← Chapters

စာရင်းရှင်းခြင်း

Vol. 6 Ch. 84

စာရင်းရှင်းခြင်း

Vol. 6 Ch. 84

~"ယွီမိသားစုရဲ့ ဘိုးဘေးက အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို ချိုးဖြတ်ဖို့ ကြိုးစားနေတယ်... သူ့မှာ တတိယအဆင့် သွေးမျိုးဆက် သားရဲတစ်ကောင် ရှိနေတာဆိုတော့ တကယ်လို့များ အောင်မြင်သွားခဲ့ရင် ယွီမိသားစုရဲ့ အင်အားက တော်တော်လေး ကြီးထွားလာလိမ့်မယ်... အမြုတေ အဆင့်ကို မရောက်ရင်တောင်မှ ဟောင်ယွမ်ဆေးလုံးကို ရရှိပြီး တုပ အမြုတေ အဆင့်လောက် ရောက်သွားရင်ကိုပဲ တော်တော်လေး ကြောက်စရာ ကောင်းနေပြီ..."

စုပင်းက လက်ဖက်ရည်ခွက်ကို ကိုင်ရင်း လေးလေးနက်နက် သုံးသပ်ပြလိုက်လေ၏။

"ကျန်းမိသားစုနဲ့ ဟွမ်မိသားစုက အကြီးအကဲတွေလည်း အခြေခံ တည်ဆောက်ခြင်း အထွတ်အထိပ် အဆင့်ကို ရောက်နေကြပြီ... အရင်တုန်းကတော့ ယွင်ကျန်းဂိုဏ်းလောက် အရင်းအမြစ် မရှိကြလို့ နယ်ပယ် ချိုးဖြတ်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ရပေမဲ့... အခု ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီး ပေါ်လာပြီးတဲ့နောက်မှာတော့ သူတို့အားလုံး မျှော်လင့်ချက် ရလာကြပြီ..."

"ယွင်ကျန်းဂိုဏ်းကလည်း ဒါကို ရိပ်မိနေပုံရတယ်... အခုဆိုရင် အပျက်အစီး နယ်မြေထဲမှာ ယွင်ကျန်းဂိုဏ်း၊ ယွီ၊ ကျန်း၊ ဟွမ် စတဲ့ အင်အားစုတွေကြားမှာ တင်းမာမှုတွေ မြင့်တက်နေပြီလေ..."

"ဒီအတိုင်းသာ ဆက်သွားရင်တော့ မကြာခင်မှာ စစ်ပွဲကြီး ဖြစ်လာဖို့ ရှိတယ်..."

စုပင်းက သက်ပြင်းချရင်း ခေါင်းခါလိုက်၏။

"ဒါပေမဲ့ ဒါတွေက အဘိုးတို့ စုမိသားစု လက်လှမ်းမမီတဲ့ ကိစ္စတွေပါ... ဝင်ပါလို့လည်း မရပါဘူး..."

"တစ်ခုပဲ ရှိတယ်... မေပယ်လ်မြို့က ပိုင်မိသားစုလေ... သူတို့က ဟွမ်မိသားစုနဲ့ ပေါင်းပြီး အပျက်အစီး နယ်မြေထဲ ဝင်သွားကြတယ်... အခွင့်အရေးတချို့ ရလိုက်တယ်လို့တောင် သတင်းကြားတယ်... သူတို့ဘက်က တစ်ယောက်ယောက် အခြေခံ တည်ဆောက်ခြင်း အဆင့်ကို ရောက်သွားတယ် ဆိုပဲ..."

"ပိုင်မိသားစုရဲ့ စရိုက်အတိုင်းဆိုရင် သူတို့ အင်အားတောင့်တင်းလာတာနဲ့ ပြဿနာ ပြန်ရှာတော့မှာ သေချာတယ်..."

"ဒါပေမဲ့ စိတ်မပူပါနဲ့... အဘိုးတို့ မိသားစုရဲ့ လက်ရှိ အင်အားနဲ့ဆိုရင် ပိုင်မိသားစုလောက်ကိုတော့ ကောင်းကောင်းကြီး ယှဉ်နိုင်ပါတယ်..."

