← Chapters

စွမ်းဆောင်ရည်က ဖျောက်ဖျက်၍ မရ၊ မဟာ အခင်းအကျင်း၏ ဖိနှိပ်မှု

Vol. 31 Ch. 452

စွမ်းဆောင်ရည်က ဖျောက်ဖျက်၍ မရ၊ မဟာ အခင်းအကျင်း၏ ဖိနှိပ်မှု

Vol. 31 Ch. 452

~မိစ္ဆာနက်ဂိုဏ်း။

လေထုအခြေအနေသည် အလွန်အမင်း တင်းမာနေ၏။ မျက်လုံးအစုံတို့သည် ကမ္ဘာ့လမ်းကြောင်းထဲသို့ တိုးဝင်နေကြသော ရှေ့ပြေးတပ်ဖွဲ့ကို စောင့်ကြည့်နေကြ၏။

မိစ္ဆာနက်ဂိုဏ်းသည် ကမ္ဘာငယ်ပေါင်းများစွာကို ဖျက်ဆီးခဲ့ဖူးရာ ဤကိစ္စတွင် အတော်အတန် အတွေ့အကြုံ ရင့်ကျက်နေပြီ ဖြစ်သည်။

ကမ္ဘာတစ်ခုကို ကျူးကျော်ရာတွင် ပထမအဆင့်မှာ ထိုကမ္ဘာငယ်၏ အခြေအနေကို နားလည်သဘောပေါက်ရန် ဖြစ်ပေသည်။ ထို့ကြောင့် အတော်အတန် ထူးချွန်သော ရှေ့ပြေးတပ်ဖွဲ့ကို စေလွှတ်ရလေ့ရှိ၏။ ရှေ့ပြေးတပ်ဖွဲ့အတွက် ရွေးချယ်ခံရသူများသည် စစ်ချီတပ်ဖွဲ့ကြီး တစ်ခုလုံးတွင် အတော်ဆုံး လူများဖြစ်သည်ဟု ဆိုနိုင်ပေသည်။

သူတို့၏ တာဝန်မှာ ရိုးရှင်းလှ၏။ ကမ္ဘာငယ်၏ စွမ်းအား ဖိနှိပ်မှု အခြေအနေကို စူးစမ်းရန်နှင့် ဒေသခံများ၏ အမြင့်ဆုံး တိုက်ခိုက်နိုင်စွမ်းကို အတည်ပြုရန်အတွက် ကမ္ဘာငယ်ထဲသို့ ဦးစွာ ဆင်းသက်ရခြင်း ဖြစ်သည်။

တစ်ခါတစ်ရံတွင် အားနည်းသော ကမ္ဘာငယ်များကို ဖြေရှင်းရန်အတွက် ရှေ့ပြေးတပ်ဖွဲ့ တစ်ခုတည်းနှင့်ပင် လုံလောက်တတ်ပေသည်။

မမျှော်လင့်ထားသော အခြေအနေများ မရှိကြောင်း အတည်ပြုပြီးသည်နှင့် နောက်မှလိုက်ပါလာမည့် စစ်ချီတပ်ဖွဲ့ကြီးသည် အလုံးအရင်းနှင့် ရောက်ရှိလာပေလိမ့်မည်။

သူတို့သည် ခုခံနိုင်စွမ်းရှိသော ဒေသခံများကို လျှပ်စီးလက်သလို.. လျှပ်တစ်ပြက် ရှင်းလင်းပစ်ကြလိမ့်မည်။

ထို့နောက် တန်ဖိုးရှိသော အရင်းအမြစ်များနှင့် ရတနာများကို လုယူကြပေမည်။ ကမ္ဘာငယ်များသည် ခေါင်းပါးတတ်သော်လည်း တစ်ခါတစ်ရံတွင် မမျှော်လင့်ထားသော ရတနာများ ပေါ်ထွက်တတ်ပေသည်။

နောက်ဆုံးနှင့် အရေးအကြီးဆုံး ရည်မှန်းချက်မှာ ယဇ်ပလ္လင် အခင်းအကျင်းများကို တည်ဆောက်ပြီး တောင်နှင့် ပင်လယ် နယ်မြေ၏ ကမ္ဘာ့ဆန္ဒထံ ဆက်သကာ ဆုလာဘ်များ ရယူရန်ပင် ဖြစ်ချေသည်။

