← Chapters

ပျက်စီးသွားသော လမ်းကြောင်း၊ တုန်လှုပ်သွားသော မိစ္ဆာနက်ဂိုဏ်း

Vol. 31 Ch. 460

ပျက်စီးသွားသော လမ်းကြောင်း၊ တုန်လှုပ်သွားသော မိစ္ဆာနက်ဂိုဏ်း

Vol. 31 Ch. 460

~"တကယ်တမ်း ဘာတွေ ဖြစ်သွားတာလဲ... ငါ့မျက်စိအောက်မှာတင် တစ်ယောက်ယောက်က ကောင်းကင်ထိုး ကြေးမုံထဲ တိတ်တဆိတ် ဝင်သွားတာများလား"

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်၏ ပထမဆုံး အတွေးမှာ ဤသို့ ဖြစ်ပေသည်။

သို့သော် ချက်ချင်းပင် သူ ခေါင်းခါလိုက်၏။

ဤအခြင်းအရာမှာ လုံးဝ မဖြစ်နိုင်ချေ။

မည်သို့ပင်ဆိုစေ သူသည် "ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် တစ်ဝက်" သို့ ရောက်ရှိနေသူ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုသို့ ပြုလုပ်နိုင်သည် ဆိုပါက၊ ထိုသူသည် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိနေသော မဟာစွမ်းအားရှင်ကြီး တစ်ပါးသာ ဖြစ်ရပေမည်။ သို့သော် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် သူနှင့် ပုန်းတမ်းကစားနေစရာ မလိုဘဲ တိုက်ရိုက်ပင် ဝင်ရောက် ဖိနှိပ်နိုင်သည် မဟုတ်ပါလော။

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်၏ မျက်လုံးများ လှုပ်ရှားသွား၏။

သူသည် ကောင်းကင်ထိုး ကြေးမုံ အတွင်းသို့ ဝင်ရောက် စစ်ဆေးချင်သော်လည်း၊ ပင်ကိုယ်ဗီဇအရ အန္တရာယ်ကို အာရုံခံမိသဖြင့် တွန့်ဆုတ်နေမိ၏။

ထိုအချိန်၌...

ဘေးပတ်လည်ရှိ မိစ္ဆာနက်ဂိုဏ်း ကျင့်ကြံသူများသည်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလိုက်ကြသည်။ မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် ကောင်းကင်ထိုး ကြေးမုံ လမ်းကြောင်းကို ကြည့်ကာ မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ၊ မူလဝိညာဉ် နယ်ပယ် အကြီးအကဲ တစ်ဦးက သတိထားလျက် မေးမြန်းလိုက်၏။

"ဂိုဏ်းချုပ်... မမျှော်လင့်တာ တစ်ခုခု ဖြစ်လို့လား ခင်ဗျာ"

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် နှုတ်ဆိတ်နေ၏။

သူသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး၊ မူလဝိညာဉ် နယ်ပယ် အကြီးအကဲ အချို့ကို ခေါ်၍ ဝင်ရောက် စစ်ဆေးခိုင်းရန် ပြင်ဆင်လိုက်သည်။

သို့သော် ရုတ်တရက်...

တွင်းနက်ကြီး အတွင်းမှ ပြင်းထန်သော စွမ်းအင် တုန်ခါမှုတစ်ခု ထွက်ပေါ်လာ၏။

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်၏ မျက်နှာထား ဗြောင်းဆန်သွား၏။ သူသည် အခြားသူများကို သတိပေးရန်ပင် အချိန်မရလိုက်ဘဲ၊ မိမိကိုယ်ကို ကာကွယ်ရန်အတွက် "မိစ္ဆာချီ" များကို ထုတ်ဖော်ကာ နောက်သို့ အမြန်ဆုံး ဆုတ်ခွာလိုက်ရ၏။

လူတိုင်း၏ ထိတ်လန့်တကြား အကြည့်အောက်၌...

