ဆိုရှယ်ကျသူ လီပင်ချန်း
Vol. 6 Ch. 80
~သူ့နောက်မှ ဝင်လာသော ချီစွမ်းအင်စုစည်းခြင်း (၉) ဆင့်ရှိသည့် ခန်းမဆောင်အစေခံခမျာ ရုပ်သေး၏ ကိုယ်ထည်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ကောင်းလှသည့် စွမ်းအားပေါက်ကွဲမှုကို ခံစားလိုက်ရပြီး ကြောက်လွန်း၍ လဲကျမတတ် ဖြစ်သွားရှာလေ၏။
ဤရုပ်သေးက ဒုတိယအဆင့် သားရဲပစ္စည်းများကို အမြုတေအဖြစ် အသုံးပြု၍ တည်ဆောက်ထားခြင်း မဟုတ်ပါလော။
ပို၍ နက်ရှိုင်းသော အတွင်းပိုင်းတွင်ဆိုလျှင် အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်၊ သို့မဟုတ် တုပအမြုတေအဆင့် သားရဲတစ်ကောင်၏ ဝိညာဉ်တောင် ရှိနေနိုင်သေး၏။
ဤသို့ ဒေါသတကြီး ပေါက်ကွဲလိုက်သော အခိုက်အတန့်တွင် အခြေခံတည်ဆောက်ခြင်း ပထမအဆင့်ရှိသည့် ဟူရှို့တောင်မှ ဤပြင်းထန်သော အရှိန်အဝါကို မခံနိုင်ဘဲ အကြီးအကျယ် တုန်လှုပ်သွားခဲ့ရပေသည်။
ချီစွမ်းအင်စုစည်းခြင်း (၉) ဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ရုပ်သေး၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရလျှင် ဘယ်လိုလုပ် ခံနိုင်ရည် ရှိပါအံ့နည်း။
သူ့ခမျာ တစ်ခဏတာ ကြောက်လန့်တကြား ဖြစ်သွားရရှာပေသည်။
ထို့နောက် သူက သွားကိုစေ့၊ တုန်ယင်နေသော ခန္ဓာကိုယ်ကို ထိန်းရင်း ရုပ်သေးကို ချော့မော့ရန် ကြိုးစားလိုက်လေ၏။
"စိတ်လျှော့ပါ စီနီယာရယ်... ကျွန်တော်တို့က မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူးဗျ... ဟူက မိတ်ဖွဲ့ချင်ရုံ သက်သက်ပါ"
ရုပ်သေးကို ချော့မော့ရန် ကြိုးစားနေရင်း ဟူရှို့က ကြောက်ရွံ့ခြင်း၊ လေးစားခြင်းတို့ ရောပြွမ်းနေသော မျက်လုံးများဖြင့် ကြည့်နေမိ၏။
ဤအချိန်တွင် ခန်းမဆောင်၏ တတိယထပ်က အခန်းတစ်ခန်းထဲမှာတော့...
