ရိတ်သိမ်းခြင်း (၂)
Vol. 6 Ch. 87
~ပစ္စည်းများကို ရှင်းလင်းစစ်ဆေးရန် တစ်နာရီကျော်မျှ အချိန်ယူလိုက်ရလေ၏။
'အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရှစ်ထောင် လေးရာကျော်...'
'အဆင့်နိမ့် မှော်လက်နက် သုံးရာခြောက်ဆယ်ကျော်...'
'အလယ်အလတ်အဆင့် မှော်လက်နက် တစ်ရာငါးဆယ်ကျော်...'
'အဆင့်မြင့် မှော်လက်နက် တစ်ခု...'
စုယွီ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး စိတ်ထဲ၌ တိတ်တဆိတ် အံ့ဩသွားမိ၏။ ကျင့်ကြံခြင်း မိသားစုတစ်ခုထံမှ ရရှိသော အသီးအပွင့်များမှာ တကယ်ပင် များပြားလှပေစွ။
မှော်လက်နက် အရေအတွက် တစ်ခုတည်းကပင် ရာဂဏန်း ရှိနေလေ၏။ ဤပစ္စည်းများ တစ်ခုတည်း၏ တန်ဖိုးမှာပင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးလေးသောင်းခန့် ရှိပေလိမ့်မည်။
စုယွီသည် အခြားသော ပစ္စည်းများကို အာရုံပြောင်းလိုက်ပြန်၏။ ထိုအထဲတွင် ဒုတိယအဆင့် ကနဦး အဆင့် ရုပ်သေးတစ်ရုပ် ပါဝင်ပြီး ကိုယ်ထည်ပေါ်တွင် "ကျန်းကျုံးရန်" ဟူသော နာမည်တစ်ခုကို ရေးထိုးထားသည်ကို တွေ့လိုက်ရလေ၏။
စုယွီက တိုးညှင်းစွာ ရေရွတ်လိုက်မိ၏။
"ကျန်းမိသားစုရဲ့ ရုပ်သေးလား..."
ဤရုပ်သေးသည် ပိုင်မု၏ သိုလှောင်အိတ်ထဲတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ပိုင်မုခမျာ သေဆုံးချိန် မြန်ဆန်လွန်းသဖြင့် ဤရုပ်သေးကို ထုတ်သုံးရန် အခွင့်အရေးပင် မရလိုက်ပေ။
ကြည့်ရသည်မှာ ဤရုပ်သေးသည် အခြေခံ တည်ဆောက်ခြင်း အဆင့် (၁) ခန့်သာ ရှိပုံရပြီး အနည်းငယ် ဟောင်းနွမ်းနေလေ၏။ သို့သော် ရောင်းချလိုက်လျှင် ဝိညာဉ်ကျောက်တုံး တစ်သောင်း တစ်ထောင်၊ တစ်သောင်း နှစ်ထောင်ခန့်တော့ ရနိုင်ပေလိမ့်မည်။
ရောင်းချမည် ဆိုပါက ရုပ်သေးပေါ်ရှိ နာမည်ကို ဦးစွာ ဖျက်ပစ်ရပေမည်။ ထို့ပြင် လူကိုယ်တိုင် သွားရောက် ရောင်းချခြင်း မပြုဘဲ ကြားခံနယ်တစ်ခုမှ တဆင့် ရောင်းချခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ထိုပစ္စည်းများ အပြင် အခြေခံ တည်ဆောက်ခြင်း ဆေးလုံး ဖော်စပ်ရန် လိုအပ်သော အဓိက ပစ္စည်း (၄) မျိုးကိုလည်း ရှာဖွေတွေ့ရှိလိုက်ရ၏။ ထိုအထဲတွင် သန့်စင်သော မိစ္ဆာသားရဲ အတွင်းအား အမြုတေ တစ်လုံးလည်း ပါဝင်လေ၏။ ပစ္စည်းတစ်ခုမှာမူ ထပ်နေသဖြင့် စုစုပေါင်း အဓိက ပစ္စည်း (၃) မျိုး ရရှိလိုက်ခြင်း ဖြစ်ပေသည်။
'မိသားစုအတွက် ခုန်းလင် ဝိညာဉ်သစ်သီးပဲ လိုတော့တယ်...'
