ပါရမီရှင်
Vol. 6 Ch. 83
~ညချမ်းအချိန်ကာလ ဖြစ်လေ၏။ စုမိသားစု၏ အိမ်တော်အတွင်း၌ မီးအိမ်များ ထိန်ထိန်ညီးမျှ လင်းလက်နေပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပနေကြ၏။ မိသားစု၏ အဓိက အဖွဲ့ဝင်များနှင့် ကျင့်ကြံသူအများအပြား စုံညီစွာ တက်ရောက်နေကြလေ၏။
လွန်ခဲ့သော နှစ်အနည်းငယ်က စုယွီ ပြန်ရောက်လာစဉ်အချိန်၌ စုယွင်၊ စုချန်နှင့် စုရို့ဆုတို့မှာ မိသားစု၏ အကြီးအကဲများ ဖြစ်ခဲ့ကြ၏။ သို့သော် ယခုတစ်ခေါက် စုယွီ ပြန်ရောက်လာချိန်၌မူ အပြောင်းအလဲအချို့ ဖြစ်ပေါ်ခဲ့ပြီ ဖြစ်ပေသည်။ စုယွင်သည် ပထမ အကြီးအကဲ ရာထူးမှ အနားယူလိုက်ပြီး မိသားစု၏ "ပထမ ဘိုးဘေး" အဖြစ်သို့ ကူးပြောင်းသွားခဲ့လေပြီ။
စုယွင်၏ အသက်သည် (၁၀၆) နှစ် ရှိနေပြီ ဖြစ်၏။ သက်တမ်းရှည် ဆေးလုံးကို သုံးစွဲထားသည် ဆိုဦးတော့၊ သူ၏ လက်ကျန်သက်တမ်းမှာ နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်ခန့်သာ ကျန်ရှိတော့မည် ဖြစ်ပေသည်။ စုချန်နှင့် စုရို့ဆုတို့သည်လည်း ငယ်ရွယ်သူများ မဟုတ်ကြတော့ဘဲ အသက် (၁၀၀) ကျော်နေကြပြီ ဖြစ်လေ၏။
ထို့ကြောင့် လူငယ်မျိုးဆက် အကြီးအကဲ နှစ်ဦးကို ထပ်မံ ရွေးချယ် ခန့်ထားကြ၏။
တစ်ဦးမှာ စုဟယ် ဖြစ်ပြီး၊ နောက်တစ်ဦးမှာ စုကျင်း ဖြစ်ပေသည်။ သူတို့နှစ်ဦးစလုံးသည် အသက် (၆၀) ဝန်းကျင်သာ ရှိကြသေးပြီး မိသားစု၏ မျိုးဆက်သစ် ခေါင်းဆောင်များ ဖြစ်ကြလေ၏။ စုဟယ်သည် ယခုအခါ ချီစွမ်းအင် စုစည်းခြင်း (၉) ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ စုကျင်းမှာ (၈) ဆင့်၌ ရှိနေဆဲ ဖြစ်၏။
လက်ရှိ စုမိသားစု၏ ဖွဲ့စည်းပုံအရ စုချန်သည် ပထမ အကြီးအကဲ၊ စုရို့ဆုသည် ဒုတိယ အကြီးအကဲ၊ စုဟယ်သည် တတိယ အကြီးအကဲနှင့် စုကျင်းသည် စတုတ္ထ အကြီးအကဲ နေရာတို့ကို အသီးသီး ရယူထားကြလေ၏။ ညစာစားပွဲအတွင်း၌ စုယွီသည် စုဟယ်၊ စုကျင်းတို့နှင့် စကားလက်ဆုံ ကျနေမိ၏။
စုဟယ်သည် လက်ရှိတွင် မိသားစု၏ ဆေးခင်းများကို တာဝန်ယူ စောင့်ရှောက်ရသူ ဖြစ်သည်။ သူ၏ ပုံစံသည် ရိုးဖြောင့်သူ တစ်ဦးဟု ထင်ရသော်လည်း၊ အတွင်းစိတ်တွင်မူ ခေါင်းမာပြီး ဇွဲကြီးသူတစ်ဦး ဖြစ်ကြောင်း စုယွီ သတိထားမိလိုက်၏။ ဝိညာဉ်လမင်း ရေကန်ကို တာဝန်ယူထားရသော စုကျင်းမှာမူ ပို၍ ပါးနပ်ပုံ ရလေ၏။
