← Chapters

ရိတ်သိမ်းခြင်း (၃)

Vol. 6 Ch. 88

ရိတ်သိမ်းခြင်း (၃)

Vol. 6 Ch. 88

~အထူးသဖြင့် မိကျောင်းသားရဲ ကိုယ်ခန္ဓာ ကျင့်စဉ် (၁၀၈) ကွက်သည် (၁၁) ဆင့်သို့ ရောက်ရှိရန် လက်တစ်ကမ်း အလိုသာ ကျန်တော့ပြီး ကျွမ်းကျင်မှု ပမာဏ (၉၄%) ထိ ပြည့်မီနေလေပြီ။

စုယွီ လျှို့ဝှက်ခန်းထဲမှ ထွက်လာသောအခါ သူ့အတွက် နေ့လယ်စာကို ယွီချန်ချင်းက အဆင်သင့် ပြင်ဆင်ထားပေးပြီး ဖြစ်၏။ သူမသည် သူ၏ လက်အောက်ငယ်သား သဖွယ်လည်း ဖြစ်၊ 'တပည့်မ' လိုလည်း ဖြစ်နေရှာသည်။

အရည်အသွေးမြင့် ဝိညာဉ်ဆန်နှင့် အတူ ဒုတိယအဆင့် မိစ္ဆာသားရဲ ကင်၊ ဝိညာဉ်လမင်း ရေကန်မှ ဖမ်းယူထားသော လမင်းငါးဟင်း စသည်တို့ကို မွှေးပျံ့စွာ ပြင်ဆင်ထားလေ၏။

သာမန် နေ့လယ်စာ တစ်နပ်သည် သူတို့နှစ်ဦး၏ အားရပါးရ စားသောက်မှုအောက်တွင် မျက်တောင်တစ်ခတ် အတွင်း ကုန်စင်သွားတော့သည်။

ဝိညာဉ်ဆန်၊ မိစ္ဆာသားရဲ အသားနှင့် လမင်းငါးတို့သည် ကိုယ်ခန္ဓာ ကျင့်စဉ် (၁၀) ဆင့်သို့ ရောက်နေပြီ ဖြစ်သော စုယွီအတွက် အတိုင်းအတာ တစ်ခုထိ အသုံးဝင်နေဆဲပင်။ အနည်းဆုံးတော့ သူ၏ နေ့စဉ် စွမ်းအင် ကုန်ဆုံးမှုကို ပြန်လည် ဖြည့်တင်းပေးနိုင်စွမ်း ရှိပေသည်။

သို့သော် သူတို့နှစ်ဦး ထမင်းစားပြီးခါစတွင်ပင် စုမိသားစု တစ်ခုလုံးကို မြေငလျင် လှုပ်ခတ်သွားသကဲ့သို့ တုန်လှုပ်သွားစေသော သတင်းတစ်ခု ရောက်ရှိလာခဲ့၏။

ပိုင်မိသားစု၏ ထန်တောင်တန်း တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီတဲ့။

ကျင့်ကြံသူများ အားလုံး ညတွင်းချင်း အသတ်ခံလိုက်ရသတဲ့။

ဤသတင်းသည် မိသားစုခေါင်းဆောင် စုဖုန်းကို လွန်စွာ ထိတ်လန့်သွားစေခဲ့သည်။ သူသည် တောင်တံခါးကို ချက်ချင်း ပိတ်ရန် အမိန့်ပေးလိုက်ပြီး ယွင်ကျန်းဂိုဏ်းမှ ဒုတိယအဆင့် အဆင့်မြင့် အခင်းအကျင်း ပညာရှင် အကြီးအကဲ တစ်ဦးကို ငွေအမြောက်အမြား ပေးကာ ငှါးရမ်းလိုက်တော့သည်။ မိသားစု၏ ကာကွယ်ရေး အခင်းအကျင်းကို အစွမ်းကုန် မြှင့်တင်ရန် ဖြစ်ပေသည်။

စုမိသားစု တစ်ခုလုံး အရေးပေါ် အခြေအနေသို့ ရောက်ရှိသွားတော့သည်။

ဤအခြေအနေကို ကြည့်ပြီး စုယွီ သက်ပြင်းချမိ၏။ ပိုင်မိသားစု ပျက်စီးသွားရခြင်း၏ တရားခံကို သူ ကောင်းကောင်း သိသော်လည်း နှုတ်ဆိတ်နေလိုက်သည်။

မိသားစုခေါင်းဆောင်၏ တုံ့ပြန်မှုသည် သဘာဝကျသည်ဟု ဆိုရပေမည်။

အဘယ်ကြောင့်ဆိုသော် မကြာသေးခင်ကမှ မိစ္ဆာ တောင်ထွတ်မှ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ အများအပြား ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး၊ ထိုအထဲတွင် သွေးဓားလော့ပန်းသည် ယနေ့တိုင်၊ ပျောက်ဆုံးနေဆဲ ဖြစ်လေ၏။

