ပိုင်မိသားစု
Vol. 6 Ch. 85
~ရုတ်တရက်ဆိုသလို ပိုင်မု၏ မျက်ခုံးများ တွန့်ချိုးသွားတော့သည်။ ဝိညာဉ်တောင်တန်း ရှိရာအရပ်မှ ပုံမှန် မဟုတ်သော အားလှိုင်းများနှင့် တုန်ခါမှုတစ်ခုကို သူ အာရုံခံလိုက်မိသောကြောင့် ဖြစ်၏။ အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိပြီး ဖြစ်သည့် သူ၏ အာရုံခံနိုင်စွမ်းသည် ချီစွမ်းအင် စုစည်းခြင်း အဆင့်များထက် များစွာ သာလွန်ပေသည်။
ပိုင်မိသားစုခေါင်းဆောင်နှင့် အခြားသော အကြီးအကဲများမှာ ပိုင်မု၏ အမူအရာ ပျက်ယွင်းသွားသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားကြ၏။
"ဘိုးဘေး... ဘာဖြစ်လို့လဲ ခင်ဗျာ..."
ပိုင်မု၏ ရင်ထဲတွင် မသဲကွဲသော စိုးရိမ်ပူပန်မှု တစ်ခု ဖြစ်ပေါ်လာပြီး မျက်ခွံများက တလှုပ်လှုပ် ခုန်လာလေ၏။
"ဝိညာဉ်တောင်တန်းမှာ တခုခု ဖြစ်နေသလိုပဲ... ငါ့စိတ်ထဲ သိပ်မသန့်ဘူး..."
ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများ၏ မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။
"သတ္တုတွင်းမှာ ပြဿနာ တစ်ခုခု ထပ်တက်တာလား..."
"ဘိုးဘေး... ချန်မိသားစုနဲ့ စုမိသားစုများ ဖြစ်နေမလား..."
"ဟာ... ဒီကောင်တွေ တော်တော် မိုက်ရိုင်းတာပဲ... ငါတို့ မိသားစုကိုတောင် ထပ်ပြီး ထိပါးရဲတယ်..."
"ဘိုးဘေး... သတ္တုတွင်းမှာ တတိယအကြီးအကဲနဲ့ ပဉ္စမအကြီးအကဲ ရှိနေပါတယ်... မိသားစုဝင် ကျင့်ကြံသူ ဒါဇင်နဲ့ချီပြီးလည်း ရှိနေသေးတယ်... တကယ်လို့ တခုခု ဖြစ်နေရင် ကျွန်တော်တို့ ဒီအတိုင်း ကြည့်နေလို့ မဖြစ်ဘူးနော်..."
တစ်ယောက်တစ်ပေါက်ဖြင့် ဝိုင်းဝန်း အကြံပြုကြလေ၏။ အချို့က ဒေါသတကြီး ကျိန်ဆဲကြပြီး အချို့မှာမူ ဂနာမငြိမ် ဖြစ်နေကြ၏။
ပိုင်မိသားစုခေါင်းဆောင်၏ မျက်နှာထားသည် အမျိုးမျိုး ပြောင်းလဲနေလေ၏။ ခဏအကြာတွင် သူသည် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
"အားလုံး... ပါးစပ်ပိတ်ထားကြစမ်း..."
"တကယ်လို့ စုမိသားစုနဲ့ ချန်မိသားစုက သတ္တုတွင်းကို တိုက်ခိုက်တယ် ဆိုရင်တောင်... ဒါက သူတို့ ဆင်ထားတဲ့ ထောင်ချောက် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ... ငါတို့ကို ချုံခိုတိုက်ဖို့ မျှားခေါ်နေတာဆိုရင် ဘယ်လို ပြန်တိုက်ကြမလဲ..."
"သတိထားကြပါ... အခု မိသားစုမှာ ဘိုးဘေးကြီးတွေ မရှိကြဘူး... အမှား တစ်ခုခု ဖြစ်တာနဲ့ ငါတို့ ပိုင်မိသားစု တစ်ခုလုံး မျိုးဖြုတ်ခံရလိမ့်မယ်..."
