လေလံပွဲ
Vol. 6 Ch. 79
~ ကောင်းကင်ဘုံ သိုင်းကျမ်း မျှော်စင်က အဘိုးအို ပေးအပ်ခဲ့သော အဆောင်လက်ဖွဲ့ပညာ အမွေအနှစ်ထဲတွင် ဒုတိယအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့အဆောင် အရေအတွက်က များပြားလှ၏။ သာမန်အဆောင်များအပြင် စုယွီက သေချာ စဉ်းစားပြီးနောက် လေ့ကျင့်ရန်အတွက် အထူးအဆောင် (၃) မျိုးကို ရွေးချယ်လိုက်လေ၏။
ပထမတစ်ခုမှာ - ဝိညာဉ်ငြိမ်သက်ခြင်းအဆောင် ဖြစ်၏။
၎င်းက ကိုယ်ခန္ဓာချုပ်နှောင်ခြင်းအဆောင်နှင့် ဆင်တူသော်ငြား၊ ကိုယ်ခန္ဓာချုပ်နှောင်ခြင်းအဆောင်က ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်အောင် ပြုလုပ်လျှင် ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်က ဝိညာဉ်ကို မလှုပ်ရှားနိုင်အောင် ပြုလုပ်ခြင်း ဖြစ်ပေသည်။
ဒုတိယအဆင့် အလယ်အလတ် ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်က အခြေခံတည်ဆောက်ခြင်း (၆) ဆင့်အောက်ရှိ သူများကို ထိရောက်စွာ အသုံးပြုနိုင်ပေသည်။
အကယ်၍ အခြေခံတည်ဆောက်ခြင်း (၃) ဆင့်အောက်ရှိ သူများဆိုလျှင် ဤအဆောင် ထိမှန်သွားသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူ၏ လက်ခုပ်ထဲက ရေ ဖြစ်သွားမည်မှာ သေချာသလောက်ပင် ဖြစ်၏။
ယင်းကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ နတ်ဘုရားအာရုံဖြင့် တိုက်ခိုက်ခြင်း ဖြစ်ပေသည်။
ဒုတိယတစ်ခုမှာ - နဂါးသတ်ဖြတ်ခြင်းအဆောင် ဖြစ်၏။
'နာမည်ကတော့ နဂါးသတ်မယ်တဲ့... နည်းနည်းတော့ ပိုလွန်းနေသလားလို့'
သို့သော် ဤအဆောင်၏ စွမ်းအားကမူ ကြီးမားလှပေသည်။ သာမန် နဂါးသတ်ဖြတ်ခြင်းအဆောင် တစ်ခုက အခြေခံတည်ဆောက်ခြင်း (၆) ဆင့် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ညီမျှလေ၏။
အကယ်၍ ထိပ်တန်း အရည်အသွေးရှိသော နဂါးသတ်ဖြတ်ခြင်းအဆောင် ဆိုလျှင်မူ အခြေခံတည်ဆောက်ခြင်း (၆) ဆင့် ကျင့်ကြံသူကိုတောင် ခြိမ်းခြောက်နိုင်စွမ်း ရှိပေလိမ့်မည်။ မမျှော်လင့်ထားသော အခြေအနေများတွင်ဆိုလျှင် အခြေခံတည်ဆောက်ခြင်း (၆) ဆင့် ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်ကောင်း သတ်ဖြတ်နိုင်ပါလိမ့်မည်။
သို့သော် ဤအဆောင်ကို ဖန်တီးရခြင်းမှာ ခက်ခဲပြီး ရေးဆွဲရသည်မှာ လက်ဝင်လှ၏။
တတိယတစ်ခုမှာ - လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံ ချပ်ဝတ်အဆောင် ဖြစ်သည်။
နာမည်အတိုင်းပင် ဤအဆောင်ကို သုံးလိုက်လျှင် လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံ ချပ်ဝတ်တစ်ခု ဖြစ်ပေါ်လာစေနိုင်၏။ အဆိုပါချပ်ဝတ်၏ ကာကွယ်နိုင်စွမ်းက အံ့မခန်းဖြစ်ပြီး အလွန် လိုက်လျောညီထွေ ရှိပေသည်။ ရန်သူက သိပ်မသန်မာဘဲ တစ်ချက်တည်းနှင့် ချပ်ဝတ်ကို မဖျက်ဆီးနိုင်လျှင် ၎င်းက အချိန်အတိုင်းအတာ တစ်ခုအထိ ခံနိုင်ရည် ရှိပေသည်။