အကယ်၍ ပိုင်မိသားစုကို ဖျက်ဆီးခဲ့သူသည် အစွမ်းထက်သော မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ တစ်ဦး ဖြစ်ခဲ့လျှင်၊ ပိုင်မိသားစုနှင့် မနီးမဝေးတွင် ရှိနေသော စုမိသားစုအတွက်လည်း အန္တရာယ် ရှိလာနိုင်သည် မဟုတ်ပါလော။

စုမိသားစုသည် အစည်းအဝေး တစ်ခုကို အရေးပေါ် ခေါ်ယူလိုက်ပြီး ဤကိစ္စကို မည်သို့ ကိုင်တွယ်ရမည်ကို ဆွေးနွေးတိုင်ပင်ကြတော့သည်။

ပိုင်မိသားစု ပျက်စီးသွားခြင်းသည် စုမိသားစုအတွက် ကောင်းသော ကိစ္စ ဖြစ်သော်လည်း...

တကယ့် လက်သည်တရားခံ ဘယ်သူလဲ ဆိုတာကိုတော့ စုံစမ်းရပေမည်။

သို့မဟုတ်ပါက စုမိသားစုအတွက် ထာဝရ ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်နေပေလိမ့်မည်။

စုဖုန်းက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

"ပိုင်မိသားစု ကိစ္စက တကယ့်ကို မမျှော်လင့်ထားတဲ့ ကိစ္စပဲ..."

စုယွင်က မျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်သူ့လက်ချက် ဖြစ်မလဲ... မိစ္ဆာလမ်းစဉ်လား... ဒါမှမဟုတ် ပိုင်မိသားစုက တခြား အစွမ်းထက်တဲ့ ရန်သူနဲ့များ သွားငြိမိတာလား..."

ထိုအခါ၊

"မိသားစုခေါင်းဆောင်... ကျွန်တော် သွားစုံစမ်းကြည့်ရမလား..."

ဟု စုဟယ်က လေးနက်စွာ ဝင်ပြောလာ၏။

"မလုပ်နဲ့..." စုဖုန်းက ချက်ချင်း တားမြစ်လိုက်၏။

"စိတ်မြန်လက်မြန် မလုပ်ကြနဲ့... ဒီကိစ္စက ငါတို့ စုမိသားစုနဲ့ မဆိုင်ဘူး... လောလောဆယ် အခြေအနေကိုပဲ စောင့်ကြည့်ကြမယ်... မိသားစုဝင်တွေ အားလုံးကို အပြင်မထွက်ဖို့၊ ပြဿနာ မရှာဖို့ မှာထား..."

စုပင်းနှင့် အခြားသူများသည် ခေတ္တမျှ ဆွေးနွေးတိုင်ပင်ကြပြီး ရန်သူ လာရောက် တိုက်ခိုက်ခဲ့လျှင် မည်သို့ တုံ့ပြန်မည်ကို အစီအစဉ် ရေးဆွဲကြလေ၏။

စုယွီသည် တိတ်ဆိတ်စွာဖြင့် အားလုံးကို လိုက်လံ အကဲခတ်နေမိသည်။ တကယ့် တရားခံကြီးက သူတို့ဘေးနားတွင် ထိုင်နေသည်ကို သူတို့ မသိကြရှာပေ။ အကြီးအကဲများ စိတ်ပူပန်နေကြသည်ကို ကြည့်ပြီး သူ ဘာမှ ဝင်မပြောတော့ပေ။

ရက်အနည်းငယ် ကြာမြင့်ပြီးနောက် အပြင်ဘက်မှ မည်သည့် လှုပ်ရှားမှုမျှ မရှိတော့သောအခါမှသာ စုမိသားစုသည် ထန်တောင်တန်းဘက်သို့ လူအနည်းငယ် စေလွှတ်ပြီး သတိထားကာ စုံစမ်းခိုင်းလိုက်တော့သည်။

ဤအချိန်တွင် စုယွီသည် အခြေခံ တည်ဆောက်ခြင်း ဆေးလုံးအတွက် ကုန်ကြမ်းပစ္စည်းများကို မည်သို့ ရှာဖွေရမည်ကို စဉ်းစားနေမိ၏။

ဒုတိယအဆင့် ကနဦး အဆင့် ရုပ်သေးရုပ် ဖန်တီးရန်အတွက် မိသားစုမှ ပစ္စည်း ရှာဖွေပေးရန် လအနည်းငယ် ကြာဦးမည် ဖြစ်သည်။

ထိုကာလအတွင်း သူ၏ နောက်ထပ် ခြေလှမ်းများကို ကြိုတင် ပြင်ဆင်ထားရပေမည်။

အကြာကြီး စဉ်းစားပြီးနောက် စုယွီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာလေ၏။

'ယွီမိသားစုမှာ ခုန်းလင် ဝိညာဉ်သစ်သီး ရှိနေလောက်သေးတယ်... ယွီမိသားစုဆီ သွားပြီး သူတို့နဲ့ ဆေးဖော်စပ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းကြည့်ရင် ကောင်းမလား...'

