← Chapters

ရိတ်သိမ်းခြင်း

Vol. 6 Ch. 86

ရိတ်သိမ်းခြင်း

Vol. 6 Ch. 86

“ဝှစ်... ဝှစ်... ဝှစ်…”

ထန်တောင်တန်း၏ နေရာအနှံ့အပြားမှနေ၍ ပိုင်မိသားစုဝင် ကျင့်ကြံသူများ၏ ပုံရိပ်များ တဟုန်ထိုး ပြေးထွက်လာကြလေ၏။

မိသားစု၏ အားကိုးရာဖြစ်သော ဘိုးဘေးပိုင်မု တစ်ယောက် ရုပ်သေးရုပ်ကြီး၏ လက်ဝါးရိုက်ချက်အောက်တွင် သွေးမြူမှုန်အဖြစ် ပျက်စီးသွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောအခါ မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများမှာ ဒေါသထွက်လွန်း၍ ရင်ကွဲမတတ် ဖြစ်သွားကြရှာ၏။

"ဘိုးဘေးမု..."

“ဝူး…”

ပိုင်မိသားစု ခေါင်းဆောင်၏ လက်ထဲတွင် အလံတံခွန်များ ပေါ်ထွက်လာပြီး ထန်တောင်တန်းတွင် ကျန်ရှိနေသေးသော သတ်ဖြတ်ခြင်း အခင်းအကျင်းများနှင့် ဖမ်းဆီးချုပ်နှောင်ခြင်း အခင်းအကျင်းများကို အစွမ်းကုန် အသက်သွင်းလိုက်တော့သည်။ သူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး ကြောက်ရွံ့မှုနှင့် ဒေါသတို့ ရောယှက်နေသော အကြည့်ဖြင့် ရုပ်သေးရုပ်ကြီးကို စိုက်ကြည့်ကာ အော်ဟစ်လိုက်လေ၏။

"သေစမ်းကွာ..."

သို့သော် ထိုသို့ အော်ဟစ်နေရင်းမှာပင် သူသည် မိသားစုဝင်များထံသို့ အသံလှိုင်းဖြင့် တိတ်တဆိတ် သတင်းပို့လိုက်၏။

"မြန်မြန် ပြေးကြ... အဝေးကို ပြေးကြစမ်း..."

"ဒီကောင်က ကာကွယ်ရေး အခင်းအကျင်းကိုတောင် တစ်ချက်တည်းနဲ့ ဖြိုခွင်းနိုင်တယ်ဆိုတော့... ဒုတိယအဆင့် အလယ်အလတ် အခင်းအကျင်းလောက်က သူ့ကို အကြာကြီး တားထားနိုင်မှာ မဟုတ်ဘူး..."

"ငါ သူ့ကို အတတ်နိုင်ဆုံး ဆွဲထားပေးမယ်... မင်းတို့တွေ လူခွဲပြီး နေရာအနှံ့ကို ပြေးကြတော့..."

“ကျွီ…”

ထန်တောင်တန်း၏ ဒုတိယအဆင့် အလယ်အလတ် သတ်ဖြတ်ခြင်း အခင်းအကျင်းကြီး စတင် လည်ပတ်လာလေ၏။ ကောင်းကင်ယံ၌ စူးရှသော အော်မြည်သံများ ပဲ့တင်ထပ်လာပြီး အဆုံးမဲ့သော မီးတောက်များသည် မီးငှက်ကြီး ကိုးကောင်အဖြစ် ပြောင်းလဲသွားကြ၏။ ထိုမီးငှက်များသည် သက်ရှိသတ္တဝါများအလား ကြောက်မက်ဖွယ် ကောင်းလှပေသည်။

မီးငှက် ကိုးကောင် ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် မိသားစုခေါင်းဆောင်၏ ထိန်းချုပ်မှုအောက်တွင် ရုပ်သေးရုပ်ကြီးဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက် တိုက်ခိုက်လိုက်ကြတော့သည်။

ထိုအချိန်၌ ပိုင်မိသားစု၏ အကြီးအကဲများသည် မိသားစုခေါင်းဆောင်၏ အမိန့်ပေးမှုကို နာခံပြီး ခေါ်ဆောင်သွားနိုင်သမျှသော မိသားစုဝင်များကို ဆွဲကာ ကျောခိုင်း ထွက်ပြေးကြလေ၏။ ကျန်ရစ်ခဲ့သူများအတွက်မူ သူတို့ မတတ်နိုင်တော့ပေ။ လွတ်မြောက်နိုင်သလောက် လွတ်မြောက်အောင် ပြေးရုံသာ ရှိတော့သည်။

ဒီအကျပ်အတည်းကို ကျော်ဖြတ်နိုင်သရွေ့ ပိုင်မိသားစု၏ မျိုးဆက် ပြတ်တောက်သွားမည် မဟုတ်ချေ။

"ဘုန်း..."

