အစီရင်ပျက်သွားပြီ ဝင်ကြစို့
Vol. 12 Ch. 119
အကုန်လုံးက ချင်ထျန်ရဲ့အစီစဥ်ကြောင့် ကျင့်ကြံသူ၄ဦး သေဆုံးသွားခြင်းကို မကျေနပ်ကြပေ။ ထိုအရာက မိမိ၏လောဘကြောင့်သာဖြစ်၍ အပြစ်တင်ရန်လည်း မဖြစ်နိုင်ချေ။
ချင်ထျန်က ညင်သာစွာသက်ပြင်းချလိုက်သည်။ သူ့အထင် အစီရင်မှာအားအကောင်းဆုံး အခြေအနေ၌ ရှိမနေပဲ အချိန်တချို့ထပ်မံ ကြာမြင့်ပြီးပါက အစီရင်ပျက်ပျယ်သွားနိုင်သည်ကို တွေ့ရှိလိုက်လေသည်။
သို့သော် ထိုအချက်အား သတိပြုမိရန်တော့ ကျင့်ကြံသူ၄ဦးအား ရင်းနီးလိုက်ရလေသည်။ ထိုအရာက ကျင့်ကြံရေးလောကပင်။ အရင်းအမြစ်အတွက် ကြိုးတန်းပေါ် လမ်းလျှောက်ရနိုင်သည်မှာ မဆန်းချေ။
ရှောင်ချီက ထူးဆန်းတဲ့ ရတနာတခုထုတ်ယူကာ လျှိုမြောင်ပတ်ပတ်လည်ကို အာရုံခံလိုက်သည်။ ထိုရတနာက ရှောင်မိသားစု ရတနာတခုသာဖြစ်ပြီး ရတနာ၏အစွမ်းက အစီရင်၏ ဗဟိုချက်ကို ရှာဖွေနိုင်လေသည်။
မိနစ်အနည်းငယ်ကြာ ရှာဖွေပြီးနောက် ရတနာကိုလျင်မြန်စွာ ပြန်သိမ်းလိုက်သည်။ ထိုရတနာကြောင့်ပဲ ချင်မိသားစု၏ အစီရင်ပညာရပ်များကို တုန့်ပြန်နေနိုင်ခြင်းဖြစ်ကာ မိသားစုနှစ်စုကြား ဟန်ချက်ညီနေစေခြင်း ဖြစ်သည်။
ချင်ထျန်က တချက်သာလှည့်ကြည့်ပြီဲ အကြည့်လွှဲလိုက်သည်။ ပြီးနောက်…
“အစီရင်ကြီးကတော့ ထွက်ပေါ်လာပြီ ကျုပ်အထင် မကြာခင်မှာ အစီရင်ပျက်ပျယ်သွားလိမ့်မယ်”
ချင်ထျန်ရဲ့စကားကိုကြားလျင် အခြားသူတော်စင်သုံးဦးက မေးလာသည်။
“မင်းအထင် ငါတို့ဘယ်လောက်စောင့်ရနိုင်လဲ”
“အနည်းဆုံးတစ်ရက်ကနေ အများဆုံးသုံးရက်”
ထိုရက်အနည်းငယ်က ကျင့်ကြံသူများအတွက် တခဏသာဖြစ်ပြီး တိုတောင်းသည်။ ချင်ထျန်ရဲ့စကားကို ရှောင်ချီက ခေါင်းညိတ်လက်ခံလိုက်သည်။ အစောပိုင်းက အစီရင်ဗဟိုချက်ကို တွေ့ခဲ့သော်လည်း အားနည်းသည့်ဗဟိုချက်က သူပင်ချိုးဖြတ်ရန် မတတ်နိုင်ချေ။ သူ့အလိုလိုပျက်ပျယ်ရန်ကိုသာ စောင့်ဆိုင်းရမည် ဖြစ်သည်။
မင်ယုရှန်းက မင်ဝမ် ကျင်းလုံ စုလဲ့တို့ဆီ အသံပေးပို့ကာ ကျင့်ကြံသူအုပ်စု၏ ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာသွားသည်။ သူမတို့အဖွဲ့က ထူးခြားမှုမရှိသည့်အတွက် မည်သည့်ထိပ်သီးသူတော်စင်ကမှ သတိမပြုမိကြပေ။
“အစီရင်ထဲမှာ အသက်နိယာမအချို့ ကျွန်မအာရုံခံမိတယ်”
“အသက်နိယာမ ဟုတ်လား”
မင်ယုရှန်းရဲ့စကားကိုကြားလျင် ကျင်းလုံ စုလဲ့တို့မှာ တုန်လှုပ်သွားသည်။ အသက်နိယာမကို အသုံးပြုသူများမှာ လူသားကျင့်ကြံသူဆိုပါက ကောင်းမွန်သည့် စိတ်ဆန္ဒရှိသူဟု ယူဆနိုင်ပြီး အများအားဖြင့် ထိုနိယာမကို အသက်သေရန် တိုက်ခိုက်ရာ၌ မသုံးကြချေ။ မင်ယုရှန်းကတော့ စမ်းသပ်မှုအနေဖြင့် တကြိမ်သုံးခဲ့ဖူးသည်။
