ယွီမိသားစု (၁)
Vol. 6 Ch. 89
~ဟေးယန်တောင်တန်း။
ယွီမိသားစု၏ အခြေစိုက် စခန်း ဖြစ်သော ဤနေရာအကြောင်းကို စုယွီ ကြိမ်ဖန်များစွာ ကြားဖူးနားဝ ရှိခဲ့၏။
သို့သော် ဤတစ်ခေါက်သည် စုယွီ ကိုယ်တိုင် ခြေချဖူးသော ပထမဆုံး အကြိမ် ဖြစ်ပေသည်။
ချန်တောင်တန်းထက် အဆပေါင်းများစွာ ကြီးမားသော တောင်တန်းကြီးများ စုဝေးရာ နေရာကြီး တစ်ခု ဖြစ်၏။
သားရဲထိန်းကျောင်းခြင်း အတတ်ပညာဖြင့် အသက်မွေးသော ယွီမိသားစု၏ အဓိက အချက်အချာကျသည့် ဝိညာဉ်သွေးကြောမကြီးမှ လွဲ၍ ကျန်ရှိသော နေရာအနှံ့အပြားတွင် မိစ္ဆာသားရဲ မျိုးနွယ်စု အမျိုးမျိုးဖြင့် ပြည့်နှက်နေပေသည်။
ဟေးယန်တောင်တန်း၏ အစွန်အဖျားသို့ ရောက်ရှိသည်နှင့် တပြိုင်နက် တောင်တန်းကြီးများ အတွင်းမှ ထွက်ပေါ်လာသော အားကောင်းလှသည့် သားရဲ အရှိန်အဝါ လှိုင်းလုံးများကို စုယွီ ခံစားလိုက်ရလေ၏။
မကြာသေးမီကမှ ပြန်သွားသော ယွီခယ်အာသည် သူတို့အား ကြိုဆိုရန် ထွက်လာခဲ့၏။
"ဒီနေရာက မိစ္ဆာသားရဲ အများစုက ယွီမိသားစု ယဉ်ပါးအောင် မွေးမြူထားတဲ့ သားရဲတွေရဲ့ မျိုးဆက်တွေပါ... တချို့ကျတော့လည်း အပြင်က ဖမ်းလာပြီး ဒီ ဟေးယန်တောင်တန်းထဲမှာ လွှတ်ထားပြီး မျိုးပွားခိုင်းထားတာတွေပေါ့..."
"အချိန်တန်ရင် မိသားစုက လူငယ် မျိုးဆက်သစ်တွေက ဒီနေရာမှာ သူတို့နဲ့ ကိုက်ညီမယ့် သားရဲတွေကို လာရွေးကြတယ်..."
"ပြီးတော့... မိသားစုက ဖွင့်ထားတဲ့ သားရဲထိန်းကျောင်းခြင်း ခန်းမဆောင်ကနေ ရောင်းချတဲ့ သားရဲ အများစုကလည်း ဒီကနေ ရတာတွေချည်းပဲလေ..."
စုယွီနှင့် ယွီချန်ချင်းတို့ အံ့အားသင့်သွားကြ၏။
ယခင်က ဟေးယန်တောင်တန်းရှိ ယွီမိသားစု၏ အင်အားနှင့် စွမ်းရည် မည်မျှ ကြီးမားကြောင်း ကောလာဟလ သတင်းများကို မကြာခဏ ကြားဖူးခဲ့ကြသော်လည်း ထိုအရာများသည် ကောလာဟလများ သက်သက်သာ ဖြစ်ခဲ့၏။ မဟာ လမင်း နန်းတော်ကြီး မည်မျှ အစွမ်းထက်ကြောင်း ကြားရသည်နှင့် သိပ်မထူးခြားလှပေ။ သူတို့နှင့် သိပ်ပြီး သက်ဆိုင်လှသည် မဟုတ်ချေ။
သို့သော် ယခုအခါ ကြီးမားခန့်ညားလှသော ဟေးယန်တောင်တန်းကြီးကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရပြီး၊ လှိုင်းလုံးကြီးများအလား ဖြာထွက်လာသော မိစ္ဆာ အရှိန်အဝါများနှင့် ယွီမိသားစုက 'အရန်ရိက္ခာ' သဖွယ် မွေးမြူထားသော သားရဲအုပ်ကြီးများကို မြင်လိုက်ရသောအခါမှသာ ယွီမိသားစု၏ ရေခဲတောင်ကြီး တစ်ခုလုံး၏ အစိတ်အပိုင်းလေး တစ်ခုကို အမှန်တကယ် မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။
ယွီခယ်အာ၏ နောက်မှ လိုက်ပါရင်း ဟေးယန်တောင်တန်း အတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့ရာ ယွီမိသားစု၏ ကာကွယ်ရေး အခင်းအကျင်းကြီးကို ဖြတ်ကျော်ပြီးနောက် မိုးထိအောင် မြင့်မားသော တောင်တန်းကြီးများ ဆီးကြိုနေသည်ကို တွေ့လိုက်ရလေ၏။ တောင်ခြေရင်း တိုင်း၌ ဝိညာဉ် စိုက်ခင်းများ များစွာ ရှိနေ၏။
