...၊ ၎င်းမှာ သူတို့ရဲ့အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ ထိုအရာသည် မြင်နိုင်သော သို့မဟုတ် ထိတွေ့နိုင်သော အရာမဟုတ်သလို ငွေဖြင့်အလွယ်တကူ ဝယ်ယူလို့ရနိုင်သော အရာလည်း မဟုတ်ပေ။ ထိုအရာသည် နှစ်ပေါင်းများစွာ စုဆောင်းလာမှသာ ရနိုင်သောအရာဖြစ်သည်။
ဒါကြောင့် အခြေခံအုတ်မြစ်က လင်းယွင်ဂိုဏ်း အခုရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေထဲက တစ်ခုဖြစ်နေသည်။ ကျန်းယီမင်သည် လင်းယွင်ဂိုဏ်းကို အချိန်တိုအတွင်း "အခြေခံအုတ်မြစ်"ရှိသော ဂိုဏ်းတစ်ခု ဖြစ်လာအောင် လုပ်ရန်လိုအပ်သည်။ ထိုသို့လုပ်ခြင်းသည် ကျင့်ကြံခြင်းထက်ပင် ပိုခက်ခဲနိုင်သည်။
"အင်း... ဆရာ၊ တစ်ခုခု ကြားဖူးလားတော့ မသိဘူး" တုန်းမီ ခေတ္တမျှစဉ်းစားပြီးနောက် မျက်လုံးများ အရောင်တောက်သွားသည်။
"တုန်းမီ၊ ပြောစမ်းပါ..." တုန်းမီမျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် လင်းယွင်ဂိုဏ်းဂုဏ်သတင်းကို နောက်ထပ်အဆင့်တစ်ခုထိသို့ မြှင့်တင်နိုင်မည့်နည်းလမ်းကောင်းတစ်ခုကို သူစဉ်းစားမိလိုက်ခြင်း ဖြစ်ရမည်။
"နေဦး၊ ကျွန်တော့်စကားတွေ မမှန်သေးဘူး။ ဒါက ပစ္စည်းတစ်ခုမဟုတ်ဘူးဗျ၊ ကိစ္စတစ်ခုပဲ။ အဲ့ဒါကို ဖုန်းဟော် လေလံပွဲလို့ ခေါ်တယ်..."
'ဖုန်းဟော်လေလံပွဲ...'
တုန်းမီမှလွဲပြီး ကျန်တဲ့လူများ အံ့အားသင့်သွားကြသည်။
"လေလံပွဲ..." ကျန်းယီမင်ပင်လျှင် ထိုစကားစုကို ကြားလိုက်ရသောအခါ အနည်းငယ်အံ့အားသင့်သွားသည်။
"ဖုန်းဟော်လေလံပွဲကို ကျင်းပလာခဲ့တာ နှစ်ပေါင်းများစွာကြာပြီလို့ ပြောကြတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ရှားပါးရတနာတချို့ကို လေလံတင်ဖို့ပါ။ လေလံပွဲအတွင်းမှာ အင်အားကြီး အဖွဲ့အစည်းတွေက တခါတလေကျရင် သူတို့မလိုတောင်မလိုအပ်ပဲ လက်တွေ့မကျတဲ့ရတနာတွေကိုတောင် ဈေးကြီးကြီးပေးပြီး ဝယ်ယူကြတယ်၊ ဒါက သူတို့ရဲ့ အင်အားကိုပြသဖို့နဲ့ ဩဇာလွှမ်းမိုးမှုကို တိုးမြှင့်ဖို့ပဲ..."