'နောက်ထပ် ခုန်းလင် ဝိညာဉ်သစ်သီး နှစ်လုံးလောက် ထပ်ရရင်... အခြေခံ တည်ဆောက်ခြင်း ဆေးလုံး နှစ်သုတ် ဖော်ဖို့ ကုန်ကြမ်းတွေ ပြည့်သွားပြီ...'
နောက်ဆုံးတွင် စုယွီ၏ အကြည့်သည် ဖန်ဖြူသားကဲ့သို့ တောက်ပနေသော ကြီးမားသည့် သတ္တုတုံး တစ်တုံးအပေါ်သို့ ကျရောက်သွားလေ၏။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်မှုနှင့် ဝမ်းသာမှုတို့ တပြိုင်နက် ဖြစ်ပေါ်လာမိ၏။
"ဒါက... အလင်းအရိပ်ကျောက် မဟုတ်လား..."
အလင်းအရိပ်ကျောက် ဆိုသည်မှာ ရွှေကျောက်စိမ်း ကောင်းကင်ဘုံ ချောက်နက် ကျမ်း တွင် ပါရှိသော ဒုတိယအဆင့် အဆင့်မြင့် ရုပ်သေး 'လက်ရှစ်ဖက် ဓားသွား နှံကောင်' ကို ဖန်တီးရာ၌ မရှိမဖြစ် လိုအပ်သော အဓိက ပစ္စည်း ဖြစ်လေ၏။ ၎င်း၏ ထူးခြားချက်မှာ ပေါ့ပါးခြင်း၊ မာကျောခြင်း၊ ပျော့ပျောင်းမှု ကောင်းမွန်ခြင်းနှင့် ဝိညာဉ်စွမ်းအင် စီးဆင်းမှု ကောင်းမွန်ခြင်းတို့ ဖြစ်ပေသည်။
'လက်ရှစ်ဖက် ဓားသွား နှံကောင်' သည် ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး ရုပ်သေးပညာရှင်များ၏ ရှေးဟောင်း အမွေအနှစ်များထဲတွင် ထိပ်တန်း အကျဆုံးသော ဒုတိယအဆင့် အဆင့်မြင့် ရုပ်သေး ဖြစ်သည်။
ယှဉ်ပြိုင်ဘက် ကင်းသော ရုပ်သေးဟု ဆိုနိုင်ပါသည်။
၎င်း၏ စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ အကယ်၍သာ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါက 'တုပ အမြုတေ အဆင့်' ကျင့်ကြံသူကိုပင် ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း ရှိပြီး၊ မျက်နှာချင်းဆိုင် ယှဉ်ပြိုင်ရာတွင် လုံးဝ ဂရုစိုက်နေစရာ မလိုပေ။
မိမိရှေ့တွင် ရှိနေသော ဤ အလင်းအရိပ်ကျောက်သည် 'လက်ရှစ်ဖက် ဓားသွား နှံကောင်' ရုပ်သေးတစ်ရုပ်၏ ဆယ်ပုံတစ်ပုံခန့်ကို ဖန်တီးရန် လုံလောက်သော ပမာဏ ဖြစ်လေ၏။
စုယွီ စဉ်းစားခန်း ဝင်သွားမိ၏။
'ဒါက ပိုင်မိသားစုတွေ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးထဲကနေ ရှာတွေ့ခဲ့တဲ့ အခွင့်အရေးလား...'
