← Chapters

သက်ရှိများ၏ ဦးခိုက်ရိုသေမှု (၂)

Vol. 31 Ch. 464

သက်ရှိများ၏ ဦးခိုက်ရိုသေမှု (၂)

Vol. 31 Ch. 464

~အစစ်အမှန် ဧကရာဇ် မီးတောက်နက်၏ ရင်ထဲတွင် တုန်လှုပ်မှု လှိုင်းတံပိုးများ ရိုက်ခတ်နေ၏။

ဤကမ္ဘာငယ်လေး အတွင်း၌ အခွင့်အရေးများ ရှိနေလျှင်ပင်၊ ဤ နယ်မြေ အရှင်သခင်က ရယူထားပြီး ဖြစ်မည်ဟု သူ ရိပ်မိလိုက်ရာ၊ နောင်တ တရားများသည် ရင်ထဲတွင် ပြည့်နှက်လာရ၏။

နင်ချီသည် အေးစက်စွာ ကြည့်နေ၏။

သူ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် နှစ်ဖက်စလုံး တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြ၏။

အစစ်အမှန် ဧကရာဇ် မီးတောက်နက်က မေးခွန်းထုတ်လိုက်သည်။

"ကမ္ဘာ့လမ်းကြောင်းကို ဖျက်ဆီးလိုက်တာ မင်းလား"

နင်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"ခင်ဗျားတို့ကို စောင့်ကြိုနေတာက... မျိုးသုဉ်းခြင်းပဲ"

သိုင်းကမ္ဘာ့ သက်ရှိများ အားလုံး စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်သွားကြ၏။

နင်ချီ ဘာလုပ်ခဲ့သည်ကို သူတို့ နောက်ဆုံးတွင် နားလည်သွားကြတော့၏။ သူသည် ကမ္ဘာ့လမ်းကြောင်းကို ဦးစွာ ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

အစစ်အမှန် ဧကရာဇ် ဇီယွင်က အေးစက်စွာ ပြောလိုက်၏။

"နယ်မြေ အရှင်သခင်... ရှင်က အသိဉာဏ် ပွင့်လင်းလာပြီဆိုတော့ ဝိညာဉ် ကမ္ဘာက ဘယ်လောက် ကြီးမားလဲ ဆိုတာ သိမှာပါ... တကယ်လို့ ရှင်သာ ကျွန်မတို့ကို ဒီကမ္ဘာမှာ သတ်ပစ်လိုက်ရင်၊ ဒါက ကြီးမားတဲ့ အငြိုးအတေး ဖြစ်သွားလိမ့်မယ်... နောက်ပိုင်းကျရင် ကျွန်မတို့ထက် အဆတစ်ထောင်၊ အဆတစ်သောင်း ပိုမို အင်အားကြီးတဲ့ စစ်တပ်ကြီး ရောက်လာပြီး၊ ဒီကမ္ဘာကို မြေလှန်ပစ်လိမ့်မယ်"

"တကယ်လို့ ရှင်သာ ကျွန်မတို့ကို ထွက်သွားခွင့် ပေးမယ်ဆိုရင်၊ ဒီကမ္ဘာရဲ့ အနာဂတ် ငြိမ်းချမ်းရေး အတွက် ကျွန်မတို့ ပူးပေါင်းဆောင်ရွက်လို့ ရပါတယ်... ဒါက အကောင်းဆုံး နည်းလမ်းပဲ"

သူမသည် အလွန် ယုံကြည်မှု ရှိနေပုံ ရ၏။

သိုင်းကမ္ဘာ့ သက်ရှိ အားလုံး ဒေါသထွက်သွားကြ၏။

စိတ်ကြိုက် ဝင်ချင်တိုင်း ဝင်၊ ထွက်ချင်တိုင်း ထွက်ရအောင်... သိုင်းကမ္ဘာကို ဘာမှတ်နေသနည်း။

သို့သော် အစစ်အမှန် ဧကရာဇ် ဇီယွင် ပြောသော "အဆတစ်ထောင် ပိုမို အင်အားကြီးသော စစ်တပ်" အကြောင်း ကြားလိုက်ရသောအခါ၊ သူတို့သည် နောက်တစ်ကြိမ် မျှော်လင့်ချက်မဲ့သလို ခံစားလိုက်ကြရပြန်သည်။ အားနည်းခြင်းသည် သူတို့၏ မူလအပြစ် ဖြစ်နေသကဲ့သို့ပင်။