ထိုစကားကိုကြားတော့ ဂူလင်းဖေးက အစပိုင်းတွင် ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက် သူ့ဂျူနီယာညီလေး တုန်းမီစိတ်ကူးယဉ်နေသလားဟု တွေးမိလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီမတိုင်ခင်က လင်းယွင်ဂိုဏ်းဟာ ကာကွယ်ခတောင်မပေးနိုင်တဲ့ အဆင့်ငါးအင်အားစု တစ်ခုသာဖြစ်ခဲ့သည်။ ဒီလိုလေလံပွဲမျိုးအတွက်လိုအပ်တဲ့ စိတ်ဝိညာဥ်ကျောက်တုံးပမာဏက သူတို့အတွက်စိတ်ကူးတောင် မယဉ်နိုင်လောက်အောင် များပြားလှသည်။ သို့သော် ထိုသတင်းကို ကြားလိုက်ရသောအခါ သူတို့ဆရာမျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
"ဆက်ပြောကြည့်..." သူ့မျက်လုံးများက အရောင်တောက်ပလာသည်။
ကျန်းယီမင် အလွန်စိတ်အားထက်သန်နေသည်။ အဆင့်အမြင့်ဆုံး စိတ်ဝိညာဥ်ကျောက်တုံးတွေ ဖြစ်နေရင်တောင် သူ့မှာအပုံလိုက် ရှိနေခဲ့သည်။ ပိုက်ဆံနဲ့ ပတ်သက်လာရင် သူ့အတွက် လုံးဝပြဿနာမရှိနိုင်ပေ။ သူတို့ဆရာသည် မကြာသေးမီက သူ့ပိုင်ဆိုင်မှုများထဲကနေ ပစ္စည်းများစွာကိုထုတ်ယူခဲ့ပြီး လင်းယွင်ဂိုဏ်းတစ်ခုလုံးကို ဘယ်အချိန်ကမှန်းမသိ ပြုပြင်မွမ်းမံခဲ့သော်လည်း သူဘယ်လောက်ပဲ ချမ်းသာနေပါစေ၊ မဆင်မခြင်သုံးစွဲလို့ မရဘူးလို့ ကျန်တဲ့တပည့်တွေက တွေးပြီးစိတ်ပူနေကြသည်။
"ဖုန်းဟော်လေလံပွဲက နှစ်တိုင်းမကျင်းပပါဘူး။ ပုံမှန်အားဖြင့် ဆယ်နှစ်မှတစ်ကြိမ် ကျင်းပလေ့ရှိပါတယ်" တုန်းမီလက်ချောင်းများဖြင့် ရေတွက်ပြီးပြောလိုက်သည်။
"ဒီနှစ်ပဲ... နောက်ထပ် ဖုန်းဟော်လေလံပွဲကျင်းပတော့မယ်..."
ဖုန်းဟော်လေလံပွဲသည် ဟိတ်ဟန်ထုတ်ပြရုံသာရှိပြီး လက်တွေ့မကျသောပွဲတစ်ခုဖြစ်ကြောင်း ကျန်းယီမင် နားလည်လိုက်သည်။ လေလံတင်မည့်ရတနာများသည် တန်ဖိုးကြီးမားနိုင်သော်လည်း အဆင့်မြင့်အင်အားစုများအတွက်မူ လေလံတင်ပစ္စည်းများရဲ့တန်ဖိုးကြောင့်မဟုတ်ဘဲ သူတို့အဆင့်အတန်း ယှဉ်ပြိုင်မှုသာ ဖြစ်သည်။ ထိုပွဲက အဆင့်မြင့်အင်အားစုတွေကြားက ကစားပွဲတစ်ခုသာဖြစ်ပြီး လင်းယွင်ဂိုဏ်းအနေနဲ့ အရင်ကဒီအကြောင်းဘာမှမသိခဲ့တာ သဘာဝကျနေသည်။
"ဟားဟားဟား... ကောင်းတယ်... ငါတို့ အားစိုက်ထုတ်စရာမလိုဘဲ ဖြေရှင်းနည်းကို တွေ့သွားပြီပဲ..." ကျန်းယီမင် ရယ်မောလိုက်သည်။
'ဖုန်းဟော်လေလံပွဲကို ကောင်းကောင်း အသုံးချရမယ်... စိတ်ဝိညာဥ်ကျောက်တုံးတွေ ကုန်သွားရင်လည်း သူထပ်လုပ်လို့ရတာပဲ...။ သူ့အိတ်ထဲက စိတ်ဝိညာဥ်ကျောက်တုံးတွေ အကုန်သုံးလိုက်ရရင်တောင် ဒီအခွင့်အရေးကို နောက်ထပ်ဆယ်နှစ် ထပ်မစောင့်နိုင်တော့ဘူး...'
တုန်းမီသည် ဒီအစီအစဉ်အလုပ်ဖြစ်မည်ဟု ယုံကြည်မှုရှိပုံရသော ကျန်းယီမင်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် အံ့အားသင့်တဲ့အရိပ်အယောင် ပေါ်လာပြီး မေးလိုက်သည်။
"ဆရာ၊ ပါဖို့စီစဉ်ထားတာလား..."
