ဝိညာဉ်ကာကွယ်ရေး ချပ်ဝတ်
Vol. 6 Ch. 81
~ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးများကို ရှာဖွေရေး လုပ်ငန်းများမှာမူ ဆက်လက် လုပ်ဆောင်နေကြဆဲ ဖြစ်ပေသည်။ တချို့နေရာများတွင် ကျန်ရှိနေသည့် အခင်းအကျင်းများနှင့် ကန့်သတ်ချက်များမှာ ချိုးဖျက်ရန် သိပ်မလွယ်ကူသောကြောင့် အချိန်ယူနေရခြင်း ဖြစ်၏။
ယွီခယ်အာ ပြောဖူးသည့်အတိုင်းဆိုလျှင် ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးများ၏ ရှုပ်ထွေးမှုများ ပြီးဆုံးသွားရန် နောက်ထပ် (၇) နှစ်၊ (၈) နှစ်ခန့် ကြာဦးမည်ဟု ဆိုပေသည်။
တကယ်တမ်းမူ အဆိုပါထက်ပင် ပိုကြာနိုင်ပါသေး၏။ အပျက်အစီးများထဲမှ အခင်းအကျင်းများနှင့် ကန့်သတ်ချက်များ၏ အဆင့်အတန်းအပေါ် မူတည်၍ ဖြစ်ပေသည်။
ဤအပျက်အစီးများထဲမှ အခွင့်အရေးများအတွက် ပိုင်ယွဲ့ အင်မော်တယ်မြို့တော်မှ ဆရာသခင် ပိုင်ယွဲ့၊ အကြီးအကဲ ထျန်းဖူနှင့် နတ်သမီး ဖုန်းလင်းတို့ပင် မြို့တော်မှ ထွက်ခွာသွားကြပြီး ယခုထက်တိုင် ပြန်မရောက်လာကြသေးချေ။
သူတို့ (၄) ယောက် ဝိညာဉ်ခန်းမဆောင်ဆီ ဆက်လက် ထွက်ခွာလာကြလေ၏။
လီပင်ချန်းက စကားစလိုက်၏။
"ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါးမှာ ရှေးဟောင်းရတနာတွေ အပြည့်ရှိတယ်လို့ ကြားတယ်ဗျ... အဲဒီအထဲမှာ ဝိညာဉ်တောင်တန်းတစ်ခုလည်း ပါသတဲ့... အဲဒီတောင်ပေါ်မှာ ရှားပါးတဲ့ ဝိညာဉ်ဆေးပင်တွေ အများကြီး ရှိတယ်တဲ့ဗျ... အခြေခံတည်ဆောက်ခြင်း ဆေးလုံး၊ ရွှေရောင်အမြုတေ ဆေးလုံး၊ ပြီးတော့ မူလဝိညာဉ် ဆေးလုံးတွေ ဖော်စပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေတောင် ရှိတယ်လို့ ဆိုကြတယ်"
"တခြား နေရာတွေဖြစ်တဲ့ သိုင်းကျမ်းတောင်တန်း၊ ဆေးပညာတောင်တန်း၊ လက်နက်တောင်တန်းတွေမှာလည်း မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေ ရှိနေသတဲ့ဗျ"
"ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက အဲဒီနေရာ တော်တော်များများကို အင်အားကြီး အဖွဲ့အစည်းတွေက ပိတ်ဆို့ထားကြပြီ"
ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါးမှ ဝိညာဉ်တောင်တန်းများအကြောင်း ကြားရသော် စုယွီ စိတ်လှုပ်ရှားသွားမိ၏။
အထူးသဖြင့် အခြေခံတည်ဆောက်ခြင်း ဆေးလုံး၊ ရွှေရောင်အမြုတေ ဆေးလုံးနှင့် မူလဝိညာဉ် ဆေးလုံးများ ဖော်စပ်ရန် လိုအပ်သည့် ဝိညာဉ်ဆေးပင်များအကြောင်း ကြားရသည့်အခါ စုယွီ၏ရင်ထဲတွင် ပြင်းပြသော လိုချင်တပ်မက်မှုများ ခဏတာ ဖြစ်ပေါ်လာရပေသည်။
အဆိုပါအရာများကို ထိန်းချုပ်ထားနိုင်လျှင် ကျင့်ကြံသူများ၏ တိုးတက်မှုကို လက်ဝါးကြီးအုပ်ထားနိုင်ခြင်းနှင့် အတူတူပင် မဟုတ်ပါလော။
ယင်းတို့မှာ အင်အားကြီး အဖွဲ့အစည်းတိုင်း၏ အဓိက အခြေခံအုတ်မြစ်များမှ မရှိမဖြစ် အစိတ်အပိုင်းများပင် ဖြစ်ပေသည်။
ဥပမာအားဖြင့် ယွီမိသားစုနှင့် ကျန်းမိသားစုတို့ လုနေကြသော ကောင်းကင်ဝိဉာဉ် ဝိညာဉ်သစ်သီးကဲ့သို့ပေါ့။
သို့သော် မကြာမီမှာပင်...