တစ်ဖက်လူက ကမ္ဘာကို နင်းချေပြီး သိုင်းကမ္ဘာ့ သားချင်းများကို သတ်ဖြတ်သွားသည်ကို ခွင့်လွှတ်ပြီး လွှတ်ပေးလိုက်ရမည်လော။

မျက်လုံးများ အားလုံး နင်ချီထံသို့ ရောက်ရှိသွားကြသည်။

နင်ချီ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာ၏။

"အဆ တစ်ထောင်မက အင်အားကြီးတဲ့ စစ်တပ် ဟုတ်လား... မိစ္ဆာနက်ဂိုဏ်း တစ်ခုတည်းနဲ့လား ဗျာ"

အစစ်အမှန် ဧကရာဇ် မီးတောက်နက် နှင့် ဇီယွင် တို့၏ မျက်နှာထားများ ဗြောင်းဆန်သွားကြ၏။ တစ်ဖက်လူသည် မိစ္ဆာနက်ဂိုဏ်း၏ အတွင်းရေး အချက်အလက်များကို အလွန် ရင်းနှီးကျွမ်းဝင်နေပုံ ရသောကြောင့်ပင်။

နင်ချီ၏ အကြည့်သည် အလွန် အေးစက်သွားပြီး၊ မိစ္ဆာနက် စစ်တပ်ကြီးကို ကြည့်ကာ နတ်ဘုရား တစ်ပါးကဲ့သို့ ကြေညာလိုက်၏။

"သိုင်းကမ္ဘာ့ သက်ရှိတွေကို သတ်ဖြတ်ခဲ့တဲ့ အတွက်... ခင်ဗျားတို့ အပြစ်ဒဏ် ခံရမယ်"

တစ်ခဏချင်းမှာပင်...

အဆုံးမဲ့ "ကြယ်တာရာ နက်ရှိုင်းခြင်း အလင်း" များသည် ကမ္ဘာအနှံ့မှ စုစည်းလာကြပြီး၊ နင်ချီက လက်ညှိုးထိုးလိုက်သည်နှင့် ကုဋေပေါင်းများစွာသော အလင်းတန်းများသည် "ဓားချီ" များ အဖြစ် ပြောင်းလဲကာ မိုးရွာသကဲ့သို့ ကျဆင်းလာ၏။ တိုးဝင်နေသော မိစ္ဆာတိမ်တိုက်များကို ချက်ချင်း ဆုတ်ဖြဲပစ်လိုက်ပြီး၊ မြောက်မြားစွာသော မိစ္ဆာနက်ဂိုဏ်း ကျင့်ကြံသူများသည် ဓားချီများ၏ ဝါးမြိုခြင်းကို ခံလိုက်ကြရရာ၊ သနားစဖွယ် အော်ဟစ်သံများသည် ဆက်တိုက် ထွက်ပေါ်လာလေတော့သည်။

အရမ်း စွမ်းအားကြီးတာပဲ။

အသက်ရှူရပ်မတတ် စွမ်းအားကြီးလွန်းလှသည်။

သိုင်းကမ္ဘာ့ သက်ရှိများသည် ဦးနှောက်များ ဗလာ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး၊ ဤမြင်ကွင်းကို ဝမ်းသာအားရ ကြည့်ရှုနေမိကြသည်။

မိစ္ဆာနက် စစ်တပ်ကြီး၏ အော်ဟစ်သံများသည် ယခုအချိန်တွင် သူတို့အတွက် အလွန် နားဝင်ချိုဖွယ် ကောင်းနေ၏။

အစစ်အမှန် ဧကရာဇ် နှစ်ပါးသည် ထိတ်လန့်သွားကြပြီး၊ အခြားသူများကို ဂရုမစိုက်နိုင်တော့ဘဲ မူလဝိညာဉ် စွမ်းအားကို အကုန်ထုတ်ကာ အလင်းတန်းများ အဖြစ် ပြောင်းလဲ၍ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။ ဤအခြင်းအရာမှာ မူလဝိညာဉ် ထွက်ပြေးခြင်း နည်းစနစ် ဖြစ်ပြီး၊ မူလဝိညာဉ်ကို ထိခိုက်စေနိုင်သော်လည်း ယခုအချိန်တွင် သူတို့ ဂရုမစိုက်နိုင်တော့ချေ။

