ခရီးထွက်ရန်ပြင်ဆင်ခြင်း
Vol. 12 Ch. 115
လူငယ်အဖွဲ့ စားသောက်ဆိုင်ထဲမှ ပြန်ထွက်သွားပြီး မကြာခင် ကျင်းလုံတို့လည်း ထိုနေရာမှ ထွက်လာကြတော့သည်။
မင်ယုရှန်းအစီစဥ်အရ ထိုလူငယ်က အမှောင်ကုန်းမြေထဲသို့ မိသားစုကြီးနှစ်ခုနဲ့ မတူညီသည့်လမ်းကြောင်းမှ ဝင်ရန်ဖြစ်နိုင်ပြီး ထိုလမ်းကြောင်းကိုတော့ ပြင်ပကျင့်ကြံသူများ သိကြမည် မဟုတ်ပေ။
မင်ယုရှန်းက သူမတို့၏ အရှိန်ဝါများကို အပြည့်အဝထိန်းချုပ်ထားပြီး အမှတ်အသားအရ ထိုလူငယ်သာ အမှောင်ကုန်းမြေဆီ စတင်ထွက်ခွာပါက တိတ်တဆိတ်လိုက်ပါမည် ဖြစ်သည်။
အခြားအဆင့်တူ သူတော်စင်ကြီးများအနေဖြင့် သူတို့သာသိထားသည့် လမ်းကြောင်းမှဝင်ကြမည်ကို သူမတွေးထားပြီးသား ဖြစ်သည်။
နောက်ထပ်ရက်အနည်းငယ် ကုန်လွန်သွားချိန်မှာတော့ မြို့ငယ်လေးက ပို၍စည်ကားလာပြီး ထိပ်သီးကျင့်ကြံသူများ တစတစ တိုး၍ ရောက်ရှိလာသည်။ ထိုအထဲ၌ အလယ်ကုန်းမြေမှ ဒုတိယတန်းစား မိသားစုများသာမက တခြားကုန်းမြေသုံးခုက ထိပ်သီးကျင့်ကြံသူများလည်း ရောက်ရှိလာကြသည်။
သိသာစွာပင် ထိုလူများ၏ ဥိီးတည်ရာ အမှောင်ကုန်းမြေပင်ဖြစ်ကာ မကြာခင်မှာပဲ တချို့စိတ်မရှည်သည့်သူများကတော့ စတင် ထွက်ခွာသွားကြတော့သည်။
ထာဝရကျေးရွာ၌ ယန်ချန်နဲ့ရှုယင်တို့က ခရီးထွက်ရန်ပြင်ဆင်နေကြပြီး ဒီတခေါက်ခရီးကိုတော့ ယန်ပိုင်က လိုက်ပါလာမည်ဖြစ်သည်။ ကျင့်ကြံရေးလောက၌ သားရဲများခေါ်ဆောင်သွားလာခြင်းက မထူးဆန်းပေ။
ယင်ယင်လေးခမျာလည်း အလည်အပတ်ထွက်ရမည်ဟုသိလျင် ပျော်ရွှင်စွာခုန်ပေါက်နေလေသည်။ သူမက တနေ့တနေ့ ခြံဝန်းနဲ့ရွာအတွင်းသာ အချိန်ကုန်ခဲ့ရပြီး ကံကောင်းသည်က ကျန်းမိသားစုဝင်များ၏ ကလေးအချို့ကြောင့်သာ အပျင်းပြေအရွယ်တူ ကစားဖော်များ ရှိနေခြင်းဖြစ်သည်။ မဟုတ်ပါက မြေခွေးများ တောဝက်များကိုသာ အဖော်ပြုရချေမည်။
“သခင်လေး ဘယ်သွားဖို့စိတ်ကူးထားလဲ”
ရှုယင်က အဝတ်အထည်အချို့အား ထုတ်ပိုးကာ မေးသည်။ ယန်ချန်က
“ဒီတခေါက်တော့ မရောက်သေးတဲ့နေရာတချို့ သွားကြမယ် ရက်အနည်းငယ်ပေါ့”
ယန်ချန့်အတွေးက တနှစ်ကိုတကြိမ်မျှ ခရီးရှည်ထွက်မည်ဖြစ်ပြီး ကျန်အချိန်များကိုတော့ ထာဝရကျေးရွာ၌သာ ကုန်ဆုံးမည်ဖြစ်သည်။ ယန်ချန်က ထျန်းဟွမ်လောကတခုလုံး၏ အသေးစိတ်မြေပုံအား တချက်ကြည့်လိုက်သည်။ ထိုမြေပုံမှာ စနစ်က ပေးထားခြင်းဖြစ်ပြီး အလွန်အသေးစိတ်ကျကာ တိကျလေသည်။