စုယွီက လာမည့် (၃) လအတွင်း ဤ ဒုတိယအဆင့် အလယ်အလတ် အဆောင် (၃) မျိုးကို ကျွမ်းကျင်မှု ရရှိသည့်အထိ လေ့ကျင့်ရန် စီစဉ်ထားလေ၏။
တည်ငြိမ်သော စိတ်နှင့် စူးစိုက်မှုအပြည့်ဖြင့် စုယွီက သူ၏ အဆောင်လက်ဖွဲ့စုတ်တံကို ဝိညာဉ်သားရဲသွေးထဲသို့ တို့လိုက်၏။ စုတ်တံနှင့် အဆောင်စက္ကူ ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် စုယွီ၏ ဝိညာဉ်စွမ်းအင်နှင့် ဝိညာဉ်အာရုံတို့က အဆိုပါထဲသို့ ပေါင်းစပ်သွားကြ၏။ ပြင်းထန်စွာ အာရုံစိုက်လျက် ပထမဆုံး ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်ကို စတင် ရေးဆွဲလိုက်တော့သည်။
(၁၅) မိနစ်တောင် မကြာလိုက်ပေ။ ဝိညာဉ်သားရဲသွေး၏ ညှော်နံ့ ထွက်ပေါ်လာလေ၏။ စုယွီ၏ စုတ်တံ အနည်းငယ် မှားယွင်းသွားသောကြောင့် ပထမဆုံး အဆောင်စက္ကူ ပျက်စီးသွားခြင်း ဖြစ်ပေသည်။
စုယွီက စုတ်တံကို ချထားလိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ တရားမှတ်ရင်း သူ၏ ဝိညာဉ်စွမ်းအင်နှင့် နတ်ဘုရားအာရုံ ကို ပြန်လည် ဖြည့်တင်းလိုက်၏။
နာရီဝက်ခန့် ကြာပြီးနောက်၊
စုယွီ မတ်တတ်ထရပ်လိုက်ပြီး စုတ်တံကို ပြန်ကောက်ကိုင်ကာ အော်ဟစ်လိုက်သည်။
"နောက်တစ်ခါ ထပ်စမ်းမယ်ကွာ"
ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် စုယွီတစ်ယောက် ဒုတိယအဆင့် အလယ်အလတ် အဆောင်စက္ကူ (၉) ရွက်ကို ဖျက်ဆီးပစ်လိုက်မိလေ၏။
'ငွေတွေ မီးရှို့နေရသလိုပဲဟေ့'
နောက်ဆုံးတွင် (၆) ရက်မြောက်သောနေ့၌ သူ၏ ပထမဆုံး ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်ကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့လေ၏။
ဤအဆောင်တစ်ခု ရရှိရန်အတွက် စုယွီ များစွာ ဆုံးရှုံးခဲ့ရပေမဲ့ စက္ကူပေါ်က ပြီးစီးသွားသော အဆောင်ကို မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာသော အပြုံးတစ်ခု ပေါ်လာတော့သည်။
"နောက်ဆုံးတော့ ပြီးသွားပြီ"
ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်ရာ ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်၏ ကျွမ်းကျင်မှုအဆင့်က (၁၁%) ခန့် ရှိသည်ကို တွေ့လိုက်ရ၏။
ဆိုလိုသည်မှာ အဆောင်ရေးဆွဲရာတွင် အောင်မြင်မှုနှုန်းက (၁၀) ရာခိုင်နှုန်းခန့်သာ ရှိသေးခြင်း ဖြစ်ပေသည်။
အကယ်၍ ကိုယ်ပိုင်ပစ္စည်းများဖြင့် ရေးဆွဲမည်ဆိုလျှင်မူ သူ သေချာပေါက် ရှုံးမည်သာ ဖြစ်၏။
သို့သော် စုယွီအတွက်မူ ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်နိုင်သမျှ ကာလပတ်လုံး သူ၏ ကနဦး ရင်းနှီးမြှုပ်နှံမှုထက် ဆယ်ဆ၊ အဆတစ်ရာ ပြန်လည် အမြတ်ရနိုင်မည် ဖြစ်သည်။
