← Chapters

အမှောင်ကုန်းမြေထဲ ဝင်ရောက်ကြပြီ

Vol. 12 Ch. 117

အမှောင်ကုန်းမြေထဲ ဝင်ရောက်ကြပြီ

Vol. 12 Ch. 117

ရက်အချို့ထပ်မံ ကြာမြင့်ပြီးနောက်မှာတော့ စုသခင်လေးတို့အဖွဲ့မှာ ချိုင့်ဝှမ်းနဲ့အနီးဆုံးနေရာထိ ရောက်ရှိလာကြတော့သည်။ ထိုနေရာက ချင်နဲ့ရှောင် မိသားစုနှစ်ခု နေရာယူထားသည်နှင့် အနည်းငယ်ကွာဝေးပြီး မတူညီတဲ့ ဝင်ပေါက်တခုဖြစ်မှန်း ထင်ရှားသည်။

စုသခင်လေးက အားအနည်းဆုံးဖြစ်နေသည့် အကာရံကိုကြည့်ကာ တက်ကြွနေသည်။ ဒီအခွင့်ရေးက သူ့အစ်ကိုဖြစ်သူကိုနင်းချေရန် အထောက်ပံ့ဖြစ်မည်ဖြစ်ပြီး အထဲ၌ ချင်သခင်လေးနဲ့ဆုံပါက ကိစ္စအများစုမှာ လွယ်ကူတော့မည်ဟု သူထင်နေသည်။ သူမသိသည်က မင်ယုရှန်းတို့မှာ သူတို့အဖွဲ့နဲ့ အနီးဆုံးနေရာ၌ ရှိနေပြီး အခြားကျင့်ကြံရေး အင်အားစုများ ဒေသသုံးခုမှာ သူတော်စင်များ ဦးဆောင်သည့် အဖွဲ့များမှာလည်း ချိုင့်ဝှမ်းထိပ် ကွဲပြားသည့် ဝင်ပေါက်၌ ရှိနေကြလေပြီ။

ယန်ချန်က အဆုံးစမဲ ကျယ်ပြောသည့် မြို့တော်ကြီးအား တချက်ကြည့်လိုက်သည်။ ထိုမြို့က အလယ်ပိုင်းနဲ့တောင်ပိုင်းဒေသကြား မြို့ငယ်လေးတခုသာဆိုသော်လည်း တောင်ပိုင်းဒေသရှိ မြို့တော်ကြီးနီးနီး ကြီးမားကာ စည်ကားသက်ဝင်နေသည်။

ရှုယင်တို့သားအမိသည်လည်း မီတာဆယ်ဂဏန်းနီးပါး မြင့်မားသည့်တံတိုင်းများကိုကြည့်ကာ စိတ်လှုပ်ရှားနေကြသည်။ ထိုမြို့ငယ်က သူမတို့လမ်းတလျှောက်တွေ့ဖူးသမျှ မြို့ငယ်လေးများထဲ အစည်ကားဆုံးနဲ့ အကြီးဆုံးဖြစ်နေသည်။

သူမတို့နဲ့မတူညီစွာ ကျန်းဝမ်လီကမူ မြို့ငယ်၏ ထူးခြားမှုကို သတိပြုမိနေသည်။ ထူးခြားသည်က ထိပ်သီးအဆင့်များကို အာရုံမခံမိပဲ သာမန်အဆင့်နိမ့်များကိုသာ အာရုံခံမိသောကြောင့်ဖြစ်သည်။

(ဒါက ဖြစ်နိုင်လို့လား ဒီလိုမြို့တခုမှာ ထိပ်သီးအဆင့်ကျင့်ကြံသူ မရှိဘူးဆိုတာလေ)

ထိုအချက်က အနည်းငယ်ထူးဆန်းသည်ဟု ခံစားနေရသည်။ ယန်ချန်ကမူ မည်သို့မှမတွေးပဲ သက်တောင့်သက်သာစွာဖြင့် မြို့ထဲဝင်ရောက်သွားတော့သည်။ မြို့လယ်လမ်းမများက တဖက်စီကိုမီတာ၅၀ ထိကျယ်ပြန့်ပြီး စားသောက်ဆိုင်များ ပစ္စည်းနဲ့အရင်းအမြစ် ရောင်းချသည့်ဆိုင်ခန်းများစွာကို တွေ့လိုက်ကြသည်။

