← Chapters

မြို့ငယ်လေး

Vol. 12 Ch. 113

မြို့ငယ်လေး

Vol. 12 Ch. 113

မင်ဝမ်ဦးဆောင်တဲ့ အဖွဲ့တခုလုံး ကုန်းမြေအစပ်ဒေသရှိ မြို့ငယ်လေးထဲ ဝင်ရောက်သွားချိန်မှာတော့ မြို့ငယ်လေးက ထူးထူးခြားခြား တိတ်ဆိတ်နေလေသည်။

မြို့ငယ်လေးဟု ဆိုသော်လည်း တောင်ပိုင်းကုန်းမြေဒေသမှ မြို့ကြီးတခုနှယ် ကြီးမားပြီး ထူထပ်သည့်လူနေမှုပုံစံကို အထင်းသားမြင်တွေ့နိုင်ပေသည်။

ဝမ်မင်က အလယ်ကုန်းမြေဒေသသို့ ခရီးထွက်တိုင်း ဒီမြို့ကိုအကြိမ်များစွာ ဝင်ရောက်ခဲ့ဖူးသည့် အတွေ့ကြုံအရ သတင်းအချက်အလက်များ အလွယ်တကူစုံစမ်းရနိုင်သည့် မြို့အလယ်နားက တည်းခိုခန်းရှိရာသို့ တိုက်ရိုက်ပင် သွားလိုက်သည်။ ထိုတည်းခိုခန်းက သာမန်ဆန်ဆန် ဆောက်လုပ်ထားသော်လည်း ကောလဟာလအချို့အရ နောက်ကွယ်၌ ရှောင်မိသားစုနဲ့ဆက်စပ်သည့် ကျင့်ကြံသူတဦး ပိုင်ဆိုင်ထားလေသည်။

ထို့ကြောင့်လည်း အဆိုပါတည်းခိုခန်းကို ပြဿနာရှာလိုသူများ မရှိကြချေ။ မည်သူကမှ အင်အားကြီးရှောင်မိသားစုနဲ့ ထိပ်တိုက်မတွေ့လိုကြပေ။

ကိုယ်စီအခန်းအချို့ ယူပြီးနောက် မင်ဝမ်တယောက် ယန်ချန့်ဆီမှ ရထားသည့် လောကရတနာများစာအုပ်ကို ဖွင့်ကာ အနည်းငယ်ဖတ်ရှုလိုက်သည်။ စာအုပ်ထဲ၌ နောက်ထပ်ရတနာများစွာအကြောင်း ရေးသားထားပြီး စာအုပ်က သုံးပုံတပုံမျှသာ ဖတ်၍ပြီးသေးသည်။

ပထမဆုံးလောကရတနာ၏ တည်နေရာမှတ်ချက်ကို စိတ်ထဲစွဲနေသည့် မင်ယုရှန်းကမူ ထိုရတနာ၏အသုံးဝင်မှုမှာ မှတ်တမ်းများထက် များပြားမည်ဟု ယူဆနေသည်။ မည်မျှအစွမ်းထက်မည်ကို သူမ မသိသော်လည်း သာမန်ရတနာဆိုရင်တော့ လောကရတနာမှတ်တမ်းထဲ ပါမည်မဟုတ်ပဲ လောကရတနာများ၌ အဆင့်ကိုးချိတ်မည်လည်း မဟုတ်ချေ။

မင်ယုရှန်းတယောက် အချိန်ကြာသည်အထိ စဥ်စားခန်းဝင်ပြီးနောက် ကျင့်ကြံရေးကိုသာ အချိန်ပေးခြင်းက အကျိုးရှိမည်ဟု အတွေးဝင်ကာ ပန်းချီကားချပ်အာ ထုတ်ယူလိုက်တော့သည်။ ထိုကားချပ်၏ လေဟာနယ်လောကထဲမှ လေဟာနယ်နိယာမကို ထိတွေ့မိနေခဲ့ပြီး ထိုနိယာမကိုသာ ကျွမ်းကျင်သွားပါက သူမထက်သာလွန်သည့် ရန်သူများကိုပင် ရင်ဆိုင်နိုင်မည်ဖြစ်ပြီး ထိုနိယာမ၏အားသာချက်ကြောင့် ပြန်လည်ထွက်ပြေးရာတွင်လည်း အသုံးဝင်ပေမည်။