“ဟုတ်တယ် အသက်နိယာမကို တိုက်ခိုက်ရေး အစီရင်ထဲ ထည့်သွင်းထားတာ အစီရင်ကိုတော့ ကျွန်မသေချာမသိဘူး ဒါပေမယ့် အစီရင်ကြီးက ကြောက်ဖို့ကောင်းတဲ့ အရာတခုခုကို ဖုံးကွယ်ထားတယ်လို့ ခံစားနေရတယ်”
မင်ယုရှန်းစကားကို မင်ဝမ်ကလည်း ထောက်ခံသည်။
“အဖိုးလည်း ခံစားမိနေတယ် သေချာပေါက် ထူးခြားတဲ့အရာတခုခု ထွက်ပေါ်လာနိုင်တယ် ငါတို့လျှိုမြောင်ထဲ အလျင်စလိုမဝင်ကြရအောင်”
ကျင်းလုံ စုလဲ့တို့က တိုင်ပင်မထားပဲ ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။ အဆင့်မြင့်ဆုံးဖြစ်သည့် မင်ယုရှန်းကိုယ်တိုင်က အလေးနက်ဖြစ်နေသည် မဟုတ်လား။
“ဒါနဲ့ အင်မော်တယ်အမွေနှစ်က တကယ်ဖြစ်နိုင်လို့လား”
စုလဲ့တယောက် လျှိုမြောင်ဘက် မသိမသာကြည့်ကာ မေးသည်။ မင်ဝမ်က
“ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး တဝက်စီပဲ အင်မော်တယ်အမွေအနှစ်ဆိုရင်တောင် အဆင့်မြင့်မယ်လို့ ငါတော့မထင်ဘူး ဒါပေမယ့် နတ်သမီးသစ်ပင်က ဒီထဲမှာ ရှိနေနိုင်တယ်”
“ဟုတ်တယ် သခင်လေးယန်ရဲ့ ကျေးဇူးကိုတုန်ပြန်ဖို့ နတ်သမီးသစ်ပင်ကို ကျွန်မတို့ရှာကြမယ် အမွေအနှစ်အတွက်ကတော့ အခွင့်အရေးရရင် ယူကြတာပေါ့ သေချာတာက မိသားစုကြီးနှစ်ခုက ရသွားလို့မဖြစ်ဘူး”
မင်ယုရှန်းတယောက် ချင်ရှန်တို့သားအဖ သေဆုံးသွားခြင်းကိုတောင် ချက်ချင်းမတုန့်ပြန်လာသည့် ချင်ထျန်ရဲ့အစီစဥ်ကို မှန်းဆမိလိုက်သည့်အတွက် ထိုသို့ပြောခြင်းဖြစ်သည်။ ရှောင်မိသားစုအတွက်မူ ထိုမိသားစုက ဂုဏ်သတင်းကောင်းသော်လည်း ကျင့်ကြံရေးလောက၌ မည်သူ့ကိုမှ သူမ မယုံပေ။
“ကောင်းပြီ ငါတို့ရဲ့ပထမဦးစားပေးက နတ်သမီးသစ်ပင် ဒုတိယဦးစားပေးက အမွေအနှစ်ကို မိသားစုနှစ်ခုမရအောင် တားဆီးဖို့”
အချိန်အတော်ကြာ စကားစမြည်းပြောနေစဥ်မှာပဲ တနေ့တာကုန်ဆုံးသွားကာ နောက်တရက်ကူးပြောင်းသွားသည်။ ကျင့်ကြံသူအဖွဲ့များမှာမူ ထိုနေရာအနီးအနား၌ စုရုံးနေကြပြီး အရင်ဆုံးဝင်ခွင့်ကိုရယူရန် တိတ်တဆိတ်စောင့်ဆိုင်းနေကြလေသည်။
မကြာမီ နေ့တဝက်ထပ်မံကုန်ဆုံးသွားချိန်မှာတော့ အစီရင်ဖြစ်သည့် အစိမ်းရောင်အလင်းများ ပျောက်ကွယ်သွားတော့သည်။
“အစီရင်ကြီးပျက်ပျယ်သွားပြီ ဝင်ကြစို့”
ထိုအခြေနေကို အမြဲမပြတ်စောင့်ကြည့်နေသည့် ကျင့်ကြံသူများမှာ ချက်ချင်းတက်ကြွသွားပြီး လျှိုမြောင်ထဲ ခုန်ဆင်းသွားကြတော့သည်။
……………………………………………..