အကယ်၍သာ ထိုသို့ ဟုတ်မှန်ပါက 'လက်ရှစ်ဖက် ဓားသွား နှံကောင်' ရုပ်သေး ဖန်တီးရန် လိုအပ်သော အခြား အဓိက ပစ္စည်းများ ဖြစ်သည့် မိစ္ဆာ အမြုတေနှင့် နှံကောင်လက်တံ ရှစ်ချောင်းတို့ကိုလည်း ထိုအပျက်အစီး နယ်မြေထဲတွင် ရှာတွေ့နိုင်မည်လော။
'အလင်းအရိပ်ကျောက် ရယ်... လက်ရှစ်ဖက် ဓားသွား နှံကောင် မိစ္ဆာသားရဲဆီက ရနိုင်တဲ့ ပစ္စည်းတွေရယ်... အထူးသဖြင့် ဒုတိယအဆင့် အဆင့်မြင့် အထွတ်အထိပ် ရောက်နေတဲ့ နှံကောင်သားရဲရဲ့ ပစ္စည်းတွေ ဆိုရင် ပိုကောင်းမယ်... အဲ့ဒါတွေကို ငါ့လက်ထဲ ရောက်အောင် လုပ်ဖို့ နည်းလမ်းရှာရမယ်...'
စုယွီ တွေးတောနေမိ၏။
သူသည် အလင်းအရိပ်ကျောက်ကို လုံခြုံစွာ သိမ်းဆည်းလိုက်လေ၏။
ထို့နောက် စုယွီသည် ဘေးနားရှိ ရှေးဟောင်း စာအုပ်များနှင့် ကျောက်စိမ်းပြားများ ပုံထားရာဆီသို့ အကြည့် ရွှေ့လိုက်ပြန်သည်။ ထိုအထဲတွင် ဖွင့်ဖောက်ထားပြီး ဖြစ်သော်လည်း စည်းတံဆ်ိပ်ဖြင့် ပြန်လည် ပိတ်သိမ်းထားသော ရှေးဟောင်း ကျောက်စိမ်းသေတ္တာ တစ်ခု ပါဝင်နေ၏။
သူသည် ကျောက်စိမ်းသေတ္တာကို လက်ထဲသို့ ယူလိုက်ပြီး စည်းတံဆ်ိပ်ကို ဂရုတစိုက် ဖြေလျှော့ကာ ဖွင့်လိုက်လေ၏။
"ဟင်..."
အတွင်းထဲမှ ကျောက်စိမ်းပြား တစ်ချပ်ကို မြင်လိုက်ရသောအခါ စုယွီ အာမေဍိတ်သံ ထွက်သွားမိ၏။ သူသည် ကျောက်စိမ်းပြားကို ကောက်ယူလိုက်ပြီး သူ၏ နတ်ဘုရားအာရုံ ကို အတွင်းထဲသို့ စီးဆင်းစေလိုက်တော့သည်။
“ဝှစ်…”
ဗဟုသုတ အသိပညာ ရေစီးကြောင်းကြီး တစ်ခုသည် စုယွီ၏ ဦးနှောက်ထဲသို့ တိုးဝင်လာလေ၏။
နာရီဝက်ကျော်မျှ ကြာမြင့်ပြီးနောက်...
ထိုအခါမှသာ စုယွီသည် သတင်းအချက်အလက် ရေစီးကြောင်းထဲမှ သူ၏ စိတ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်နိုင်၏။ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိများ ဖြာထွက်လာတော့သည်။
"ဒါက... ဒုတိယအဆင့် အဆင့်မြင့် ဆေးပညာရှင်ရဲ့ အမွေအနှစ်ပဲ... ဒါတင်မကဘူး... တုပ အမြုတေ အဆင့်ကို ရောက်အောင် ကူညီပေးနိုင်တဲ့ ဟောင်ယွမ် ဆေးလုံး ဖော်စပ်နည်းပါ ပါတာပဲ..."