ပိုင်မုသည် တည်တင်းသော မျက်နှာထားဖြင့် တိတ်ဆိတ်စွာ ရှိနေသော်လည်း၊ အတွင်းစိတ်ထဲတွင်မူ မိသားစုခေါင်းဆောင်၏ စကားများကြောင့် သက်ပြင်းချနိုင်သွားလေ၏။ ကံကောင်းထောက်မစွာဖြင့် မိသားစုခေါင်းဆောင်က သူ့ကို အကျပ်အတည်းမှ ကယ်တင်ပေးလိုက်ခြင်းပင်။
သို့မဟုတ်ပါက အကြီးအကဲများ၏ ဖိအားပေးမှုကြောင့် သူ အကျပ်ရိုက်နေပေလိမ့်မည်။ သူ သွားရောက် ကူညီသင့်သလော။
ရိုးရိုးသားသား ဝန်ခံရလျှင် သူသည် အခြေခံ တည်ဆောက်ခြင်း အဆင့် (၁) သို့ ယခုလေးတင် ရောက်ရှိထားသူ ဖြစ်သဖြင့် သေရမည်ကို ကြောက်ရွံ့နေမိ၏။
သို့သော် သွားရောက် မကူညီဘဲ ငြင်းဆန်လိုက်လျှင်လည်း မိသားစု၏ ဘိုးဘေးအသစ် တစ်ယောက်အနေဖြင့် သူ၏ ဂုဏ်သိက္ခာ ကျဆင်းသွားပေလိမ့်မည်။ လူများက သူ့ကို "သူရဲဘောကြောင်သူ" ဟုသာ သမုတ်ကြတော့မည် ဖြစ်သည်။
ကံကောင်းသည်မှာ မိသားစုခေါင်းဆောင်၏ ဟန့်တားမှုက အချိန်ကိုက် ဖြစ်သွားခဲ့ပေသည်။
အကြီးအကဲများ၏ မျက်နှာထားများ ပျက်ယွင်းသွားကြပြီး ဆံပင်ဖြူနှင့် ဝါရင့် အကြီးအကဲတစ်ဦးက တိုးညှင်းစွာ မေးမြန်းလိုက်လေ၏။
"ဒါဆိုရင်... မိသားစုခေါင်းဆောင်... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ... သတ္တုတွင်းမှာ တခုခု ဖြစ်နေတာကို ဒီအတိုင်း ကြည့်နေပြီး တတိယအကြီးအကဲနဲ့ ပဉ္စမအကြီးအကဲကို ပစ်ထားလိုက်တော့မလား..."
ပိုင်မိသားစုခေါင်းဆောင်က အံကို ကြိတ်လိုက်လေ၏။
"ဘယ်သူက ပစ်ထားမယ် ပြောလို့လဲ..."
"အမိန့်ပေးလိုက်... တောင်တံခါးကို ပိတ်ပြီး ကာကွယ်ရေး အခင်းအကျင်းကို အစွမ်းကုန် ဖွင့်ထားလိုက်ကြ..."
"လူအနည်းငယ် လွှတ်ပြီး သတ္တုတွင်းက အခြေအနေကို စုံစမ်းခိုင်း..."
"သတင်းအတိအကျ ရပြီဆိုမှ... တကယ်လို့ ချန်မိသားစုနဲ့ စုမိသားစု လက်ချက် ဆိုရင်... ငါတို့ စောင့်ကြည့်သူ ကို ဆက်သွယ်ပြီး ဟွမ်မိနဲ့ ကျန်းမိသားစုကို အကူအညီ တောင်းရမယ်..."
"အဲ့ဒီအချိန်ကျမှ... အကြွေးဟောင်း၊ အကြွေးသစ် အကုန်ပေါင်းပြီး ရှင်းပစ်မယ်..."
ထိုအခါမှသာ ပိုင်မုက ဝင်ရောက် ပြောဆိုလိုက်လေ၏။
"ကောင်းပြီလေ... မိသားစုခေါင်းဆောင် စီစဉ်တဲ့အတိုင်း လုပ်ကြတာပေါ့..."
