← Chapters

လောကသုံးခု ဆက်စပ်ခြင်း

Vol. 12 Ch. 120

လောကသုံးခု ဆက်စပ်ခြင်း

Vol. 12 Ch. 120

အင်မော်တယ်လောကနဲ့ မူလလောကနှစ်ခုမှာတော့ ထိပ်သီးကျင့်ကြံသူများက လောကအပြင်ဘက် စုဝေးနေကြသည်။

အင်အားကြီးလောကနှစ်ခုကို ဆွဲခေါ်နေသည့် ထျန်းဟွမ်သေမျိုးလောကဘက်ကြည့်ရင်း မယုံနိုင်ဟန် ဖြစ်နေကြပြီး မည်သူကမှ တားဆီးနိုင်ခြင်း မရှိကြပေ။

ထိုအချက်က အင်မော်တယ်များ မူလကျင့်ကြံသူများကို စိတ်အလိုမကျဖြစ်သွားစေသည်။ အင်မော်တယ်များဆိုသည်ကား အဘယ်နည်း။ သေမျိုးကိုကျော်လွန်သည့် နယ်နိမိတ်အတွင်း တည်ရှိနေသူများဖြစ်ပြီး သက်တမ်း သိန်းချီနေနိုင်ကြသူများ ဖြစ်သည်။ အချို့အင်မော်တယ်များဆိုလျင် ကမ္ဘာဦးခေတ်ကတည်းကစ လက်ရှိထိ ဆက်လက်တည်ရှိနေပြီး ကျောက်စိမ်းဧကရီကဲ့သို့ အလွန်ပါရမီမြင့်မားသူများပင် အင်မော်တယ်ဧကရာဇ်အဆင့်ကိုရောက်ရန် အနှစ်တသောင်းကျော် ကြာခဲ့လေသည်။

ထို့ကြောင့် ခွန်အားအရဖြစ်စေ အသိဉာဏ်ပညာအရဖြစ်စေ ထိပ်တန်းရှိသူများမှာ သေမျိုးလောက၏ ဆွဲဆောင်မှုကို မိမိတို့လောကကြီးနှစ်ခု ခံယူနေရသည်အား အလိုမကျဖြစ်ရသည်မှာ မဆန်းချေ။

ကျင့်ကြံရေးလောက၌ ခွန်အားသာ အရာရာဖြစ်သည်။ မူလကျင့်ကြံသူများ၏ အထွဋ်အထိပ်ဖြစ်သည့် မူလဧကရာဇ်ပင် ထိုသေမျိူးလောကမှ အမည်မသိထူးခြားပုဂ္ဂိုလ်ကို ရင်ဆိုင်ရန် ရှောင်လွှဲခဲ့ပြီး ကျောက်စိမ်းဧကရီလည်း ထိုနည်းတူပင်။

ကျောက်စိမ်းဧကရီက တစတစနီးကပ်နေသည့် လောကသုံးခု၏ နယ်နိမိတ်စည်းများကို အလေးနက်စောင့်ကြည့်နေသည်။ လုံးဝနီးကပ်သွားပါက စည်းမျဥ်းများ ပြောင်းလဲသွားမည်ဖြစ်ပြီး ထိုအရာက အင်မော်တယ်လောကအပေါ် ကောင်းကျိုးရမရ သူမ သေချာမပြောနိုင်။

ဒဏ်ရာမှအတော်အတန် သက်သာနေသည့် ဓားဖြူဧကရာဇ် မိုးမြေဧကရာဇ်နဲ့ အခြားအင်မော်တယ်များစွာကလည်း အနီးဆုံးအကွာဝေးကိုရောက်နေသည့် လောကသုံးခုကြား စပ်ကြောင်းမျဥ်းကို စူးစိုက်ကြည့်နေကြသည်။

ထိုစဥ်. “ဝုန်း” ခနဲအသံနဲ့အတူ လောကသုံးခုက အပြည့်အဝ ပေါင်းစပ်သွားတော့သည်။ ဖြစ်ဖြစ်ချင်းမှာပဲ လောကသုံးခု၏ ကုန်းမြေထုကြီးများမှာ အပြင်းအထန်တုန်ခါသွားပြီး ထိုအရာက ထျန်းဟွမ်လောကမှာတော့ စက္ကန့်ဝက်မျှသာ ကြာမြင့်ပြီး အင်မော်တယ်နဲ့မူလ လောကနှစ်ခုမှာတော့ မိနစ်ပိုင်းမျှ ကြာလေသည်။