ဤလုပ်ငန်းစဉ်ကို မည်သည့် ကမ္ဘာငယ်ကမျှ တောင့်ခံနိုင်စွမ်း မရှိကြပေ။

ထိုအချိန်၌ တပည့်များသည် ရှေ့ပြေးတပ်ဖွဲ့ကို အားကျသော မျက်လုံးများဖြင့် ကြည့်နေကြ၏။ အကယ်၍ ကျားဇီ ၁၆၇၃ ကမ္ဘာသည် အလွန် အားနည်းနေပါက ရှေ့ပြေးတပ်ဖွဲ့ကပင် အပြတ်ရှင်းသွားနိုင်ရာ၊ သူတို့အနေဖြင့် နောက်မှ ဝင်ရောက် သိမ်းပိုက်ချိန်တွင် လက်ကျန်ပစ္စည်းများကိုသာ ရနိုင်တော့မည် ဖြစ်သောကြောင့်ပင်။

သို့သော် သတင်းစုံစမ်းထားသော မိစ္ဆာနက်ဂိုဏ်းသား အချို့၏ မျက်လုံးများကမူ တောက်ပနေကြ၏။

သူတို့ သိထားကြသည်မှာ ဤကမ္ဘာငယ်သည် ယခင်ကမ္ဘာများနှင့် မတူဘဲ၊ တစ်ချိန်က အရှိန်အဝါ ကြီးမားခဲ့သော ရွှေဝိညာဉ်ဂိုဏ်းကိုပင် အကြီးအကျယ် ထိခိုက်စေခဲ့ဖူးကြောင်းပင်။ ထို့ကြောင့် လွယ်ကူစွာ သိမ်းပိုက်နိုင်မည် မဟုတ်ဘဲ ရှေ့ပြေးတပ်ဖွဲ့သည်ပင်လျှင် ခုခံမှုများနှင့် အန္တရာယ်များကို ကြုံတွေ့ရနိုင်ခြေ ရှိပေသည်။ ထို့ကြောင့် အင်အားနှင့် နောက်ခံရှိသော တပည့်များသည် ရှေ့ပြေးတပ်ဖွဲ့တွင် မပါဝင်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

အစစ်အမှန် ဧကရာဇ် မီးတောက်နက် နှင့် အစစ်အမှန် ဧကရာဇ် ဇီယွင် တို့သည်လည်း ကောင်းကင်ထိုး ကြေးမုံ လမ်းကြောင်းအပြင်ဘက်၌ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြ၏။

လေထုသည် တဖြည်းဖြည်း လေးနက်လာ၏။

အစစ်အမှန် ဧကရာဇ် ဇီယွင်၏ မျက်လုံးများ လှုပ်ရှားသွားပြီး၊ သူမက ပြုံးလျက် စိတ်ချင်း ဆက်သွယ်ကာ စကားပါးလိုက်၏။

"အစ်ကိုကြီး မီးတောက်နက်... အခု ..ကျွန်မတို့က လှေတစ်စင်းတည်း စီးနေကြတာပါ... လျှို့ဝှက်ချက်တွေ ရှိရင်လည်း ညီမလေးကို မျှဝေပါဦးလား။ အောင်မြင်သွားရင် ကျွန်မတို့တွေ ပူးပေါင်းပြီး ကမ္ဘာသစ်ကို ထူထောင်လို့ ရတာပဲလေ"

အစစ်အမှန် ဧကရာဇ် မီးတောက်နက်က ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ညီမလေး... ဒီစကားမျိုးကို ဂိုဏ်းချုပ် အစ်ကိုကြီး မကြားစေနဲ့ဦးနော်... ပြစ်ဒဏ်သင့်နေပါဦးမယ်။ ငါ့မှာ လျှို့ဝှက်ချက်ရယ်လို့ မရှိပါဘူး။ ကမ္ဘာငယ်ထဲကို ဝင်ပြီး အခွင့်အရေး ရှာချင်ရုံ သက်သက်ပါပဲ။ မဟုတ်ရင် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ကို ဘယ်တော့မှ ရောက်ပါ့မလဲကွာ"

သူ၏ စကားကို ကြားရသောအခါ၊ အစစ်အမှန် ဧကရာဇ် ဇီယွင်က နှုတ်ခမ်းကို အနည်းငယ် စူလိုက်၏။ မီးတောက်နက်က ဤသို့ ပြောလေလေ၊ သူမက ပိုပြီး သံသယ ဝင်လေလေပင်။

တစ်ခုခုတော့ မှားနေပြီ။

သူမသည် ဖျော့တော့စွာ ပြုံးလိုက်ပြီး ကမ္ဘာငယ်ထဲ ရောက်သည်နှင့် မီးတောက်နက် အနားက မခွာရန် ဆုံးဖြတ်လိုက်၏။ သို့မှသာ သူတစ်ယောက်တည်း အကျိုးအမြတ် ခံစားသွားမည့်အရေးကို တားဆီးနိုင်မည် မဟုတ်ပါလော။

ထိုသူနှစ်ဦး အကြံထုတ်နေစဉ်မှာပင်...

