အမှောင်ကုန်းမြေ
Vol. 12 Ch. 114
ထျန်းဟွမ်ကမ္ဘာ၌ ကုန်းမြေဒေသ၅ခု ရှိပြီး ထိုဒေသများက အရှေ့ နောက် တောင် မြောက် အရပ်လေးမျက်နှာဖြစ်ကာ နောက်ဆုံးတခုကတော့ အလယ်ပိုင်းဒေသ ကုန်းမြေကြီးဖြစ်သည်။
အလယ်ပိုင်းကုန်းမြေကြီးသည် အခြားဒေသများထက် ဧရိယာပိုမိုကြီးမားပြီး လူဦးရေလည်းထူထပ်ကာ အင်အားကြီးကျင့်ကြံသူများစွာ တည်ရှိနေခြင်းကြောင့် အခြားကုန်းမြေဒေသများထက် ပိုမိုစည်ကားလေသည်။
ထိုအထဲမှ အမှောင်ကုန်းမြေဆိုသည်ကတော့ အလယ်ပိုင်းကုန်းမြေ ပိုင်နက်ထဲတည်ရှိပြီး ကီလိုမီတာ ရာနဲ့ချီကျယ်ဝန်းကာ အလယ်ကုန်းမြေ၏ သုံးပုံတပုံ အကျယ်ဝန်းမျှ ရှိလေသည်။
ကျင့်ကြံရေးလောက၏ ခေတ်အဆက်ဆက်၌ အမှောင်ကုန်းမြေမှာ အမည်ဆိုးဖြင့် ကျော်ကြားသည်။ ကြောက်စရာကောင်းသည့် သားရဲများ နတ်ဆိုးသွေးနှော မျိုးကွဲလူသားများ နေထိုင်သည်ဟု ကောလဟာလအချို့ ထွက်ပေါ်ခဲ့ဖူးသည်။
သို့ပေမင့် နောက်ပိုင်းနှစ်များတွင်တော့ အလယ်ကုန်းမြေမှ အင်အားကြီးကျင့်ကြံသူများ၏ စူးစမ်းမှုဖြင့် အမှောင်ကုန်းမြေအကြောင်းကို ပိုမိုသိလာခဲ့ကာ ထူးခြားဖြစ်စဥ်အနေဖြင့် လွန်ခဲ့သည့် လအချို့က အမှောင်ကုန်းမြေအစပ်မှ ရွာတချို့ ရုတ်ချည်းပျောက်ကွယ်သွားတာမျိုးသာ ရှိပေသည်။
သို့သော် ထိုအဖြစ်ပျက်က ရွာလုံးကျွတ်ဖြစ်စေ မြို့လုံးကျွတ်ဖြစ်စေ လူသားသန်းနဲ့ချီ သေကြေပျက်စီးရခြင်းဖြစ်စေ ကျင့်ကြံရေးလောက၌ သာမန်အဖြစ်ပျက်တခုသာဖြစ်ပြီး အရေးတယူလုပ်ခြင်းက နည်းသည်။
မကြာသေးမီက ဒုတိယတကြိမ်သားရဲကပ်ဘေးကို ထိန်းချုပ်နိုင်ပြီးနောက် ချင် ရှောင်မိသားစုနှစ်ခုက သားရဲကပ်ဘေးနောက်ကွယ်ကို စတင်စိတ်ဝင်စားလာကြသည်။ သားရဲများသည် နတ်ဆိုးသွေးနိုးထ ထားသည်ဆိုလျင်တောင် လူသားကျင့်ကြံသူများ၏နေရာကို အရဲကိုးတိုက်ခိုက်လေ့ မရှိကြချေ။
ထို့အပြင် ထူးခြားဖြစ်စဥ်ကလည်း အလယ်ကုန်းမြေရှိ အင်အားစုများကို သံချောင်းခေါက်ပေးလိုက်ကာ အမှောင်ကုန်းမြေဆီမှ ပြင်းထန်တဲ့ဖိအားတချို့ ထွက်ပေါ်လာချိန်မှာတော့ အမှောင်ကုန်းမြေထဲ နောက်တကြိမ် ထပ်မံဝင်ရောက်ကြပြန်သည်။