လူငယ်တပည့်တစ်ယောက်က မျက်မှောင်ကြုတ်ပြီး သူ့ရှေ့က အကြီးအကဲကို မေးလိုက်လေ၏။
"အကြီးအကဲ... ကျွန်တော်တို့ ဝင်မပါတော့ဘူးလား... သူတို့ကို ဒီတိုင်း ဆူညံခွင့် ပေးထားလိုက်မှာလား... ကျွန်တော်တို့ ခန်းမဆောင်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းနိုင်တယ်နော်"
တပည့်ဖြစ်သူ၏ စိုးရိမ်မှုများကို ဖြေရှင်းပေးသည့်အနေဖြင့် ခန်းမဆောင်၏ အကြီးအကဲက ဝိညာဉ်လက်ဖက်ရည်ကို အေးအေးလူလူ သောက်ရင်း ပြန်ဖြေလိုက်၏။
"ပွဲကြမ်းလေ ကောင်းလေပေါ့ကွ... အသံပိုကျယ်လေ ပိုကောင်းလေပဲ... ပြဿနာ မတက်မှသာ ဒုက္ခရောက်မှာ"
တပည့်ဖြစ်သူ၏ မျက်နှာပေါ်က ဇဝေဇဝါဖြစ်မှုကို မြင်သော် အကြီးအကဲက ဆက်ပြောပြလေ၏။
"ခြိမ်းခြောက်မှု မရှိတဲ့ အမှန်တရားခန်းမဆောင်ဆိုတာ ဆွဲဆောင်မှု မရှိဘူး... အနည်းဆုံးတော့ ခန်းမဆောင်သခင်က ဒါကို မကြိုက်ဘူး... ဒါပေမယ့်၊ အရင်တုန်းက သူ ဘာမှ မလုပ်နိုင်ခဲ့ဘူးလေ"
"အခုတော့ ခန်းမဆောင်သခင်ရော၊ ဒုတိယခန်းမ သခင်ရော၊ မြို့စားမင်းရော အင်မော်တယ်မြို့တော်ထဲမှာ မရှိကြဘူး... သူက သူ့ရဲ့ ရည်မှန်းချက်ကို နောက်ဆုံးတော့ ထုတ်ပြလာပြီပေါ့... ဒါ ကောင်းတဲ့ ကိစ္စပါ"
လူငယ်လေးခမျာ တွေးတောဟန် ရှိပေမဲ့ နားမလည်နိုင်သေးချေ။
သို့သော် ဆရာဖြစ်သူ၏ စကားများကို နားထောင်ရင်း ကြက်သီးများ ထလာမိ၏။ သိပ်နားမလည်သော်လည်း ဖုံးကွယ်ထားသော အန္တရာယ်ကိုမူ သူ အာရုံခံမိနေပေသည်။
သူ တံတွေးတစ်ချက် မျိုချလိုက်မိ၏။
"ဒါပေမဲ့..."
လူငယ်လေး၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားလေ၏။
"အခု သူ့ဆီမှာ ကျင့်ကြံသူတွေ အများကြီး ဝင်ရောက် ပူးပေါင်းနေကြပြီဆိုတော့ ခန်းမဆောင်သခင်က စိတ်မပူဘူးလား ခင်ဗျာ"
အကြီးအကဲက လှောင်ပြုံး ပြုံးလိုက်၏။
"အဲဒီလောက် မရိုးရှင်းပါဘူးကွာ... လူတွေရဲ့ စိတ်နှလုံးဆိုတာဟာ ထိန်းချုပ်ဖို့ လွယ်တဲ့ အရာမှ မဟုတ်တာ"
"သူ့ရဲ့ နည်းလမ်းနဲ့ ပြောရရင်၊ တန်ပြန်သက်ရောက်မှု မရှိရင်တောင် အင်မော်တယ်မြို့တော်ရဲ့ ကောင်းချီးမင်္ဂလာလို့ ပြောရလိမ့်မယ်"
"တစ်ခါတလေကျရင် အစားများပြီး ရင်ခံသေတတ်တယ်ကွ... သူများအတွက် အချောင် လိုက်လုပ်ပေးသလို ဖြစ်သွားမှာ"
ထို့နောက် ခန်းမဆောင် အကြီးအကဲက တာဝန်ရှိသူများ အားလုံးကို ဆုတ်ခွာနေရန်နှင့် အောက်က အခြေအနေကို လစ်လျူရှုထားရန် အမိန့်ပေးလိုက်လေ၏။
ဒုတိယထပ်မှာတော့...