ကောင်းကင်ယံမှ မီးငှက်တစ်ကောင် ထိုးဆင်းကျလာပြီး ကြောက်မက်ဖွယ်ရာ မီးတောက်များနှင့် အတူ ရုပ်သေးရုပ်ကြီးကို ဝင်ဆောင့်လိုက်လေ၏။ ပိုင်မိသားစု ခေါင်းဆောင်က မျှော်လင့်ချက် မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိ၏။

"ဝုန်း..."

မီးတောက်များ ပေါက်ကွဲသွားပြီး ညဉ့်ကောင်းကင်ယံတွင် နေတစ်စင်း ပေါက်ကွဲသွားသကဲ့သို့ တောက်ပသော အလင်းရောင်များ လွှမ်းခြုံသွားတော့သည်။

သို့သော်...

မီးခိုးငွေ့များ ကွယ်ပျောက်သွားချိန်၌ ရုပ်သေးရုပ်ကြီးသည် ခြစ်ရာ တစ်ချက်မျှပင် မထင်ဘဲ မူလအတိုင်း မားမားမတ်မတ် ရပ်တည်နေသည်ကို မြင်လိုက်ရသောအခါ... ပိုင်မိသားစု ခေါင်းဆောင်၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး နှလုံးခုန်သံများ ရပ်တန့်သွားရလေ၏။ သူ၏ မျက်နှာထားသည် အသက်ကင်းမဲ့နေသူ တစ်ဦးအလား တောင့်တင်းသွားရှာ၏။

'ဘာ... ဒဏ်ရာ တစ်ချက်တောင် မရဘူးလား...'

မူလက သူသည် မီးငှက် ကိုးကောင်ကို တစ်ကောင်ချင်းစီ အသုံးပြုပြီး ရုပ်သေးရုပ်ကို အချိန်ဆွဲထားရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောအခါ သူသည် တုံ့ဆိုင်းမနေရဲတော့ဘဲ ကျန်ရှိနေသေးသော မီးငှက် ရှစ်ကောင်စလုံးကို တပြိုင်နက်တည်း ဗုံးကြဲ တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။

ထိုအခိုက်အတန့်၌ပင် ရုပ်သေးရုပ်ကြီး၏ နက်မှောင်သော မျက်လုံးများသည် သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်လေ၏။ ထိုအကြည့်ထဲတွင် ပါဝင်သော အေးစက်မှုကြောင့် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားရ၏။

"အူး..."

သန်းခေါင်ယံ အမှောင်ထုထဲတွင်...

သွေးရောင် အလင်းတန်းတစ်ခု ရုတ်တရက် ဝင်း‌လက်သွားပြီး နဂါးဟိန်းသံနှင့် တူသော အသံ တစ်ခု ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားလေ၏။

ထိုဟိန်းသံအောက်တွင် ပိုင်မိသားစု ခေါင်းဆောင်၏ အသိစိတ်နှင့် ခန္ဓာကိုယ်သည် တုန်လှုပ်သွားပြီး တစ်ခဏမျှ လှုပ်ရှားမရ ဖြစ်သွားရသည်။

"ဝှစ်..."