"စိုးရိမ်စရာ ကောင်းတာက... ဟွမ်မိသားစုနဲ့ ကျန်းမိသားစုတို့ အပျက်အစီးနယ်မြေထဲက ပြန်ထွက်လာပြီး အဘိုးတို့ကို ဒုက္ခပေးမှာကိုပဲ..."

စုယွီသည် မျက်လွှာကို အနည်းငယ် ချလိုက်ပြီး ရေရွတ်လိုက်လေ၏။

"ပိုင်မိသားစု လား..."

'ပိုင်မိသားစု အနေနဲ့ နောင်တစ်ချိန် ပြဿနာရှာဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ပါဘူး...'

အတိတ်ကာလက ပိုင်မိသားစုနှင့် စာရင်းရှင်းမည်ဟု သူ ပြောခဲ့ဖူး၏။ သူသည် သူရဲဘောကြောင်သူ တစ်ယောက် မဟုတ်ခဲ့လျှင် တခါတုန်းက ခံခဲ့ရသမျှကို အဆတစ်ထောင်၊ တစ်သောင်းမက ပြန်လည် ပေးဆပ်ရပေလိမ့်မည်။

—-----------

စုယွီ၊ စုပင်းနှင့် စုကျင်းပန်းတို့ မီးဖိုဘေးတွင် ထိုင်ကာ လက်ဖက်ရည် သောက်ရင်း စကားစမြည် ပြောဆိုနေကြစဉ် အချိန်၌ပင် ဖြစ်လေ၏။

မေပယ်မြို့၏ အပြင်ဘက်၊ ထန်တောင်တန်း အနီးတစ်ဝိုက်ရှိ ညအမှောင်ထုထဲတွင် ပုံရိပ်တစ်ခု တိတ်တဆိတ် ပေါ်ထွက်လာခဲ့၏။

ထိုပုံရိပ်၏ မျက်ဝန်းများသည် ညဉ့်ငှက်တစ်ကောင်အလား အမှောင်ထုကို ထိုးဖောက်လျက် ပိုင်မိသားစု ပိုင်ဆိုင်သော နယ်မြေကို စူစူးရဲရဲ ကြည့်ရှုနေလေ၏။

ထို့နောက် သူသည် ကိုယ်ကို လှည့်လိုက်ပြီး ယခင်က စုမိသားစုနှင့် ချန်မိသားစုတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ဖူးသော အရင်းအမြစ် နေရာတစ်ခုဆီသို့ ဦးတည် ရွေ့လျားသွားတော့သည်။

ထိုနေရာမှာ မေပယ်လ်မြို့ရှိ ပိုင်မိသားစု၏ အရေးပါသော အရင်းအမြစ် တစ်ခုဖြစ်သည့် "ဝိညာဉ် သတ္တုတွင်း" တည်ရှိရာ တောင်ကုန်းပင် ဖြစ်ချေသည်။

တာအို ကိုယ်ပွား ရုပ်သေးသည် သတ္တုတွင်း၏ အပြင်ဘက်သို့ ရောက်ရှိလာသောအခါ သူ၏ နတ်ဘုရားအာရုံ ကို ဖြန့်ကျက်ပြီး အခြေအနေကို စစ်ဆေးလိုက်၏။ ပိုင်မိသားစုဝင် ကျင့်ကြံသူ (၄၀) ကျော်ခန့် စောင့်ကြပ်နေကြပြီး၊ ထိုအထဲတွင် ချီစွမ်းအင် စုစည်းခြင်း (၉) ဆင့် ရှိသူ နှစ်ဦး ပါဝင်ကြောင်း တွေ့ရှိလိုက်ရ၏။

ဤမျှလောက်သော ကာကွယ်ရေး အင်အားသည် တာအို ကိုယ်ပွား ရုပ်သေးအတွက် ပြောပလောက်စရာ မရှိသော်လည်း ပေါ့ဆစွာ ဝင်ရောက် မတိုက်ခိုက်ခဲ့ပေ။ သူသည် သိုလှောင်အိတ်ထဲမှ ပထမအဆင့် အဆင့်မြင့် ရုပ်သေးတစ်ရုပ်ကို ထုတ်လိုက်လေ၏။

'ဒီနေရာမှာ ထောင်ချောက် အခင်းအကျင်းတွေ ရှိမရှိ အရင်ဆုံး စမ်းသပ်ရမယ်...'