ရုပ်သေးက ဟူရှို့ကို အေးစက်စက် အကြည့်နှင့် စိုက်ကြည့်နေပြီး သူ၏စွမ်းအားကို ပြန်လည် ရုပ်သိမ်းလိုက်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
"ကျုပ်က လေလွင့်နေတဲ့ တာအိုဆရာ တစ်ယောက်ပါ... မိတ်ဆွေဖွဲ့စရာ မလိုပါဘူး"
ရုပ်သေး၏ ဖိနှိပ်မှုအောက်တွင် ကြောက်လန့်နေခဲ့သော ဟူရှို့တစ်ယောက် ပုံမှန်ပြန်ဖြစ်ရန် အချိန်အတော်ကြာ ယူလိုက်ရပေသည်။ သူ့မျက်နှာက ဖြူဖျော့နေသော်လည်း အပြုံးတစ်ခုကို ဖျစ်ညှစ်ထားရရှာ၏။
သူ နောက်ထပ် စကားတစ်ခွန်းမှ မဟရဲတော့ဘဲ ရုပ်သေးအတွက် အခြေခံတည်ဆောက်ခြင်းဆေးလုံး လေလံတင်ရန် စိစစ်ခြင်း လုပ်ငန်းစဉ်များကို အမြန်ဆုံး ဆောင်ရွက်ပေးလိုက်ရလေ၏။
လက်မှတ်ကို ရုပ်သေးဆီ လေးလေးစားစား ကမ်းပေးပြီး "စီနီယာ" ဟုတောင် ခေါ်လိုက်ရသေး၏။
"နောက်တစ်ခါ သတိထားနော်"
ရုပ်သေးက အဆိုပါစကားတစ်ခွန်း ထားရစ်ခဲ့ပြီး လက်မှတ်ကို ယူကာ ထွက်ခွာသွားလေ၏။
ထိုအခါမှ ဟူရှို့တစ်ယောက် သက်ပြင်းချနိုင်တော့၏။ အဆိုပါအချိန်ကျမှ သူ့ကျောပြင်တစ်ခုလုံး ချွေးများ ရွှဲနေပြီး ခြေထောက်များ ပျော့ခွေနေသည်ကို သတိထားမိလိုက်ပေသည်။
'ငလူး'
ဟူရှို့တစ်ယောက် စိတ်ထဲမှ ကြိတ်၍ ဆဲရေးလိုက်မိ၏။ သူ့မျက်နှာတွင် အရှက်ရမှုများ အပြည့်နှင့်ပေါ့။ ဤတစ်ခါတော့ တကယ့်ကို မျက်နှာ ပျက်ရပြီ ဖြစ်သည်။
သို့သော် ရုပ်သေး၏ ကြောက်မက်ဖွယ် စွမ်းအားကို ပြန်တွေးမိသော် ဟူရှို့ ရင်ထဲတွင် စူးအောင့်သွားပြီး လက်စားချေရန်တောင် မစဉ်းစားရဲတော့ပေ။
အကယ်၍ အဆင့်တူ ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် သူ့မျက်နှာ ပြန်ဖော်နိုင်ကောင်း ဖော်နိုင်လိမ့်မည်။
သို့သော် ဤသို့ ကြောက်စရာကောင်းသော သတ္တဝါမျိုးကို လက်စားချေရန် ကြိုးစားခြင်းက ကိုယ့်သေတွင်း ကိုယ်တူးခြင်းနှင့် အတူတူပင် မဟုတ်ပါလော။
ဤအချက်ကို သူ ကောင်းကောင်းကြီး သိနေပေသည်။
တခြားတစ်နေရာမှာတော့...၊
ခန်းမဆောင်မှ ထွက်လာပြီးနောက် ရုပ်သေးက နောက်ကို ပြန်မကြည့်ဘဲ လူအုပ်ကြီးထဲသို့ ကိုယ်ယောင်ဖျောက်သွားလိုက်၏။ လမ်းကြားလေး တစ်ခုထဲ ဝင်ရောက်ပြီးနောက် အစိမ်းရောင် သစ်သား နှစ်ပတ်လည်ကွင်းကျင့်စဉ်ကို အသုံးပြုပြီး သူ၏အရှိန်အဝါကို အရင်ဆုံး သန့်စင်လိုက်ပေသည်။ ပြီးမှ ဒုတိယအဆင့် ပုန်းကွယ်ခြင်းအဆောင်နှင့် ဒုတိယအဆင့် ကိုယ်ပျောက်အဆောင်ကို အသက်သွင်းလိုက်လေ၏။
သူ၏ပုံရိပ်က ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့၏။
ဆေးလုံးမျှော်စင်မှာတော့...