ရေနဂါး လှံရှည်သည် ကောင်းကင်ကို ဖြတ်သန်းသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပိုင်မိသားစု ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့သည်။

ကောင်းကင်ယံတွင် ပျံသန်းနေသော ရေနဂါး တစ်ကောင်က သားကောင်ကို မျိုမြိုလိုက်သကဲ့သို့ပင်။

နောက်တစ်ခဏတွင်...၊ ပိုင်မိသားစု ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် တစ်စစီ ပေါက်ကွဲထွက်သွားပြီး ညဉ့်ကောင်းကင်ယံ၌ သွေးမြူမှုန်များအဖြစ် လွင့်ပါး ပျောက်ကွယ်သွားရလေ၏။

“ဝူး…”

မိသားစုခေါင်းဆောင် သေဆုံးသွားသည်နှင့် တပြိုင်နက် အလံတံခွန်များသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြ၏။

ထန်တောင်တန်းရှိ သတ်ဖြတ်ခြင်း အခင်းအကျင်းနှင့် ချုပ်နှောင်ခြင်း အခင်းအကျင်းများသည် ထိန်းချုပ်သူ ကင်းမဲ့သွားပြီး ကောင်းကင်ပေါ်ရှိ မီးငှက် ရှစ်ကောင်သည်လည်း ဗြောက်အိုး ပေါက်ကွဲသကဲ့သို့ ပျက်စီး ပျောက်ကွယ်သွားကြတော့သည်။

လေးလံသော အမှောင်ထုကြီးသည် ထန်တောင်တန်း တစ်ခုလုံးကို ပြန်လည် လွှမ်းမိုးသွားပြန်၏။

"ဘုန်း..."

ရုပ်သေးရုပ်ကြီးသည် လေပေါ်တွင် လက်သည်းကို ဝှေ့ယမ်းလိုက်ရာ အဝေးသို့ ထွက်ပြေးလွတ်မြောက်ခါနီး ဖြစ်နေသော ချီစွမ်းအင် (၉) ဆင့် အကြီးအကဲ၊ (၈) ဆင့် အကြီးအကဲနှင့် အခြားသော ကျင့်ကြံသူ (၁၀) ဦးကျော်တို့သည် ငှက်ပစ်ခံရသကဲ့သို့ ကောင်းကင်ပေါ်မှ ပြုတ်ကျလာကြလေ၏။

ထို့နောက် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု မြေပြင်ပေါ်သို့ ဖိကျလာတော့သည်။

ထိုနေရာ၌ ကြီးမားသော လက်သည်းရာကြီး တစ်ခုသာ ထင်ကျန်ရစ်ခဲ့၏။

ကျင့်ကြံသူ (၁၀) ဦးကျော်၏ ခန္ဓာကိုယ်များမှာမူ မြေကြီးနှင့် သွေး ရောနယ်သွားသော အသားစိုင်များ အဖြစ်သို့ ပြောင်းလဲသွားကြရှာသည်။

ရုပ်သေးရုပ်ကြီးသည် ခေါင်းကို လှည့်လိုက်ပြီး အခြားသော ပိုင်မိသားစုဝင်များကို လှမ်းကြည့်လိုက်လေ၏။

"ဝှစ်..."

လေထဲတွင် ရှိနေသော အဆင့်မြင့် မှော်လက်နက် ရေနဂါး လှံရှည်သည် ရေနဂါးကြီး တစ်ကောင်အလား ကွေးညွတ်သွားပြီး အခြားသော လူအုပ်စုဆီသို့ ပြေးဝင်သွားပြန်၏။

ထိုညတွင် ထန်တောင်တန်း တစ်ခုလုံးသည် လူသတ် စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရလေ၏။

"အား..."

မချိမဆံ့ အော်ဟစ်သံများ ကမ္ဘာအဆုံးထိ ပဲ့တင်ထပ်သွားပြီး တောအုပ်ထဲမှ ငှက်များအားလုံး လန့်ဖျပ်ကာ ပျံပြေးကုန်ကြတော့သည်။

နာရီဝက်ခန့် အကြာတွင်...၊

ထန်တောင်တန်းကြီးသည် တိတ်ဆိတ် ငြိမ်သက်သွားလေ၏။

ရုပ်သေးရုပ်ကြီးသည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ကျုံ့လိုက်ပြီး ရေနဂါး လှံရှည်ကို သိမ်းဆည်းလိုက်၏။ ထို့နောက် ပိုင်မိသားစု၏ အပျက်အစီးများကြားတွင် လျှောက်သွားကာ သိုလှောင်အိတ်များနှင့် မှော်လက်နက်များကို လိုက်လံ သိမ်းဆည်းတော့သည်။ ထန်တောင်တန်းတွင် ကျန်ရစ်ခဲ့သော ခြေရာလက်ရာများ၊ လက်သည်းရာများ၊ အလောင်းများနှင့် မြေကြီးအက်ကွဲကြောင်းများကို ဖျက်ဆီး ပစ်လိုက်လေ၏။