ထို့နောက် စုယွီက ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်ကို ဆက်လက် ရေးဆွဲရင်း လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံ ချပ်ဝတ်အဆောင်အသစ်ကို စတင် စမ်းသပ် ရေးဆွဲခဲ့ပေသည်။ ချပ်ဝတ်အဆောင်က နဂါးသတ်ဖြတ်ခြင်းအဆောင်လောက် မခက်ခဲဘဲ အနည်းငယ် လွယ်ကူ၏။ နဂါးသတ်ဖြတ်ခြင်းအဆောင်က (၃) မျိုးထဲတွင် အခက်ခဲဆုံး ဖြစ်ပေသည်။
နောက်ထပ် ရက် (၂၀) ကြာပြီးနောက် သူက လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံ ချပ်ဝတ်အဆောင်ကို ကျွမ်းကျင်လာခဲ့ပြီး ကျွမ်းကျင်မှုအဆင့် (၁၀%) ကျော် ရရှိခဲ့လေ၏။
ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်နှင့် ချပ်ဝတ်အဆောင်တို့ကို ဆက်လက် လေ့ကျင့်နေရင်း စုယွီက နဂါးသတ်ဖြတ်ခြင်းအဆောင်ကို အဓိက အာရုံစိုက်ခဲ့၏။
(၃) လ ကြာမြင့်ပြီးနောက် ဝိညာဉ်ခန်းမဆောင် လေလံပွဲ ကျင်းပချိန် ရောက်မှသာ ပထမဆုံး နဂါးသတ်ဖြတ်ခြင်းအဆောင်ကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့လေ၏။
သာမန် ဒုတိယအဆင့် ကနဦး အဆင့် ရုပ်သေးသားရဲအတွက်မူ...
သူ့မှာ ဖန်တီးဖို့ အချိန် မရှိတော့ပေ။
စုယွီ လျှို့ဝှက်ခန်းမဆောင်မှ ထွက်လာသည့်အခါ သူ၏ တာအိုကိုယ်ပွားရုပ်သေးကို ဒန်တျန်အတွင်း ပြန်လည် သိမ်းဆည်းလိုက်သည်။ သူ၏ ချန်ခွန်းအိတ်ကို စစ်ဆေးကြည့်လိုက်ရာ မူလက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၁၂၀၀) ကျန်ရှိပေမဲ့ ယခုမူ (၄၀၀၀) သာ ကျန်တော့သည်ကို တွေ့လိုက်ရ၏။
'ပိုက်ဆံပြတ်ပြန်ပြီ... ဒီသံသရာကလည်း မဆုံးနိုင်ပါလား'
ရုပ်သေးဝိညာဉ်နှင့် ပေါင်းစပ်ထားသော တာအိုကိုယ်ပွားရုပ်သေးက အဆင့်မြှင့်တင်ရန် ပစ္စည်းများကို အလိုအလျောက် စားသုံးနိုင်စွမ်း ရှိပေသည်။
ဤကာလ တစ်လျှောက်လုံး သူက မရပ်မနား စားသုံးနေခဲ့ခြင်းကြောင့် ဖြစ်၏။
ထို့ပြင် စုယွီက ဒုတိယအဆင့် အလယ်အလတ် အဆောင်များအတွက် ပစ္စည်း အများအပြား ဝယ်ယူခဲ့ပေသည်။ ဒုတိယအဆင့် အလယ်အလတ် အဆောင်တစ်ခု၏ ပစ္စည်းတန်ဖိုးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) ခန့် ကျသင့်၏။
ပြင်ပတွင် ဒုတိယအဆင့် အလယ်အလတ် အဆောင်တစ်ခု၏ ဈေးနှုန်းကမူ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀၀) ကျော် ရှိလေ၏။
သို့သော် ဝယ်ယူ၍ ရခြင်းမှ မဟုတ်ဘဲ။
အင်အားကြီး အဖွဲ့အစည်းတစ်ခုသို့ သွားရောက်ပြီး ကမ်းလှမ်းမည်ဆိုလျှင်တောင် ပိုပေးရသည့်အပြင် ပစ္စည်းပါ ကိုယ်တိုင်ရှာဖွေပြီး အဆောင်လက်ဖွဲ့ဆရာသခင်ကို အပ်နှံရဦးမည်။
အဓိက အကြောင်းရင်းမှာမူ ဤအဆင့်ရှိသော အဆောင်ပစ္စည်းများက ရှားပါးပြီး ဈေးကြီးသည့်အပြင် အောင်မြင်မှုနှုန်းကလည်း သိပ်မကောင်းလှသောကြောင့် ဖြစ်ပေသည်။
ထို့ကြောင့် ပိုင်ယွဲ့ အင်မော်တယ်မြို့တော်တွင် ပညာရပ် (၁၀၀) ကျော်အနက် ဒုတိယအဆင့် အလယ်အလတ်သို့ ရောက်ရှိနေသူ အနည်းငယ်သာ ရှိကြ၏။
တတိယအဆင့် ဆိုလျှင်မူ...