ပန်းချီကားချပ်ပေါ်လာသည်နှင့် ချက်ချင်းပဲ လေဟာနယ်ထဲဝင်ရောက်ရန်ပြင်လိုက်စဥ် ထူးခြားသည့် အာရုံခံမှုက စွမ်းအင်တစ်ခုကို သတိပြုမိသွားကာ မျက်မှောက်ကြုတ်လိုက်မိသည်။ ထိုစွမ်းအင်က သူမထက်အနည်းငယ် နိမ့်နေသော်လည်း သူတော်စင်တစ်ပါးဆိုသည်ကတော့ သေချာသည်။ ထိုသို့ဆိုလျှင် သူတော်စင်တစ်ပါး မည်သည့်အတွက်ကြောင့် ရောက်လာသနည်း။ ထိုသူကကော အမှောင်ကုန်းမြေဆီ ခရီးထွက်ရန်ကြိုးစားနေသည်လား။

ထိုအချက်က ဖြစ်နိုင်ချေရှိသည်။ တဖက်သူမှာ သူမနဲ့အဆင့်တူဖြစ်သည့်အပြင် ထျန်းဟွမ်လောက၏ ထိပ်ဆုံး၌တည်ရှိနေသောကြောင့် သူမတို့ကြား အရှိန်ဝါတူညီမှုက ပဲ့တင်ထပ်နေကာ တယောက်ကိုတယောက် လျင်မြန်စွာသတိပြုမိသွားမည်ကို သူမတွက်ဆမိသည်။

ကံကောင်းသည်က သူတော်စင်များက ထိုသို့စပ်စုရန်စိတ်ကူးမရှိကြချေ။ သူမလည်း ထိုနည်းတူပင်။ တဖက်သူမှ တကူးတကလာရောက်တွေ့ဆုံခြင်းမရှိပါက သတိပြုမိသည်ကိုပင် လျစ်လျူရှုထားမည်ဖြစ်သည်။

“သူတော်စင်တပါးတော့ ရောက်လာပြီ ဒီလောကထဲမှာ ပုန်းကွယ်နေတဲ့ သူတော်စင်တွေ ဘယ်လောက်များရှိနေမလဲ”

မင်ယုရှန်းက တိတ်ဆိတ်စွာစဥ်းစားနေစဥ် နောက်ထပ်အရှိန်ဝါများ ထပ်မံတိုးများလာကာ ထိုအရှိန်အဝါများကလည်း မတူညီသည့် နေရာများအသီးသီးသို့ ခွဲထွက်နေလေသည်။

“အင်အားစုတခုတည်းက မဟုတ်ဘူးလား ဒါဆို ချင်နဲ့ရှောင်မိသားစုအပြင် တခြားအင်အားကြီးမိသားစုတွေ ရှိနေသေးတဲ့သဘောပေါ့ အမွေနှစ်ရယူဖို့က ပိုခက်ခဲလာတော့မယ်”

သူတော်စင်များ ထပ်မံရောက်ရှိလာခြင်းကြောင့် မြို့ငယ်လေးမှာ ဖိအားများတိုးလာပြီး ထိုနောက်ထပ်ရောက်လာသူများက ၎င်းတို့၏အရှိန်ဝါကို မင်ယုရှန်းကဲ့သို့ ဖုံးကွယ်မထားသောကြောင့် ဖြစ်သည်။ ထိုအချက်က အဆိုပါကျင့်ကြံသူများ၏ မောက်မာမှုကို ခန့်မှန်းနိုင်ပေသည်။

ကျင်းလုံ စုလဲ့ မင်ဝမ်တို့အသီးသီးလည်း ဖိအားတချို့စတင်ခံစားလာရသောကြောင့် အလေးအနက်ဖြစ်သွားကြကာ ထိုထိပ်သီးသူတော်စင်များရောက်ရှိလာခြင်းက အမွေနှစ်နဲ့ဆက်စပ်နိုင်သည်ကို သတိပြုမိသွားကြသည်။

“ရှန်းအာ မြေးသတိထားရမယ်”

မင်ဝမ်က မင်ယုရှန်းရှိရာသို့ တိတ်တဆိတ် အသံပို့လွှတ်လိုက်ပြီး အခြားသူများ သူမကို သတိမထားမိစေရန် ဖြစ်သည်။

“စိတ်ချပါ ကျွန်မအရှိန်ဝါကို သေချာဖုံးကွယ်ထားပါတယ် အဖိုးလည်း ဂရုစိုက်ပါ”

သူမက ထိုသို့ပြောပြီးနောက် ကျင်းလုံ စုလဲ့တို့ဆီ ဆက်သွယ်ကာ နောက်တနေ့၌ မြို့ထဲသို့ သတင်းအချက်အလက်စုံစမ်းရန် သွားရောက်ကြမည်ဖြစ်ကြောင်း အသိပေးလိုက်ရင်း ဂရုတစိုက်နေကြရန်ပါ မှာကြားလိုက်သည်။