ကျန်းဝမ်လီက အနည်းငယ်စျေးသက်သာပြီး အချက်အချာကျသည့်နေရာ၌ တည်းခိုခန်းတခုရှာကာ အခန်းအချို့ ငှားရမ်းလိုက်သည်။ ယန်ချန် ရှုယင်တို့သားအမိက မိသားစုအခန်းကြီးတခု ငှားရမ်းကာ ယန်ပိုင်နဲ့ ကျန်းဝမ်လီတို့ကမူ နောက်ထပ်အခန်းကျယ်တခုကို ငှားရမ်းလိုက်သည်။

လမ်းတလျှောက် သေးငယ်ထားသည့်ယန်ပိုင်ကို မြင်ကြတဲ့လူတိုင်းမှာ သဘောကျနေကြပြီး တည်းခိုခန်းရောက်ချိန်မှာတော့ တည်းခိုခန်းက အလွယ်တကူပင် ယန်ပိုင့်ကို တည်းခိုရန် ခွင့်ပြုပေးလေသည်။

ယန်ချန်က စားပွဲတခု၌ထိုင်ပြီးနောက် ခရီးသွားမှတ်တမ်းအချို့ ရေးနေသည်။ ထိုမှတ်တမ်းက တည်းခိုခန်းဆီမရောက်ခင်ထိ အဖြစ်ပျက်များကို အသေးစိတ်မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး နောက်တချိန်၌ ကျမ်းစာတခုအနေဖြင့် အသုံးပြုဝင်မည်ဟု သူယူဆနေသည်။

တဖက်ခန်းတွက်မူ ကျန်းဝမ်လီတယောက် ထူးခြားနေသည့် ချီစွမ်းအင်လှုပ်ခတ်မှုကို စတင်သတိပြုမိသွားကာ ထိုအရာက မည်သည်ကို ပြဆိုနေမှန်း သူမရိပ်မိပေ။ သူမသိတာက လောကသုံးခုပေါင်းစပ်ရန်မှာ ရက်ပိုင်းအချို့သာ လိုတော့မည်ဖြစ်ပြီး ထိုအချိန် အမှောင်ကုန်းမြေထဲသို့ ဝင်ရောက်သွားကြသည့် အင်အားစုများသာမက မင်ယုရှန်းတို့ပါ ထျန်းဟွမ်လောက၏ ပြောင်းလဲမှုကို မသိကြတော့ချေ။

ယန်ချန်က အပျင်းကြောဆန့်ကာ အခန်းပြတင်းပေါက်မှတဆင့် အပြင်ဘက်ကောင်းကင်အား တချက်ကြည့်လိုက်သည်။ အလင်းရောင်က မပူလွန်း မအေးလွန်းအနေထားဖြင့် ရှိနေပြီး တမူထူးခြားနေသည်က လေထုမှာ အလွန်သက်တောင့်သက်သာ ရှိနေခြင်းဖြစ်သည်။

ယန်ချန်တယောက် ပြတင်းပေါက်အနားထိ တိုးကပ်သွားကာ အပေါ်မော့ကြည့်လိုက်သည်။ ကြည်လင်နေသည့်ကောင်းကင်တခုလုံးက ရာသီဥတု သာသာယာယာဖြစ်နေသည်ကို ခန့်မှန်းနိုင်သည်။

“ကောင်းလိုက်တာ ဒီရာသီဥတုနဲ့ ခရီးထွက်ရတာ အကောင်းဆုံးပဲ”

ယန်ချန်က တချက်မျှ တီးတိုးရေရွတ်ကာ ရှုယင်တို့သားအမိအားခေါ်ဆောင်၍ နေ့လည်စာစားရန် အောက်ထပ်သို့ ဆင်းသွားတော့သည်။

သူမသိသည်က ထိုပတ်ဝန်းကျင်အခြေနေကို ထျန်းဟွမ်းလောကတွင်သာမက အင်မော်တယ်လောကတခုလုံးပါ သတိထားမိနေကြပြီး မကြာမီရက်ပိုင်းအတွင်း လောကသုံးခု ပေါင်းစည်းတော့မည်ကို သတိကြီးကြီးထား၍ စောင့်ကြည့်နေကြလေသည်။ မူလ လောကတွင်လည်း ထို့အတူပင်။