"ဒါပေါ့..."
"ဒါပေမဲ့ ဆရာ၊ ကျွန်တော်စကားများမိရင် ခွင့်လွှတ်ပါ၊ ဒါပေမဲ့ အဆင့်နိမ့်စိတ်ဝိညာဥ်ကျောက်တုံးတွေက ဖုန်းဟော်လေလံပွဲမှာ ဘာမှမဟုတ်ဘူး။ အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံးတွေတောင် သိန်းချီပြီး ရေတွက်ရတာပါ... ကျွန်တော့်မိသားစုဆီက ကြားရသလောက်ဆိုရင် အင်အားစုတစ်ခုက သူ့ဂုဏ်သတင်းအတွက်ချည်းပဲအတွက်ကို ကောင်းကင်အဆင့်ပုံဆောင်ခဲ ၃၀၀,၀၀၀ အသုံးပြုခဲ့တယ်တဲ့..."
'ကောင်းကင်အဆင့်စိတ်ဝိညာဥ်ပုံဆောင်ခဲ ၃၀၀,၀၀၀...'
တုန်းမီအတွက်တောင် ဒါကစိတ်ကူးမယဉ်နိုင်လောက်အောင် များပြားတဲ့ပမာဏဖြစ်သည်။
"ကျစ်...၊ ကောင်းကင်အဆင့်စိတ်ဝိညာဥ်ပုံဆောင်ခဲ ၃၀၀,၀၀၀..." ကျန်းယီမင်မျက်မှောင်ကြုတ်လိုက်သည်။
"ဟုတ်တယ် ဆရာ... ၃၀၀,၀၀၀... ကောင်းကင်အဆင့်စိတ်ဝိညာဥ်ပုံဆောင်ခဲ..."
ဂူလင်းဖေးနှင့် ရှန့်ကွမ်းတို့က နောက်ဆုံးတွင် သတိပြန်ဝင်လာကြသည်။ တုန်းမီပြောလိုက်သော ကိန်းဂဏန်းက သူတို့ကိုမှင်သက်သွားစေသည်။
'စိတ်ဝိညာဥ်ပုံဆောင်ခဲ... စိတ်ဝိညာဥ်ကျောက်တုံး မဟုတ်ဘူး... ဒီလောက်များပြားတဲ့ငွေပမာဏကို ပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုမိသားစု သို့မဟုတ် အင်အားစုမျိုး ဖြစ်မလဲ...'
သူတို့ ဆရာနက်နက်နဲနဲပုံနဲ့ စဉ်းစားနေတာကို မြင်သောအခါ ဂူလင်းဖေးက တကယ်စိတ်သက်သာရာ ရသွားသည်။ သူ့ဆရာက မကြာသေးခင်ထဲက နည်းနည်း ထူးဆန်းနေသည်။ တကယ်လို့ သူသာ ဖုန်းဟော်လေလံပွဲကို သွားဖို့ရည်ရွယ်ချက်ရှိနေရင် ဂိုဏ်းထဲက တစ်ယောက်ယောက်က သူ့ဆရာကို ဆေးခတ်ထားတယ်လို့ သံသယဝင်ရတော့မည်ဖြစ်သည်။
"၃၀၀,၀၀၀ ပဲလေ။ အဲ့ဒါက အများကြီးလား... ထိပ်တန်းအင်အားစုတွေက ပိုပြီးတတ်နိုင်လိမ့်မယ်လို့ ငါထင်ထားခဲ့တာ၊ ဒါပဲလား သူတို့က အဲ့လောက်ပဲတတ်နိုင်တာပေါ့..." ကျန်းယီမင်က ခေါင်းကုတ်ရင်း ပြောလိုက်သည်။
"ဒါက... ဆရာ... ၃၀၀,၀၀၀ နော်..." ဂူလင်းဖေးက မယုံကြည်နိုင် ဖြစ်နေဆဲပင်။
လင်းယွင်ဂိုဏ်းအတွက်ဆိုရင် ဒီကိန်းဂဏန်းက စိတ်ကူးတောင် ယဉ်လို့မရေပ။
"စိတ်မပူပါနဲ့ကွ... လင်းဖေး။ လေလံပွဲ ဘယ်တော့စမလဲဆိုတာ ငါ့အတွက်စုံစမ်းပေး..." ကျန်းယီမင်က စိတ်မရှည်စွာ လက်ဝှေ့ယမ်းလိုက်သည်။
သူ့ကြွယ်ဝချမ်းသာမှုကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ထားခဲ့ပေ။ လင်းယွင်ဂိုဏ်းက အခုလုံးဝကို သူဌေးသစ်ဖြစ်နေပြီဆိုတာသိသွားရင် သူ့တပည့်တွေ ဘယ်လိုထင်မလဲလို့ သူတွေးနေမိရုံဖြစ်နေသည်။ ထို့နောက် တပည့်သုံးယောက်က ဂိုဏ်းပင်မခန်းမမှ အတူတကွထွက်လာကြသည်။
"ဆရာက လေလံပွဲခင်းထဲမှာ... ဖျက်လိုဖျက်ဆီး သွားလုပ်မယ်လို့ မင်းမထင်ပါဘူးနော်..."