စုယွီက သူ၏ လောဘများကို ဖိနှိပ်လိုက်နိုင်ခဲ့၏။ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်က သူ၏စိတ်ကို ကြည်လင်သွားစေသောကြောင့် ဖြစ်ပေသည်။
'ကိုယ့်ကိုယ်ကိုယ် မေ့ပျောက်တော့မလို့ပဲ... လောဘကြီးတာ မကောင်းပါဘူး... အင်အားမရှိဘဲ လောဘကြီးတာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ'
သူက ကိုယ့်ဘာသာ ကျင့်ကြံရန်သာ အာရုံစိုက်သင့်ပေသည်။ အင်အား ကြီးမားလာလျှင် အဆိုပါ ရတနာများမှာ အလိုလို ရောက်ရှိလာမည်သာ မဟုတ်ပါလော။
တခြားအရာများ ထားလိုက်ပါဦး... အကယ်၍ သူသာ အမြုတေဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်၊ သို့မဟုတ် မူလဝိညာဉ်အဆင့်သို့ ရောက်ရှိသွားခဲ့လျှင် ယွင်ကျန်းဂိုဏ်း၊ ပိုင်ယွဲ့ အင်မော်တယ်မြို့တော်တို့ကဲ့သို့ အင်အားစုများကို စိတ်ကြိုက် ထိန်းချုပ်နိုင်မည်မှာ သေချာ၏။ အဆိုပါအချိန်တွင် ပစ္စည်းအနည်းငယ် လိုချင်သည်မှာ ဘာခက်ခဲပါအံ့နည်း။
စကားစမြည် ပြောနေရင်း လီပင်ချန်းက ကျန်းမိသားစုနှင့် ဟွမ်မိသားစုအကြောင်း ထည့်ပြောလိုက်လေ၏။
"ကျန်းမိသားစုက အခင်းအကျင်းအလံတွေ ဖန်တီးဖို့ သင့်တော်တဲ့ ဝိညာဉ်သတ္တုတွင်းတစ်ခု တွေ့ထားတယ်လို့ ကြားတယ်ဗျ... ဟွမ်မိသားစုကတော့ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါးထဲက ဝိညာဉ်ဝါးတောတစ်ခုကို မျက်စိကျနေသတဲ့... ယွီမိသားစုကတော့ ရှားပါး သွေးမျိုးဆက်ရှိတဲ့ မိစ္ဆာသားရဲအုပ်စုကို တွေ့ထားပုံ ရတယ်"
"ဒါပေမဲ့ အဲဒီ အခွင့်အရေးတွေကို ပိုင်ဆိုင်ဖို့က လွယ်မှာ မဟုတ်ဘူး... ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါးထဲမှာ စွန့်စားနေကြတဲ့ အင်အားစုတွေ အများကြီး ရှိတယ်... နောက်ဆုံး အောင်ပွဲရမယ့်သူကတော့ အင်အားအကြီးဆုံးသူပဲ ဖြစ်မှာပေါ့"
ယွီ၊ ကျန်း၊ ဟွမ် စသည့် မိသားစုများမှာ ယွင်ကျန်းဂိုဏ်း နယ်မြေထဲမှ အင်အားကြီး ကျင့်ကြံသူ မိသားစုများ ဖြစ်ကြကုန်၏။
သို့သော် ပိုင်ယွဲ့ အင်မော်တယ်မြို့တော်၊ ခိုင်ရန် နန်းတော်၊ ဓားမြို့တော် ချင်မိသားစုနှင့် တာ့ယွဲ့ဂိုဏ်းတို့၏ လက်အောက်တွင်လည်း ဤကဲ့သို့ ကျင့်ကြံသူ မိသားစုများစွာ ရှိနေပါသေးသည်။
တာ့ယွဲ့ဂိုဏ်း လက်အောက်တွင်ဆိုလျှင် ယွင်ကျန်းဂိုဏ်းနှင့် ပိုင်ယွဲ့ အင်မော်တယ်မြို့တော်တို့ထက်ပင် အင်အားကြီးသော ကျင့်ကြံသူ မိသားစုများ ရှိနေသည်ကိုး။
ဝိညာဉ်ခန်းမဆောင်သို့ ရောက်သည့်အခါ...