သို့သော် စုကျင်းနှင့် စကားပြောရသည်မှာ စီးပွားရေးသမား၊ နိုင်ငံရေးသမား တစ်ဦးနှင့် စကားပြောနေရသကဲ့သို့ ခံစားရပြီး စကားလုံးတိုင်းသည် ချောမွတ်လွန်းကာ ဟန်ဆောင်မှု အနည်းငယ် ပါဝင်နေသယောင် ရှိပေသည်။
စုရွေ့အန်းကဲ့သို့သော မျိုးဆက်သစ် လူငယ်များမှာလည်း ယခုဆိုလျှင် အသက် (၃၀) ဝန်းကျင်သို့ ရောက်ရှိလာကြပြီ ဖြစ်၏။
စုရွေ့အန်း၏ ကျင့်ကြံခြင်း အဆင့်သည် ချီစွမ်းအင် စုစည်းခြင်း (၆) ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။ မိသားစု၏ အရင်းအမြစ် ထောက်ပံ့မှုကြောင့် ဤလူငယ်များ၏ လမ်းခရီးသည် ဖြောင့်ဖြူးနေပြီး မကြာမီ (၇) ဆင့်သို့ ချိုးဖြတ် ဝင်ရောက်နိုင်ကြတော့မည် ဖြစ်သည်။ ၎င်းတို့သည် အနာဂတ်တွင် မိသားစု ခေါင်းဆောင် သို့မဟုတ် အကြီးအကဲ ဖြစ်လာနိုင်မည့် မျိုးစေ့များပင် ဖြစ်ကြလေသည်။
စားသောက်ပွဲ ပြီးဆုံးသွားသောအခါ...၊
စုယွီ၊ စုပင်း (ပဉ္စမ အကြီးအကဲ/ဘိုးဘေး) နှင့် စုကျင်းပန်းတို့ သုံးဦးသည် နောက်ဖေးဥယျာဉ်ရှိ မီးဖိုလေးတစ်ခု ဘေးတွင် ဝိုင်းဖွဲ့ထိုင်ကာ လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောဆိုနေကြလေ၏။
"မင်း အခု အခြေခံ တည်ဆောက်ခြင်း အဆင့်ကို ရောက်သွားပြီဆိုတော့... ပဉ္စမ အကြီးအကဲ နေရာကို ပြန်ယူချင်သေးလား..."
စုပင်းက လက်ဖက်ရည်ခွက်ကို ကိုင်ရင်း ပြုံးစစဖြင့် မေးလိုက်ခြင်းပင်။
ထိုအခါ သူ့စကားအား စုယွီ ရယ်မောရင်း ခေါင်းခါလိုက်လေ၏။
"မလုပ်တော့ပါဘူးဗျာ... ကျွန်တော်က အဲ့ဒီ ပဉ္စမ အကြီးအကဲ နေရာနဲ့ သိပ်မှ မကိုက်တာ... တတ်နိုင်တဲ့သူ တစ်ယောက်ယောက်ကိုပဲ လွှဲပေးလိုက်ပါတော့..."
စုပင်းက ခေါင်းတစ်ချက် ညိတ်လိုက်ပြီးနောက် မျက်လုံးများ အရောင်တောက်သွား၏။
"ဒါဆိုရင်... ငါတို့ မိသားစုရဲ့ 'တတိယ ဘိုးဘေး' နေရာကို ယူလိုက်ရင်ရော ဘယ်လိုလဲ..."
စုယွီသည် လက်ကာပြရင်း အလျင်အမြန် ငြင်းဆန်လိုက်တော့သည်။
"ဟာ... မလုပ်ပါဘူး ပဉ္စမအဘိုးရာ... ကျွန်တော်က ငယ်ပါသေးတယ်... ဘိုးဘေး ဆိုတဲ့ နေရာကြီးနဲ့ ဘယ်လိုလုပ် တန်မှာလဲ..."