ရင်းနှီးနေသော ပုံရိပ်တစ်ခုသည် တွင်းနက်ကြီးကို ဖောက်ထွက်၍ လူတိုင်းရှေ့သို့ ရောက်ရှိလာ၏။

"ဂျူနီယာညီလေး ယန်..."

မေးခွန်းထုတ်သံများ မဆုံးလိုက်ချေ။

"ဝုန်း......"

ယန်ရွှဲ့၏ ခန္ဓာကိုယ်သည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲသွားလေတော့သည်။ ထိုပေါက်ကွဲမှုသည် မိစ္ဆာနက် တောင်တန်း တစ်ခုလုံးကို တုန်ခါသွားစေပြီး တောင်ထိပ်များ ပြိုကျကာ၊ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများသည် မိစ္ဆာနက်ဂိုဏ်း တစ်ခုလုံးကို လှိုင်းလုံးကြီးပမာ လွှမ်းခြုံသွား၏။ ဂိုဏ်းစောင့် အခင်းအကျင်းကြီး တုန်ခါသွားပြီး၊ အနီးနားရှိ တပည့်များသည် ချက်ချင်းပင် အငွေ့ပျံသွားကြရ၏။ ခရမ်းရောင် နန်းတော် နယ်ပယ် တပည့်အရင်း ဟု ခေါ်ဝေါ်သော သူများပင် ခြွင်းချက် မရှိ ပျက်စီးသွားကြရ၏။

ပေါက်ကွဲမှု စီးဆင်းသွားသည်နှင့်အမျှ၊ ကြီးမားသော သွေးမြူတိမ်တိုက်ကြီးသည် သွေးမိုးများ အဖြစ် ပြောင်းလဲကာ ကျဆင်းလာပြီး၊ ခန္ဓာကိုယ် တစ်ခုပြီး တစ်ခုကို ထိုးဖောက် ဖျက်ဆီးပစ်လိုက်၏။

အော်ဟစ် ညည်းညူသံများသည် လေထုထဲတွင် ပဲ့တင်ထပ်နေ၏။

ကြိုတင် ပြင်ဆင်မထားသော မူလဝိညာဉ် နယ်ပယ် အကြီးအကဲ အချို့ပင် ဒဏ်ရာရသွားကြပြီး၊ တစ်ဦးဆိုလျှင် လက်မောင်း တစ်ဖက်ပင် ကြေမွသွားရ၏။

အရာအားလုံးသည် လျင်မြန်လွန်းလှပေသည်။

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်၏ ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။

"မင်း... ဘယ်ပြေးမလို့လဲကွ...ရမ်းကားတဲ့ ကောင်"

သူ၏ မျက်လုံးများတွင် မိစ္ဆာအလင်းရောင်များ တောက်ပလာပြီး၊ လက်ကို ဝှေ့ယမ်းလိုက်ရာ အရိုးဖြူရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာ၏။ ၎င်းကား မူလဝိညာဉ် နယ်ပယ် မိစ္ဆာကြီး တစ်ကောင်၏ ရုပ်အလောင်းဖြင့် ပြုလုပ်ထားသော၊ အလွန် အစွမ်းထက်သည့် "ကြယ်ကိုးပွင့် အရိုးဖြူ ဓား" ပင် ဖြစ်ချေသည်။ ၎င်းဓားသည် ကောင်းကင်ထိုး ကြေးမုံ၏ တွင်းနက်ကြီးဆီသို့ တိုးဝင်သွားရာ၊ တိုက်စားတတ်သော အရိုးဖြူ ဓားအလင်းရောင်များသည် ရတနာများကို ညစ်ညမ်းစေနိုင်စွမ်း ရှိပေသည်။

အမည်မသိ ရန်သူသည် ကမ္ဘာ့လမ်းကြောင်း အတွင်းမှ လာခြင်းဖြစ်ကြောင်း သူ သိမြင်လိုက်သည်။

ယန်ရွှဲ့သည် ထိုသူ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်တန်ရာ၏။

ဤနေရာတွင် စုဝေးနေကြသော များပြားလှသည့် မိစ္ဆာနက်ဂိုဏ်း ကျင့်ကြံသူများသည် ဒေါသ အကြီးအကျယ် ထွက်နေကြ၏။ မိစ္ဆာနက်ဂိုဏ်းသည် နှစ်ပေါင်းများစွာ အတွင်း ဤကဲ့သို့ အထိနာခြင်းမျိုး မရှိခဲ့ဖူးချေ။ ဤအခြင်းအရာမှာ အလွန် အရှက်ရဖွယ် ကောင်းလှပေသည်။

"ဝုန်း.."