တာအို ကိုယ်ပွား ရုပ်သေး၏ စိတ်အာရုံ ထိန်းချုပ်မှုအောက်တွင် ထိုရုပ်သေးရုပ်သည် သက်ဝင်လှုပ်ရှားလာပြီး တောအုပ်ထဲမှနေ၍ သတ္တုတွင်းရှိရာဆီသို့ တိတ်တဆိတ် ပြေးဝင်သွားတော့သည်။

ဝိညာဉ် သတ္တုတွင်းတွင် နေ့ရောညပါ ကင်းလှည့်နေကြပြီး သတိပေး အခင်းအကျင်းကိုလည်း အချိန်ပြည့် ဖွင့်ထားလေ့ ရှိကြ၏။

ရုပ်သေးရုပ်သည် သတ္တုတွင်း နယ်မြေထဲသို့ ချဉ်းကပ်သွားသည်နှင့် တပြိုင်နက် အိမ်တစ်လုံးထဲတွင် တရားထိုင်နေသော ချီစွမ်းအင် စုစည်းခြင်း (၈) ဆင့်ရှိသည့် ကျင့်ကြံသူ တစ်ဦးသည် မျက်နှာပျက်သွားပြီး မျက်လုံးများ ဖွင့်လိုက်လေ၏။

'မကောင်းတော့ဘူး...'

“ရွှစ်…”

သူ သတိပေးခေါင်းလောင်း ထိုးရန် ပြင်လိုက်စဉ်မှာပင် ရုပ်သေးရုပ်သည် သတ္တုတွင်း အတွင်းပိုင်းသို့ ဝင်ရောက်နေပြီ ဖြစ်၏။

"ဝုန်း..."

ရုပ်သေးရုပ်၏ လက်သည်း ရိုက်ချက်အောက်တွင် သတ္တုတွင်း အစွန်အဖျားရှိ အိမ်တစ်လုံးသည် ချက်ချင်းပင် အပျက်အစီးပုံ ဘဝသို့ ရောက်သွားရလေ၏။ အိမ်ထဲတွင် ရှိနေသော ချီစွမ်းအင် စုစည်းခြင်း (၂) ဆင့် ကျင့်ကြံသူမှာမူ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ သွေးနှင့်ရွှံ့ ရောပြွမ်းနေသော အသားစိုင်များအဖြစ် ပြောင်းလဲသွားရသည်။

နောက်တစ်ခဏတွင် ရုပ်သေးရုပ်သည် ဘေးနားရှိ အိမ်တစ်လုံးဆီသို့ ထပ်မံ ပြေးဝင်သွားပြန်၏။

"တိရစ္ဆာန်ကောင်...သေချင်နေတာလား..."

ချီစွမ်းအင် စုစည်းခြင်း (၈) ဆင့် ကျင့်ကြံသူသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး အလံတံခွန် အချို့ကို ထုတ်ကာ ဝှေ့ယမ်းလိုက်တော့သည်။ သူ၏ ဝိညာဉ်စွမ်းအင်များကို အလံများထဲသို့ ထည့်သွင်းပြီး အခင်းအကျင်းကို အသက်သွင်းလိုက်လေ၏။

“ဝူး…”

သတ္တုတွင်း တစ်ခုလုံးရှိ သဘာဝ စွမ်းအင်များ တုန်ခါသွားပြီး ချုပ်နှောင်ခြင်း အခင်းအကျင်း စတင် အသက်ဝင်လာတော့သည်။ ကောင်းကင်ယံတွင် ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော သံကြိုးများစွာ ဖြစ်တည်လာပြီး ရမ်းကားနေသော ရုပ်သေးရုပ်ဆီသို့ ပြေးဝင် ရစ်ပတ်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် ကာကွယ်ရေး အခင်းအကျင်း ဒိုင်းကြီးလည်း ပွင့်လာပြီး သတ္တုတွင်း တစ်ခုလုံးကို လွှမ်းခြုံထားလိုက်တော့သည်။

"ဒုန်း..."