သို့သော် စုပင်းက လက်မလျှော့ဘဲ ဆက်ပြောလေ၏။
"တတိယ ဘိုးဘေး ဆိုတာက အခေါ်အဝေါ် တစ်ခုပါပဲကွာ... မင်းက အခြေခံ တည်ဆောက်ခြင်း အဆင့်ကို ရောက်သွားပြီပဲ... မိသားစုထဲမှာ ဒီအဆင့်အတန်းမျိုး ရကို ရသင့်တာပေါ့... မင်းက မိသားစုနဲ့ အတူရှိနေသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ဒီရာထူးက မပြောင်းလဲသွားပါဘူး..."
စုပင်းက စုယွီကို ကြည့်ရင်း သဘောတငျ ရယ်မောလိုက်ပြန်၏။
"နောင်တစ်ချိန် မိသားစုရဲ့ အင်အားတွေ တိုးတက်လာပြီး အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတွေ ပေါ်ထွက်လာရင်တော့ ဘိုးဘေး ဖြစ်ဖို့ လိုအပ်ချက်ကလည်း မြင့်သွားမှာပေါ့... အဲ့ဒီကျရင်တော့ ဒီလောက် လွယ်မှာ မဟုတ်တော့ဘူး..."
"ဒါပေမဲ့ လောလောဆယ်တော့ အခြေခံ တည်ဆောက်ခြင်း အဆင့်ကို ရောက်တဲ့သူတိုင်း ဘိုးဘေး ဖြစ်ခွင့် ရှိတယ်..."
စုပင်း၏ ဇွဲနဘဲနှင့် တိုက်တွန်းမှုအောက်တွင် စုယွီသည် ငြင်းမရတော့ဘဲ လက်ခံလိုက်ရလေ၏။ သို့ဖြင့် သူ၏ ပဉ္စမ အကြီးအကဲ ရာထူးကို ဖယ်ရှားလိုက်ပြီး စုမိသားစု၏ "တတိယ ဘိုးဘေး" ဟူသော ဘွဲ့ထူးကို အပ်နှင်းလိုက်ကြတော့သည်။
ပေါ့ပေါ့ပါးပါး စကားပြောဆိုပြီးနောက် စုယွီက မေးခွန်းတစ်ခု ထုတ်လိုက်၏။
"အကြီးအကဲ စုဟယ်က ချီစွမ်းအင် စုစည်းခြင်း (၉) ဆင့် ရောက်နေပြီဆိုတော့ အခြေခံ တည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းဖို့ ပြင်ဆင်နေပြီလားဗျ.."
မိသားစု မျိုးရိုးစဉ်ဆက်အရ စုဟယ်သည် စုယွီ၏ ဦးလေးတော်စပ်သူ ဖြစ်လေ၏။ သို့သော် ယခုအခါ စုယွီသည် တတိယ ဘိုးဘေး ဖြစ်လာပြီမို့ ရာထူးအဆင့်အတန်းအရ စုဟယ်ထက် ပိုမြင့်သွားခဲ့ပြီ ဖြစ်၏။
စုပင်းက စုယွီ၏ မေးခွန်းအား ခေါင်းခါလိုက်လေ၏။
"သူက အခုမှ အဆင့် (၉) ကို ရောက်ခါစ ရှိသေးတာ... အခြေခံ တည်ဆောက်ခြင်း အဆင့်ကို ချိုးဖြတ်ဖို့ ဆိုရင် သူ့ရဲ့ အခြေခံတွေ ပိုခိုင်မာအောင် အချိန်ယူရဦးမယ်..."
သူက ခေတ္တမျှ စဉ်းစားလိုက်ပြီး ဆက်ပြော၏။
"နောက်ထပ် ငါးနှစ်လောက်တော့ စောင့်ကြည့်ရဦးမှာပဲ... အဲ့ဒီအချိန်ကျမှ အခြေအနေကောင်းရင် ကြိုးစားခိုင်းကြည့်တာပေါ့..."