နောက်ထပ် ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာပြန်၏။

အရိုးဖြူ မိစ္ဆာဓားသည် ကောင်းကင်ထိုး ကြေးမုံ တွင်းနက်ကြီးထဲမှ ပြန်လည် လွင့်ထွက်လာပြီး၊ ဓားရောင်များ မှေးမှိန်နေသည်မှာ ပြင်ပစွမ်းအား တစ်ခုခု၏ တွန်းထုတ်ခြင်း ခံလိုက်ရကြောင်း ထင်ရှားလှပေသည်။

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်၏ ရင်ထဲတွင် မုန်တိုင်းထန်သွား၏။

ရန်သူ၏ ပုံသဏ္ဌာန် အစစ်အမှန်ကို နောက်ဆုံးတွင် သူ မြင်တွေ့လိုက်ရတော့၏။

ထိုအရာသည်ကား တောင်များ၊ မြစ်များ နှင့် ပင်လယ်များ ပေါင်းစပ် ဖွဲ့စည်းထားသော၊ မျက်နှာမပါသည့် ခေါင်းတစ်ခု ရှိပြီး လက်တံပေါင်း တစ်ရာ ပါရှိသော ဧရာမ ဘီလူးကြီး တစ်ကောင် ဖြစ်ချေသည်။ ထိုလက်တံတစ်ရာ ဘီလူးကြီးတွင် စုစည်းနေသော အရှိန်အဝါသည် သူ့ကို မယုံကြည်နိုင်လောက်အောင် ဖြစ်စေခဲ့၏။

"ကျားဇီ အမှတ် ၁၆၇၃ ကမ္ဘာ..."

ဤရန်သူသည် သူ မူလက ထင်ထားသလို တိတ်တဆိတ် ခိုးဝင်လာသူ မဟုတ်ဘဲ၊ သူတို့ စစ်ချီသွားသော ကမ္ဘာငယ်လေးဆီမှ ရောက်လာခြင်း ဖြစ်နေပါရောလား။

လျှို့ဝှက်သော ကောလာဟလ တစ်ခုကို သူ ပြန်လည် အမှတ်ရလိုက်မိသည်။

"မရေမတွက်နိုင်သော ကမ္ဘာငယ်များ အကြားတွင်၊ အလွန် ရှားပါးသော အထူးဖြစ်တည်မှုများ ရှိတတ်သည်။ ၎င်းတို့၏ 'ကမ္ဘာ့ဆန္ဒ' သည် ဗီဇသဘော သက်သက် မဟုတ်ဘဲ အသိဉာဏ် ရှိတတ်ကြသည်။ ထိုကဲ့သို့သော ကမ္ဘာငယ်များသည် ပိုမို ကြီးမားသော စွမ်းအားကို ထုတ်ဖော်နိုင်ရုံသာမက၊ အလွန် မြင့်မားသော အလားအလာ ရှိကြသည်..." ဟူ၍။

"အဲဒီလို ကမ္ဘာငယ်မျိုးကိုသာ မိခင်ကမ္ဘာ့ဆန္ဒဆီ ဆက်သလိုက်မယ် ဆိုရင်... ရလာမယ့် အကျိုးအမြတ်က..."