ယန်ချန်က တောအုပ်နေရာများကို ရှောင်ရှားရန် တွေးထားသည်။ အဓိက လူနေထူထပ်သည့် မြို့များကိုလည်ပတ်ရန်တွေးထားပြီး မတူညီသည့် ယဥ်ကျေးမှုများကို လေ့လာမည်ဖြစ်သည်။ အန္တရာယ်တစုံတရာအတွက်တော့ ကျင့်ကြံသူဖြစ်သည့် ကျန်းဝမ်လီအား ခေါ်ဆောင်သွားလျင် အဆင်ပြေချေပြီ။
ယန်ချန်တယောက် မြေပုံအားလေ့လာနေစဥ်မှာပဲ ကျန်းဝမ်လီရောက်ရှိလာကာ မြေပုံကိုတွေ့သည်နှင့် စိတ်ဝင်တစား ကြည့်ရှုတော့သည်။
“သခင်လေးရဲ့မြေပုံက အတော်ပြည့်စုံတယ် နေရာတခုတလေတောင် မကျန်ရစ်ဘူး”
ကျန်းဝမ်လီရဲ့စကားကိုကြားလျင် ယန်ချန်က ပြုံးလိုက်ပြီး မြေပုံပေါ်မှ နေရာတခုအား ထောက်ပြလိုက်သည်။
“ဒီမြို့လေးက အလယ်ကုန်းမြေနဲ့နီးလား”
ယန်ချန့်အမေးကိုကြားလျင် ကျန်းဝမ်လီက အချိန်တခုကြာအောင် စဥ်းစားဟန်ပြုပြီးနောက် တုန့်ပြန်သည်။
“သိပ်တော့မနီးဘူး ဒါပေမယ့် အလယ်ကုန်းမြေကို သွားတဲ့လမ်းကြောင်းပေါ်မှာတော့ ရှိနေတယ် သခင်လေးက အလယ်ကုန်းမြေဆီ သွားချင်လို့လား”
ကျန်းဝမ်လီရဲ့အမေးကို ယန်ချန်က ခေါင်းညိတ်ပြသည်။
“ဟုတ်တယ် ကျတော့်စိတ်ကူးက မြောက်ပိုင်းဒေသထိပဲ အဲ့ဒေသမှာ နှင်းတောင်တွေရှိတယ်လို့ ပြထားတယ် စိတ်ဝင်စားစရာပဲ”
“ဒါဆိုရင်တော့ ကျတော်တို့ အလယ်ကုန်းမြေကို ဖြတ်သန်းသွားကြတာပေါ့”
မကြာမီ ခရီးစဥ်ကို မြောက်ပိုင်းဒေသအား အတည်ပြုလိုက်ပြီး လမ်းကြောင်းကိုလည်း အလယ်ကုန်းမြေအား ဖြတ်သန်းသွားစေသည်။ ထိုလမ်းကြောင်းက မြို့နေလူဦးရေထူထပ်သည့် မြို့ကြီးများစွာကို ဖြတ်သန်းသွားရမည်ဖြစ်တာကြောင့် ယင်ယင်လေးအတွက်လည်း အသစ်အဆန်း ဖြစ်စေမည်မဟုတ်လား။
“ကျတော်တို့ အမှောင်ကုန်းမြေကိုတော့ ဝင်လို့မဖြစ်ဘူး အဖိုးလီ”
ကျန်းဝမ်လီက ထိုစကားကို ခေါင်းညိတ်ပြကာ ထောက်ခံသည်။ ယန်ချန်ပင် မဝင်ရောက်လိုပါက သူလည်း ဝင်ရန်ဆန္ဒမရှိချေ။ အမှောင်ကုန်းမြေ အန္တရာယ်များသည်ကို တစွန်းတစ ကြားဖူးထားသည်။
“ကောင်းပြီ မနက်ဖန်မနက်စောစော ထွက်ကြရအောင် အဖိုးလီ အသင့်ပြင်ထားလိုက်ပါ”
ခဏကြာစကားပြောပြီးနောက်မှာတော့ ကျန်းဝမ်လီတယောက် နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာသွားတော့သည်။ ယန်ချန်ကမူ အရေးကြုံပါက ကာကွယ်ရန်လက်နက်နှင့် ဆေးဝါးအချို့ကို ထည့်သွင်းနေခဲ့ပြီး ပြင်ဆင်မှုပြီးဆုံးချိန်မှာတော့ ညနေခင်းကိုပင် ရောက်သွားတော့သည်။
………………………………………….