နင်ချီသည် လက်ကို နောက်ပစ်လျက် ရပ်နေ၏။

သူ့ကမ္ဘာထဲတွင် ရောက်နေပါလျက်နှင့်၊ ဤနှစ်ကောင် ထွက်ပြေးနိုင်မည် ဆိုလျှင် အံ့ဩစရာ ဖြစ်နေပေလိမ့်မည်။

နေရာတိုင်းသည် သူ၏ ခရမ်းရောင် နန်းတော် ဖြစ်လေသတည်း။

ဟင်းလင်းပြင် အတွင်းမှ အားကောင်းသော ဝိညာဉ်စွမ်းအင် သံကြိုးများ ဆန့်ထွက်လာပြီး၊ အစစ်အမှန် ဧကရာဇ် နှစ်ပါးကို တောင်တန်းများ ပိကျသကဲ့သို့ ချည်နှောင်လိုက်ရာ၊ သူတို့၏ အရှိန်သည် ချက်ချင်း နှေးကွေးသွား၏။

အစစ်အမှန် ဧကရာဇ် နှစ်ပါးသည် နည်းလမ်းပေါင်းစုံ သုံး၍ သံကြိုးများကို ရုန်းကန် ဖျက်ဆီးလိုက်ကြသည်။

သို့သော် ချက်ချင်းပင် နောက်ထပ် သံကြိုးများ ထွက်ပေါ်လာပြန်၏။

နယ်ပယ် စွမ်းအားကြီးသည် မုန်တိုင်းပမာ ဝင်ရောက်လာရာ၊ ဤမျှ ကြီးမားသော စွမ်းအားမျိုးကို တစ်ခါမှ မကြုံဖူးသဖြင့် အစစ်အမှန် ဧကရာဇ် နှစ်ပါးသည် သူတို့၏ ကြောက်မက်ဖွယ် အခြေအနေကို သတိပြုမိလိုက်ကြသည်။ သူတို့သည် ဟင်းလင်းပြင်တွင် တင်းကြပ်စွာ ချည်နှောင်ခံလိုက်ရပြီး၊ နင်ချီ၏ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်သည်နှင့်၊ မျက်စိတစ်မှိတ် အတွင်း မီးနက်များက သံကြိုးများ တစ်လျှောက် ကူးစက် လောင်ကျွမ်းသွား၏။

ဤအခြင်းအရာမှာ အစစ်အမှန် ဧကရာဇ် မီးတောက်နက် ထံမှ နင်ချီ ယခုလေးတင် သင်ယူလိုက်သော နည်းစနစ်ပင်။

ကွေ့ချန်ချင်း အတွက်ဆိုလျှင်၊ ဘယ်သောအခါမှ အကြွေးမထားတတ်ပေ။

အစစ်အမှန် ဧကရာဇ် မီးတောက်နက်၏ မချိမဆံ့ အော်ဟစ်သံကို ကြားလိုက်ရသောအခါ၊ ကွေ့ချန်ချင်း ဝမ်းသာသွားပြီး ကျေနပ်အားရသွား၏။

သိုင်းကမ္ဘာ့ သက်ရှိ အားလုံး စိတ်လှုပ်ရှားနေကြ၏။

နင်ချီ၏ တိုက်ခိုက်မှုသည် လုံးဝ လွှမ်းမိုးထားနိုင်၏။

ခဏအတွင်းမှာပင် အစစ်အမှန် ဧကရာဇ် နှစ်ပါးကို ဖိနှိပ်လိုက်ပြီး၊ မိစ္ဆာနက် စစ်တပ်ကြီးကိုလည်း အကြီးအကျယ် သေကျေ ပျက်စီးစေခဲ့သည် မဟုတ်ပါလော။

မရေမတွက်နိုင်သော လူများသည် ထို ပြိုင်ဘက်ကင်း ပုံရိပ်ကို ရိုသေလေးစားစွာ မော့ကြည့်နေကြသည်။ ယခုအချိန်တွင် နင်ချီသည် သက်ရှိပေါင်းများစွာ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်လာရန် ကံပါလာပြီး ဖြစ်သည်။ သိုင်းကမ္ဘာ တစ်ခုလုံးတွင် ကမ္ဘာမြေကို တုန်ခါစေလောက်သော အောင်ပွဲခံ ကြွေးကြော်သံများ ထွက်ပေါ်လာ၏။

သိုင်းသူတော်စင် အားလုံး၏ စိတ်ဓာတ်သည် အမြင့်ဆုံးသို့ ရောက်ရှိသွားကြ၏။

နင်ချီက ပြုံး၍ ခေါင်းညိတ်လိုက်သည်။

နောက်အခိုက်အတန့်တွင်...