တောင်တန်းများကြားတွင် တိမ်မြူများ လွင့်ပျံနေပြီး၊ ထိုတိမ်မြူများကြား၌ ပထမအဆင့် 'တိမ်ကြိုးကြာ' အုပ်ကြီး ပျော်ပါး ကစားနေကြသည်ကို စုယွီနှင့် ယွီချန်ချင်းတို့ တွေ့လိုက်ရလေ၏။
'တိမ်ကြိုးကြာ’များသည် ပထမအဆင့် မိစ္ဆာသားရဲ အမျိုးအစားတွင် အလွန် တွေ့ရများသော သားရဲများ ဖြစ်ကြပြီး၊ အစွမ်းမထက်သော်လည်း အလွန် လှပတင့်တယ်လှပေသည်။
ဤနေရာ၌ 'တိမ်ကြိုးကြာ’အုပ်ကြီးကို မွေးမြူထားသည်ကို မြင်လိုက်ရသဖြင့် စုယွီနှင့် ယွီချန်ချင်းတို့ အနည်းငယ် အံ့အားသင့်သွားမိ၏။
ယွီမိသားစုသည် သားရဲထိန်းကျောင်းခြင်း မိသားစု ဆိုသည့် ဂုဏ်ပုဒ်နှင့် တကယ်ပင် ထိုက်တန်လှပေသည်။
သူတို့ဆီမှာ သားရဲတွေက တကယ့်ကို ပေါမှ ပေါပင်။
ဝိညာဉ် စိုက်ခင်းများကို ဖြတ်သန်းသွားစဉ် ယွီမိသားစုမှ သာမန် ကျင့်ကြံသူများသည် ယွီခယ်အာကို မြင်လိုက်ရသောအခါ ရပ်တန့်ပြီး ရိုသေစွာ နှုတ်ဆက်ကြလေ၏။
" အကြီးအကဲ (၁၂) ..."
မိသားစု၏ တိုက်ရိုက် သွေးရင်းသားရင်း ကျင့်ကြံသူများသာလျှင် ယွီခယ်အာကို မျိုးရိုးစဉ်ဆက် အခေါ်အဝေါ်ဖြင့် ရင်းရင်းနှီးနှီး ခေါ်ဝေါ်ရဲကြ၏။
လူများသည် ယွီခယ်အာနှင့် အတူ ပါလာသော စုယွီနှင့် ယွီချန်ချင်းတို့ကို မြင်သောအခါ အနည်းငယ် စပ်စုလိုလာကြ၏။ သူတို့ သုံးဦး ထွက်ခွာသွားသောအခါမှသာ တိုးတိုးတိတ်တိတ် ဆွေးနွေးရင်း စုယွီနှင့် ယွီချန်ချင်းတို့၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ခန့်မှန်းကြတော့သည်။
အဘယ်ကြောင့်ဆိုသော် ယွီခယ်အာသည် ယွီမိသားစုသို့ ပြင်ပလူ ခေါ်လာခြင်းမှာ ဒါက ပထမဆုံးအကြိမ် ဖြစ်သောကြောင့်တည်း။
တောင်နှစ်လုံးကို ကျော်ဖြတ်ပြီးနောက် ယွီခယ်အာသည် စုယွီနှင့် ယွီချန်ချင်းတို့ကို တောင်ခါးပန်းတွင် တည်ရှိသော ခြံဝင်းတစ်ခုဆီသို့ ဦးဆောင် ခေါ်သွားလေ၏။
တိမ်မြူများအောက်တွင် မျှော်စင်များ၊ နန်းတော်များနှင့် အဆောက်အဦးများကို သာယာလှပစွာ စီစီရီရီ တည်ဆောက်ထားပြီး၊ ရံဖန်ရံခါတွင် လူများနှင့် သူတို့၏ သားရဲများကို တွေ့မြင်နေရ၏။
ဤတောင်တန်းသည် ယွီမိသားစု၏ တတိယ မျိုးဆက်အနွယ်များ နေထိုင်ရာ နေရာ ဖြစ်လေ၏။
ပထမ မျိုးဆက်နှင့် ဒုတိယ မျိုးဆက် အဓိက မိသားစုဝင်များသည် အခြားသော တောင်ကြီးနှစ်လုံးတွင် နေထိုင်ကြလေ၏။
သို့သော် ထိုသို့ ခွဲခြားထားသော်လည်း ယွီမိသားစု တတိယ မျိုးဆက်၏ လူဦးရေသည်ပင် စုမိသားစု တစ်ခုလုံးထက် ကျော်လွန်နေပြီး ကျင့်ကြံသူ အရေအတွက်မှာလည်း လျော့နည်းခြင်း မရှိပေ။
ပင်မ ခန်းမဆောင်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် စုယွီသည် ယွီမိသားစု တတိယ မျိုးဆက် ခေါင်းဆောင်၊ ယွီခယ်အာ၏ ဖခင်ဖြစ်သူ ယွီပိုင်ဟယ်နှင့် တွေ့ဆုံလိုက်ရလေ၏။ သူသည် တောင့်တင်းခိုင်မာသော ခန္ဓာကိုယ် တည်ဆောက်ပုံနှင့် ခန့်ညားထည်ဝါသော လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး၊ သူ၏ အရှိန်အဝါသည် အခြေခံ တည်ဆောက်ခြင်း နှောင်းပိုင်း အဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်၏။