ဟူရှို့ တစ်ယောက် ခွေးလို ယဉ်ပါးသွားသည်ကို မြင်သော် စုယွီ ခေါင်းခါလိုက်မိပေသည်။
'နေရာမှန် ပြန်ရောက်သွားတာပေါ့'
အားနည်းသူကိုသာ အနိုင်ကျင့်တတ်သော ဒီကောင်က ယခုလို ဖြစ်ခြင်းမှာ နည်းတောင် နည်းသေး၏။
ဒါက လောလောဆယ် အတိုးနည်းနည်း ယူလိုက်ခြင်းဟုပင် သဘောထားလိုက်ရမည် ဖြစ်သည်။
ရုပ်သေးက ထွက်ခွာသွားပြီးနောက် ချက်ချင်း ပြန်မလာသေးပေ။ ပုံပန်းသဏ္ဌာန် ပြောင်းလဲပြီး တခြားနေရာက တည်းခိုခန်းတစ်ခုတွင် အခန်းငှားလိုက်လေ၏။
ကိုယ်ပျောက်အဆောင်နှင့် တခြား နည်းဗျူဟာများ သုံးထားသော်လည်း သူ၏ အာရုံခံမှုကို ရှောင်လွှဲပြီး ရုပ်သေးနောက်ကို လိုက်နိုင်သည့်သူ ရှိနေမလားဆိုသည်မှာ မည်သူ သိနိုင်အံ့နည်း။
ထို့ကြောင့် လောလောဆယ် ရုပ်သေးကို ပြန်မခေါ်သေးရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
လေလံပွဲရက် နီးကပ်လာသည်နှင့်အမျှ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါးကြောင့် ပျောက်ကွယ်နေခဲ့သည့် မိသားစုကြီးများနှင့် အင်အားစုကြီးများက တပည့်များ ပြန်လည် ပေါ်ထွက်လာကြပြီး ပိုင်ယွဲ့ အင်မော်တယ်မြို့တော်ကို အသက်ပြန်ဝင်လာစေခဲ့၏။
ဤကာလအတွင်းမှာ ထိုပုဂ္ဂိုလ်များ ပြန်ရောက်လာကြခြင်းမှာ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါးမှ ဆုလာဘ်တချို့ ရရှိခဲ့ကြပြီး ဝိညာဉ်ခန်းမဆောင်၏ (၅) နှစ်တစ်ကြိမ် လေလံပွဲတွင် လာရောက် ရောင်းချချင်ကြသောကြောင့်ဖြစ်ကြောင်း စုယွီ သိရှိလိုက်ရပေသည်။
ဤသတင်း ကြားသော် စုယွီတစ်ယောက် မျှော်လင့်ချက်များ တက်ကြွလာမိ၏။
'ဘယ်လို ပစ္စည်းကောင်းတွေများ ပါလာမလဲ မသိဘူး'
တစ်နေ့သ၌...
စုယွီ၊ ယွီခယ်အာ၊ ယွီချန်ချင်းနှင့် လီပင်ချန်းတို့ ဝိညာဉ်ခန်းမဆောင်ဆီ အတူတူ ထွက်လာကြလေ၏။
လမ်းတွင် လီပင်ချန်းက လေသံတိုးတိုးနှင့် ပြောလိုက်၏။
"ဒီရက်ပိုင်း သတင်းတွေ အများကြီး ကြားမိတယ်ဗျ... အဲဒီအထဲမှာ မိစ္ဆာလမ်းစဉ်က ဘာလို့ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါးကို စိတ်ဝင်စားလဲဆိုတဲ့ ကောလာဟလတွေလည်း ပါတယ်။"
စုယွီက လီပင်ချန်းကို ကြည့်လိုက်ပေသည်။ သူ၏ စုံစမ်းမှုအရ လီပင်ချန်း၏ ဒုတိယအဆင့် ကနဦး အဆင့် ဆေးပညာစွမ်းရည်က တကယ့်ကို ဆိုးရွားလှ၏။ သာမန် ဒုတိယအဆင့် ကနဦး အဆင့် ဆေးလုံးများ ဖော်စပ်လျှင်တောင် အောင်မြင်မှုနှုန်းက (၁၀) ရာခိုင်နှုန်း အောက်မှာသာ ရှိပေသည်။