အချိန်ကြာမြင့်စွာ အောင့်အီး သည်းခံခဲ့ရသော သိုင်းကမ္ဘာ့ စစ်တပ်ကြီးသည် ဟိန်းဟောက်သံများနှင့်အတူ ရှေ့သို့ တိုးဝင်လာကြပြီး၊ ကြယ်တာရာ ဓားချီများကြောင့် အထိနာနေသော မိစ္ဆာနက် စစ်တပ်ကြီးကို လက်စားချေ တိုက်ခိုက်လိုက်ကြ၏။ ကွေ့ချန်ချင်းနှင့် သူ၏ မိတ်ဆွေ သုံးဦးသည်လည်း အစစ်အမှန် ဧကရာဇ် နှစ်ပါးကို တစ်ဖန် ပြန်လည် တိုက်ခိုက်လိုက်ကြသည်။

နင်ချီက တိတ်ဆိတ်စွာ ကြည့်နေလိုက်၏။

သူ တစ်ယောက်တည်း ဖြေရှင်းနိုင်သော်လည်း၊ ထိုသို့ လုပ်ရန် မလိုပေ။

အချို့သော ခံစားချက်များကို ဖွင့်ထုတ်ပစ်ရန် လိုအပ်ပေသည်။ သူက ဘေးမှ ကြီးကြပ်ပေးရုံသာ လိုသည်။

ငှက်ပျံ ပင်လယ်ဒေသ အထက်တွင်...

တုန်လှုပ်ဖွယ်ရာ လှုပ်ရှားမှုများ ဆက်လက် ဖြစ်ပွားနေသော်လည်း၊ ယခုတစ်ကြိမ်တွင်မူ သိုင်းကမ္ဘာ့ သက်ရှိများက မိစ္ဆာနက် စစ်တပ်ကြီးကို သတ်ဖြတ်နေခြင်း ဖြစ်သည်။ များပြားလှသော မှော်စွမ်းအင် နယ်ပယ် နှင့် ခရမ်းရောင် နန်းတော် နယ်ပယ် ကျင့်ကြံသူများ ကျဆုံးသွားကြပြီး၊ သူတို့၏ ဝိညာဉ်စွမ်းအင်များသည် ကမ္ဘာလောကထဲသို့ စီးဆင်းသွား၏။

နင်ချီ စိတ် အာရုံ တစ်ချက် လှုပ်ရှားလိုက်သည်။

မိစ္ဆာနက်ဂိုဏ်း တပည့်တိုင်းထံမှ တောင်နှင့် ပင်လယ် နယ်မြေ၏ ထူးခြားသော အမှတ်အသားများကို ဖမ်းယူလိုက်ပြီး၊ ထို မှော်စွမ်းအင် အားလုံးကို ဝိညာဉ်စွမ်းအင် အဖြစ် ပြန်လည် ပြောင်းလဲလိုက်၏။

ဒါက ရိတ်သိမ်းမှု အကြီးကြီးပင်။

သိထားရမည်မှာ...

မိစ္ဆာနက် စစ်တပ်ကြီး၏ စွမ်းအားသည် ဖိနှိပ်ခံထားရ၍သာ ဤမျှ ရှိနေခြင်း ဖြစ်သည်။ တောင်နှင့် ပင်လယ် နယ်မြေတွင်မူ မှော်စွမ်းအင် နယ်ပယ် အဆင့် ငါးသောင်း နှင့် ခရမ်းရောင် နန်းတော် နယ်ပယ် အဆင့် သုံးထောင် ဟု သတ်မှတ်ရပေမည်။ ထိုကျင့်ကြံသူများ၏ ကိုယ်ထဲတွင် ပါဝင်သော မှော်စွမ်းအင် ပမာဏသည် ကမ္ဘာငယ်လေး တစ်ခုလုံး၏ စုစုပေါင်း ဝိညာဉ်စွမ်းအင်ထက် များစွာ သာလွန်လှပေသည်။

လက်ရှိ သိုင်းကမ္ဘာ၏ ခံနိုင်ရည် ပမာဏ အရဆိုလျှင်၊ စဉ်ဆက်မပြတ် တိုးတက်မှု မရှိဘဲ ထိုမျှများပြားသော စွမ်းအားရှင်များကို ထောက်ပံ့ပေးနိုင်မည် မဟုတ်ချေ။

သို့သော် ယခုမူ...