ထိုအခါ၊ စုယွီက ခေါင်းညိတ်လိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ ပုလင်းလေး တစ်လုံးကို ထုတ်ကာ စုပင်းထံသို့ ကမ်းပေးလိုက်လေ၏။
ထိုပုလင်းထဲတွင် "အဆင့်မြင့် အခြေခံ တည်ဆောက်ခြင်း ဆေးလုံး" တစ်လုံး ပါရှိလေ၏။
"ဒါဆိုရင် ဒီဆေးလုံးကို ပဉ္စမအဘိုးပဲ သိမ်းထားလိုက်ပါ... ကျွန်တော်က အောင်မြင်သွားပြီ ဆိုတော့ ဒါကို မလိုတော့ပါဘူး..."
စုပင်းသည် ဆေးပုလင်းကို ဖွင့်ကြည့်လိုက်ရာ အဆင့်မြင့် ဆေးလုံး ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် မျက်နှာ အရောင်ပြောင်းသွားတော့သည်။ သူက စုယွီကို မျက်လုံးပြူးကာ ကြည့်လိုက်၏။
"မင်း... မင်း ဒီ အဆင့်မြင့် ဆေးလုံးကို မစားခဲ့ဘူးလား..."
"မင်းကွာ... ဘာလို့ ဒီလောက်တောင် ပေါ့..."
သူ့စကား မဆုံးခင်မှာပင် စုယွီက ဖြတ်ပြောလိုက်လေ၏။
"မဟုတ်ဘူး ပဉ္စမအဘိုး... ကျွန်တော် မပေါ့ဆပါဘူး... ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှု ရှိနေလို့ ဆေးလုံးရဲ့ အကူအညီကို မယူဘဲ ချိုးဖြတ်ခဲ့တာပါ..."
ထိုစကားကို ကြားလိုက်ရသောအခါ စုပင်း၏ ပါးစပ်သည် 'အို' ပုံသဏ္ဌာန် ဖြစ်သွားပြီး အသံများ တိတ်ဆိတ်သွားတော့သည်။ သူသည် စုယွီကို သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ကြောင်အမ်းအမ်း ကြည့်နေမိလေ၏။
ဘုရားရေ...
ပါရမီ ထူးချွန်သော လူထူးဆန်း အချို့သည် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရာတွင် ဆေးလုံး အကူအညီ မယူကြကြောင်း သူ ကြားဖူးပေသည်။
ထိုသို့ ပြုလုပ်ခြင်းက ဆေးလုံး၏ ဘေးထွက်ဆိုးကျိုး အညစ်အကြေး ကင်းစင်စေပြီး အခြေခံကို ပိုမို ခိုင်မာစေကာ အနာဂတ် လမ်းခရီးကို ပိုမို ဖြောင့်ဖြူးစေသည် ဟု ဆိုကြ၏။
ဒါပေမဲ့... ဒါပေမဲ့...
အဲ့ဒီလူတွေက ပါရမီရှင် လူထူးဆန်းတွေလေ...
သူ မှတ်မိသလောက်ဆိုရင် စုယွီရဲ့ ဝိညာဉ်အမြစ်က အဆင့်နိမ့် မဟုတ်ပါလား။
ဘေးနားတွင် ရှိနေသော စုကျင်းပန်းမှာလည်း လေအေးတစ်ချက်ကို ရှူရှိုက်လိုက်မိပြီး စုယွီကို မယုံနိုင်စွာ ငေးကြည့်နေမိလေ၏။
သူကိုယ်တိုင်လည်း ဆေးလုံး အကူအညီဖြင့် မနည်း ကြိုးစားခဲ့ရသူ ဖြစ်သဖြင့် ဤအဆင့်ကို ကျော်ဖြတ်ရခြင်းမှာ မည်မျှ ခက်ခဲကြောင်း ကောင်းကောင်းကြီး နားလည်ထားသူ ဖြစ်ပါသည်။
မိသားစုခေါင်းဆောင် စုဖုန်း ဆိုလျှင် ဆေးလုံး သုံးစွဲခဲ့တာတောင်မှ နောက်ဆုံးမှာ ကျရှုံးခဲ့ရသည် မဟုတ်ပါလော။
ဒါဆိုရင် ဆေးလုံး မသုံးဘဲ ချိုးဖြတ်ရဲလောက်အောင် ယုံကြည်မှု ရှိတယ် ဆိုတာက... ဘယ်လိုမျိုး ခံစားချက်ကြီးပါလိမ့်။
သူတို့နှစ်ဦး ကြောင်အမ်းနေစဉ် စုယွီက ဆက်ပြောလိုက်လေ၏။
"လွန်ခဲ့တဲ့ ရက်ပိုင်းက လေလံပွဲ ကိစ္စကြောင့် ဝိညာဉ်ကျောက်တုံး လိုအပ်တာနဲ့ ကျွန်တော့်လက်ထဲက သာမန်အဆင့် ဆေးလုံး တစ်လုံးကို ရောင်းလိုက်ရတယ်... ဒါကြောင့် ဒီ အဆင့်မြင့် ဆေးလုံးလေးပဲ ကျန်တော့တာပါ..."