သူတို့အဖွဲ့ လေလံခန်းမ၏ ဒုတိယထပ်တွင် သီးသန့်အခန်းတစ်ခန်း ရရှိလိုက်ကြ၏။ ဝိညာဉ်ခန်းမဆောင် လေလံပွဲမှာမူ ရှေးဟောင်းဂိုဏ်း၏ ရတနာများကို လေလံတင်မည်ဟူသော သတင်းကြားသဖြင့် ရောက်ရှိလာကြသည့် ကျင့်ကြံသူများနှင့် ပြည့်နှက်နေပြီ ဖြစ်ပေသည်။
ဒုတိယထပ်နှင့် တတိယထပ်ရှိ အခန်းအများစုတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ အရှိန်အဝါများ လွှမ်းခြုံနေလေ၏။
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် လေလံပွဲ တရားဝင် စတင်ပါတော့၏။
ပထမဆုံး လေလံတင်သော ရတနာမှာ အဆင့်မြင့် မှော်လက်နက်တစ်ခု ဖြစ်ပေသည်။
အောက်ဘက်မှ လေလံတင်သူက စိတ်အားထက်သန်စွာဖြင့် မိတ်ဆက်ပေးလိုက်၏။
"ဧည့်သည်တော်ကြီးတ်ို့၊ ဒါက ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါးရဲ့ ရှေးဟောင်း အပျက်အစီးတွေက ရရှိထားတဲ့ ရတနာတစ်ခုပါ... ဝိညာဉ်ကာကွယ်ရေး ချပ်ဝတ်လို့ ခေါ်တဲ့ အဆင့်မြင့် မှော်လက်နက်ပါ... ရှားပါးတဲ့ ဝိညာဉ်ကာကွယ်ရေး ကျောက်တုံးကို အဓိက ပစ္စည်းအဖြစ် အသုံးပြုပြီး ဖန်တီးထားတာပါ... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများစုရဲ့ ဝိညာဉ်စွမ်းအင်ကို ခုခံနိုင်ရုံသာမက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတချို့ရဲ့ တိုက်ခိုက်မှုတွေကိုတောင် လျှော့ချပေးနိုင်ပါတယ်"
"ဒါဟာ တကယ့်ကို ထိပ်တန်း ကာကွယ်ရေး ချပ်ဝတ်တစ်ခု ဖြစ်ပြီး အခြေအနေကလည်း ပြီးပြည့်စုံနေပါတယ်"
"ကြမ်းခင်းဈေးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂,၀၀၀) ပါ... ဈေးခေါ်တိုင်း အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) ထပ်ပေါင်းရပါမယ်ခင်ဗျာ"
ဤချပ်ဝတ်ကို မြင်လိုက်သော် စုယွီ ဝမ်းသာသွားမိ၏။ ဤသည်မှာ ပစ္စည်းကောင်းပင် ဖြစ်သည်။
ချပ်ဝတ်၏ ကာကွယ်နိုင်စွမ်းက အတော်လေး ကောင်းမွန်သည့်အပြင် ရှေးဟောင်း နတ်ဘုရားဂိုဏ်းဟူသော ခေါင်းစဉ်ကြောင့် လေလံပွဲ အရှိန်အဟုန်က ပိုမို မြင့်တက်လာပြီး ဈေးနှုန်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃,၆၀၀) အထိ လျင်မြန်စွာ ရောက်ရှိသွားခဲ့ပေသည်။
နှစ်ကြိမ်ခန့် ဈေးပြိုင်ခေါ်ပြီးနောက် စုယွီက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၄,၃၀၀) ဖြင့် ဝယ်ယူနိုင်ခဲ့လေ၏။
ဈေးနှုန်းက အနည်းငယ်တော့ ကြီးမားလှ၏။
သို့သော် ဤချပ်ဝတ်က အမှန်တကယ်ပင် ဝိညာဉ်ကာကွယ်ရေး ကျောက်တုံးဖြင့် ဖန်တီးထားခြင်းဆိုလျှင်မူ တန်ဖိုးရှိလှပေသည်။ နောက်တစ်ခါ ဤကဲ့သို့ အခွင့်အရေးမျိုး ရနိုင်ရန် ခဲယဉ်းသောကြောင့် ဖြစ်ပေသည်။