စုယွီ ကြားဖူးရုံသာ ရှိပြီး တစ်ခါမှ မမြင်ဖူးချေ။
"အဆောင်တွေအတွက် ပစ္စည်း အစုံ (၆၀) ပြင်ဆင်ထားတာ (၄၈) စုံ ကုန်သွားပြီ... အဲဒီထဲကမှ ဝိညာဉ်ငြိမ်သက်ခြင်းအဆောင် (၃) ခု၊ ချပ်ဝတ်အဆောင် (၂) ခု နဲ့ နဂါးသတ်ဖြတ်ခြင်းအဆောင် (၁) ခု ပဲ အောင်မြင်ခဲ့တယ်... စုစုပေါင်း (၆) ခု ပြီးစီးတယ်"
စုယွီ မယုံနိုင်စွာ ရေရွတ်လိုက်မိလေ၏။
သူ့အတွက်မူ ဤ အောင်မြင်မှုနှုန်းက အလွန် ဆိုးရွားလှ၏။
သို့သော် အခြား ဒုတိယအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့ပညာရှင်များသာ သူ (၃) လအတွင်း ဒုတိယအဆင့် အလယ်အလတ်သို့ တက်လှမ်းနိုင်ပြီး အဆောင် (၆) ခု အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့သည်ကို သိရှိလျှင် အံ့ဩလွန်း၍ အော်ဟစ်မိကြလိမ့်မည်။
အထူးသဖြင့် စုယွီ ရွေးချယ်ခဲ့သော အဆောင် (၃) မျိုးက သာမန် ဒုတိယအဆင့် အလယ်အလတ် အဆောင်များ မဟုတ်ကြောင်း ထည့်သွင်း စဉ်းစားလျှင် ပို၍ပင် အံ့ဩစရာ ကောင်းနေလိမ့်မည်။
သူ အခန်းတံခါးဝသို့ ထွက်လာခဲ့၏။
ရွှေရောင် နေရောင်ခြည်များ သူ့ကိုယ်ပေါ်သို့ ဖြာကျလာသောကြောင့် စုယွီ မျက်လုံးများကို အနည်းငယ် မှိတ်လိုက်မိသည်။
ထို့နောက် မျက်လုံး ဖွင့်လိုက်ပြီး ရေရွတ်မို၏။
"ပိုက်ဆံ ကုန်သွားပြန်ပြီ"
သူ၏ ချန်ခွန်းအိတ်ကို စစ်ဆေးကြည့်လိုက်သည်။ ဒုတိယအဆင့် အလယ်အလတ် အဆောင် အနည်းငယ်ကို လုံးဝ ရောင်းချ၍ မရနိုင်ပေ။ ဒုတိယအဆင့် ကနဦး အဆင့် လူပုံသဏ္ဌာန် ရုပ်သေးကိုလည်း လုံးဝ ထိပါး၍ မရနိုင်ချေ။ အခြား အသေးအဖွဲ ပစ္စည်းများ များစွာ ရှိပေမဲ့ တန်ဖိုး မရှိလှပေ။
သူ၏ နောက်ဆုံး အားကိုးရာဖြစ်သော ဒုတိယအဆင့် ကနဦး အဆင့် အဆောင် (၃၀) ကျော်ကိုလည်း ထိပါး၍ မဖြစ်ပေ။
နောက်ဆုံးတွင် စုယွီ၏ အကြည့်က ထိပ်တန်း အရည်အသွေးရှိသော အခြေခံတည်ဆောက်ခြင်း ဆေးလုံးတစ်လုံးနှင့် သာမန် အရည်အသွေးရှိသော ဆေးလုံးတစ်လုံး ပေါ်သို့ ရောက်ရှိသွား၏။
"သာမန် အရည်အသွေး တစ်လုံးကို ရောင်းလိုက်ကြစို့"
စုယွီ ဆုံးဖြတ်ချက် ချလိုက်၏။