သို့သော် ထူးခြားသည်က ထူးခြားဖြစ်စဥ်များကို အမှောင်ကုန်းမြေထဲ ဝင်ရောက်သွားကြသည့် မင်ယုရှန်းတို့မှာ မတွေ့မြင်ကြခြင်း ဖြစ်သည်။

မင်ဝမ်က ချိုင့်ဝှမ်းဝင်ပေါက်မှတဆင့် စုသခင်လေးနောက်မှ တိတ်တဆိတ်လိုက်ပါကာ အထဲရောက်သွားချိန်မှာတော့ ၄ဦးသား နှစ်ယောက်တနေရာစီခွဲ၍ ထွက်သွားကြတော့သည်။ မင်ဝမ်တို့မြေးအဖိုးက ချိုင့်ဝှမ်း၏ ဘယ်ဘက်မှစတင်ကာ ကျင်းလုံနဲ့စုလဲ့တို့က ချိုင့်ဝှမ်း၏ ညာဘက်မှစတင်လေသည်။

အဆုံး၌ ချိုင့်ဝှမ်းအလယ်တွင် စုဆုံရန်ယာယီသက်မှတ်ထားကြလေသည်။ မင်ဝမ်နဲ့မင်ယုရှန်းတို့ စတင်ထွက်ခွာလာပြီး မကြာခင်မှာပဲ အခြားကုန်းမြေဒေသမှ ကျင့်ကြံသူများနဲ့ ဆုံတော့သည်။ ထိုသူများကို ဦးဆောင်သူမှာ သူတော်စင်တစ်ပါးဖြစ်ပြီး အဖွဲ့၌ သူတော်စင်တဝက်အဆင့် ၅ဦးထိပါနေသည်။ ထို့ကြောင့် မင်ဝမ်လည်း အရှိန်ဝါကိုဖုံးကွယ်ကာ မဟာယာနဆင့်ကိုသာ ထုတ်ဖော်လျက် လေလွင့်ကျင့်ကြံသူအနေဖြင့် ရောထွေးလိုက်တော့သည်။

မင်ယုရှန်းသည်လည်း မင်ဝမ့်နည်းတူ သူမ၏ သူတော်စင်အရှိန်ဝါကို ဖုံးကွယ်လိုက်သည်။ ထိုသို့ပြုလုပ်လိုက်ခြင်းက တဖက်အဖွဲ့ကို သတိလျော့သွားစေပြီး မဟာယာနအဆင့်များဖြစ်သည်ကိုမြင်လျင် သူတော်စင်ကြီးမှာ လျစ်လျူရှုလိုက်တော့သည်။

(မင်ယုရှန်းရဲ့ဖုံးကွယ်မှုက ပြီးပြည့်စုံနေလို့ တဖက်သူများ သတိမထားမိခြင်းပါ)

“အမေှာင်ကုန်းမြေက ထင်ထားတာထက် ပိုကျယ်တာပဲ”

မင်ယုရှန်းက တီးတိုးဆိုသည်။ မင်ဝမ်က

“ဟုတ်တယ် အလယ်ကုန်းမြေဧရိယာရဲ့ သုံးပုံတပုံတောင်ရှိတယ် အဖိုးတို့ဒီချိုင့်ဝှမ်းတခုလုံးကို နေရာအနှံ့ရောက်ဖို့ဆိုရင် ရက်အနည်းငယ် အချိန်ယူရလိမ့်မယ် ကံဆိုးတာက အဖိုးတို့ကျင့်ကြံဆင့်ကို ထုတ်သုံးမရတာပဲ”

မင်ယုရှန်းက ခေါင်းညိတ်ပြသည်။ သူမအရှိန်ဝါကိုသာ အနည်းငယ်ထုတ်ပြလိုက်ပါက အခြားသူတော်စင်များ သတိပြုမိသွားကာ မိမိတို့ကိုပြိုင်ဘက်များအသွင် တိုက်ခိုက်ရန်ပြုကြမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမှု အင်မော်တယ်အမွေအနှစ် ဖြစ်သည်။ မလိုချင်တဲ့ အင်အားစုဟူ၍ မရှိချေ။ ထို့ကြောင့် သတိတချက်လွတ်ပါက ဖိအားများ ရင်ဆိုင်ရနိုင်ပြီး အင်အားကြီးမိသားစုများနဲ့ ထိပ်တိုက်တွေ့ရနိုင်ချေများပေသည်။

……………………………………………

All Chapters