မူလ လောက သို့မဟုတ် ရှေးဟောင်းကျင့်ကြံရေးနယ်မြေ
Vol. 12 Ch. 112
အင်မော်တယ်လောကနဲ့အပြိုင် ရွေ့လျားနေသည့် မူလလောကမှာတော့ လောကအုပ်ချုပ်သူဟု ကျော်ကြားသည့် မူလဧကရာဇ်မှာ မူလကျင့်ကြံသူအချို့နဲ့ စုဝေးလျက် ရှိနေသည်။
သူတို့သည်လည်း အင်မော်တယ်လောကကဲ့သို့ပင် အစပိုင်း၌ ထိတ်လန့်သွားကြပြီး ထိုအဖြစ်ပျက်ကို တားဆီးရန် ကြိုးစားခဲ့ကြသေးသည်။ သို့သော် သူတို့၏လုပ်ဆောင်ချက်များ အရာမထင်သည်ကို မြင်ပြီးနောက် လက်လျော့သွားချိန်၌ မူလဧကရာဇ်က ရှေးဟောင်းကံတရားတွက်ချက်နည်းဖြင့် မူလလောကကြီး၏ ဘေးအန္တရာယ်ကို တွက်ချက်တော့သည်။
ရလာဒ်မှာ ယခုတကြိမ်ဆွဲဆောင်နေသည့် ထျန်းဟွမ်လောကကြီးမှာ ပို၍ ထူးခြားပြီးအစွမ်းထက်သည့် ကျင့်ကြံသူတဦးရှိနေသည်။ ထိုလူက လောကသုံးခုကို ပေါင်းစည်းစေရန် စိတ်ကူးရှိပုံရပြီး ထိုသို့ပေါင်းစည်းခြင်းက အင်မော်တယ်နဲ့ မူလလောကနှစ်ခုလုံးရဲ့ စည်းမျဥ်းများ ပျက်ပျယ်သွားနိုင်လေသည်။
“အရှင် ဒီကိစ္စက ကျုပ်တို့လောကကို ထိခိုက်နိုင်လား ကျုပ်တို့ဘာလုပ်သင့်လဲ”
မူလ ကျင့်ကြံသူတဦးက စိုးရိမ်တကြီး အမူရာဖြင့် မေးမြန်းသည်။ ထိုသူကဲ့သို့ပင် အခြားမူလ ကျင့်ကြံသူများမှာလည်း စိုးရိမ်နေကြပြီး မကြာခင် လောကသုံးခုသာ အပြည့်အဝ ပေါင်းစပ်သွားပါက မည်သို့ဆက်ဖြစ်မည်နည်း။
မူလဧကရာဇ်က ဦးခေါင်းကို ညင်သာစွာခါယမ်းလိုက်သည်။ ပြီးနောက်
“ငါဒီကိစ္စအတွက် အခြေနေအားလုံးကို တွက်ချက်ပြီးပြီ မင်းတို့စိုးရိမ်နေသလို မဟုတ်ပါဘူး”
ထိုစကားကြားလျင် မူလကျင့်ကြံသူများမှာ နဝေတိမ်တောင်ဖြစ်သွားကြသည်။ သေချာသည်က မည်သည့်အတွက်ကြောင့် မူလဧကရာဇ်က ထိုသို့ပြောမှန်းသူတို့မသိကြချေ။
ထိုစဥ်မူလ ကျင့်ကြံသူတဦးက သိလိိုစိတ်ကို မထိန်းချုပ်နိုင်ဟန်ဖြင့် အနည်းငယ်အရဲကိုးကာ မေးခွန်းထုတ်လာသည်။
“အခြေနေကို ပြည့်ပြည့်စုံစုံ ရှင်းပြပေးနိုင်မလား ဧကရာဇ်ကြီး”
ထိုသူရဲ့မေးခွန်းကို မူလဧကရာဇ်၌ ဖြေကြားရန် အစီစဥ်ရှိထားပေသည်။ သို့သော်လည်း မည်သည့်အတွက်ကြောင့် မူလကံတရားတွက်ချက်နည်းက လောကသုံးခုပေါင်းစပ်ခြင်းကို မူလရွှေခေတ်ပြန်ရောက်မည်ဟု ညွှန်းဆိုနေရသနည်း။ တဖက်လောကမှာ သေမျိုးလောကဖြစ်မှန်း သူသိထားပြီးမဟုတ်လော။