မရေမတွက်နိုင်သော သံကြိုးများက ရစ်ပတ် ချုပ်နှောင်ရန် ကြိုးစားသော်လည်း ရုပ်သေးရုပ်မှာ အလွန် ကြမ်းတမ်းလှပေသည်။ သူ၏ လက်သည်းများကို ဝှေ့ယမ်းလိုက်ရာ သံကြိုးများ တစ်စစီ ပြတ်တောက်ကုန်၏။ အခင်းအကျင်းက သူ့ကို အပြည့်အဝ မချုပ်နှောင်နိုင်ခင်မှာပင် သူသည် ဒုတိယမြောက် အိမ်တစ်လုံးကို ထပ်မံ ရိုက်ခွဲ ဖျက်ဆီးလိုက်ပြန်သည်။

အိမ်ထဲရှိ အဆင့်နိမ့် ကျင့်ကြံသူခမျာ အိမ်အပျက်အစီးများနှင့် အတူ မြေမြှုပ် သဂြိုဟ်ခြင်း ခံလိုက်ရလေ၏။

နောက်ဆုံးတွင်မှ အခင်းအကျင်း၏ သံကြိုးများစွာသည် ရုပ်သေးရုပ်ကို တင်းကျပ်စွာ ရစ်ပတ်နိုင်လိုက်ပြီး လေပေါ်သို့ ဆွဲတင်ထားလိုက်နိုင်တော့သည်။

ရုပ်သေးရုပ်သည် ရုန်းကန်နေသော်လည်း ဒုတိယအဆင့် ကနဦး အဆင့် ချုပ်နှောင်ခြင်း အခင်းအကျင်း၏ စွမ်းအားအောက်မှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်တော့ပေ။

ရုပ်သေးရုပ်ကို ဖမ်းမိပြီးနောက်တွင်မူ...

“ဘုန်း... ဘုန်း... ဘုန်း…”

သတ္တုတွင်းထဲတွင် ရှိနေကြသော ပိုင်မိသားစုဝင် ကျင့်ကြံသူများ အားလုံး ပြေးထွက်လာကြလေ၏။ ထိုအထဲတွင် ဤနေရာကို တာဝန်ယူ စောင့်ကြပ်နေကြသော ချီစွမ်းအင် စုစည်းခြင်း (၉) ဆင့် ကျင့်ကြံသူ နှစ်ဦးလည်း ပါဝင်၏။

သူတို့သည် ရုပ်သေးရုပ်၏ အနီးသို့ ရောက်လာကြပြီး ညှပ်ပူးညှပ်ပိတ် ပိတ်ဆို့ထားလိုက်ကြသည်။

သို့သော် ချီစွမ်းအင် (၉) ဆင့် ကျင့်ကြံသူ နှစ်ဦးသည် ရုပ်သေးရုပ်၏ ပုံပန်းသဏ္ဌာန်ကို သေချာ မြင်လိုက်ရသောအခါ မျက်နှာထားများ ဖြူဖျော့သွားကြတော့သည်။

"ဒါ...မိစ္ဆာသားရဲ မဟုတ်ဘူး... ပထမအဆင့် အဆင့်မြင့် ရုပ်သေးရုပ်ကွ..."

ဤအချက်မှာ အလွန် ကြီးမားသော ကွာခြားချက် ဖြစ်လေ၏။

အကယ်၍ မိစ္ဆာသားရဲသာ ဖြစ်ခဲ့လျှင် ဒါက သာမန် တိုက်ခိုက်မှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။

သို့သော် ရုပ်သေးရုပ် ဖြစ်နေခြင်းက တစ်စုံတစ်ယောက်သည် ဤရုပ်သေးရုပ်ကို အသုံးပြုပြီး သူတို့၏ အရင်းအမြစ် နယ်မြေကို တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သက်သေပြနေပေသည်။

အကြီးအကဲ တစ်ဦးက အော်ဟစ် အမိန့်ပေးလိုက်၏။

"ကာကွယ်ရေး အခင်းအကျင်းကို အပြည့်အဝ ဖွင့်ထားကြ... မိသားစုဆီကို ချက်ချင်း အကူအညီတောင်းတဲ့ သတင်းပို့လိုက်..."