"မလုပ်ပါဘူး... ငါတို့ဆရာက အလွန်ပွင့်လင်းရိုးသားတဲ့သူပါ... ဒီလိုခိုးကြောင်ခိုးဝှက်ကိစ္စမျိုးတွေ ဘယ်တော့မှလုပ်မှာ မဟုတ်ဘူး..." ဂူလင်းဖေးက ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းပြလိုက်သည်။
သူ့ဆရာရဲ့အတွေးတွေကို နားမလည်ပေမယ့် သူတို့ပြောနေတာက စိတ်ဝိညာဥ်ပုံဆောင်ခဲ သိန်းချီအကြောင်းဖြစ်သည်။ လင်းယွင်ဂိုဏ်းတစ်ခုလုံး ရောင်းလိုက်ရင်တောင် အဲ့ဒီလောက် တန်ဖိုးရှိမှာ မဟုတ်ပေ။
"ဆရာ ဒီလိုလုပ်မှာမဟုတ်ဘူးလို့ ကျွန်တော်လည်း ခံစားရတယ်။ ဆရာ့မှာ အမြဲတမ်းအစီအစဉ်ရှိပြီး ယုံကြည်မှုအပြည့်နဲ့ လုပ်ဆောင်တတ်တယ်။ ဒီကိစ္စမှာ ဆရာ မဆင်မခြင်လုပ်လိမ့်မယ်လို့ ကျွန်တော် တကယ်မယုံဘူး" တုန်းမီကပါ ခေါင်းခါလိုက်သည်။
အခန်း (၁၂၆) - လေလံပွဲနေရာ
သူက ချမ်းသာတဲ့မိသားစုတွင် ကြီးပြင်းလာခဲ့ရသော်လည်း ခုနကသူတို့ပြောခဲ့သော စိတ်ဝိညာဥ်ကျောက်တုံးပမာဏသည် သူ့ကိုအချိန်အတော်ကြာ တုန်လှုပ်စေရန် လုံလောက်နေသေးသည်။ တုန်းမီနှင့် ရှန့်ကွမ်းနှစ်ဦးစလုံးသည် သူတို့ဆရာရဲ့ လမ်းညွှန်ချက်အောက်တွင် အရင်ကမဖြစ်နိုင်ဘူးလို့ ထင်ရသောအရာများကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ ငရဲပြည်မှပြန်လာခြင်းဖြစ်စေ၊ ရှန့်ကွမ်းမိသားစုကို ဖြိုလှဲခြင်းဖြစ်စေ၊ ထိုအရာတွေက သူတို့ အရင်က တွေးရဲခြင်းတောင်မရှိခဲ့သော အရာများဖြစ်သည်။ ဒီတစ်ခါလည်း သူတို့ဆရာမှာ အစီအစဉ် ရှိလိမ့်မည်။
ကျန်းယီမင်က သူ့စနစ်သိုလှောင်အိတ်ကို ဖွင့်လိုက်သည်။ ပင်မခန်းမ၊ သင်ကြားရေးစင်မြင့်၊ ဆေးခန်းမနှင့် တခြားအဆောက်အအုံများလည်း တည်ဆောက်ခြင်းသည် အဆင့်မြင့်နှင့် အလယ်အလတ်အဆင့် စိတ်ဝိညာဥ်ကျောက်တုံး သိန်းဂဏန်းအနည်းငယ်ကိုသာ ကုန်ကျခဲ့သည်။ သူ့ စိတ်ဝိညာဥ်ပုံဆောင်ခဲများကို သူဘယ်တုန်းကမှ မသုံးခဲ့ဖူးသလောက်ပင်ဖြစ်သည်။ စနစ်တွင်ဖော်ပြထားတဲ့ သူ့စိတ်ဝိညာဥ်ပုံဆောင်ခဲအရေအတွက်ကို ကြည့်ပြီး သူအနည်းငယ်ဇဝေဇဝါ ဖြစ်သွားသည်။ ဖုန်းဟော်လေလံပွဲအကြောင်းကို သိပြီးနောက် သူပိုက်ဆံသုံးဖို့ နေရာရှာတွေ့သွားခဲ့သည်။