ဘေးနားတွင် ထိုင်နေသည့် လီပင်ချန်းမှာမူ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေရှာ၏။ မိတ်ဆွေစုက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်သည်မှာ မကြာသေးချေ။ ယခုကဲ့သို့ ငွေပမာဏ အများကြီး သုံးစွဲ၍ အဆင့်မြင့် မှော်ချပ်ဝတ် ဝယ်ယူလိုက်ခြင်းမှာ တော်တော်လေး ဖြုန်းတီးရာ မကျပါလော။
အနည်းဆုံးတော့ သူသာဆိုလျှင် ဤသို့ မလုပ်ရဲပါပေ။
အလယ်အလတ်အဆင့် အဆင့်မြင့် မှော်လက်နက် တစ်ခု ဝယ်ယူရန်ပင် သူ သေချာ စဉ်းစားရဦးမည် ဖြစ်သည်။
သို့သော် ယွီချန်ချင်းနှင့် ယွီခယ်အာတို့အတွက်မူ မထူးဆန်းလှပေ။ ဤသို့ အသက်ကယ်နိုင်သော ချပ်ဝတ်မျိုးကို စုယွီ စိတ်မဝင်စားမှသာ ထူးဆန်းနေမည် ဖြစ်၏။
လေလံပွဲ ဆက်လက် ကျင်းပနေပြီး ရတနာများ တစ်ခုပြီးတစ်ခု ပွဲထွက်လာသည်။ ရှေးဟောင်းနယ်မြေမှ ရရှိသော ရတနာ အများအပြားကြောင့် လေလံပွဲ၏ အရှိန်အဝါက ပိုမို မြင့်တက်လာခဲ့ပေသည်။
လေလံပွဲ နှောင်းပိုင်းရောက်သော် အဆင့်မြင့် မှော်လက်နက် (၁၀) ခု ဆက်တိုက် ထွက်ပေါ်လာသောကြောင့် ပွဲကြည့်သူ ကျင့်ကြံသူများ ဟာခနဲ၊ ဟင်ခနဲ ဖြစ်ကုန်ကြ၏။
ယွီခယ်အာက မူလက ဘာမှ လေလံဆွဲရန် အစီအစဉ် မရှိသော်လည်း လေးပုံသဏ္ဌာန် အဆင့်မြင့် မှော်လက်နက်တစ်ခုကို မြင်လိုက်ရသည်နှင့် မျက်စိကျသွားတော့သည်။
လေးပုံသဏ္ဌာန် မှော်လက်နက်များက ရှားပါးပြီး အသုံးပြုသည့် ကျင့်ကြံသူ နည်းပါးသောကြောင့်...
ယွီခယ်အာက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃,၅၀၀) ဖြင့် အလွယ်တကူ ရရှိသွားခဲ့လေ၏။
နောက်ပိုင်း အဆင့်မြင့် မှော်လက်နက် လေလံပွဲများတွင်မူ စုယွီ ဝင်မပါတော့ချေ။
သို့သော် တခြား အခန်းတစ်ခန်းတွင် ရှိနေသည့် တာအိုကိုယ်ပွားရုပ်သေးကမူ ရေနဂါးလှံရှည်ဟု ခေါ်သော အဆင့်မြင့် မှော်လက်နက်တစ်ခုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃,၉၀၀) ဖြင့် ဝယ်ယူလိုက်လေ၏။
ရေနဂါးလှံရှည်မှာ ရေနဂါး ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းတော့ မဟုတ်ပေ။ သို့သော် နဂါးအသွင် ပြောင်းခါနီး မိစ္ဆာသားရဲတစ်ကောင်၏ အဆီအနှစ်များ သွန်းလောင်းထားပုံ ရပြီး ကြောက်မက်ဖွယ် "ရေနဂါး" အရှိန်အဝါကို ထုတ်လွှတ်နိုင်သောကြောင့် မိစ္ဆာသားရဲများကို ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။
အဆင့်တူ ကျင့်ကြံသူများကိုပင် သက်ရောက်မှု ရှိနိုင်ပါသေးသည်။
ဒါက တကယ့်ကို ထူးခြားသည့် အဆင့်မြင့် မှော်လက်နက်တစ်ခုပင် ဖြစ်၏။