အကယ်၍သာ သူ့ဘာသာ ဆေးဖော်ရောင်းမည်ဆိုလျှင် သေချာပေါက် ရှုံးပြီး မွဲပြာကျသွားမည်မှာ သေချာ၏။
ထို့ကြောင့်လည်း လီပင်ချန်းက ကိုယ်ပိုင်ဆိုင် မဖွင့်ဘဲ ယွီမိသားစု၏ အကူအညီနှင့် စုယွီကို ရှာဖွေခဲ့ခြင်း ဖြစ်ပေမည်။
သို့သော် လီပင်ချန်းမှာလည်း သူ့အားသာချက်နှင့်သူ ရှိပေသည်။ ဥပမာ - လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် သတင်းအချက်အလက် စုဆောင်းခြင်းမျိုးပေါ့။
(၃) လခန့် အချိန်တိုလေးအတွင်းမှာပင် လီပင်ချန်းက ဆေးလုံးမျှော်စင် ပတ်ဝန်းကျင်က ဈေးသည်များ အားလုံးနီးပါးနှင့် ရင်းနှီးနေပြီ ဖြစ်ပေသည်။ အနီးနားက ဆိုင် (၁၀) ဆိုင်ကျော်က ပိုင်ရှင်များနှင့်လည်း မိတ်ဆွေဖွဲ့ပြီးသား။ သူကတော့ တကယ့်ကို ဆိုရှယ်ကျသူ ပါပေ။
စုယွီကတော့...
ဆေးလုံးမျှော်စင် ဖွင့်ထားခြင်းမှာ ဤမျှ ကြာမြင့်သော်လည်း ဘေးအိမ်က ဆိုင်ပိုင်ရှင်ကိုပင် ကောင်းကောင်း မမြင်ဖူးသေးချေ။
ဒါက ကွာခြားချက်ပါပဲ။
စုယွီက အံ့အားသင့်စွာနှင့် မေးလိုက်၏။
"ဘာအကြောင်းရင်းတဲ့လဲ"
လီပင်ချန်းက တိုးတိုးလေး ဖြေလိုက်ပေသည်။
"ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါးရဲ့ လျှို့ဝှက်နည်းလမ်းတစ်ခုကြောင့်လို့ ကြားတယ်ဗျ... အဲဒီနည်းလမ်းက မိစ္ဆာလမ်းစဉ်အပေါ် ထူးဆန်းတဲ့ အကျိုးသက်ရောက်မှု ရှိပြီး မိစ္ဆာလမ်းစဉ် ကျင့်ကြံခြင်းရဲ့ အားနည်းချက်တွေကို ဖြေဖျောက်ပေးနိုင်တယ်လို့ ဆိုကြတယ်... ရှေးဟောင်းခေတ်တုန်းကတောင် မရေမတွက်နိုင်တဲ့ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ အထူးကျင့်စဉ် တစ်ခုတဲ့ဗျ"
စုယွီ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရ၏။
'မိစ္ဆာလမ်းစဉ် ကျင့်ကြံခြင်းရဲ့ အားနည်းချက်တွေကို ဖြေဖျောက်ပေးနိုင်တယ် ဟုတ်လား... အဲဒါ ဖြစ်နိုင်လို့လား... ဘယ်လို အထူးကျင့်စဉ်ကများ အဲဒီလောက် စွမ်းအားကြီးတာလဲ'
လီပင်ချန်းက ဆက်ပြောလာလေ၏။
"ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် လို့ ကြားတာပဲ"
လီပင်ချန်း ရုတ်တရက် ကျောချမ်းသွားရသည်။
"အိုး... ရာသီဥတုကလည်း ဘာလို့ ရုတ်တရက် အေးသွားရတာလဲ"
သူ၏ တုန်လှုပ်မှုကို ဖိနှိပ်ထားရင်း စုယွီက မေးလိုက်၏။
"သူတို့ တွေ့သွားကြလားဗျ"
လီပင်ချန်းက ခေါင်းခါလိုက်ပေသည်။
"တွေ့ပုံ မရဘူးဗျ... တရားသော လမ်းစဉ်က လူတွေလည်း လိုက်ရှာနေကြတာပဲ... ဒါပေမဲ့ ဘယ်သူမှ တွေ့ပုံ မရပါဘူး"