ဖုန်းဟော်လေလံပွဲသည် အဆင့်မြင့်အင်အားစုများသာ ပါဝင်နိုင်တဲ့ပွဲတစ်ခုဖြစ်သည်။ သူတို့ထက် အဆင့်ပိုမြင့်သော အဆင့် ၃ အင်အားစုများပင် ပါဝင်နိုင်ရန် လုံလောက်တဲ့အင်အားရှိရမည်။ အဆင့် ၄ သို့မဟုတ် အဆင့် ၅ အင်အားစုများအတွက်မူ ပွဲအကြောင်း သိခွင့်ပင်မရှိကြပေ။ ကမ္ဘာကူးပြောင်းပြီးနောက် သူအမွေရရှိခဲ့တဲ့ ဒီခန္ဓာကိုယ်ရဲ့မှတ်ဉာဏ်များထဲတွင်လည်း ထိုကဲ့သို့သောအချက်အလက်များ မရှိပေ။
ဂူလင်းဖေး၊ ရှန့်ကွမ်းချင်းယန်နှင့် တုန်းမီတို့ ပင်မခန်းမမှ ထူးဆန်းတဲ့မျက်နှာထားများဖြင့် ထွက်လာတာကို မြင်လိုက်သောအခါ ဟွမ်းချောင်ယုနှင့် တခြားသူများလည်း အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်လာကြသည်။
"စီနီယာအစ်ကိုကြီး... ဆရာက အကိုတို့ကို ဘာပြောလိုက်တာလဲ... ဘာလို့အကိုတို့ပုံစံတွေက နည်းနည်း ထူးဆန်းနေကြတာလဲ..."
ဂူလင်းဖေးနှင့် တခြားသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ မပြောချင်လို့ မဟုတ်ဘဲ ဘယ်လိုပြောရမလဲဆိုတာ မသိလို့သာ ဖြစ်သည်။
"ဒါက... ဘယ်လိုပြောရမလဲ... ဆရာပြောပြမယ့်အချိန်ကိုပဲ စောင့်လိုက်ပါ။ ငါလည်း... ငါလည်း ဘယ်လို စကားလုံးကို သုံးရမလဲမသိဘူး..." ဂူလင်းဖေး ခေါင်းကုတ်ရင်း ဝေးဝေးဝါးဝါးပြောလိုက်သည်။
"ကောင်းပါပြီ... နားလည်ပါပြီ... ဘယ်သူက နားမလည်ဘဲနေမှာလဲ? ငါတို့ဆရာက အမြဲတမ်းဒီလိုပဲ မဟုတ်ဘူးလား..."
ဟွမ်းချောင်ယုက ပြုံးလိုက်သည်။ သူမသည် သူမ ဆရာပုံစံကို ကျင့်သားရနေသည်။
"ဒီအကြောင်းကို ဆက်မပြောကြစို့။ ဂျူနီယာညီလေးတုန်းမီ၊ မင်းက လေလံပွဲအကြောင်းသိတယ်ဆိုတော့ ငါနဲ့ လိုက်ခဲ့ပါလား..." ဂူလင်းဖေး ပြောလိုက်သည်။
"ကောင်းပြီလေ...အကို" တုန်းမီက ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက သူ့စီနီယာအစ်ကိုကြီးနောက်သို့ လိုက်ကာ ဂိုဏ်းတံခါးမှထွက်သွားလိုက်ကြသည်။ ခေတ္တမျှလောက် သွားပြီးတဲ့နောက် သူတို့ကအနည်းခေါင်းရှုပ်နေသလို ခံစားလိုက်ရသည်။
"ဟူး... ကောင်းပြီ၊ ငါ့အကြံပေးချက်ကို နားထောင်မလား... ဒီမှာပဲ ခေါင်းရှုပ်ခံနေမယ့်အစား သေရည်ဆိုင်သွားပြီး အရင်ထိုင်ကြရအောင်... အဲ့ဒီမှာငါတို့ အတွေးတွေကို ရှင်းလင်းလို့ရတယ်..."