မူလဧကရာဇ်ရဲ့အကြည့်က စူးရှစွာဖြင့် အင်မော်တယ်လောကရှိရာ ကြည့်လိုက်သည်။ သူ့အဆင့်ဖြင့် လောကများကိုဖောက်ထွက်ကြည့်ရှုရန်မှာ လွယ်ကူပြီး လောကတခုနဲတခုကြား အကွာအဝေးကိုလည်း အချိန်တိုအတွင်း ရောက်အောင်သွားနိုင်လေသည်။
မူလဧကရာဇ်ရဲ့အကြည့်က အင်မော်တယ်လောကဘက် ရောက်သွားချိန်၌ အင်မော်တယ်လောကတခုလုံး ထူးထူးခြားခြား တည်ငြိမ်နေသည်ကို မြင်လိုက်ရသည်။ အနည်းငယ် မှင်သက်သွားပြီး ပို၍သေချာစေရန် စုံစမ်းရမည်ဟု ဆုံးဖြတ်လိုက်တော့သည်။
“ဒီကိစ္စက ထူးခြားတဲ့အခွင့်လမ်းတခုဖြစ်မေမယ်လို့ ကျုပ်ထင်နေတယ် ခဗျားတို့သတိထားမိလား ကျောက်စိမ်းဧကရီ ဓားဖြူဧကရာဇ်တို့လို ထိပ်သီးကျင့်ကြံသူတွေ တည်ငြိမ်နေတာကိုလေ ဒါက လောကသုံးခု ရွေ့လျားပေါင်းစည်းတာနဲ့ပက်သက်ပြီး သူတို့တခုခုသိထားလိမ့်မယ် အဲအချက်ကလည်း ကျုပ်တို့ဧကရာဇ်ပြောတာမျိုး ဖြစ်နိုင်တယ်”
မူလဧကရာဇ်၏ ညာလက်ရုံးဧကရာဇ်က တွေးတွေးဆဆ အမူရာဖြင့် အကြံပြုလာသည်။ လောကနှစ်ခုကြား တိုက်ပွဲကြောင့် ရန်သူများ၏ အခြေနေကိုအမြဲစောင့်ကြည့်နေဖြစ်ကာ ယခုကဲ့သို့တူညီသည့် အခြေနေ၌ တဖက်လူများ တည်ငြိမ်နေခြင်းက ထူးခြားလေသည်။
မူလဧကရာဇ်က ထိုစကားကိုထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ လက်ရှိ၌ ကိစ္စအဝဝကို အပြည့်အဝသိလိုပါက လောကသုံးခုပေါင်းစပ်ပြီးသည်အထိ စောင့်ကြည့်ရမည်ဖြစ်ပြီး နောက်တနည်းကတော့ အမှောင်သားရဲဘုရင်ထံ သွားရောက်စနည်းနာရန်ဖြစ်သည်။
မူလဧကရာဇ်က လောဘကြီးပြီး ရက်စက်သည့် အမှောင်သားရဲဘုရင်နဲ့ အဆက်သွယ်မလုပ်လိုပေ။ မကြာခင်က ပြင်းထန်တဲ့တိုက်ပွဲနောက်ဆက်တွဲကြောင့် မူလလောကမှာလည်း အင်မော်တယ်လောကနည်းတူ ဆုံးရှုံးမှုများခဲ့ရပြီး အမှောင်သားရဲဘုရင်က အကူညီပေးမည်ဟု ကမ်းလှမ်းမလာပါက မူလလောက၏ အခြေနေမှာ ယခုထက်ပိုဆိုးရွား နေပေလိမ့်မည်။
မူလဧကရာဇ်တယောက် သက်ပြင်းချလိုက်သည်။ ထူးခြားတဲ့အဖြစ်ပျက်မှ အကျိုးမြတ်သာရပါက အမှောင်သားရဲဘုရင်မှ မိမိတို့လောကကို ထိန်းချုပ်လာနိုင်သည်ကို သူတွက်ဆမိကာ စိတ်ဓာတ်ကျနေခြင်းဖြစ်သည်။ ယခု မူလလောက၌ ရန်သူနှစ်ဘက် ရှိနေလေပြီ။
“အင်း…အမှောင်သားရဲဘုရင်ဆီ တခေါက်သွားရမယ်”