ကြီးမားသော ဝိညာဉ်စွမ်းအင်များ လှိမ့်ဝင် စီးဆင်းလာပြီး၊ နင်ချီက သိုင်းကမ္ဘာ အနှံ့အပြားသို့ ညီမျှစွာ ခွဲဝေပေးလိုက်၏။

သိုင်းကမ္ဘာ အတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် အဆပေါင်းများစွာ တိုးတက်လာကြောင်း သက်ရှိ အများအပြား အံ့အားသင့်စွာ သတိထားမိလိုက်ကြသည်။

မြေကမ္ဘာ့ သွေးကြောများသည် အာဟာရ ဓာတ်များကို ရရှိလိုက်ပြီး၊ ကမ္ဘာကြီးသည် ပိုမို ကျယ်ပြန့်လာ၏။ သို့သော် ယခုတစ်ကြိမ်တွင် နင်ချီ ဦးဆောင်နေသဖြင့်၊ ထိုနေ့ကကဲ့သို့ ကြမ်းတမ်းသော ဝိညာဉ်နိုးထခြင်းမျိုး မဟုတ်ဘဲ၊ အချိန်နှင့်အမျှ တဖြည်းဖြည်း တိုးတက်လာသော ဖြစ်စဉ်မျိုး ဖြစ်ပေသည်။

နင်ချီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာ၏။

သူ၏ ကိုယ်ပိုင် စွမ်းအားများ ပိုမို တိုးတက်လာသည်ကို ခံစားလိုက်ရသည်။

နယ်မြေ အရှင်သခင် တစ်ပါး၏ အနှစ်သာရသည် ကမ္ဘာလောက အတွင်း၌ တည်ရှိနေပေသည်။

ကမ္ဘာကြီး ပိုမို သန်စွမ်းလာလေ၊ နင်ချီ ပိုမို စွမ်းအားကြီးလာလေပင်။

သတ်ဖြတ်ပွဲကြီး ဆက်လက် ဖြစ်ပွားနေ၏။

အစစ်အမှန် ဧကရာဇ် နှစ်ပါးသည် နာကျင်စွာ အော်ဟစ်နေကြသည်။

နင်ချီသည် စောင့်ဆိုင်းနေ၏။ ဤ မူလဝိညာဉ် နှစ်ခုကို ဝါးမြိုလိုက်ပါက ရရှိလာမည့် အကျိုးကျေးဇူးများကို မျှော်လင့်နေမိ၏။ သို့သော် ထိုမတိုင်မီတွင်၊ ဤ အစစ်အမှန် ဧကရာဇ် နှစ်ပါးထံမှ နောက်ဆုံး တန်ဖိုးရှိသော အရာများ မကျန်အောင် ညှစ်ထုတ်ရပေဦးမည်။

...

မိစ္ဆာနက်ဂိုဏ်း။

ကောင်းကင် တစ်ခွင်လုံးတွင် သွေးရောင် အလင်းတန်းများ ပြည့်နှက်နေပြီး၊ မိစ္ဆာနက်ဂိုဏ်း တပည့်များ၏ အော်ဟစ်သံများသည် မရပ်မနား ထွက်ပေါ်နေ၏။ ပြီးပြည့်စုံခြင်း အဆင့်သို့ မရောက်နိုင်သေးသော သွေးအမှတ်အသား အခင်းအကျင်းကို ကြည့်ရင်း၊ မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်၏ မျက်လုံးများသည် လုံးဝ နီရဲနေ၏။

"မလောက်သေးဘူး... မလောက်သေးဘူးကွ"

မူလက သူသည်.. ကျွန် တပည့်များနှင့် ပြင်ပစည်း တပည့်များကိုသာ ယဇ်ပူဇော်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် အတွင်းစည်း တပည့်များပါ ဆွဲထည့်ခံလိုက်ရ၏။