ထိုခရီးက အကျိုးမြတ်ရှိခဲ့ကြသည်။ အမှောင်ကုန်းမြေထဲ ထူးဆန်းတဲ့နေရာလွတ်တခုကို ရှာတွေ့ခဲ့ကာ ထိုနေရာလွတ်ကိုပိတ်ဆို့ထားသည့် အစီရင်မှာ အားပျော့နေလေပြီ။ ထိုသတင်းက အမွေအနှစ်အဖြစ် ပြောင်းလဲသွားပြီး ချင် ရှောင် မိသားစုနှစ်ခု၏ ထိန်းချုပ်မှုနဲ့ပင် လုံအောင်မဖုံးနိုင်တော့ပေ။
မင်ယုရှန်း ကျင်းလုံ စုလဲ့တို့မှာ အရှိန်ဝါကို အပြည့်အဝဖုံးကွယ်ကာ ထင်ရှားလွန်းနေသည့် အသွင်ပြင်ကိုလည်း ဖျောက်ဖျက်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ စုလဲ့က မထူးခြားသော်လည်း ကျင်းလုံနဲ့မင်ယုရှန်းတို့မှာ တိုင်းပြည်၏ အရှင်သခင်များ ဖြစ်ကြပြီး ပါရမီအရလည်း အလယ်ကုန်းမြေ၏ လူငယ်များကို ယှဥ်နိုင်လေသည်။
ကျင်းလုံက စည်ကားနေသည့် လမ်းမကြီးပေါ်သို့ စူးစိုက်ကြည့်နေစဥ် မင်ယုရှန်းနဲ့ စုလဲ့တို့ကတော့ လက်ဖက်ရည်ကိုသာ တည်တည်ငြိမ်ငြိမ် သောက်နေကြလေသည်။
“ဒီဆိုင်က မြို့ထဲမှာ လူအများဆုံးပဲ အမှောင်ကုန်းမြေနဲ့ပက်သက်တဲ့ သတင်းအစနတချို့တလေတော့ ရနိုင်ကောင်းတယ်”
ကျင်းလုံက စုလဲ့နဲ့မင်ယုရှန်းထံ အသံပေးပို့လိုက်သည်။ စုလဲ့က
“နေ့တဝက်ရှိနေပြီ ဆိုင်ထဲအဝင်ထွက်က သာမန်ကျင့်ကြံသူနဲ့ ကုန်သည်တွေချည်း ဖြစ်နေတယ် ကျွန်မတို့ ထပ်စောင့်ဦးမလို့လား”
စုလဲ့ရဲ့အမေးကို ကျင်းလုံက တိတ်ဆိတ်စွာပဲ တုန့်ပြန်လာသည်။ သဘောကတော့ ဆက်စောင့်ကြရအောင် ဟူ၍ ဖြစ်သည်။ မင်ယုရှန်းတယောက် အရှိန်ဝါကိုဖုံးကွယ်ထားသည့် ထိပ်သီးကျင့်ကြံသူများ ဝင်လာလိုဝင်လာငြား စောင့်ကြည့်နေပြီး မူလက သတင်းအချက်လက်ရောင်းချသည့် နေရာကိုသွားလိုသော်လည်း အခြေနေက စုံစမ်းရန်မလွယ်ကူကြောင်း ရိပ်မိသွားခဲ့သည်ါ
မည်သူကမှ ပိတ်ဆို့ထားသည့်သတင်းကို ရောင်းချရဲမည် မဟုတ်ပေ။ မြို့ငယ်ထဲ၌ လူရင်းကျင့်ကြံသူမိတ်ဆွေ မရှိပါက သတင်းရရန် ခက်ခဲနိုင်ပေသည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ညနေစောင်းလုချိန်မှာတော့ ကျင့်ကြံသူတဖွဲ့ ဆိုင်ထဲ ဝင်ရောက်လာသည်။ အဖွဲ့က လူ၅ဦးသာ ပါသော်လည်း ဦးဆောင်လာသူက အသက်၂၀ ပင်မပြည့်သေးသည့် လူငယ်လေးဖြစ်ကာ သူ့အနောက်မှာတော့ သန်မာတဲ့ကျင့်ကြံသူ၄ဦးက ကပ်လျက် လိုက်ပါလာခြင်း ဖြစ်သည်။