အကြီးအကဲ အနည်းငယ်မှာမူ စိတ်မသက်မသာ ဖြစ်နေကြဆဲပင်။ ချန်မိသားစုနှင့် စုမိသားစု ပူးပေါင်းပြီး ဝိညာဉ်တောင်တန်းကို သိမ်းပိုက်လိုက်ကတည်းက သူတို့သည် ထိုမိသားစုနှစ်ခုကို လျှော့မတွက်ရဲတော့ပေ။ အနည်းငယ်ပင် ကြောက်ရွံ့နေမိကြ၏။
ယခုတွင် မိသားစုခေါင်းဆောင်၏ အစီအစဉ်နှင့် ပိုင်မု၏ သဘောတူညီချက်ကို ရရှိလိုက်သဖြင့် သူတို့လည်း နာခံရုံမှတစ်ပါး အခြား မတတ်နိုင်တော့ချေ။
“ဝူး…”
မကြာမီ အချိန်အတွင်းမှာပင်၊ ထန်တောင်တန်းပေါ်ရှိ ကာကွယ်ရေး အခင်းအကျင်းများသည် တစ်လွှာပြီးတစ်လွှာ ပွင့်လာခဲ့တော့သည်။ ကာကွယ်ရေး အလွှာသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မိုင်ပေါင်းများစွာ အကွာမှပင် ထင်ရှားစွာ မြင်တွေ့နေရလေ၏။
ထို့ပြင် ချီစွမ်းအင် စုစည်းခြင်း အလယ်အလတ် အဆင့်ရှိသော ကျင့်ကြံသူ အချို့သည် ထန်တောင်တန်းမှ တိတ်တဆိတ် ထွက်ခွာသွားကြပြီး ဝိညာဉ်တောင်တန်းရှိ အခြေအနေကို စုံစမ်းရန် ထွက်ခွာသွားကြတော့သည်။
တောင်ကြားတစ်ခု အတွင်း၌၊
တာအို ကိုယ်ပွား ရုပ်သေးသည် ထန်တောင်တန်း၏ ကာကွယ်ရေး အခင်းအကျင်း ပွင့်လာသည်ကို ကြည့်ပြီး နှလုံးသားထဲတွင် လှုပ်ရှားသွားမိ၏။
'ဒုတိယအဆင့် ကာကွယ်ရေး အခင်းအကျင်းပဲလား...'
'ဒါဆိုရင်တော့...'
သူ တွေးတောနေစဉ်မှာပင် တာအို ကိုယ်ပွား ရုပ်သေးသည် နဂါးမိကျောင်း ရုပ်သေးအသွင်သို့ ပြောင်းလဲသွားပြီး ပိုင်မိသားစု၏ ထန်တောင်တန်းဆီသို့ တိတ်တဆိတ် ပြေးဝင်သွားတော့သည်။
အမှောင်ထု၏ အကာအကွယ်အောက်၌၊
ကိုယ်ပျောက် အဆောင်နှင့် အသံတိတ် အဆောင်များကို ကိုယ်စီ ကိုင်ဆောင်ထားကြသော ကျင့်ကြံသူ အနည်းငယ်သည် သစ်တောအုပ်ထဲမှ ထွက်လာပြီး ဝိညာဉ်တောင်တန်းဘက်သို့ ဦးတည် လျှောက်လှမ်းလာကြလေ၏။
သို့သော် သူတို့ မိုင်အနည်းငယ်မျှသာ လျှောက်ရသေးချိန်၌ အရိပ်မည်းတစ်ခုသည် အမှောင်ထုထဲတွင် လျှပ်ပြက်သလို ဖြတ်သန်းသွားတော့သည်။
"ဖောက်..."
မှည့်ဝင်းနေသော ဖရဲသီးများ ကွဲကြေသွားသကဲ့သို့ သူတို့၏ ခေါင်းများ ပေါက်ကွဲထွက်သွားကြလေ၏။ ထို့နောက် ပြင်းထန်သော လေလှိုင်းဒဏ်ကြောင့် သူတို့၏ ခန္ဓာကိုယ်များသည် သွေးမြူမှုန်များ အဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားကြတော့သည်။
"ဘုန်း..."