တပည့်များသည် အော်ဟစ်ကြ၊ သနားခံကြ၊ ဒေါသတကြီး ကျိန်ဆဲကြသော်လည်း အချည်းနှီးသာ။

ပုံမှန် အခြေအနေတွင် ဆိုပါက၊ မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် ထိုသူများကို သေသည်ထက် ဆိုးသော ဒုက္ခမျိုး ပေးလိမ့်မည် ဖြစ်သော်လည်း၊ ယခုမူ သူ့တွင် ထိုကဲ့သို့ လုပ်ရန် အချိန်မရှိတော့ချေ။

မူလဝိညာဉ် နယ်ပယ် အကြီးအကဲများသည် ဂိုဏ်းချုပ်ကြီး ရူးသွပ်နေပြီဟု ခံစားရပြီး၊ မိမိတို့ကိုပါ ဖမ်းဆွဲ၍ အခင်းအကျင်းထဲ ပစ်ထည့်လိုက်မည်ကို ကြောက်ရွံ့ကာ ထိတ်လန့်နေကြ၏။

ကံကောင်းထောက်မစွာပင်...

ကျွန်များ၊ ပြင်ပစည်း တပည့် အားလုံးနှင့် အတွင်းစည်း တပည့် ထက်ဝက်ကျော်ကို ယဇ်ပူဇော်ပြီးသော အခါတွင်၊ “ထောင်ထျဲ့” (Taotie - အငမ်းမရ စားသောက်သော သတ္တဝါ) ကဲ့သို့ ရောင့်ရဲခြင်း မရှိသော သွေးအမှတ်အသား အခင်းအကျင်းသည် နောက်ဆုံးတွင် ပြီးပြည့်စုံလုနီးပါး ဖြစ်လာလေတော့သည်။

“ဝုန်း..”

သွေးရောင် အလင်းတန်း တစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး၊ မိစ္ဆာနက် တောင်တန်းကို ဖုံးလွှမ်းထားသော မည်းမှောင်သည့် တိမ်တိုက်များကို သွေးရောင် ဆိုးလိုက်၏။

"ပြီးပြီ... ဟား ဟား ဟား... နောက်ဆုံးတော့ ပြီးသွားပြီ"

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် အရူး တစ်ယောက်လို ရယ်မောလိုက်၏။

အချိန် အများကြီး မကုန်လွန်သွားသော်လည်း၊ မမျှော်လင့်သော အန္တရာယ် တစ်ခုခု ဖြစ်လာမည်ကို သူ အမှန်တကယ် ကြောက်ရွံ့နေခဲ့သည်။ ကောင်းကင်ဘုံ အခွင့်အရေးကြီးက မျက်စိရှေ့တွင် ရှိနေပြီး၊ လက်လွှတ်လိုက်ရပါက ထာဝရ နောင်တရနေရပေမည်။

မူလဝိညာဉ် နယ်ပယ် အကြီးအကဲ ကိုးဦးစလုံး ဦးညွှတ်ကာ ဂုဏ်ပြုလိုက်ကြသည်။

"အခွင့်အရေးကို ဖမ်းဆုပ်ပြီး မဟာစွမ်းအားရှင် ဖြစ်လာမယ့် ဂိုဏ်းချုပ်ကြီးကို ဂုဏ်ပြုပါတယ် ခင်ဗျာ"

ကျန်ရှိနေသော တပည့်များသည်လည်း စိတ်သက်သာရာ ရသွားကြပြီး ကံကောင်းသည်ဟု ခံစားလိုက်ကြရသည်။ သူတို့သည် အရပ်ရပ်မှ ပြေးလာကြပြီး၊ မိစ္ဆာနက်ဂိုဏ်းကို ချီးကျူးစကား ဆိုလိုက်ကြရာ၊ ရှေ့မှ သွေးစွန်းသော မြင်ကွင်းကြီး မရှိခဲ့သကဲ့သို့ပင်။ မိစ္ဆာနက်ဂိုဏ်းတွင် အသန်မာဆုံးသူသာ ရှင်သန်ခြင်းသည် တစ်ခုတည်းသော အမှန်တရား ဖြစ်ပြီး၊ မသေမချင်း အရာအားလုံးသည် ဖြစ်သင့်သော ကိစ္စများသာ ဖြစ်ပေသည်။