“သခင်လေး ဒီဆိုင်က ဒီမြို့မှာလက်ရာအကောင်းဆုံးပဲ ဒီဆိုင်ကအရက်ဆိုရင် ထိပ်တန်းအဆင့်မှာရှိတယ် သခင်လေးနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်”
အနောက်မှလူလေးဦးထဲ တဦးမှာ လူငယ်ဖြစ်သူကို ယဥ်ကျေးစွာ အသိပေးပြီးနောက် ဆိုင်ရှင်အား ကျယ်လောင်စွာ အော်ခေါ်၍ ထိုင်စရာနေရာတခု စီမံစေသည်။ လူငယ်ကမူ မောက်မာသည့်ဟန်ပန်ကို အပြည့်အဝ ထိန်းချုပ်ထားပြီး ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်ချေ။
ထိုင်စရာစားပွဲတခုရသည်နှင့် ချက်ချင်းထိုင်ကာ အပြင်းစားသေရည်နဲ့ အသားကင်များစွာ မှာယူလိုက်တော့သည်။ အခြားလူ၄ဦးကလည်း လူငယ်နဲ့အတူ ဝိုင်းထိုင်လိုက်ကြပြီး သေရည်များနဲ့ အသားကင်များရောက်လာချိန်မှာတော့ စတင်ကာ စားသောက်ကြတော့သည်။
မူလက တခြားသူများအနေဖြင့် လူငယ်တို့အား အနည်းငယ်စပ်စုလိိုစိတ်ဖြင့် စောင့်ကြည့်သေးသော်လည်း အချိန်အနည်းငယ်အကြာမှာတော့ လျစ်လျူရှူလိုက်တော့သည်။
“သခင်လေး ဒီတခေါက်ခရီးက သခင်လေးကို ဦးဆောင်စေလွှတ်ထားတာဆိုတော့ နောက်တက်မယ့် လူငယ်ခေါင်းဆောင်က သခင်လေးဖြစ်ဖို့များသွားပါပြီ”
ပထမတဦးက ဖားလျားသည့် အမူအရာဖြင့် ပြောဆိုလာသည်။ ထိုစကားကိုကြားလျင် သခင်လေးဆိုသည့်လူငယ်က နှစ်ထောင်းအားရစွာ ပြုံးလိုက်ပြီးနောက် တုန့်ပြန်သည်။
“ သေချာတာပေါ့ ကျုပ်က စုအိမ်တော်ရဲ့ သခင်လေးပဲလေ အဟက် ကျုပ်ရဲ့အစ်ကိုကြီးက ကျုပ်ထက်ပါရမီထူးပေမယ့် ကျုပ်နောက်မှာ ချင်မိသားစုရဲ့ သခင်လေးရှိနေတာကို သူမသိဘူး ဟားး”
စုမိသားစု..။ (စုလဲ့၏ စု မဟုတ်ပါ)
ထိုမိသားစုက အလယ်ကုန်းမြေ၌ ဒုတိယတန်းစား အင်အားစုဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူက မဟာယာနအဆင့်ဖြစ်ကာ လူငယ်လေးက အခြေတည်ဝိဉာဥ်အဆင့်ကို ရောက်နေသည်အား မင်ယုရှန်းတို့ သတိပြုမိလိုက်ကြသည်။ ထိုအသက်ရွယ်အရဆိုလျှင် အလယ်ကုန်းမြေ၌ သာမန်ပါရမီသာဖြစ်သည်ဟု ယူဆနိုင်သည်။