"ရွှစ်..."
အသံအက်အက် တစ်ချက် ထွက်ပေါ်လာပြီးနောက် လေပြေတစ်ချက် တိုက်ခတ်သွားကာ သွေးမြူမှုန်များကို ခဏချင်း တိုက်ခတ် လွင့်ပါးသွားစေသည်။
သစ်တောအုပ်ကြီးသည် ဘာမှ မဖြစ်ပျက်ခဲ့သကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားပြန်၏။
ထိုအရိပ်မည်းသည် တစ်ခဏမျှပင် ရပ်တန့်ခြင်း မရှိဘဲ မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
ခဏအကြာတွင်၊ ထန်တောင်တန်း၏ အပြင်ဘက်၌၊
ရုပ်သေးကိုယ်ပွားသည် တောင်တန်းတစ်ခုလုံးကို လွှမ်းခြုံထားသော ကာကွယ်ရေး အခင်းအကျင်း ဒိုင်းကြီးကို မော့ကြည့်လိုက်လေ၏။ သူ၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် သိုလှောင်အိတ်ထဲမှ အဆောင်လက်ဖွဲ့ အဆောင်တစ်ခု ပျံထွက်လာခဲ့၏။
သူသည် စွမ်းအားများကို ထည့်သွင်း အသက်သွင်းလိုက်ပြီးနောက် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းကာ ရှေ့ရှိ အခင်းအကျင်းဒိုင်းဆီသို့ အဆောင်ကို ပစ်လွှတ်လိုက်တော့သည်။
ဒါက စုယွီ ဖန်တီးပေးထားတဲ့ ဒုတိယအဆင့် အလယ်အလတ် "အခင်းအကျင်း ဖျက်ဆီးခြင်း အဆောင်" ပင်။
ယခုတော့ ဒါကို သုံးဖို့ အချိန်တန်ပြီ။
“ရွှစ်…”
အခင်းအကျင်း ဖျက်ဆီးခြင်း အဆောင်သည် လေထဲတွင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ရှေ့ရှိ အကာအကွယ် ဒိုင်းကြီးကို ဝင်ဆောင့်လိုက်တော့သည်။
တောက်ပသော အလင်း တစ်ချက် လက်သွားပြီးနောက် ထူးခြားသော စွမ်းအားတစ်ခုကြောင့် ဒုတိယအဆင့် အလယ်အလတ် ကာကွယ်ရေး အခင်းအကျင်း ဒိုင်းကြီးသည် လှိုင်းလုံးကြီးများ ရိုက်ခတ်သကဲ့သို့ တုန်ခါသွားလေ၏။ အခင်းအကျင်း၏ အချက်အချာ နေရာ အစိတ်အပိုင်း တစ်ခုသည် အဆောင်၏ စွမ်းအားအောက်တွင် ပြိုလဲပျက်စီးသွားတော့သည်။
ဒါကို မြင်လိုက်ရသောအခါ ရုပ်သေးကိုယ်ပွားသည် နောက်ထပ် အဆောင်တစ်ခုကို ထပ်မံ ထုတ်ယူလိုက်ပြန်၏။
“ရွှစ်…”
"ဘုန်း..."
ဒုတိယအဆင့် အလယ်အလတ် အခင်းအကျင်း ဖျက်ဆီးခြင်း အဆောင်နှစ်ခု၏ ရိုက်ခတ်မှုအောက်တွင် ထန်တောင်တန်း၏ ကာကွယ်ရေး အခင်းအကျင်းသည် နောက်ဆုံးတွင် ကွဲကြေပျက်စီးသွားရတော့သည်။
"ပျက်သွားပြီလား..."