မကြာမီတွင် သူသည် ပိုင်မိသားစု၏ "သိုင်းကျမ်းမျှော်စင်" နှင့် "ဘဏ္ဍာတိုက်" ကို ရှာတွေ့သွားတော့၏။

အချိန်တိုအတွင်းမှာပင် ပိုင်မိသားစု တစ်ခုလုံး ပြောင်သလင်းခါအောင် သိမ်းယူခံလိုက်ရတော့သည်။

ထို့နောက် ရုပ်သေးရုပ်ကြီးသည် ညတစ်ဝက်ခန့် အချိန်ပေးကာ မေပယ်မြို့ အနီးတစ်ဝိုက်ရှိ အခြားသော အရင်းအမြစ် နေရာများမှ ပိုင်မိသားစုဝင်များကိုပါ လိုက်လံ ရှင်းလင်းလိုက်လေ၏။

“ဝှစ်…”

ကိစ္စအားလုံး ပြီးဆုံးသွားသောအခါ ရုပ်သေးရုပ်သည် ဝိညာဉ်စွမ်းအင်ဖြင့် ကိုယ်ငွေ့များကို သန့်စင်လိုက်၏။ ဒုတိယအဆင့် ကနဦး အဆင့် အရှိန်အဝါ ဖုံးကွယ်ခြင်း အဆောင်နှင့် ကိုယ်ပျောက် အဆောင်တို့ကို ကပ်လိုက်ပြီးနောက် မိုင်ပေါင်း ထောင်ချီဝေးသော နေရာသို့ ထွက်ပြေး တိမ်းရှောင်သွားတော့သည်။

သူသည် လူပြတ်သော တောအုပ်တစ်ခုရှိ မြေအောက်မြစ်ကြောင်းနှင့် ဆက်စပ်နေသော ဂူနက်ကြီး တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး မြေအောက် မီတာ (၁၀၀) ခန့် အနက်တွင် ပုန်းအောင်းလိုက်လေ၏။

ထိုအခါမှသာ ပိုင်မိသားစုထံမှ လုယက်လာသော ပစ္စည်းများကို ထုတ်ယူပြီး တစ်ခုချင်းစီ စစ်ဆေးကြည့်ရှုလိုက်၏။

'ပိုင်မိသားစုရဲ့ အခြေခံ တည်ဆောက်ခြင်း အဆင့် (၃) ရှိတဲ့ အကြီးအကဲနဲ့ အပျက်အစီး နယ်မြေထဲ ဝင်သွားတဲ့ လူတချို့တော့ ကျန်နေဦးမှာပဲ...'

စုယွီ တွေးတောလိုက်မိသည်။

'ဒါပေမဲ့... ဒီလောက် လူအင်အားပဲ ကျန်တော့တယ် ဆိုရင်တော့ ပိုင်မိသားစုက ငါ့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု မဟုတ်တော့ပါဘူး...'

'ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီးထဲကနေ သူတို့ရဲ့ ဘိုးဘေး ပြန်ထွက်လာတဲ့ အချိန်ကျမှ... အဲ့ဒီလူကိုပါ ရှင်းပစ်လိုက်ရင် အန္တရာယ်မှန်သမျှ အမြစ်ပြတ်သွားပြီ...'

သူသည် သိုလှောင်အိတ်များကို တစ်လုံးချင်း ဖွင့်ဖောက်ပြီး ပစ္စည်းများကို ခွဲခြား စိတ်ဖြာလိုက်လေ၏။

မကြာမီတွင်...၊

သူ့ရှေ့၌ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ၊ မှော်လက်နက်များ၊ ကျင့်စဉ်သိုင်းကျမ်းများ၊ မန္တန်များ၊ ရှေးဟောင်း စာအုပ်များ၊ ကျောက်စိမ်းပြားများ၊ ဝိညာဉ်သတ္တုရိုင်းများနှင့် ဝိညာဉ်ဆေးမြစ်များ အစရှိသဖြင့် ပစ္စည်းမျိုးစုံ တောင်ပုံရာပုံ စုပုံလာပါတော့သည်။

All Chapters