သို့သော် အစောင့်၄ဦးကတော့ အတိဒုက္ခအထွဋ်အထိပ်များဖြစ်နေကြပြီး တဦးဆိုလျှင် ကပ်ဘေးဖြတ်ကျော်အဆင့်ထဲ ဝင်ရောက်စပြုနေလေသည်။ ကပ်ဘေးဖြတ်ကျော်အဆင့် ကျင့်ကြံသူကိုပင် အစောင့်အနေနဲ့ ထည့်ပေးနိုင်ခြင်းက သာမန်မိသားစုများ မတတ်နိုင်ချေ။
ဒုတိယအစောင့်တဦးက ပတ်ဝန်းကျင်ကို အနည်းငယ်ဝေ့ကြည့်ပြီးနောက် လူငယ်ထံ အသံပေးပို့လိုက်သည်။ သူ့အထင် အသံပေးပို့ခြင်းက လုံခြုံသည်ဟု ယူဆထားသော်လည်း မင်ယုရှန်းကဲ့သို့ သူတော်စင်များအနေဖြင့် ထိုစကားသံအား နားထောင်ရန်မှာ လွယ်ကူသည်ကိုတော့ မသိခဲ့ကြပေ။
“သခင်လေး သခင်ကြီးက အမှောင်ကုန်းမြေထဲ မဝင်ခင် အသက်ကယ်အစီရင်တွေ ပြင်ဆင်ထားဖို့ မှာလိုက်တယ် နောက်ပြီး ဘိုးဘေးချင်နဲ့ အရမ်းကွာပြီးမနေဖို့လည်း မှာလိုက်ပါတယ်”
စုမိသားစုခေါင်းဆောင်မှာ ချင်ထျန်ရဲ့ လက်အောက်ငယ်သားဖြစ်ပြီး အသနားခံတောင်းဆိုမှုကြောင့် ချင်ထျန်က လိုက်ပါစေခြင်းဖြစ်ကာ ထိုခေါင်းဆောင်ကတော့ မိမိအပြင် သားနှစ်ယောက်အတွက်ပါ အခွင့်ရေးရစေလိိုစိတ်ဖြင့် အမှောင်ကုန်းမြေထဲ ဝင်စေမည်ဖြစ်သည်။ သို့သော် အန္တာရယ်များလွန်းတာကြောင့် သားနှစ်ယောက်ကို အနီးကပ်နေရန် မှာကြားထားလေသည်။
“စိတ်ပူစရာမရှိပါဘူး ချင်သခင်လေးနဲ့အတူသွားရမှာဆိုတော့ အန္တရာယ်ကင်းမှာသေချာတယ် မင်းတို့သာ အမှောင်ကုန်းမြေထဲရောက်ရင် ငါမှာထားတာကိုမမေ့နဲ့”
လူငယ်၏ မျက်လုံးအစုံက ဖျတ်ခနဲ လင်းသွားကာ ကောက်ကျစ်မှုအပြည့် ဖြစ်သွားတော့သည်။ သေချာသည်က အမှောင်ကုန်းမြေထဲရောက်လျင် မကောင်းသည့် အစီစဥ်တခု လုပ်ဆောင်မည်ဟု ယူဆရသည်။
မင်ယုရှန်းတယောက် အမှောင်ကုန်းမြေအကြောင်း ဆက်စပ်မိသွားကာ မိသားစုကြီးနှစ်ခုက စတင်လှုပ်ရှားတော့မည်ကိုလည်း တွက်ဆမိလိုက်ကြသည်။ ထို့ကြောင့် အမှုမဲ့အနေဖြင့် အရှိန်ဝါတချို့ လူငယ်ဆီ ပို့လွတ်ကာ အမှတ်သားပြုလိုက်တော့သည်။ ထိုအမှတ်အသားကို သူတော်စင်အဆင့်အောက် မည်သူမှ မတွေ့နိုင်ပေ။
……………………………………………….