"ဟုတ်... အဆင်ပြေတယ်..." တုန်းမီက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဂူလင်းဖေးနှင့်အတူ သေရည်ဆိုင်ထဲသို့ သွားလိုက်သည်။
"ဟေး... ဒါလင်းယွင်ဂိုဏ်းက တပည့်တွေ မဟုတ်ဘူးလား..."
စိတ်ထဲတွင် အတွေးတွေရှုပ်နေသဖြင့် ဂူလင်းဖေး သည် သေရည်ဆိုင်ပိုင်ရှင်ရဲ့ဧည့်ဝတ်ပြုမှုကို သိပ်အာရုံမစိုက်နိုင်ပေ။ ဝိုင်အရင်ချပေးရန်သာ လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် သူ့အိတ်ကပ်ကို စမ်းလိုက်သည်။ ခဏကြာတော့ ဂူလင်းဖေးက မျက်နှာပျက်သွားသည်။
"ကျွတ်...၊ ဂျူနီယာညီလေး၊ ငါ ဒီရက်ပိုင်းငွေပြတ်နေတာ၊ မင်း..."
ဂူလင်းဖေးစကားကို ကြားသောအခါ သေရည်ဆိုင်ပိုင်ရှင်သည် လက်ကိုအလျင်အမြန် ဝှေ့ယမ်းပြလိုက်သည်။
"အို... မလိုပါဘူး...၊ မလိုပါဘူး... ခင်ဗျားတို့ဂိုဏ်းချုပ်က ကျွန်တော်တို့ကို ကိစ္စတွေအများကြီး ဖြေရှင်းပေးခဲ့တာ၊ ဒါပေမဲ့ ကာကွယ်ခတောင် မတောင်းခဲ့ဘူး... ဝိုင်နည်းနည်းလောက် အလကားသောက်တာ ဘာဖြစ်လဲ... ဒါကသဘာဝကျပါတယ်... သဘာဝကျပါတယ်..."
ထိုစကားကို ကြားလိုက်သောအခါ ဂူလင်းဖေးမျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။
"ခင်ဗျား ဘာစကားပြောတာလဲ... ငါကအမြဲတမ်း ကိုယ့်သိက္ခာကို တန်ဖိုးထားတဲ့လူတစ်ယောက်ပဲကွ... ပိုက်ဆံမပေးဘဲ သောက်တာမျိုးငါမလုပ်နိုင်ဘူး..."
"စီနီယာအစ်ကိုကြီး... စီနီယာအစ်ကိုကြီး... စိတ်မဆိုးပါနဲ့... စိတ်မဆိုးပါနဲ့... ဆိုင်ရှင်က သဘောရိုးနဲ့ ပြောလိုက်တာပါ..."
တုန်းမီက အိတ်ကပ်ထဲမှစိတ်ဝိညာဥ်ကျောက်တုံးကို အလျင်အမြန်ထုတ်ယူပြီး စားပွဲပေါ်ကိုတင်လိုက်သည်။ သူသည် ကျန်းယီမင်ကဲ့သို့ စိတ်ဝိညာဥ်ကျောက်တုံးသောင်းချီကို မဆင်မခြင်သုံးစွဲနိုင်သူ မဟုတ်သော်လည်း အစကတည်းက ချမ်းသာတဲ့မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ ထို့အပြင် သူ့နောက်ကွယ်ရှိ လျှို့ဝှက်ဆန်းကြယ်တဲ့တုန်းမိသားစုလည်း ပေါ်လာပြီဖြစ်သည်။ ထို့ကြောင့် သူ့မှာရှိတဲ့ ပိုက်ဆံတွေ အကုန်သုံးပစ်ဖို့ဆိုတာ မလွယ်ကူပေ။
"စီနီယာအစ်ကိုကြီး၊ စိတ်မဆိုးပါနဲ့...."