"ကံကောင်းတာက လက်ရှိ ကျွန်တော့်ဆီမှာ ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ ပစ္စည်း အတော်များများ ရှိနေပါပြီ... ဝိညာဉ်သစ်သီး တစ်လုံးပဲ လိုပါတော့တယ်... အဲ့ဒါ ရရင် နောက်ထပ် တစ်သုတ် ထပ်ဖော်လို့ ရပြီ..."
"နောင်တစ်ချိန် မိသားစုထဲက တစ်ယောက်ယောက် နယ်ပယ် ချိုးဖြတ်ဖို့ လိုအပ်လာရင် ဒီဆေးလုံးကို သုံးလို့ ရတာပေါ့..."
စုပင်းနှင့် စုကျင်းပန်းတို့သည် စုယွီက ဆေးလုံးတစ်လုံး ရောင်းထုတ်လိုက်သည့် ကိစ္စကို ဂရုမစိုက်ကြပေ။ စုပင်း စိတ်ပူသည်မှာ စုယွီ ငွေကြေး ကျပ်တည်းနေသည့် အချက်ပင် ဖြစ်သည်။
"မင်းကလည်းကွာ... ဝိညာဉ်ကျောက်တုံး လိုရင် မိသားစုကို အသိပေးမှပေါ့... ငါတို့ မိသားစုက သိပ်မချမ်းသာဘူး ဆိုပေမဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သိန်းဂဏန်းလောက်တော့ စုပေးလို့ ရပါသေးတယ်..."
စုယွီက လက်ဖက်ရည်ခွက်ကို မြှောက်ကာ အပြုံးဖြင့် တောင်းပန်လိုက်လေ၏။
"ကျွန်တော့် အမှားပါဗျာ..."
ထို့နောက် စုယွီသည် သူ၏ လက်ရှိ အခြေအနေနှင့် ချန်မိသားစုသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အကြောင်းကို အကျဉ်းချုံး ပြောပြလိုက်၏။ ဒုတိယအဆင့် ကနဦး အဆင့် ရုပ်သေးတစ်ရုပ်ကို ချန်မိသားစုအား ရောင်းချပေးခဲ့သည့် အကြောင်းကိုလည်း ထည့်ပြောလိုက်သည်။
"စီစီ မဆုံးပါးခင်တုန်းက ချန်မိသားစုကို စောင့်ရှောက်ပေးဖို့ ကျွန်တော့်ကို မှာခဲ့တယ်... ဒါကြောင့် အဲ့ဒီ ရုပ်သေးတစ်ရုပ်ကို အရင်ပေးလိုက်တာပါ..."
"နောက်ပိုင်း မိသားစုအတွက် ဒုတိယအဆင့် ရုပ်သေးတွေ လိုချင်ရင်လည်း ကျွန်တော် ဖန်တီးပေးလို့ ရပါတယ်..."
"ဒုတိယအဆင့် ကနဦး အဆင့် ရုပ်သေး" ဟူသော စကားကို ကြားလိုက်ရသောအခါ စုပင်းနှင့် စုကျင်းပန်းတို့၏ မျက်လုံးများ အရောင်တောက်သွားကြလေ၏။
စုပင်းက သဘောကျစွာ ရယ်မောလိုက်၏။
"လိုတာပေါ့ကွ... ဒါပေါ့..."