ထိုအချက်က လောကသုံးခုအကြား ခိုင်မာသည့် စည်းမျဥ်းအင်အား ကွာခြားမှုအား ပြသလိုက်ခြင်း ဖြစ်ပြီး လောကသုံးခုပေါင်းစည်းပြီးနောက် အင်မော်တယ်စွမ်းအင်လေထုမှာ ရုတ်ချည်းသန့်စင်သွားပြီး စည်းမျဥ်းများလည်း ပြောင်းလဲသွားကြသည်။

ထိုစည်းမျဥ်းများက အင်မော်တယ်လောကကို နတ်ဘုရားအဆင့်ထိ တက်ရောက်ရန်တားဆီးထားခြင်းမှ ဖယ်ရှားလိုက်ပြီး မူလကျင့်ကြံသူများကိုလည်း မူလစွမ်းအင်နဲ့ မူလနတ်ဘုရားအဆင့် တက်ရောက်ရန် အခွင့်ရေးကောင်းများ ပေါ်ထွက်သွားစေသည်။

“ငါထင်တဲ့အတိုင်းပဲ..”

ကျောက်စိမ်းဧကရီက တီးတိုးရေရွတ်ပြီးနောက် သက်ပြင်းချလိုက်မိသည်။ ယခုအခြေနေက ရွှေခေတ်ရောက်ရှိပြီဟု ဆိုနိုင်သည်။ နတ်ဘုရားတစ်ပါးဖြစ်ရန် အခွင့်ရေး ရောက်လာပြီဖြစ်၍ မည်သူက လက်လွှတ်တော့မည်နည်း။ သေချာသည်က လောကနှစ်ခုကြား စစ်ပွဲမှာအတိုင်းအတာတခုထိ ရပ်တန့်နေပြီး နတ်ဘုရားတစ်ပါး ထွက်ပေါ်လာမှသာ ပြန်လည်စတင်တော့မည် ဖြစ်သည်။

ဓားဖြူဧကရာဇ်က ရှုပ်ထွေးသည့်အကြည့်များဖြင့် ထျန်းဟွမ်သေမျိုးလောကအား ကြည့်လိုက်သည်။ နောက်ထပ်တကြိမ် အဆုံးမဲ့မျက်လုံးကျင့်စဥ်အား သုံးရန်မရဲတော့ပေ။

မိုးမြေဧကရာဇ်က သန့်စင်လာသည့် အင်မော်တယ်စွမ်းအင်များကို ခံစားမိသည်နှင့် စိတ်ကျေနပ်စွာ ရယ်မောလိုက်သည်။ တဖက်ပုဂ္ဂိုလ်၌ မည်သည့်အကြံစဥ်ရှိမည်ကို မသိနိုင်သော်လည်း လက်ငင်းအကျိုးပြုအရ နတ်ဘုရားလမ်းစဥ်မှာ ၎င်းတို့ရှေ့ ပေါ်ထွက်လာချေပြီ။

“ဧကရီ ကျုပ်တို့ အင်မော်တယ်လောကကို ကြေငြာချက်ထုတ်ရအောင် အစစ်မှန်နတ်ဘုရားတစ်ပါး မပေါ်ထွက်မချင်း အင်မော်တယ်လောကအပြင်ဘက်ကို ဘယ်သူမှထွက်ခွင့်မရှိဘူး”

ထိုစကားကို အခြားအင်မော်တယ်များကလည်း ထောက်ခံကြသည်။ ယခုအချိန်က အခွင့်ရေးကာလဖြစ်၍ ရသမျှအခွင့်ရေးကို ဆုပ်ကိုင်ကြရမည့် အချိန်ဖြစ်သည်။