ရုပ်သေးကိုယ်ပွားသည် မဲ့ပြုံး ပြုံးလိုက်ရာ သူ၏ ပါးစပ်မှ အေးစက်သော အလင်းရောင်များ တောက်ပနေသည့် ကျောချမ်းစရာ သွားစွယ်များ ထွက်ပေါ်လာ၏။
ထို့နောက် သူသည် လက်သည်းကို မြှောက်လိုက်ရာ ကြောက်မက်ဖွယ်ရာ စွမ်းအင်များ စုစည်းလာပြီး ရှေ့ရှိ ဝိညာဉ်တောင်တန်းဆီသို့ ရက်စက်စွာ ရိုက်ချလိုက်တော့သည်။
"ဝုန်း..."
မြေကမ္ဘာကြီး ကွဲအက်သွားပြီး ထန်တောင်တန်း တစ်ခုလုံး တုန်ခါသွားလေ၏။ ရုပ်သေးကိုယ်ပွား၏ လက်သည်းအောက်မှ ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းကြီးများ ဖြာထွက်သွားပြီး တောင်တစ်လုံးလုံး ပြိုကျ ပျက်စီးသွားတော့မည့်အလား ထင်မှတ်ရပေသည်။
ထန်တောင်တန်းပေါ်၌၊
အဆောက်အဦးများသည် တစ်ခုပြီး တစ်ခု ပြိုကျပျက်စီးသွားကြပြီး ပိုင်မိသားစုဝင် ကျင့်ကြံသူ အများအပြားမှာ အပျက်အစီးများ အောက်တွင် ပိမိသွားကြလေ၏။
အော်ဟစ်သံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။
သူ့ခြံဝင်းထဲသို့ ပြန်ရောက်ကာစ ရှိသေးသော ပိုင်မုသည် ကာကွယ်ရေး အခင်းအကျင်း ဖွင့်လိုက်သဖြင့် စိတ်အနည်းငယ် သက်သာရာ ရသွားခါရှိသေး၊ ရုတ်တရက် မော့ကြည့်လိုက်ရာ ကာကွယ်ရေး အခင်းအကျင်း ဒိုင်းကြီး ချက်ချင်း ကွဲကြေသွားသည်ကို မြင်လိုက်ရသဖြင့် မျက်နှာ ဖြူဖျော့သွားရတော့၏။
ပိုင်မုသည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။
"ကျိုး... ကျိုးသွားပြီလား... ဘယ်လိုလုပ်ပြီး..."
ဒါက ဒုတိယအဆင့် အလယ်အလတ် ကာကွယ်ရေး အခင်းအကျင်းလေ။
အခြေခံ တည်ဆောက်ခြင်း အဆင့် (၅) သို့မဟုတ် (၆) ရှိသော အစွမ်းထက် ကျင့်ကြံသူ တစ်ယောက် လာတိုက်ရင်တောင်မှ အကြာကြီး တောင့်ခံထားနိုင်သေးတာကို။
ဒါပေမဲ့ အခုတော့... ကာကွယ်ရေး အခင်းအကျင်းက မျက်တောင်တစ်ခတ်အတွင်း ကျိုးပျက်သွားခဲ့ပြီ။
ပိုင်မုခမျာ ကြောင်အမ်းအမ်း ဖြစ်သွားရှာသည်။
ဘယ်သူလဲ... ဘယ်သူကများ လာတိုက်တာလဲ...ငါတို့ ပိုင်မိသားစုက ဘယ်တုန်းကများ ဒီလောက် ကြောက်စရာကောင်းတဲ့ ရန်သူမျိုးနဲ့ ငြိစွန်းခဲ့မိပါလိမ့်။
ဒါက သေချာပေါက် စုမိသားစုနဲ့ ချန်မိသားစုတော့ မဟုတ်နိုင်ဘူး... ငါတို့ရဲ့ စွမ်းရည်ကို သူ ကောင်းကောင်း နားလည်ထားတာပဲ။
"ဝူး..."