ထိုခရီးက မဖြစ်မနေသွားရောက်ရမည်ဖြစ်ပြီး နောက်ဆက်တွဲကိုတော့ နောက်မှသာရှင်းမည်ဟု ဆုံးဖြတ်လိုက်သည်။ လက်ရှိ မူလလောကတခုလုံး၏ စိတ်ပူပန်မှုကို ဖြေရှင်းချက်ပေးရန် လိုအပ်နေသည်မဟုတ်လား။ နှစ်သောင်းချီ သက်တမ်းရှိသည့် အမှောင်သားရဲကြီးကတော့ ထိုကိစ္စကို သိနိုင်လောက်ပေသည်။
“အရင်ဆုံး အင်မော်တယ်လောကရဲ့ လှုပ်ရှားမှုကို အဆက်မပြတ်စောင့်ကြည့်ထားကြ သူတို့တွေ တည်ငြိမ်နေတာက ထူးခြားတယ် တခုခုထူးရင် ကျုပ်ဆီအမြန်သတင်းပို့ပါ”
မူလဧကရာဇ်တယောက် ထိုမျှသာပြောပြီး နေရာမှ ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။ စုဝေးမှုမှာတော့ ဘယ်လက်ရုံး ညာလက်ရုံးတို့သာကျန်နေရစ်ခဲ့ပြီး အခြားမူလ ကျင့်ကြံသူများမှာလည်း စိတ်ဖိစိးနေကြသည်။ သို့သော်.. လောကများကိုပင် ပေါင်းစည်းနိုင်သည့် တဖက်သူကို ၎င်းတို့ရင်ဆိုင်ရမည်လား။ တောင်ကိုကြက်ဥနဲ့ပေါက်သည်ထက်ပင် ဆိုးရွားပေလိမ့်မည်။
ထိုအချိန် ကျင်းတိုင်းပြည်တနေရာမှာတော့ ကျင်းလုံ မင်ယုရှန်း မင်ဝမ် စုလဲ့တို့အဖွဲ့မှာ သာမန်ကျင့်ကြံသူများ ခရီးရှည်ထွက်သကဲ့သို့ သွားလာနေကြပြီး ကျင်းတိုင်းပြည်မှတဆင့် မင်တိုင်းပြည်ကိုဖြတ်ကာ ရက်အနည်းငယ် ထပ်မံ ကြာမြင့်ပြီးချိန်မှာတော့ အလယ်ပိုင်းကုန်းမြေအစပ်တနေရာအား ရောက်ရှိသွားကြတော့သည်။
“ငါတို့ ဒီကုန်းမြေနှစ်ခုကြား မြို့ငယ်လေးမှာ အနားယူရင်း အမှောင်ကုန်းမြေသတင်းကို စုံစမ်းကြတာပေါ့”
မင်ဝမ်က ထိုသို့ပြောပြီးနောက် ကျင်းလုံတို့အား ဦးဆောင်ကာ မြို့ငယ်လေးဆီ ဝင်ရောက်သွားကြတော့သည်။ လွန်ခဲ့သည့်ရက်များက ထျန်းဟွမ်လောက၏ အပြောင်းလဲကို အာရုံခံမိကြသော်လည်း ထိုအဖြစ်ပျက်က ကြောက်မက်ဖွယ်လောကသုံးခု ပေါင်းစပ်တော့မည်မှန်း သူတို့မစဥ်းစားမိကြချေ။ သူတို့အထင်၌ အမှောင်ကုန်းမြေ၏ အင်မော်တယ်အမွေနှစ် ထွက်ပေါ်ရန်နီးကပ်မှုကြောင့် ထူးခြားသည့်နိမိတ်များ ဖြစ်ပေါ်လာသည်ဟုသာ တွက်ဆထားလေးသည်။
သူတို့ကဲ့သို့ပင် အခြားထိပ်သီးကျင့်ကြံသူများမှာလည်း ပြန်လည်တည်ငြိမ်သွားသည့် အခြေနေကြောင့် လောကပြင်ပမှ အဖြစ်ပျက်များကို သတိမပြုမိကြတော့ချေ။ သူတို့မသိတာက နောက်ရက်အနည်းငယ်၌ စွမ်းအင်များပိုမိုသန့်စင်လာပြီး များပြားထူထပ်လာသည်ကို ဖြစ်သည်။
…………………………………………..