တာအို ကိုယ်ပွား ရုပ်သေးသည် ပိုင်မိသားစု၏ ထန်တောင်တန်းကို ချေမှုန်းပြီးနောက် ရရှိလာသော ပစ္စည်းများကို ဆက်လက် စီမံခန့်ခွဲနေဆဲ ဖြစ်လေ၏။
အခြားတစ်ဖက်တွင်မူ...၊
မီးဖိုဘေးတွင် စုပင်း၊ စုကျင်းပန်းတို့နှင့် အတူ လက်ဖက်ရည် ကျိုချက်နေသော စုယွီ၏ မျက်နှာထားမှာ တည်ငြိမ်နေသော်လည်း၊ သူ၏ ရင်ထဲတွင်မူ ပျော်ရွှင်မှု လှိုင်းတံပိုးများ ထန်နေလေပြီ။ အကယ်၍သာ ရှေ့တွင် အကြီးအကဲ နှစ်ဦး မရှိပါက သူသည် အားရပါးရ အော်ဟစ် ရယ်မောမိမည်မှာ သေချာလှ၏။
မူလက သူသည် ပိုင်မိသားစုကို လက်တုံ့ပြန်ရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ဤမျှလောက် အကျိုးအမြတ် ရရှိလာမည်ဟု မမျှော်လင့်ခဲ့မိပေ။
သို့သော် မထင်မှတ်ဘဲ...
ရှားပါးလှသော အလင်းအရိပ်ကျောက် သာမက ဒုတိယအဆင့် အဆင့်မြင့် ဆေးပညာရှင်၏ အမွေအနှစ်ကိုပါ ရရှိလိုက်လေ၏။
တကယ့်ကို 'ဖိနပ်စုတ် သံချောင်းနင်းပြီး ခြေကုန်လက်ပန်းကျအောင် ရှာတုန်းက မတွေ့ဘဲ... မထင်မှတ်တဲ့ နေရာကနေ အလွယ်တကူ ရလာပါလား' ဟု ဆိုရမည်ပင်။
ယခင်က သူသည် အမှန်တရား ခန်းမဆောင်တွင် ဒုတိယအဆင့် အဆင့်မြင့် ဆေးပညာရှင် အမွေအနှစ် ရရှိရန် ရည်ရွယ်ချက်ဖြင့် ပံ့ပိုးမှု အများအပြား ပြုလုပ်ခဲ့သော်လည်း ဘာမှ ရရှိခဲ့ခြင်း မရှိပေ။
ယခုတော့ သူ အသည်းအသန် လိုချင်နေခဲ့သော အမွေအနှစ်ကို ပိုင်မိသားစုထံမှ မမျှော်လင့်ဘဲ ရရှိလိုက်လေပြီ။
'ပိုင်မိသားစု...'
'ခင်ဗျားတို့က တကယ့်ကို ကျုပ်ဆီကို စည်းစိမ်လာပို့တဲ့ သူတော်ကောင်းတွေပါပဲ...'
စုယွီ စိတ်ထဲတွင် ကျေနပ်စွာ ပြုံးလိုက်မိ၏။ အထူးသဖြင့် ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးထဲသို့ အသက်စွန့်ပြီး ဝင်ရောက်ကာ ပိုင်မိသားစုအတွက် အရင်းအမြစ်များ ရှာဖွေပေးနေရှာသော အခြေခံ တည်ဆောက်ခြင်း အဆင့် (၃) ရှိသည့် အကြီးအကဲကို တွေးမိပြီး ရယ်ချင်နေမိသည်။
ထိုသူ၏ ကြိုးစားအားထုတ်မှု အသီးအပွင့် အားလုံးသည် ယခုအခါ စုယွီ၏ အိတ်ကပ်ထဲသို့ ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလော။
ကျေနပ်စရာ ကောင်းလိုက်လေခြင်း။
'မျှော်လင့်ပါတယ်... သူ ဆက်ပြီး ကြိုးစားရှာဖွေပါစေ... ပစ္စည်းကောင်းတွေ ပိုပြီး ရှာတွေ့ပါစေ...'
'ဒါမှ သူ ပြန်ထွက်လာတဲ့ အချိန်ကျရင် ငါ ထပ်ပြီး ရိတ်သိမ်းလို့ ရမှာ...'