စဉ်းစားပြီးနောက်၊
သူ အခန်းထဲသို့ ပြန်ဝင်သွားပြီး တာအိုကိုယ်ပွားရုပ်သေးကို ဆင့်ခေါ်လိုက်လေ၏။ ယင်းကို မသိနားမလည်သော အဘိုးအိုတစ်ယောက်အဖြစ် ပုံသဏ္ဌာန် ပြောင်းလဲစေလိုက်၏။ 'အဘိုးကြီးပုံစံ ဖမ်းလိုက်ဦးမှ' ဟု တွေးရင်း မှော်လက်နက် ဦးထုပ်တစ်လုံး ဆောင်းစေပြီး သာမန် အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို သယ်ဆောင်လျက် တိတ်တဆိတ် ထွက်ခွာစေကာ ဝိညာဉ်ခန်းမဆောင်ဆီ စေလွှတ်လိုက်ပေသည်။
စုယွီ ကိုယ်တိုင်မူ ဝူထုံဆေးလုံးမျှော်စင်ဆီ ဦးတည် သွားလိုက်၏။
ဝိညာဉ်ခန်းမဆောင်။
ဦးထုပ်ဆောင်းထားသော အဘိုးအို အသွင်ဆောင်ထားသည့် တာအိုကိုယ်ပွားရုပ်သေးက ခန်းမဆောင်ကြီး အတွင်းသို့ ဝင်ရောက်သွား၏။ ချက်ချင်းပင် ဝိညာဉ်ခန်းမဆောင် တပည့်တစ်ယောက် ရောက်ရှိလာပြီး လေးစားစွာ နှုတ်ဆက်လိုက်လေ၏။
"စီနီယာ... ဘာကူညီပေးရမလဲ ခင်ဗျာ"
"ပစ္စည်းတစ်ခု လေလံတင်ချင်လို့"
တာအိုကိုယ်ပွားရုပ်သေးက အခြေခံတည်ဆောက်ခြင်းအဆင့် အရှိန်အဝါ အနည်းငယ်ကို ထုတ်လွှတ်လိုက်ရာ တပည့်လေးခမျာ လေးစားမှုကြောင့် တုန်ယင်သွားပြီး ဒုတိယထပ်သို့ အလျင်အမြန် ခေါ်ဆောင်သွားကာ ဝိညာဉ်ခန်းမဆောင် တာဝန်ခံနှင့် တွေ့ဆုံပေးလိုက်၏။
ချီစွမ်းအင်စုစည်းခြင်း (၉) ဆင့်ရှိသော တာဝန်ခံက တာအိုကိုယ်ပွားရုပ်သေး ရှေ့တွင် အလွန် လေးစားစွာ ဆက်ဆံလေ၏။
"စီနီယာ ဘာပစ္စည်းများ လေလံတင်ချင်လို့ပါလဲ ခင်ဗျာ"
တာအိုကိုယ်ပွားရုပ်သေးက လက်ကို ဝှေ့ယမ်းလိုက်ရာ အခြေခံတည်ဆောက်ခြင်း ဆေးလုံး ပါဝင်သော ကျောက်စိမ်းသေတ္တာ ပေါ်ထွက်လာသည်။ ဦးထုပ်အောက်မှ သူက အက်ကွဲကွဲ အသံဖြင့် ပြောလိုက်၏။
"အခြေခံတည်ဆောက်ခြင်း ဆေးလုံးပါ... အရည်အသွေးက ထူးကဲ မနေပေမဲ့ သာမန်ထက်တော့ ပိုကောင်းပါတယ်"
တာဝန်ခံ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး တာအိုကိုယ်ပွားရုပ်သေးကို အံ့ဩလေးစားစွာ ကြည့်လိုက်မိ၏။
"စီနီယာက ဒုတိယအဆင့် ဆေးပညာရှင်လား ခင်ဗျာ... ခဏလေး စောင့်ပေးပါ... ကျွန်တော် လူကြီးတွေကို သွားခေါ်လိုက်ပါဦးမယ်"