ထိုအချိန်မှာပင် တောင်ခြေရင်းမှနေ၍ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ထိုးတက်လာလေ၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့ဆီသို့ ပြေးဝင်လာသော ပုံရိပ်တစ်ခုကို ပိုင်မု မြင်လိုက်ရ၏။ ထိုသတ္တဝါသည် (၆) မီတာခန့် မြင့်မားပြီး မတ်တပ်ရပ်နေသော မိကျောင်းကြီး တစ်ကောင်နှင့် တူလှပေသည်။
သို့သော် သာမန် မိကျောင်းထက် ပို၍ ကြောက်စရာ ကောင်းနေ၏။ ကြမ်းကြုတ်သော နဂါးတစ်ကောင်အလား လက်သည်းများက ရှည်လျားပြီး ကွေးညွတ်နေကာ ကျောချမ်းစရာ ကောင်းသော အမြီးကြီး တစ်ချောင်းလည်း ပါရှိလေ၏။
ဒါတွေက အဓိက မဟုတ်သေးပေ။
အရေးအကြီးဆုံး အချက်မှာ ထိုသတ္တဝါကြီး ထုတ်လွှတ်နေသော အေးစက်ပြီး ရက်စက်ကြမ်းကြုတ်လှသည့် မိစ္ဆာအရှိန်အဝါကြီးကြောင့် ပိုင်မုခမျာ အသက်ရှူရခက်သွားရခြင်းပင်။
သေမင်း၏ အနံ့အသက်ကြောင့် ပိုင်မု၏ ဦးနှောက်များ မူးဝေသွားပြီး ခန္ဓာကိုယ်မှာ အလိုအလျောက် တုန်ယင်လာမိ၏။
ရုပ်သေးကိုယ်ပွား၏ လက်သည်းကြီး ကျရောက်လာခါနီး အချိန်ရောက်မှသာ ပိုင်မု အသိပြန်ဝင်လာပြီး မျက်နှာပျက်ပျက်နှင့် သူ၏ ရှေ့တွင် မြေကမ္ဘာ ဒိုင်းများစွာကို ဆင့်ကာဆင့်ကာ ဖန်တီးလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကာကွယ်ရေး အဆောင်များ အားလုံးကိုပါ အသက်သွင်းလိုက်လေ၏။
"မြေကမ္ဘာ ရှောင်တိမ်းခြင်း နည်းစနစ်..."
ပိုင်မု၏ ခြေထောက်အောက်ရှိ မြေကြီးများသည် ရေစီးကြောင်းအလား ဝဲကတော့ထိုးသွားပြီး ပိုင်မုသည် မြေကြီးထဲသို့ တိုးဝင် ပျောက်ကွယ်သွားတော့သည်။
သို့သော် ပိုင်မု မြေကြီးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ရုပ်သေးကိုယ်ပွားသည် မြေကမ္ဘာ ဒိုင်းများ အားလုံးကို ရိုက်ခွဲဖျက်ဆီးလိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်လေ၏။
သူ၏ ကျောပြင်ကို ပြင်းထန်သော ရိုက်ချက် တစ်ခု ထိမှန်သွားသည်ဟု ခံစားလိုက်ရပြီးနောက် ပိုင်မု သတိလစ်သွားတော့သည်။
"ဘုန်း..."
မျက်တောင်တစ်ခတ် အတွင်းမှာပင် ပေတစ်ရာ ပတ်လည်ရှိ မြေကြီးများ အားလုံး ပြိုကျသွားပြီး ကြီးမားသော လက်သည်းရာကြီးတစ်ခု မြေကြီးထဲတွင် ထင်ကျန်ရစ်ခဲ့လေ၏။ မြေကြီး မျက်နှာပြင်မှ သွေးများ စိမ့်ထွက်လာပြီး ထန်တောင်တန်း တစ်ခုလုံးသည် ထိုရိုက်ချက်ကြောင့် နောက်တစ်ကြိမ် ထပ်မံ ပြိုကျပျက်စီးသွားရပြန်သည်။
ပိုင်မု၏ အရှိန်အဝါသည် ပျောက်ကွယ်သွားပြီး မြေကြီးနှင့် တစ်သားတည်း ဖြစ်သွားလေပြီ။
ပိုင်မိသားစု၏ အသစ်စက်စက် ဘိုးဘေးကြီးမှာ... လုံးဝ မျိုးဖြုတ် သုတ်သင်ခြင်း ခံလိုက်ရလေပြီတကား။