"ပြီးတော့... ဒီရုပ်သေးရုပ်ကို ဖျက်ဆီးပစ်လိုက်..."

ဝိညာဉ် သတ္တုတွင်း၏ အပြင်ဘက်၌၊

တာအို ကိုယ်ပွား ရုပ်သေးသည် အပေါ်စီးမှ ပေါ်ထွက်လာသော အခင်းအကျင်းများကို ကြည့်ရှုရင်း စိတ်အေးသွားရလေ၏။

'ဒါက သာမန် ဒုတိယအဆင့် ကနဦး အဆင့် အခင်းအကျင်းတွေပါလား... အခြေခံ တည်ဆောက်ခြင်း အစောပိုင်း အဆင့် တိုက်ခိုက်မှုကိုတောင် ခဏလောက်ပဲ တောင့်ခံနိုင်မှာ...'

'ဒါဆိုရင်တော့...'

ဝှစ်...

တာအို ကိုယ်ပွား ရုပ်သေးသည် အမှောင်ထုထဲမှနေ၍ ကျားသစ် တစ်ကောင်အလား ခုန်ထွက်လိုက်လေ၏။ သတ္တုတွင်း အတွင်းရှိ လူများက ဖမ်းမိထားသော ရုပ်သေးရုပ်ကို ဖျက်ဆီးရန် ပြင်နေကြချိန်၌ပင် သူသည် ကာကွယ်ရေး အခင်းအကျင်း ဒိုင်းကြီးဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက် ပုတ်ခတ်လိုက်တော့သည်။

"ခွမ်း..."

ဖန်ခွက်ကွဲသွားသကဲ့သို့ ကြွပ်ဆတ်သော အသံတစ်ချက် ထွက်ပေါ်လာ၏။

လက်သည်းချက် တစ်ချက်တည်းဖြင့် ကာကွယ်ရေး အခင်းအကျင်း ဒိုင်းကြီးသည် တစ်စစီ ကွဲကြေ ပျက်စီးသွားရလေ၏။

ထိုအခိုက်အတန့်၌ ပိုင်မိသားစုဝင် ကျင့်ကြံသူများ အားလုံး၏ ရင်ထဲတွင် သေမင်း၏ အရှိန်အဝါကို ထိတ်လန့်ဖွယ်ရာ ခံစားလိုက်ကြရတော့သည်။ အေးစက်ပြီး ရက်စက်ကြမ်းကြုတ်လှသော အရှိန်အဝါကြီးက သူတို့အားလုံးကို အသက်ရှူကျပ်သွားစေ၏။ ချီစွမ်းအင် (၉) ဆင့် အကြီးအကဲများပင်လျှင် ချွင်းချက် မရှိပေ။

အကြီးအကဲ နှစ်ဦး၏ မျက်နှာမှာ သွေးဆုတ်ပြီး ဖြူဖျော့သွားကြလေ၏။

"စီနီယာ... အသက်ချမ်းသာပေးပါ..."

သို့သော် သတ္တုတွင်း အတွင်းရှိ ကျင့်ကြံသူ (၄၀) ကျော်မှာ ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာပင် တာအို ကိုယ်ပွား ရုပ်သေးသည် မြေပြင်ပေါ်သို့ ဝူးခနဲ ဆင်းသက်လိုက်ပြီး ခြေထောက်ဖြင့် မြေကြီးကို ဖွဖွလေး နင်းလိုက်လေ၏။

"ဘုန်း..."