ရုတ်တရက်...

ကောင်းကင်ထိုး ကြေးမုံပြင်မှ ရောင်ခြည်များ ဖြာထွက်လာပြီး၊ နက်ရှိုင်းသော ဝဲကတော့ကြီးသည် မျက်စိဖြင့် မမြင်နိုင်သော အလင်းတန်းများကို ထုတ်လွှတ်ကာ ရေဘဝဲတစ်ကောင်ကဲ့သို့ ဟင်းလင်းပြင်ကို ချည်နှောင်လိုက်၏။

"ကမ္ဘာ့လမ်းကြောင်း ငြိမ်သွားပြီ။ ရှေ့ပြေးတပ်ဖွဲ့ ကမ္ဘာငယ်ဆီ ရောက်တော့မယ်"

လူတိုင်း အသက်အောင့်လျက် မျှော်လင့်တကြီး စောင့်ဆိုင်းနေကြ၏။ မကြာမီ အခြေအနေမှန် ပေါ်ပေါက်လာတော့မည်ကို သိနေကြသောကြောင့်တည်း။

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်၏ ရှေ့တွင် 'မာယာ စည်တော်' တစ်လုံး ရှိနေပြီး၊ နောက်ထပ် စည်တော်တစ်လုံးကိုမူ ရှေ့ပြေးတပ်မှူးက သယ်ဆောင်သွား၏။ စည်တော်နှစ်လုံးသည် အသံချင်း ပဲ့တင်ထပ်နိုင်ပြီး ကမ္ဘာများကို ဖြတ်ကျော်ကာ သတင်းအချက်အလက် ပေးပို့နိုင်စွမ်း ရှိပေသည်။

...

သိုင်းကမ္ဘာ။

ကောင်းကင်ထိုး ကြေးမုံပြင်က ကမ္ဘာ့လမ်းကြောင်းကို အပြည့်အဝ တည်ဆောက်လိုက်သည့် အခိုက်အတန့်တွင်၊ အစစ်အမှန်သိုင်းတောင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်နေသော နင်ချီသည် မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်၏။ သူ၏ အကြည့်သည် စူးရှနေသော်လည်း စိတ်သက်သာရာ ရသွားသည့် အရိပ်အယောင်များ ပါဝင်နေ၏။

"နောက်ဆုံးတော့ သူတို့ ရောက်လာကြပြီပဲ"

သိုင်းကမ္ဘာအတွင်းရှိ အသက်အဆိပ်သည် တညီတညွတ်တည်း တုန်ခါသွားပြီး သိုင်းသူတော်စင်များ၏ အရှိန်အဝါနှင့် ပေါင်းစပ်ကာ တာအို အမှတ်အသား တစ်ခု ဖြစ်ပေါ်လာသည်ကို သူ ထင်ရှားစွာ ခံစားလိုက်ရသည်။ ထို့နောက် ကျယ်ပြန့်သော ကမ္ဘာ့လမ်းကြောင်းကြီးသည် သိုင်းကမ္ဘာ၏ အထက်တွင် ပေါ်ထွန်းလာလေတော့သည်။

"ငါ ထင်ထားတဲ့အတိုင်းပဲ... ဒီလမ်းကြောင်းက အရမ်း တည်ငြိမ်တယ်။ အတင်း ဝင်ဖျက်မယ် ဆိုရင်တောင် အချိန်နည်းနည်း ပေးရလိမ့်မယ်"

နင်ချီသည် သေချာစွာ အာရုံခံလိုက်ပြီး မူလအစီအစဉ်အတိုင်း ဆက်လုပ်ရန် ဆုံးဖြတ်လိုက်၏။

ကျူးကျော်သူတွေကို အရင် ဝင်လာခိုင်းလိုက်တာ ပိုကောင်းမယ်။

ထိုအချိန်၌ စွမ်းအားကြီး ကျင့်ကြံသူ ငါးထောင်ခန့် လျင်မြန်စွာ ဖြတ်သန်းလာသည်ကို သူ သတိထားမိလိုက်သည်။ ဤလူစုကို ပို့ဆောင်ပြီးနောက် တည်ငြိမ်နေသော ကမ္ဘာ့လမ်းကြောင်းသည် အနည်းငယ် တုန်ခါသွားပြီး အသက်အဆိပ် အတွင်းရှိ စွမ်းအားများစွာ ကုန်ဆုံးသွားပုံ ရ၏။