"ငါ စိတ်မဆိုးပါဘူး။ ဆိုင်ရှင်က ငါ့ကို ဟိုလိုအမှိုက်သရိုက် လူချမ်းသာသားတစ်ယောက်လို့ ထင်နေမှာစိုးလို့ပါ..."
ဂူလင်းဖေးက ခွက်ကိုမြှောက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်ကာ နောက်ထပ်ဝိုင်တစ်ခွက် ထပ်ထည့်လိုက်သည်။
"ဒီလိုကိစ္စမျိုးပျံ့နှံ့သွားရင် ငါတို့ဂိုဏ်းရဲ့ဂုဏ်သိက္ခာကို မထိခိုက်စေဘူးလား..."
"စီနီယာအစ်ကိုကြီး ပြောတာမှန်ပါတယ်။ ကဲ... အလုပ်ကိစ္စ ပြောကြရအောင်..." တုန်းမီ ခေါင်းညိတ်လိုက်သည်။ သူတို့ ဒီတစ်ခေါက်ထွက်လာရတဲ့ အကြောင်းရင်းကို သူမမေ့သေးပေ။
"ကျွန်တော် ပြောနိုင်တာကတော့ ဖုန်းဟော်လေလံပွဲက တကယ်ရှိတယ်။ သိပ်ပြီး လျှို့ဝှက်ဆန်းကြယ်တာမျိုးတော့ မဟုတ်ပေမယ့် ကျင်းပတဲ့နေရာကတော့ အကြိမ်တိုင်းမှာမတူညီကြဘူး..."
"သေစမ်း... ပြောချင်တာက လေလံပွဲကျင်းပတဲ့နေရာက အချိန်တိုင်းပြောင်းလဲနေတာလား..."
"ဟုတ်တယ်။ နောက်ဆုံးအကြိမ်ကျင်းပတုန်းက လိပ်နက်နယ်မြေမှာ ကျင်းပခဲ့တာ ကျွန်တော်မှတ်မိတယ်။ ဒီတစ်ခေါက်တော့..." တုန်းမီ သေချာစဉ်းစားပြီးမှ ပြောလိုက်သည်။
" တစ်ယောက်ယောက်ပြောဖူးထားတာ ကျွန်တော် မှတ်မိတာမမှားဘူးဆိုရင် ဖုန်းဟော်လေလံပွဲကျင်းပမယ့် နေရာအစီအစဉ်အရ ဒီတစ်ခေါက်က ကန်းလန်နယ်မြေမှာ ဖြစ်ရမယ်..."
နေရာနာမည်ကို ကြားလိုက်ရတဲ့အခါ ဂူလင်းဖေးက ချက်ချင်းစိတ်ဝင်စားသွားသည်။
"ခဏနေပါဦး... ဘယ်မှာလဲ..."
"ကန်းလန်နယ်မြေလေ...။ စီနီယာအစ်ကိုကြီး ကြားတာမမှားပါဘူး။ ကျွန်တော်တို့ ဟိုတလောလေးတင်ပြန်လာခဲ့တဲ့နေရာပဲ..."
သူတို့ ကန်းလန်နယ်မြေနဲ့ အလွန်ရင်းနှီးကျွမ်းဝင်နေသည်။ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာနယ်မြေက အဆင့် ၄ အင်အားစုတစ်ခုက ကန်းလန်နယ်မြေကို တည့်တည့်ဝင်သွားပြီး အဆင့် ၃ အင်အားစုတစ်ခုကို သေလုမျောပါးဖြစ်အောင် ရိုက်နှက်ခဲ့ကြသည်။ ထိုအရာက သူတို့အခုလေးတင် လုပ်ဆောင်ခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့စွမ်းဆောင်ရည်တစ်ခုဖြစ်သည်။
"အကြမ်းဖျင်းပြောရရင် ဖုန်းဟော်လေလံပွဲကို လျှို့ဝှက်ကျင်းပလေ့ မရှိဘူး။ အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်ခံရတဲ့ အဆင့်မြင့်အင်အားစုတွေ အားလုံးက ဖိတ်စာကြိုတင်ရကြတယ်..."