ဤအတွေးနှင့် အတူ အခြားသော ကိစ္စတစ်ခုကိုပါ ဆက်စပ် တွေးတောမိလိုက်၏။

ဝူယန်တောင်တန်းမှ ဆေးပညာရှင် ပိုင်ယန်၏ ကျော်ကြားမှု အကြောင်းပင် ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် အင်မော်တယ် မြို့တော်တွင် မနေသော်လည်း သူ၏ ဂုဏ်သတင်းမှာ အရပ်ရပ်သို့ တိုးဝင်နေလေ၏။ ကျင့်ကြံသူများ၊ မိသားစုများနှင့် အင်အားစုများသည် ဆေးဖော်စပ်ရန်အတွက် ဝူယန်တောင်တန်းအထိ တကူးတက သွားရောက် ရှာဖွေကြရသည်။

ဒါက ဂုဏ်သတင်း ကျော်ကြားမှုရဲ့ စွမ်းအားပဲ။

ယခင်ကမူ စုယွီ၏ အင်အားသည် မလုံလောက်သေးသလို၊ သူ၏ ဆေးပညာ အမွေအနှစ်မှာလည်း သာမန် ဒုတိယအဆင့် ကနဦး အဆင့် အဆင့်သာ ရှိသေးသဖြင့် စိုးရိမ်ပူပန်မှုများ ရှိခဲ့ဖူးသည်။

သို့သော် ယခုအခါ သူသည် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သလို၊ တာအို ကိုယ်ပွား ရုပ်သေး၊ ဒုတိယအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့ အဆောင်များနှင့် အဆင့်မြင့် ဆေးပညာ အမွေအနှစ်များကိုပါ ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

'ငါ့ရဲ့ ဆေးပညာရှင် ဂုဏ်ပုဒ်ကို မြှင့်တင်ဖို့ စဉ်းစားသင့်ပြီလား...'

ဂုဏ်သတင်း ကျော်ကြားလာပါက အခြားသူများ၊ အထူးသဖြင့် မိသားစုများနှင့် အင်အားစုကြီးများသည် ဆေးဖော်စပ်ရန် သူ့ထံသို့ အရောက်လာကြပေလိမ့်မည်။ ထိုအခါ သူ၏ ကျင့်ကြံခြင်းအတွက် လိုအပ်သော ဝင်ငွေများ ပုံမှန် စီးဝင်လာပေမည်။

နောင်တစ်ချိန် ယွီခယ်အာသာ တာ့ယွဲ့ မှောင်ခိုဈေးက လှိုဏ်ဂူကို ထိန်းချုပ်နိုင်ခဲ့လျှင် ထိုနေရာကို စနစ်တကျ ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်လိမ့်မည်။

ဤနည်းအားဖြင့် သူသည် အဆောင်လက်ဖွဲ့ ပညာရှင်နှင့် ရုပ်သေး ပညာရှင် ဆိုသော အထောက်အထားများကို ထုတ်ဖော်ပြသရန် မလိုဘဲ လုံလောက်သော အရင်းအမြစ်များကို ရှာဖွေနိုင်မည် ဖြစ်သည်။

ယွီမိသားစုနှင့် ဆေးဖော်စပ်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ သူသည် အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကို ဖော်စပ်နိုင်စွမ်း ရှိကြောင်း ယွီမိသားစုအား အသိပေးလိုက်ခြင်းသည် သူ၏ ဆေးပညာရှင် ဂုဏ်သတင်းကို တည်ဆောက်ရန် ပထမဆုံး ခြေလှမ်း ဖြစ်လာနိုင်ပေသည်။

ဒုတိယအဆင့် ဆေးလုံးများအနက် အခြေခံ တည်ဆောက်ခြင်း ဆေးလုံးသည် အမြတ်အစွန်း အများဆုံး ဖြစ်ကြောင်း သိထားရမည်။

ဒါပေမဲ့ ဒီခြေလှမ်းကို ဘယ်လို စတင်မလဲ ဆိုတာကိုတော့ သေချာ စဉ်းစားရဦးမယ်။

အကောင်းဆုံးကတော့ လူမသိသူမသိ တိတ်တဆိတ်နဲ့ တစ်ဆင့်ချင်း သွားတာ ပိုကောင်းမည်။

သို့မဟုတ်ပါက ထို 'ဂုဏ်သတင်း' ဆိုတာကြီးကို မယူဘဲ နေလိုက်တာကမှ ပိုကောင်းဦးမည်။

အစီအစဉ် တစ်ခု ချမှတ်ပြီးသည်နှင့် စုယွီသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ရှိ လီပင်ချန်းထံသို့ သတင်းပို့လိုက်ပြီး ဒုတိယအဆင့် အလယ်အလတ် ဆေးလုံး ကုန်ကြမ်းများ ရှာဖွေထားရန် မှာကြားလိုက်လေ၏။

ထို့နောက် သူသည် ယွီချန်ချင်းကို ခေါ်ဆောင်ပြီး ယွီမိသားစု ရှိရာသို့ ထွက်ခွာခဲ့ပါတော့သည်။

All Chapters