"ကမ္ဘာငယ် အခုတစ်ရာ ဆက်သလို့ ရတဲ့ ဆုလာဘ်ထက်တောင် ပိုများဦးမယ်"

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်၏ အသက်ရှူသံများ မြန်ဆန်လာ၏။

အကယ်၍သာ ထိုသို့ ဖြစ်ခဲ့လျှင်၊ သူသည် အထွတ်အထိပ် မဟာစွမ်းအားရှင် တစ်ပါး အဖြစ်သို့ ခုန်ပျံကျော်လွှား ရောက်ရှိသွားနိုင်ပြီး၊ "ပေါင်းစည်းခြင်း နယ်ပယ်" သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့မည့် အနေအထားသို့ ရောက်သွားနိုင်ပေသည်။

သူ၏ စိတ်အာရုံများ လှုပ်ရှားသွားပြီး၊ လောဘစိတ်များသည် ထိန်းချုပ်မရအောင် မြင့်တက်လာ၏။

ရုတ်တရက်...

မဖြစ်ချေဘူး ဟု သူ အော်ဟစ်လိုက်မိသည်။

အမှန်စင်စစ်၊ လက်တံတစ်ရာ ဘီလူးကြီးသည် ကမ္ဘာ့လမ်းကြောင်းကို မဆင်မခြင် ဖျက်ဆီးနေသည်ကို သူ တွေ့လိုက်ရသောကြောင့်ပင်။ ကြီးမားသော အပိုင်းအစများ ကွာကျလာပြီး ကမ္ဘာ့လမ်းကြောင်းသည် ယိုင်နဲ့နေပြီ ဖြစ်သည်။ ထို့ပြင် ထိုလက်တံတစ်ရာ ဘီလူးကြီးသည် တောင်တန်းပမာ ကြီးမားသော လက်ကြီးများဖြင့် ကမ္ဘာ့လမ်းကြောင်းကို ဖြတ်ကျော်၍ လှမ်းယူလိုက်၏။

ထိုအရာသည် ကောင်းကင်ထိုး ကြေးမုံကို ဖိအားပေး၍ လုယူရန် ကြိုးစားနေခြင်း ဖြစ်သည်။

"လွန်လွန်းနေပြီ.."

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ် .ဒေါသ အိုးပေါက်ကွဲသွား၏။

သူသည် "နှလုံးသွေး မိစ္ဆာအနှစ်သာရ" ကို စုစည်းလိုက်ရာ၊ မှေးမှိန်နေသော အရိုးဖြူ မိစ္ဆာဓားသည် ချက်ချင်း ပြန်လည် တောက်ပလာပြီး၊ ကျယ်ပြန့်သော အရိုးဖြူ ဓားအလင်းတန်းများကို ထုတ်လွှတ်၍ တောင်တန်းပမာ လက်ကြီးများကို ပိုင်းဖြတ် တိုက်ခိုက်လိုက်၏။

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ် ဒေါသထွက်နေသော်လည်း၊ ဤကမ္ဘာ့ဆန္ဒ၏ စွမ်းအားသည် မူလဝိညာဉ် နယ်ပယ် အဆင့်တွင် ရှိကြောင်း ခန့်မှန်းမိသဖြင့် လိုချင်စိတ်များ ပိုမို ပြင်းထန်လာရ၏။

မူလဝိညာဉ် နယ်ပယ် အကြီးအကဲများသည်လည်း သူတို့၏ ရတနာများကို တစ်ခုပြီး တစ်ခု ထုတ်ဖော်လိုက်ကြသည်။

ရောင်စုံ အလင်းတန်းများ ဖြာထွက်လျက် နတ်ဘုရား နည်းစနစ် အမျိုးမျိုးကို ပစ်လွှတ်လိုက်ကြ၏။

"ဝုန်း... ဝုန်း... ဝုန်း"

တောင်တန်းပမာ လက်ကြီးများသည် တစ်ဖက်ပြီး တစ်ဖက် မိစ္ဆာနက်ဂိုဏ်း ရှေ့မှောက်သို့ ကျဆင်းလာကာ၊ တောင်ထိပ်များကို ဖြိုချပြီး မရေမတွက်နိုင်သော မိစ္ဆာနက်ဂိုဏ်း တပည့်များကို သေကျေ ဒဏ်ရာရစေခဲ့သည်။ တိတ်တဆိတ်ပင်၊ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်များသည် ဟင်းလင်းပြင်နှင့် ပေါင်းစပ်သွားပြီး၊ အချို့သော မိစ္ဆာနက်ဂိုဏ်း တပည့်များ၏ ခန္ဓာကိုယ်ထဲသို့ပင် တိုးဝင်သွားကြ၏။