မကြာမီ နာရီပိုင်းအတွင်းမှာပဲ မြို့ငယ်လေးက စတင်၍ စည်ကားလာသည်။ အင်အားစုအများအပြား ဝင်ရောက်လာကြပြီး မည်သည့်အတွက်ကြောင့်ဆိုသည်ကို မည်သူကမှ ထုတ်ဖော်မပြောကြချေ။ ဖြစ်နိုင်သည်က ထုတ်ဖော်လိုက်ပါက ချင်နဲ့ရှောင်မိသားစုနှစ်ခုရန်ကို ကြောက်၍လည်း ဖြစ်နိုင်သည်။

ထိုအချိန် ထာဝရကျေးရွာမှာတော့ ယန်ချန်တယောက် တောနက်ထဲမှ ယန်ပိုင်ယူလာသည့် ကြိမ်ပင်များကို ခြံဝန်း၌ ပြန်လည်စိုက်ပျိုးနေလေသည်။ ကျင့်ကြံရေးလောကရှိ ကြိမ်ပင်များမှာ အသုံးဝင်မှုကို မသိကြသည့်အတွက် ပေါများနေပြီး ယန်ချန်တယောက်သာ ကြိမ်ရဲ့အသုံးတည့်မှုကို သိထားသူ ဖြစ်သည်။

ယန်ချန်က ကြိမ်ပင်အချို့ကို နေရာချပြီးနောက် အသင့်သုံး၍ရသည့် ကြိမ်များကိုမူ လက်မှုပစ္စည်းများ လုပ်ရန် သိမ်းဆည်းလိုက်သည်။ အချိန်ရပါက ကြိမ်ထိုင်ခုံများ စားပွဲများ ကြိမ်ခြင်းများ ပြုလုပ်မည်ဟု ဆုံးဖြတ်ထားလေသည်။

ထာဝရကျေးရွာ၏ ထူးခြားတဲ့မင်္ဂလာပွဲက ရက်အတော်များများ လူတို့၏ပါးစပ်ဖျား၌ ချီးကျူးမစဲ ဖြစ်နေသေးပြီး ကျန်းယန်တို့ ဇနီးမောင်နှံသည်လည်း ခြံဝန်းတခုသက်သက်ခွဲနေကာ ပျော်ရွှင်စရာ အိမ်ထောင်ဦးကာလအား ဖြတ်သန်းနေတော့သည်။

“ညစာအတွက် ဘာပြင်ပေးရမလဲ သခင်လေး”

ရှုယင်က ယန်ချန်သိမ်းဆည်းနေသည့် ကြိမ်များကို ကူ၍သိမ်းဆည်းကာ မေးသည်။ ယန်ချန်က

“အသားနဲ့ ပြောင်းဖူး စွပ်ပြုတ်တခွက်ဆိုရပါပြီ ဒါနဲ့ ကျတော်တို့ နောက်ရက်အနည်းငယ်ကျရင် ခရီးတခုထွက်ကြရအောင်”

ယန်ချန့်စကားကြားလျင် ရှုယင်က မည်သည့်နေရာကို ခရီးထွက်မည်အား မမေး။ ခေါင်းသာညိတ်ပြလာသည်။

“သခင်လေး သဘောပါပဲ ဒီရက်ပိုင်းခြံထဲက စိုက်ခင်းကိုအပြီးသတ်ရိတ်သိမ်းပြီးရင် ခရီးထွက်လို့ရပါတယ် ရက်နည်းနည်းလောက်ဖြစ်ဖြစ် သွားကြတာပေါ့”

ယန်ချန့်နည်းတူ သူမသည်လည်း ကျင်းပြည်နယ်မြို့တော်ကြီးဆီ ထပ်မံသွားရောက်လိုနေပြီး ကျေးရွာ၌ နေရသည်မှာ အေးချမ်းသည်မှန်ပေမယ့် အနည်းငယ် ပျင်းရိလာသောကြောင့် ထိုသို့တွေးမိလာခြင်း ဖြစ်သည်။

“ဒါဆိုရင် ဘယ်နေရာကိုသွားရင်ကောင်းမလဲ ကျတော်စဥ်းစားလိုက်ဦးမယ်”

ယန်ချန်ကတော့ ကျင်းပြည်နယ်မြို့တော်ဟု မစဥ်းစားထားပဲ။ နောက်တကြိမ်သားရဲကပ်ဘေး မစတင်ခင် ကျင်းတိုင်းပြည်ကိုသာမက အနီးနားမှ တိုင်းပြည်အချို့ကိုပါ လည်ပတ်ရမည်ဟု တွေးထားလေသည်။ သူသည်လည်း ကျေးရွာ၌ ခြေချုပ်မိနေခြင်းမျိုး မနေချင်ပေ။ ရက်အနည်းငယ်တော့ ခရီးထွက်ရမည်ဟု စဥ်းစားထားလေသည်။

………………………………………………

All Chapters