"ဒါဆိုရင် ရုပ်သေးလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို မိသားစုက ရှာဖွေပေးမယ်... မင်းက ဖန်တီးပေးပေါ့..."
ရုပ်သေးတစ်ရုပ် ဖန်တီးရန် ကုန်ကျစရိတ်မှာ မနည်းလှပေ။ လောလောဆယ်တွင် စုမိသားစုအတွက် ဒုတိယအဆင့် ရုပ်သေး နှစ်ရုပ်ခန့် ရှိလျှင် လုံလောက်ပြီ ဖြစ်၏။
စကားစမြည် ပြောဆိုရင်း ခေါင်းစဉ်သည် "ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး" ၏ ရှေးဟောင်း အပျက်အစီးများဆီသို့ ရောက်ရှိသွားလေ၏။
စုပင်း၏ မျက်နှာထားသည် အနည်းငယ် တည်ကြည်လေးနက်သွားပြီး မျက်မှောင်ကြုတ်လိုက်မိ၏။
"ဖြောင့်မတ်ခြင်းနဲ့ မိစ္ဆာလမ်းစဉ် စစ်ပွဲကြီး ပြီးသွားကတည်းက ယွင်ကျန်းဂိုဏ်းက သူတို့ရဲ့ တောင်တံခါးကို ပိတ်ထားတာမျိုး မလုပ်တော့ဘူး... အခုဆိုရင် ရှောင်ဇီက ပထမအကြီးအကဲ မျိုးဆက်တွေနဲ့ အတူတူ အဲ့ဒီ အပျက်အစီးနယ်မြေထဲမှာ အခွင့်အရေး ရှာဖွေနေကြတယ်..."
"ဒါပေမဲ့... ယွင်ကျန်းဂိုဏ်းရဲ့ အခြေအနေက... သိပ်ပြီး အကောင်းဘက်မှာ မရှိဘူး..."
"သူတို့ရဲ့ ဂိုဏ်းချုပ်က ပြီးခဲ့တဲ့ စစ်ပွဲတုန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်... (၈) နှစ်၊ (၁၀) နှစ်လောက် မနားရင် ပြန်ကောင်းဖို့ မလွယ်ဘူး... ပြန်ကောင်းလာရင်တောင် သူ့ရဲ့ သက်တမ်းက ထိခိုက်သွားဦးမှာ..."
"ဘယ်လောက်ကြာကြာ ဆက်ပြီး ရှင်သန်နိုင်မလဲ ဆိုတာ ပြောဖို့ ခက်တယ်..."
"အခုဆိုရင် ယွီမိသားစု၊ ဟွမ်မိသားစု၊ ကျန်းမိသားစု စတဲ့ အင်အားစုတွေ အကုန်လုံးက ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီးထဲမှာ အခွင့်အရေးတွေကို ပိုက်စိပ်တိုက် ရှာဖွေနေကြပြီ... အမြတ်အစွန်းတချို့လည်း ရနေကြပြီလို့ သတင်းကြားတယ်..."
"တကယ်လို့များ သူတို့သာ အဲ့ဒီ အခွင့်အရေးတွေကို အသုံးချပြီး တုပ အမြုတေ အဆင့်၊ ဒါမှမဟုတ် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတွေ မွေးထုတ်နိုင်ခဲ့ရင်... ယွင်ကျန်းဂိုဏ်းအတွက် အန္တရာယ် ကြီးသွားလိမ့်မယ်..."
စုယွီသည် ဘဝင်မကျစွာ မျက်မှောင်ကြုတ်လျက် နားထောင်နေမိ၏။
အခြေအနေက သူ ထင်ထားသည်ထက် ပိုမို ရှုပ်ထွေးနေပုံ ရလေသည်။
သူသည် ယွီမိသားစု၊ ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့၏ လှုပ်ရှားမှုများကို အသေးစိတ် မေးမြန်းလိုက်တော့သည်။