ဝိညာဉ်နယ်ပယ်မှ ကျင့်ကြံသူများကို ကမ္ဘာငယ်ဆီ ပို့ဆောင်ခြင်းသည် အရင်းအနှီး ကြီးမားကြောင်း ထင်ရှားလှပေသည်။

အကယ်၍ နင်ချီက ယခုအချိန်တွင် လမ်းကြောင်းကို ဖျက်ဆီးလိုက်လျှင် အလကား ဖြစ်သွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အသက်အဆိပ် တာအို အမှတ်အသားသည် ကုန်ဆုံးသွားခြင်း မရှိသေးဘဲ၊ ရန်သူက အချိန်ယူ၍ ပြန်လည် တည်ဆောက်နိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ရန်သူကို စောစီးစွာ သတိပေးလိုက်သကဲ့သို့သာ ဖြစ်နေပေမည်။

ဤအခြေအနေမျိုးတွင် ခဏတာ စောင့်ကြည့်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

ရန်သူအားလုံးကို ဝင်လာခိုင်းပြီးမှ "အိုးထဲက လိပ်ကို ဖမ်းသလို" ပိတ်မိအောင် လုပ်ရပေမည်။

ရှေ့ဟောင်းခေတ်က သိုင်းသူတော်စင်အဆင့် အထက်ရှိသော ကျူးကျော်သူ နှစ်သောင်းကျော် ရောက်ရှိလာခဲ့ဖူးသည်။ ယခုအကြိမ်တွင်မူ ထိုပမာဏထက် လျော့နည်းမည် မဟုတ်ဘဲ ပိုသာ များပြားပေလိမ့်မည်။ ယခုရောက်လာသော လူစုသည် ကင်းထောက်များသာ ဖြစ်တန်ရာ၏။

နင်ချီသည် လက်ကို နောက်ပစ်လျက် ရပ်တန့်လိုက်ပြီး၊ သူ၏ အကြည့်သည် ဟင်းလင်းပြင် အလွှာပေါင်းစုံကို ထွင်းဖောက် ကြည့်ရှုလိုက်၏။

သူ၏ မျက်ခုံးများ ပင့်တက်သွား၏။ ကမ္ဘာ့လမ်းကြောင်းမှ ထွက်ပေါ်လာသော ကျင့်ကြံသူများသည် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်သောကြောင့် ဖြစ်သည်။ သူတို့သည် အသက်ရှူသံ ဖုံးကွယ်ခြင်း လျှို့ဝှက်နည်းစနစ်များ သို့မဟုတ် ရတနာများကို အသုံးပြုထားကြသည်မှာ ထင်ရှားလှပေသည်။ ကမ္ဘာတစ်ခုကို ကျူးကျော်ရာတွင် ကမ္ဘာ့ဆန္ဒ၏ လွှမ်းခြုံမှုကို ခံရမည် ဖြစ်ပြီး၊ ထိုကဲ့သို့သော နည်းလမ်းများ မပါရှိပါက နေရာတိုင်းတွင် ကန့်သတ်ခံရမည် ဖြစ်သောကြောင့် ဤအခြင်းအရာမှာ ဖြစ်သင့်သော ကိစ္စပင်။

အမှန်စင်စစ် နင်ချီ အနေဖြင့် အချိန်ယူ ရှာဖွေလျှင် သူတို့ကို တွေ့နိုင်ပေသည်။

သို့သော် သူ ထိုသို့ လုပ်စရာ မလိုချေ။

နောက်အခိုက်အတန့်၌...

အခင်းအကျင်း ဗဟိုချက်တွင် စောင့်ကြပ်နေကြသော သိုင်းသူတော်စင်များ၏ စိတ်အာရုံထဲတွင် နင်ချီ၏ အာဏာစက် ပြင်းထန်သော အသံကြီး ထွက်ပေါ်လာလေတော့သည်။

"ရန်သူတွေ လာနေပြီ... သိုင်းကမ္ဘာကို ကာကွယ်ကြတော့"

တရားမှတ်နေကြသော သိုင်းသူတော်စင်များသည် မျက်လုံးများကို ပြိုင်တူ ဖွင့်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းထဲတွင် အံ့ဩမှု အရိပ်အယောင် အနည်းငယ် ပါဝင်နေသော်လည်း နောက်ပိုင်းတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ အစားထိုး ဝင်ရောက်လာ၏။

အခင်းအကျင်း ဗဟိုချက် အသီးသီးမှ နားကွဲလုမတတ် ဟိန်းဟောက်သံကြီးများ ထွက်ပေါ်လာကြလေတော့သည်…။

All Chapters