စုယွီ အတွေးနယ်ချဲ့နေမိ၏။
စုပင်းနှင့် စုကျင်းပန်းတို့သည် တစ်ယောက်တည်း ပြုံးစစ ဖြစ်နေသော စုယွီကို ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ကြသည်။
"ဘာတွေ သဘောကျပြီး ပြုံးနေတာလဲကွ..."
စုယွီက ချက်ချင်း မျက်နှာပိုးသတ်လိုက်ပြီး ပြန်ဖြေလိုက်လေ၏။
"ဘာမှ မဟုတ်ပါဘူး... ကျွန်တော် စဉ်းစားနေတာက... မိသားစုအတွက် ဒုတိယအဆင့် ကနဦး အဆင့် ရုပ်သေး နှစ်ရုပ် ဖန်တီးပေးပြီးရင် ယွင်ကျန်းဂိုဏ်း နယ်မြေမှာ ကျွန်တော်တို့ စုမိသားစုရဲ့ အင်အားက တော်တော်လေး အရာရောက်လာမလားလို့ဗျ..."
"တကယ်လို့များ အချိန်ပိုရခဲ့လို့... အစ်မဇီအာရယ်... ပဉ္စမအဘိုး ရယ်... အဘိုးကျင်းပန်း ရယ်... အဘိုးတို့အားလုံးသာ အခြေခံ တည်ဆောက်ခြင်း အထွတ်အထိပ် အဆင့်ကို ရောက်သွားကြမယ်ဆိုရင်...ကျွန်တော်တို့ စုမိသားစု ဘယ်လောက်တောင် စည်ပင်ဝပြောလာမလဲ ဆိုတာ တွေးပြီး ကြည်နူးနေတာပါ..."
စုယွီ မျှော်မှန်းပြလိုက်သော အနာဂတ် ပုံရိပ်ကြောင့် စုပင်းနှင့် စုကျင်းပန်းတို့ နှစ်ဦးစလုံး ငေးမောသွားကြရှာသည်။
ထိုကဲ့သို့သော စုမိသားစု အခြေအနေမျိုးကို သူတို့နှစ်ဦးစလုံး မျှော်လင့်တောင့်တနေမိကြ၏။
သို့သော်...
စုပင်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောလေ၏။
"အဘိုးနဲ့ ကျင်းပန်းကတော့ အတတ်နိုင်ဆုံး ကြိုးစား ကျင့်ကြံကြမှာပါဟေ... ဒါပေမဲ့ မင်းနဲ့ ရှောင်ဇီကမှ အလားအလာ ကောင်းတာကွ... မင်းတို့နှစ်ယောက် ပိုပြီး ကြိုးစားကြရမယ်... ပဉ္စမအဘိုးကတော့ အဲ့ဒီလို နေ့ရက်မျိုး ရောက်လာတာကို မြင်တွေ့ရတဲ့အထိ အသက်ရှည်ရှည် နေနိုင်အောင် ကြိုးစားပါ့မယ်ကွာ..."
သူတို့ သုံးဦးသည် ညဉ့်နက်သည်အထိ စကားစမြည် ပြောဆိုနေကြပြီးမှ လူစုခွဲလိုက်ကြတော့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင်။
နေ့စဉ် ပုံမှန် လေ့ကျင့်မှုများ ပြီးဆုံးသွားသောအခါ စုယွီသည် သူ၏ 'ကျွမ်းကျင်မှု မျက်နှာပြင်' ကို စစ်ဆေးကြည့်လိုက်၏။
အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်၊ ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ သိုင်းကျမ်း၊ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်နှင့် မိကျောင်းသားရဲ ကိုယ်ခန္ဓာ ကျင့်စဉ် (၁၀၈) ကွက် အစရှိသည်တို့ အားလုံး အနည်းငယ်စီ တိုးတက်လာသည်ကို တွေ့လိုက်ရလေ၏။ သူ၏ ကျင့်ကြံခြင်း ခရီးလမ်းသည် နေ့စဉ်နှင့်အမျှ မှန်မှန်ကန်ကန် တိုးတက်လျက် ရှိပေသည်။