တာအိုကိုယ်ပွားရုပ်သေး၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပေမဲ့ ခေါင်းညိတ် သဘောတူလိုက်လေ၏။
ခဏအကြာတွင်၊ ရင်းနှီးသော အသံတစ်သံ အပြင်ဘက်မှ ထွက်ပေါ်လာသောကြောင့် တာအိုကိုယ်ပွားရုပ်သေး ရပ်တန့်သွား၏။ လှည့်ကြည့်လိုက်ရာ အံ့ဩစရာ ကောင်းလောက်အောင်ပင် "မိတ်ဆွေဟောင်း" တစ်ယောက် ဖြစ်နေပေသည်။ အမှန်တရားခန်းမဆောင် တာဝန်ခံ၊ အခြေခံတည်ဆောက်ခြင်း ပထမအဆင့် ကျင့်ကြံသူ နှင့် ဒုတိယအဆင့် ကနဦး အဆင့် ဆေးပညာရှင် ဟူရှို့ ဖြစ်နေလေ၏။
'ဟိုကောင် ဟူရှို့ပါလား... ဒီကောင်ကတော့ နေရာတကာ ပါတာပဲ'
"မိတ်ဆွေက အခြေခံတည်ဆောက်ခြင်း ဆေးလုံး လေလံတင်ချင်တာလား"
ဟူရှို့ အပြင်ဘက်မှ ဝင်လာကာ.. ဦးထုပ်ဆောင်းထားသည့် ရုပ်သေးကို ကြည့်ကာ ပြုံးဖြီးဖြီးနှင့် မြှောက်ပင့်သော လေသံဖြင့် ပြောလိုက်၏။
"မိတ်ဆွေရဲ့ နာမည်ကို မမေးရသေးဘူးနော်.. မကြာ သေးခင်က ကျွန်တော်တို့ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှာ..."
ဝုန်း
သူ၏ မြှောက်ပင့်စကားများ မဆုံးခင်မှာပင် ဖိနှိပ်သော အရှိန်အဝါတစ်ခု ဟူရှို့အပေါ်သို့ ကျဆင်းလာသည်။ ချက်ချင်းပင် ဟူရှို့၏ မျက်နှာ ဖြူဖျော့သွားပြီး ချွေးစေးများ ပြန်လာကာ ခေါင်းထဲမှာ ချာချာလည်သွားပြီး ဘာမှ မစဉ်းစားနိုင်တော့ပေ။
တာအိုကိုယ်ပွားရုပ်သေးက အေးစက်စက် မာန်မဲလိုက်၏။
"ပေါက်ကရတွေ ပြောလို့ ပြီးပြီလား... ပြီးရင် ပါးစပ် ပိတ်ထားလိုက်တော့"
"မင်းတို့ ပိုင်ယွဲ့ အင်မော်တယ်မြို့တော် ဝိညာဉ် ခန်းမဆောင်မှာ ပစ္စည်း လာလေလံတင်တာကို မင်းတို့လို လူတွေက စစ်ဆေးရမယ်လို့ ဘယ်တုန်းက သတ်မှတ်လိုက်တာလဲ"
တာအိုကိုယ်ပွားရုပ်သေး၏ ဒေါသများ မြင့်တက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။
“ဝုန်း”
ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသော အသံကြောင့် ဟူရှို့ခမျာ လန့်ဖျပ်သွားပြီး နောက်သို့ ယိုင်လဲသွားကာ ဖင်ထိုင်လျက် လဲကျလုနီးပါး ဖြစ်သွားရှာလေ၏။
ဟူရှို့တစ်ယောက် လုံးဝ ကြောင်အသွားတော့သည်။