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်နှင့် အခြားသူများ၏ တုံ့ပြန်မှု မြန်ဆန်သော်လည်း၊ နင်ချီက ယန်ရွှဲ့၏ အလောင်းကို အသုံးပြု၍ လမ်းဖောက်ခဲ့ပြီး ဖြစ်သဖြင့် ခြေတစ်လှမ်း ဦးနေခဲ့တော့၏။

လက်တံ ဒါဇင်ပေါင်းများစွာ ပြတ်တောက်သွားရသော်လည်း၊ နောက်ဆုံးတွင် တောင်တန်းပမာ လက်ကြီး နှစ်ဖက်သည် ကောင်းကင်ထိုး ကြေးမုံကို ဖမ်းဆုပ်မိသွားပြီး တွင်းနက်ကြီးထဲသို့ ဆွဲယူသွားနိုင်ခဲ့၏။

မိစ္ဆာနက်ဂိုဏ်း ကျင့်ကြံသူများ ဒေါသအမျက် ခြောင်းခြောင်းထွက်နေကြ၏။

နတ်ဘုရား နည်းစနစ် အမျိုးမျိုး ပစ်လွှတ်လိုက်သော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်ရာ၊ ဟင်းလင်းပြင်ကိုသာ ထိမှန်ပြီး ဂယက်များ ထသွားစေခဲ့သည်။ ဘီလူးကြီးက ကောင်းကင်ထိုး ကြေးမုံကို ယူဆောင်လျက် ပြိုကျနေသော ကမ္ဘာ့လမ်းကြောင်းထဲ ဝင်ရောက်သွားပြီး၊ ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားသည်ကို လူတိုင်း မတတ်သာဘဲ ကြည့်နေလိုက်ကြရတော့သည်။

လေထုသည် သည်းထိတ်ရင်ဖိုစရာ ကောင်းလောက်အောင် တင်းမာနေ၏။

မည်သူမျှ အသက်ပြင်းပြင်း မရှူရဲကြချေ။

ထင်ရှားလှသည်မှာ...

ထိုအရာက ဘာလဲ ဆိုသည်ကို သူတို့လည်း သဘောပေါက်လိုက်ကြပြီ ဖြစ်သည်။ ဤတစ်ကြိမ် အထိနာရခြင်းမှာ ရန်သူကို လျှော့တွက်မိခြင်းကြောင့် ဖြစ်ပေသည်။

သို့သော် ယခုမှ နောင်တရနေ၍ အချည်းနှီးသာ။

ကမ္ဘာ့လမ်းကြောင်း ပျက်စီးသွားပြီ ဖြစ်သလို၊ ကောင်းကင်ထိုး ကြေးမုံလည်း အခိုးခံလိုက်ရပြီ ဖြစ်သည်။ အသက်အဆိပ် တာအို အမှတ်အသားများလည်း ကုန်ဆုံးသွားပြီ ဖြစ်သည်။ ကမ္ဘာ့လမ်းကြောင်းကို ပြန်လည် တည်ဆောက်ရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲသွားတော့၏။ ဤအခြင်းအရာမှာ ကြိုတင် ကြံစည်ထားသော လုပ်ရပ် ဖြစ်ပြီး၊ ဆုတ်ခွာလမ်းကို ဖြတ်တောက်ရန် ရည်ရွယ်ချက် ရှိကြောင်း ထင်ရှားလှပေသည်။ ဤအချက်ကို တွေးမိလိုက်သောအခါ၊ ကမ္ဘာငယ်လေးထဲတွင် ပိတ်မိနေသော မိစ္ဆာနက် စစ်ချီတပ်ဖွဲ့ကြီးသည် သေလမ်းသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်ကြလေတော့သည်။

All Chapters