ယွီခယ်အာ၏ နောက်မှ ပါလာသော စုယွီကို မြင်လိုက်ရသောအခါ ယွီပိုင်ဟယ်၏ မျက်ခုံးများ ပင့်တက်သွားလေ၏။
ထို့နောက် နောက်မှ ကပ်လိုက်လာသော ယွီချန်ချင်းကို မြင်သောအခါတွင်မူ မျက်ခုံးများ အနည်းငယ် ထပ်မံ မြင့်တက်သွားပြန်၏။
ယွီပိုင်ဟယ်သည် စုယွီကို သေချာစွာ အကဲခတ် ကြည့်ရှုပြီးနောက် ပြုံးလိုက်ပြီး နူးညံ့သော လေသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။
"စုမိသားစုမှာ ပါရမီရှင် ဆေးပညာရှင်လေး စုယွီ ပေါ်ထွက်လာတယ် ဆိုတဲ့ ကောလာဟလ သတင်းတွေ ကြားနေရတာ ကြာပါပြီ... ဒီနေ့မှပဲ လူကိုယ်တိုင် တွေ့ရတော့တယ်... မောင်ရင်စုက တကယ်ကို ထူးခြားတဲ့ စရိုက်လက္ခဏာ ရှိတာပဲ..."
"ဂျူနီယာ စုယွီ နဲ့ ယွီချန်ချင်းက ဦးလေးယွီကို ဂါရဝ ပြုပါတယ်..."
စုယွီနှင့် ယွီချန်ချင်းတို့ နှစ်ဦးစလုံး အရိုအသေ ပေးလိုက်ကြ၏။
"ထိုင်ကြပါ..."
စုယွီနှင့် ယွီချန်ချင်းတို့ ထိုင်လိုက်ပြီးနောက် ယွီပိုင်ဟယ်သည် ယွီခယ်အာကို ဧည့်သည်များအတွက် ဝိညာဉ် လက်ဖက်ရည် တည်ခင်းဧည့်ခံခိုင်းလေ၏။ ထို့နောက် သူတို့သည် ပေါ့ပေါ့ပါးပါး စကားစမြည် စတင် ပြောဆိုကြတော့သည်။ ပိုင်ယွဲ့ အင်မော်တယ် မြို့တော်တွင် ဖြစ်ပျက်နေသော အကြောင်းအရာများ၊ ယွင်ကျန်းဂိုဏ်း၏ အခြေအနေနှင့် ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးများ အကြောင်းတို့ကို ဆွေးနွေးကြ၏။ သူသည် ဤကိစ္စများနှင့် ပတ်သက်ပြီး စုယွီ၏ အမြင်သဘောထားကိုပင် မေးမြန်းလိုက်သေးသည်။
စုယွီ လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကိုမူ ယွီပိုင်ဟယ်သည် တည်ငြိမ်အေးဆေးစွာဖြင့် မေးမြန်းခြင်း မပြုဘဲ အချိန်ဆွဲထားလိုက်လေ၏။
ဘယ်သူ ထင်ထားမည်လဲ... စုယွီကလည်း ထပ်တူထပ်မျှ တည်ငြိမ်နေပြီး ယွီပိုင်ဟယ်နှင့် အတူ ဟိုအကြောင်း ဒီအကြောင်းများကို မြိန်ရေရှက်ရေ ဆွေးနွေးနေတော့သည်။
သူတို့သည် မဟာ လမင်း နယ်မြေ၏ ရှေးဟောင်း သမိုင်းကြောင်းများနှင့် လျှို့ဝှက်ချက်များကိုပင် ဆွေးနွေးနေကြသေး၏။
ကံကောင်းသည်မှာ စုယွီသည် နှစ်ပေါင်းများစွာ ရှေးဟောင်း စာအုပ်များကို ဖတ်ရှုလေ့လာခဲ့ဖူးသဖြင့် ဗဟုသုတ ကြွယ်ဝလှပေသည်။ သူသည် ကိုယ်တွေ့ အတွေ့အကြုံ သိပ်မရှိသော်လည်း ဤလျှို့ဝှက်ချက်များ အကြောင်းကိုမူ တော်တော်များများ သိရှိထားလေ၏။
ညစာ စားပွဲတွင် ယွီပိုင်ဟယ်သည် နှစ်ချို့ ဝိညာဉ် ဝိုင်များကို (၁၀) ခွက်ကျော်မျှ သောက်သုံးပြီးချိန်၊ ယွီခယ်အာ၏ မိခင် လော့ချင်းယာသည်လည်း စုယွီနှင့် ယွီချန်ချင်းတို့ကို ဧည့်ခံရန် ရောက်ရှိလာချိန် ကျမှသာ... ယွီပိုင်ဟယ်သည် စုယွီကို ပျင်းရိသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်လေ၏။
"မင်းက တကယ်ကို စကားပြော ကောင်းတာပဲကွာ... တစ်နေ့ကုန်နေပြီ... လာရင်းကိစ္စကို နည်းနည်းလေးတောင် ဟ မလာဘူး..."