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် အေးစက်စွာ တခစ်ခစ် ရယ်မောလိုက်၏။

သူက လက်ကို ဝှေ့ယမ်းလိုက်ရာ၊ မူလဝိညာဉ် စွမ်းအားများသည် မိစ္ဆာနက် တောင်တန်း နေရာအနှံ့သို့ စီးဆင်းသွားပြီး၊ ကျင့်ကြံသူ အားလုံးကို ဆွဲခေါ်လိုက်၏။

"ဒီစစ်ချီခရီးမှာ... ငါတို့ မိစ္ဆာနက်ဂိုဏ်းက အင်အားအကုန်သုံးပြီး ရွေ့လျားမှာ... အောင်ပွဲက လွဲပြီး တခြား ရွေးချယ်စရာ မရှိဘူး"

သူ၏ ကောက်ကျစ်သော အသံက ပဲ့တင်ထပ်သွား၏။

တပည့်အားလုံး ပြိုင်တူ တုံ့ပြန်လိုက်ကြသည်။

ဂိုဏ်းချုပ်ကြီး၏ သဘောထားကို ကြည့်ခြင်းအားဖြင့်၊ ဤကမ္ဘာငယ်လေးသည် သာမန် မဟုတ်ကြောင်းနှင့် အကျိုးအမြတ်များသည် ယခင်ကထက် များစွာ သာလွန်မည် ဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်ကြသည်။ အရသာလေး မြည်းခွင့် ရရင်တောင် မဆိုးလှပေ။

မူလဝိညာဉ်နယ်ပယ် အကြီးအကဲ ကိုးဦး၏ ဦးဆောင်မှုအောက်တွင် မိစ္ဆာနက်ဂိုဏ်းသား အားလုံး လျင်မြန်စွာ စုဝေးလိုက်ကြသည်။ ယခင် စစ်ချီတပ်ဖွဲ့များထက် အရေအတွက် နည်းပါးသော်လည်း အရည်အသွေးမှာမူ ပိုမို ကောင်းမွန်လေသည်။ အထူးသဖြင့် မူလဝိညာဉ်နယ်ပယ် အစစ်အမှန် ဧကရာဇ် အရေအတွက် ပိုမို များပြားနေခြင်းကြောင့် ဖြစ်သည်။

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် တုံ့ဆိုင်းမနေတော့ပေ။

သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသော ကမ္ဘာ့အငွေ့အသက်ကို လွှတ်ပေးလိုက်ပြီး သွေးအမှတ်အသား အခင်းအကျင်းထံသို့ မျောလွင့်သွားစေလိုက်သည်။ ချက်ချင်းပင် သွေးရောင်အလင်းများ ပိုမို အားကောင်းလာပြီး ရင်းနှီးသော အရှိန်အဝါ တစ်ခု အတွင်းမှ ထွက်ပေါ်လာလေသည်။

မိစ္ဆာနက် အစစ်အမှန် ဧကရာဇ်သည် ယုတ်မာစွာ ပြုံးလိုက်၏။

"ကောင်လေး... ဒီဂိုဏ်းချုပ်ကြီး မင်းကို ပြောသားပဲ၊ ငါတို့ မကြာခင် ပြန်တွေ့ကြမယ်လို့လေ"

သူ၏ မူလဝိညာဉ် ထွက်ပေါ်လာပြီး မိစ္ဆာနက်ဂိုဏ်း ကျင့်ကြံသူ အများအပြား အခင်းအကျင်းထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် သူကိုယ်တိုင်လည်း တုံ့ဆိုင်းခြင်း မရှိဘဲ နောက်မှ လိုက်ပါသွားလေသည်။

သွေးယဇ်ပူဇော် အခင်းအကျင်း သည် သွေးရောင်အလင်းများ ဖြာထွက်လာပြီး တဖြည်းဖြည်း ကျုံ့ဝင်သွားကာ ပျောက်ကွယ်သွားလေတော့သည်။

မိစ္ဆာနက်ဂိုဏ်း တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်ငြိမ်သက်သွား၏။

နေရာအနှံ့တွင် ထူးဆန်းသော မီးအလင်းရောင်များ ရံဖန်ရံခါ ဝေဝါးနေသည်မှလွဲ၍ သေမင်းကမ္ဘာသဖွယ် ဖြစ်ကျန်ရစ်ခဲ့လေတော့သည်။

All Chapters