ကျောက်စိမ်းဧကရီက ခေါင်းတချက်ညိတ်ကာ ထိုအဆိုပြုချက်ကို လက်ခံလိုက်သည်။ သူမသည်လည်း မူလလောကမှသူများ၏ အတွေးကိုခန့်မှန်းမိနေပြီဖြစ်ကာ ထိုသူများမှာလည်း နတ်ဘုရားတစ်ပါး ပေါ်ထွက်လာမှသာ လောကစစ်ပွဲကို ပြန်လည်စတင်မည်ဖြစ်ကြောင်း သုံးသပ်မိသည်။

“ကောင်းပြီ အင်မော်တယ်လောကရဲ့ စည်းမျဥ်းတွေပြောင်းလဲသွားပြီး ရွှေခေတ်မှာ ပိုပြီးကြမ်းတမ်းလာမယ် နတ်ဘုရားလမ်းကြောင်းကိုလျှောက်ဖို့ အင်မော်တယ်တွေလည်း အသက်ပေးရလိမ့်မယ်”

သူမစကားက အင်မော်တယ်များကို အလေးအနက်ဖြစ်သွားစေသည်။ အခွင့်အရေးဆိုသည်က အဘယ်နည်း။ အန္တရာယ်နဲ့ ဒွန်တွဲလာတတ်သည့် သဘောရှိသည်။ ပါရမီရှင်များ မှိုလိုပေါများလာခြင်း အရင်းအမြစ်အသစ်များ ထွက်ပေါ်လာခြင်းက ကောင်းခြင်းကော ဆိုးခြင်းကိုပါ ယူဆောင်လာနိုင်သည်။

ထိုအချိန် ထျန်းဟွမ်လောက၏ မြေထုတုန်ခါမှုကို အမှောင်ကုန်းမြေထဲရောက်နေသည့် ကျင့်ကြံသူများမှာ သတိပြုမိသော်လည်း စက္ကန့်ဝက်မျှသာကြာမြင့်ခဲ့၍ ထိုအရာက အစီရင်ပျက်ပျယ်သွားခြင်းကြောင့် ဖြစ်တန်ရာဟူ၍သာ တွေးလိုက်ကြသည်။

အစီရင်ကြီးပျက်ပျယ်သွားပြီး အလျင်စလို ဝင်ရောက်သွားကြသူများမှာ ထူးခြားတဲ့ လောကတခုကို ရောက်ရှိသွားတော့သည်။ ထိုလောကကြီးက မီးလောင်ပြင်နှယ် အုံ့မှိုင်းနေပြီး မီးခိုရောင်ပတ်ဝန်းကျင်က မူလအသက်ဓာတ်အစီရင်နဲ့ လားလားမှ မသက်ဆိုင်သည့်နှယ်။

မင်ယုရှန်းတို့သည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း ပို၍စိတ်ဖိစီးသွားကြသည်။ လေဟာနယ်လောကနဲ့ပက်သက်၍ ယန်ချန့်ပန်းချီကားကြောင့် အတွေ့ကြုံရှိထားဖူးသော်လည်း ယခုလောကမှာတော့ ထိတ်လန့်စရာကောင်းသည့် မသက်သာတဲ့ခံစားချက်ဆိုးကြီးကို ပေးစွမ်းနေလေသည်။

ကျင်းလုံ စုလဲ့တို့က လောကနေရာလွတ်ကို စိတ်ဝင်တစားကြည့်ရှုနေသည်။ မည်သူက အမှောင်ကုန်းမြေထဲ နောက်ထပ်လောကတခု ရှိနေမည်ဟု ထင်ထားမည်နည်း။ ထိုအရာက သူတော်စင်များနဲ့ပင် ဆက်စပ်မှုမရှိပေ။

သိသာစွာပဲ ချင်ထျန် ရှောင်ချီနဲ့ အခြားသူတော်စင်သုံးပါးမှာလည်း တုန်လှုပ်နေကြသည်။ မည်သည့်အဆင့်၌ ယခုကဲ့သို့ လေဟာနယ်လောကတခု ပိုင်ဆိုင်နိုင်မည်နည်း။

အင်မော်တယ်လား..ဒါမှမဟုတ် ထိုထက်ပိုမြင့်သည့် အဆင့်လား။

……………………………………………..

All Chapters