ဂူလင်းဖေးက တုန်းမီရှင်းပြတာကို နားထောင်ရင်း မိသားစုကြီးတွေရဲ့သားသမီးတွေက တကယ် ဗဟုသုတကြွယ်ဝတာပဲလို့ တွေးမိလိုက်သည်။
"ဖိတ်ကြားခံရတဲ့သူတွေပဲ သွားလို့ရတာလား..."
"အဲ့လိုတော့မဟုတ်ဘူး ထင်တယ်" တုန်းမီ ခေါင်းခါလိုက်သည်။
"အသေးစိတ်ကို ကျွန်တော်မသေချာပေမယ့် အင်အားစုတွေနဲ့ ဂိုဏ်းတွေအားလုံး ပါဝင်လို့ရနိုင်မယ်လို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ်ပါတဲ့သူ အများစုက ပွဲကြည့်ဖို့သွားကြတာပဲလေ" သူက ပခုံးတွန့်ပြပြီး အဝေးကိုကြည့်လိုက်သည်။
"ဂျူနီယာညီလေး... ငါတို့ ဒီမှာအဓိပ္ပာယ်မရှိတာတွေ ပြောမနေသင့်တော့ဘူး ထင်တယ်... အခုပဲကန်းလန်နယ်မြေကို အမြန်သွားကြရအောင်..."
"ကျွန်တော်တို့ နှစ်ယောက်တည်းလား..." တုန်းမီ မျက်ခုံးပင့်လိုက်သည်။
အရင်က ရှန့်ကွမ်းမိသားစုသည် ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ ပြောနိုင်သည်။ သူတို့အထောက်အထားဖြင့် အခုကန်းလန်နယ်မြေထဲသို့ ဝင်ရောက်ပါက မလိုအပ်တဲ့ပြဿနာများကို ဆွဲဆောင်မိမှာကို တုန်းမီစိုးရိမ်နေသည်။
"ဂျူနီယာညီလေး... မင်းကြောက်နေတာတော့ မဟုတ်ပါဘူးနော်... ငါတို့ရိုက်နှက်ဆုံးမထားတဲ့ ရှန့်ကွမ်းမိသားစုရဲ့ အခြေအနေကို မင်းမသိတာမှ မဟုတ်တာ... သူတို့က အရင်လိုပြန်လုပ်ရဲမယ်လို့ မင်းစိုးရိမ်နေတာတော့ မဟုတ်ပါဘူးနော်..." ဂူလင်းဖေး စနောက်လိုက်သည်။
"အခုပဲ သွားကြစို့... ဘာပဲဖြစ်ဖြစ် ဒါကဆရာပေးထားတဲ့ တာဝန်ပဲ..."
သူတို့နှစ်ယောက် သဘောတူညီချက်ရပြီး ကန်းလန်နယ်မြေသို့ ထွက်သွားကြသည်။
.....
ထိုအချိန်တွင် လင်းယွင်ဂိုဏ်းထဲမှာ ကျန်းယီမင်သည် ကျင့်ကြံနေသော်လည်း စိတ်မငြိမ်မသက် ဖြစ်နေသည်။ သူ့အိတ်ကပ်ထဲက ပိုက်ဆံတွေကို သုံးနိုင်မယ့်နေ့ ရောက်လာခဲ့ပြီဖြစ်သည်။
'ဒါ့အပြင် သူက အေးအေးဆေးဆေးသုံးမှာပဲ... ဂုဏ်ယူဝင့်ကြွားစွာ ပိုက်ဆံသုံးနိုင်တယ်လို့ ပြောလို့ရတယ်ကွ... သူဝယ်နိုင် မဝယ်နိုင်တဲ့ပစ္စည်းတွေကို ထားလိုက်ဦး... ပိုက်ဆံသုံးလိုက်တာနဲ့ သူ့ဂိုဏ်းရဲ့ဂုဏ်သတင်း မြင့်တက်လာမယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့တင် သူမျက်တောင်မခတ်ဘဲ ပိုက်ဆံသုံးပစ်လိုက်မယ်...'
စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဉ်သည် ကျင့်ကြံသူရဲ့ စိတ်အာရုံစိုက်မှုမရှိတာကို ခံစားမိသလို ခန္ဓာကိုယ်အတွင်းက စိတ်ဝိညာဉ်စွမ်းအားလည်ပတ် နေတာက အနည်းငယ်အားနည်းနေသည်။