မြေကြီးများ ကွဲအက်သွားပြီး မျက်စိဖြင့် မမြင်နိုင်သော စွမ်းအင်လှိုင်းတစ်ခုသည် မြေလွှာအောက်မှနေ၍ ပတ်ဝန်းကျင်သို့ ဖြာထွက်သွားတော့သည်။

ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များမှာ ကြွေရုပ်များအလား ကွဲကြေသွားကြပြီး သွေးမြူမှုန်များ ပန်းထွက်လာကြလေ၏။ အရိုးများ အားလုံး ကြေမွသွားပြီး အတွင်းကလီစာများပါ ပေါက်ကွဲထွက်ကုန်ကြ၏။

ထို့နောက် သူတို့အားလုံး မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျကုန်ကြတော့သည်။

ခဏအကြာတွင် ဝိညာဉ် သတ္တုတွင်း တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေ၏။

တာအို ကိုယ်ပွား ရုပ်သေး၏ နက်မှောင်သော မျက်လုံးများက ပတ်ဝန်းကျင်ကို တစ်ချက် စစ်ဆေးကြည့်လိုက်၏။ သူသည် နောက်ထပ် လက်သည်းတစ်ချက် ထပ်မံ ရိုက်ချလိုက်ရာ ဒုတိယအဆင့် အလယ်အလတ် ရုပ်သေး၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် အလောင်းများ အားလုံး တစ်စစီ ဖြစ်သွားပြီး သဲလွန်စများ အားလုံး ပျောက်ကွယ်သွားရလေ၏။

သူသည် ပထမအဆင့် ရုပ်သေးရုပ်ကို ပြန်လည် သိမ်းဆည်းလိုက်ပြီး သိုလှောင်အိတ်များ အားလုံးကိုပါ တစ်ပါတည်း ယူဆောင်လိုက်သည်။

ထို့နောက် သူ၏ အကျင့်အတိုင်း ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ကိုယ်ငွေ့အရှိန်အဝါများကို သန့်စင်လိုက်၏။ ကိုယ်ပျောက် အဆောင်နှင့် အရှိန်အဝါ ဖုံးကွယ်ခြင်း အဆောင်တို့ကို ကပ်လိုက်ပြီးနောက် မိုင်ဆယ်ဂဏန်းခန့် ဝေးသော နေရာသို့ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

ပြီးနောက်၊ သတ္တုတွင်းနှင့် ထန်တောင်တန်းကြား (၁၀) မိုင်ခန့် အကွာရှိ တောင်ကြားတစ်ခု အတွင်း၌ ပုန်းခိုနေလိုက်လေ၏။

"မေပယ်မြို့က ပိုင်မိသားစုတွေ... စစ်ကူ လိုက်လာမလား ဆိုတာ ကြည့်ရသေးတာပေါ့..."

တာအို ကိုယ်ပွား ရုပ်သေးသည် ထန်တောင်တန်း ရှိရာဘက်သို့ လှမ်းမျှော်ကြည့်ရင်း နက်ရှိုင်းသော အကြည့်ဖြင့် စောင့်ဆိုင်းနေလိုက်၏။

ထိုအချိန်၌ ထန်တောင်တန်း ပေါ်တွင်...

ပိုင်မိသားစု၏ အသစ်စက်စက် အခြေခံ တည်ဆောက်ခြင်း အဆင့် အကြီးအကဲ ဖြစ်သူ ပိုင်မုသည် မိသားစုခေါင်းဆောင်၊ အခြား အကြီးအကဲများနှင့် အတူ အရေးကြီး ကိစ္စများကို ဆွေးနွေးတိုင်ပင်နေကြလေ၏။

သူတို့၏ ဘိုးဘေးကြီးသည် လက်ရှိတွင် ဟွမ်မိသားစုနှင့် အတူ ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီး အတွင်း၌ အခွင့်အရေးများ ရှာဖွေနေပြီး ရရှိလာသော ပစ္စည်းအချို့ကို မိသားစုထံသို့ ပြန်လည် ပေးပို့ထားပြီး ဖြစ်၏။

ကံဆိုးသည်မှာ ထိုပစ္စည်းများထဲတွင် မိသားစု၏ အင်အားကို ရေတိုအတွင်း မြှင့်တင်ပေးနိုင်မည့် အရာမျိုး မပါရှိနေပါ။

All Chapters