အဆင့်မြင့် မှော်လက်နက်များအပြင် တာအိုကိုယ်ပွားရုပ်သေးက သင့်တော်သော ပစ္စည်းတချို့၊ ဒုတိယအဆင့် အဆောင်များ ပြုလုပ်ရန် အလယ်အလတ်အဆင့် ပစ္စည်းများနှင့် အခြေခံတည်ဆောက်ခြင်း ဆေးလုံးအတွက် ပစ္စည်းများကိုပါ လေလံဆွဲခဲ့ပေသည်။ ပုံမှန်ထက် ပိုမိုများပြားသော ပမာဏဖြင့်ပင်။
တာအိုကိုယ်ပွားရုပ်သေးက ရေခဲနှလုံးသား ကြာပန်းတစ်ပွင့်နှင့် သန့်စင်သော မိစ္ဆာသားရဲ အမြုတေတစ်ခုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂,၈၀၀) ဖြင့် ရရှိခဲ့၏။
ဤအချိန်တွင် စုယွီ၏လက်ထဲ၌ တခြား အဓိက ပစ္စည်း (၃) မျိုး ရှိနေပြီးသားဖြစ်သဖြင့် အခြေခံတည်ဆောက်ခြင်း ဆေးလုံး တစ်ဖိုစာ ပြည့်ရန် ခုန်းလင် ဝိညာဉ်သစ်သီး တစ်လုံးသာ လိုတော့ပေသည်။
အခြေခံတည်ဆောက်ခြင်း ဆေးလုံးကိုမူ နောက်ဆုံးပိုင်းတွင် လေလံတင်ခဲ့ပေသည်။ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီး နယ်မြေကြောင့် အင်အားစုတချို့ ချမ်းသာသွားကြသောကြောင့်လား မသိ၊ ထိပ်တန်း အရည်အသွေးနီးပါး ရှိသော အခြေခံတည်ဆောက်ခြင်း ဆေးလုံး၏ ဈေးနှုန်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၉,၀၀၀) ကျော်အထိ လျင်မြန်စွာ ခုန်ပျံသွားခဲ့၏။
နောက်ဆုံး အောင်မြင်သွားသော ဈေးနှုန်းမှာမူ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၁,၉၀၀) ဖြစ်ပေသည်။
အခြေခံတည်ဆောက်ခြင်း ဆေးလုံး ရောင်းထွက်သွားပြီးနောက် စုယွီက တာအိုကိုယ်ပွားရုပ်သေးကို အရင် ထွက်ခွာခိုင်းလိုက်လေ၏။ ရုပ်သေးက လေလံဆွဲထားသော ပစ္စည်းများနှင့် လက်ကျန် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂,၇၀၀) ကို ယူဆောင်၍ ဝိညာဉ်ခန်းမဆောင်မှ ချက်ချင်း ထွက်ခွာသွားလေ၏။ ကိုယ်ပျောက်အဆောင်နှင့် ပုန်းကွယ်ခြင်းအဆောင်များ အသုံးပြု၍ သူ၏ ခြေရာများကို ဖျောက်ဖျက်လိုက်ခြင်း ဖြစ်ပေသည်။
နောက်ဆုံးတွင် သူက ပုံပန်းသဏ္ဌာန် ပြောင်းလဲပြီး တည်းခိုခန်းဆီ ပြန်သွားကာ စောင့်ဆိုင်းနေလိုက်၏။
လေလံပွဲ အဆုံးသတ်တွင်မူ ထိပ်တန်း အရည်အသွေးရှိသော မှော်လက်နက် "လက်ရာမြောက် ပလွေ" ကို လေလံတင်ခဲ့ပါသည်။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ဈေးနှုန်းကြီးမားလွန်းခြင်းနှင့် ပိုင်ယွဲ့ အင်မော်တယ်မြို့တော်တွင် တတိယအဆင့် ဂီတပညာရှင် မရှိခြင်းတို့ကြောင့် ရောင်းမထွက်ခဲ့ပါချေ။
လေလံပွဲ ပြီးဆုံးသွားသည့်အခါ စုယွီနှင့် တခြားသူများမှာ ဆေးလုံးမျှော်စင်တွင် လမ်းခွဲခဲ့ကြ၏။ သူတို့ မြို့ထဲ လျှောက်သွားကြပြီး စုယွီက သတ်မှတ်ထားသည့် နေရာတစ်ခုမှ ကိုယ်ပျောက်အဆောင် ကပ်ထားသော ချန်ခွန်းအိတ်ကို ယူဆောင်ကာ လမ်းကြားထဲမှ ခြံဝင်းဆီ ပြန်လာခဲ့လေတော့သည်။