ဒီကောင်လေးက တည်ငြိမ်လွန်းတယ်... ဒီလို အမူအကျင့်မျိုး ရှိတဲ့ ဂျူနီယာကို သူ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။
"ဦးလေးရာ... လာပါ... ကျွန်တော် နောက်တစ်ခွက် ငှဲ့ပေးပါရစေ..."
စုယွီက အလျင်အမြန်ပင် နောက်ထပ် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်သော်လည်း ယွီပိုင်ဟယ်က ခေါင်းခါကာ လက်ကာပြလိုက်၏။
"မင်းက တော်တော် ဉာဏ်များတဲ့ ကောင်လေးပဲ... ကိုယ်ခန္ဓာ ကျင့်စဉ်ကို လေ့ကျင့်ထားတယ် မဟုတ်လား... အဆင့်ကလည်း နိမ့်ပုံမရဘူး... မဟုတ်ရင် ဒီအချိန်လောက်ဆို မင်း မူးပြီး လဲနေလောက်ပြီ..."
"မင်းက ငါ့ကို မူးအောင် တိုက်ဖို့ ကြံစည်နေတာလား... ငါသာ ဝိညာဉ်စွမ်းအား သုံးပြီး အရက်တွေကို မချေဖျက်ထားရင်... အခြေခံ တည်ဆောက်ခြင်း နှောင်းပိုင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ အစွမ်းအစကို ကောင်းကောင်းကြီး မြင်ရတော့မှာနော်ကွ..."
သူ မူးများ မူးနေပြီလား...
စုယွီ အလျင်အမြန်ပင် ပြန်ပြောလိုက်ရလေ၏။
"ဦးလေး... တကယ်တော့ ဒီတစ်ခေါက် ကျွန်တော် လာရတဲ့ အကြောင်းရင်းက ယွီမိသားစုနဲ့ ဆေးဖော်စပ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းချင်လို့ပါ... ကျွန်တော့်လက်ထဲမှာ အခြေခံ တည်ဆောက်ခြင်း ဆေးလုံးအတွက် ကုန်ကြမ်းပစ္စည်း အတော်များများ စုဆောင်းမိနေပါပြီ... ဆေးစဖော်ဖို့ ခုန်းလင် ဝိညာဉ်သစ်သီး တစ်လုံးပဲ လိုပါတော့တယ်..."
"ဘာသစ်သီး ဟုတ်လား... ငါတို့ဆီမှာ အဲ့ဒါ မရှိပါဘူးကွာ..." ယွီပိုင်ဟယ်၏ လျှာမှာ လေးလံနေပြီး စကားသံများ ဗလုံးဗထွေး ဖြစ်လာတော့သည်။
စုယွီ စိတ်ထဲတွင် တွေးလိုက်မိ၏။ 'ဒီလူကြီး တကယ် မူးသွားတာလား... ဒါမှမဟုတ် ဟန်ဆောင်နေတာလား...'
ဘေးနားတွင် ထိုင်နေသော သခင်မကြီး လော့ချင်းယာသည် ခေါင်းခါရင်း အသာအယာ ပြုံးလိုက်လေ၏။ သူမက စုယွီကို ကြည့်ပြီး ပြောလိုက်၏။
"အဒေါ်တို့ တတိယ မျိုးဆက်ရဲ့ ဂိုဒေါင်ထဲမှာ ခုန်းလင် ဝိညာဉ်သစ်သီး တစ်လုံးတော့ ကျန်ပါသေးတယ်... ခဏနေရင် ခယ်အာကို သွားယူခိုင်းလိုက်ပါ့မယ်... စိတ်မရှိပါနဲ့ကွယ်…”