Haven’t You Tested It?
Vol. 16 Ch. 153
“အခုအခြေအနေက ရှင်းပြဖို့ လွယ်ပါတယ်! ယွဲ့လင်း ပြောနေတဲ့စကားတွေက သူ့ရင်ထဲမှာ တစ်ချိန်လုံး ချုပ်တည်းထားခဲ့ရတဲ့ စကားတွေပဲ!”
စနစ်က ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။
“စနစ်ပိုင်ရှင်ကို သူ တကယ်သဘောကျနေတာ!”
“တိတ်စမ်း!!”
ကျန်းကျီမြောင် စိတ်ထဲမှ ဟိန်းဟောက်လိုက်သည်။
“ဆေးလုံးမှာ ဒီလိုအာနိသင်မျိုးရှိနိုင်တယ်လို့ ဘာလို့ အစောကြီးကတည်းက မပြောတာလဲ!”
စနစ်လည်း အနည်းငယ် ဝမ်းနည်းသွားခဲ့သည်။
“ကျွန်ုပ်ကလည်း အတွေ့အကြုံမရှိတဲ့ စနစ်ပါ၊ စနစ်ပိုင်ရှင်ကို ကမ္ဘာမှားပြီးခေါ်လာကတည်းက ကျွန်ုပ်ကို အားကိုးလို့ မရမှန်း စနစ်ပိုင်ရှင် နားလည်ခဲ့သင့်တာ မဟုတ်ဘူးလား”
ကျန်းကျီမြောင် ရူးချင်နေပါပြီ။
ကိုယ်အသုံးမကျတာကိုတောင် ခွေးစနစ်က အကြောင်းပြချက်အဖြစ် သုံးနေသေးတယ်!
ဒီစနစ်မှာသာ ခန္ဓာကိုယ်သာရှိလျှင် ခွေးစနစ်ကို လည်ပင်းညှစ်သတ်မိလောက်သည်။
ကျန်းကျီမြောင် စနစ်နှင့် ဆက်သွယ်နေတာကြောင့် အပြင်ပန်းမှာ ရီဝေနေသည့်ပုံစံ ဖြစ်နေပါသည်။
ပုံမှန် အချိန်မျိုးမှာဆိုလျှင်တော့ ဒါကို ယွဲ့လင်း အသားကျနေပြီဖြစ်ကာ ဘာမှခံစားမိမှာမဟုတ်ပါ။ သို့သော် အခုလိုအချိန်မှာ ကျန်းကျီမြောင်၏အရေးမစိုက်သော အမူအရာကိုမြင်ပြီး သူ့ရင်ထဲ မီးတောက်တစ်ခု ရုတ်တရက်တောက်လောင်လာခဲ့သည်။
ယွဲ့လင်းခြေလှမ်းတွေ ရှေ့တိုးလာပြီး ကျန်းကျီမြောင်၏ ပခုံးကိုဆုပ်ကိုင်ကာ စူးစူးရှရှ စိုက်ကြည့်လိုက်ပါသည်။
“ကျန်းကျီမြောင်!”
“ရှိပါကြောင်း!”
ကျန်းကျီမြောင် အလိုလို ခါးမတ်သွားခဲ့သည်။ မျက်လုံးတွေထဲမှာလည်း ချောက်ချားမှုတွေ ပျောက်ကွယ်မသွားသေးပါ။
ကျန်းကျီမြောင်၏ကြည်လင်ပြတ်သားနေသော မျက်လုံးတွေထဲမှာ ယွဲ့လင်း သူ့ပုံရိပ်ကို သူ ပြန်မြင်နေရသည်။
ယွဲ့လင်း ရင်တုန်သွားခဲ့သည်။ အသိတရားက သူ့ကို ဘာမှမလုပ်ဖို့ တားမြစ်နေသော်လည်း ဆန္ဒတစ်ခုက ဆင်ခြင်တုံ တရားတွေကို ဖြည်းဖြည်းချင်း ခြေဖျက်နေခဲ့လေသည်။
ကျန်းကျီမြောင်မျက်နှာနား သူတဖြည်းဖြည်း ကပ်လာခဲ့သည်။
ကျန်းကျီမြောင် မျက်လုံးပြူးသွားပြီး ယွဲ့လင်းကို ရီဝေစွာ ကြည့်လိုက်ပါသည်။ ယွဲ့လင်းနှုတ်ခမ်းတွေက သူ့နား အလွန် နီးကပ်လာနေပြီဖြစ်သည်။ သို့သော် မျက်နှာချင်း မတိုက်မိခင် ရုတ်တရက် ရပ်တန့်သွားခဲ့ပါသည်။
အလွန်နီးကပ်နေသည့် ယွဲ့လင်းမျက်နှာကို ကျန်းကျီမြောင် အူတူတူဖြင့် ငေးကြည့်လိုက်သည်။ ယခု ယွဲ့လင်း၏ မျက် နှာထက် ထက်မြက်မှုတွေ ရူးသွပ်မှုတွေ ရောယှက်နေပြီး ကြောက်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိနေပြန် သည်။
ကျန်းကျီမြောင် တုတ်တုတ်မျှ မလှုပ်နိုင်တော့ပေ။
“ကျန်း ပြောခဲ့တဲ့ စကားတွေကို ဘယ်လိုသဘောရလဲ”
ခံစားချက်ကို ချုပ်တည်းထားရလွန်းသဖြင့် ခြောက်သွေ့အက်ကွဲနေသောအသံဖြင့် ယွဲ့လင်း မေးလိုက်ပါသည်။
ဘယ်လိုသဘောရရမှာလဲ!
ဒီတိုင်း ထိုင်ကြည့်နေမိတာလေ!
ကျန်းကျီမြောင် အသံကိုအတတ်နိုင်ဆုံး နူးညံ့သိမ်မွေ့အောင် ထိန်းပြီး လျှောက်တင်လိုက်ပါသည်။
“အခု အရှင်မင်းကြီးရဲ့ စိတ်တွေ ပုံမှန်ဟုတ်ပုံမရဘူး၊ အဲ့တာကြောင့် စောနက အရှင်မင်းကြီး ပြောခဲ့တဲ့ စကားတွေကလည်း ရင်ထဲကလာတဲ့ စကားတွေ မဖြစ်နိုင်ပါဘူး၊ တကယ်တော့…”
ကျန်းကျီမြောင် ဆင်ခြေပေးဖို့ကြံလိုက်စဉ် ယွဲ့လင်းက နက်ရှိုင်းသောအသံဖြင့် ဖြတ်ပြောလိုက်ပါသည်။
“ရင်ထဲက လာတဲ့စကားဟုတ်မဟုတ် ကျန်း ကိုယ်တိုင်က ပိုမသိနိုင်ဘူးလား”
“အဲ့တာတော့ ပြောရခက်ပါတယ် ဘာလို့လဲဆို…”
ကျန်းကျီမြောင် အကြောင်းပြချက်ပေးဖို့ နှုတ်ခမ်းဟလိုက်သည်။
ယွဲ့လင်း ဘာမှဆက်ပြောမနေတော့ဘဲ ကျန်းကျီမြောင် နှုတ်ခမ်းကို သူ့နှုတ်ခမ်းဖြင့် ပိတ်ဆို့လိုက်တော့သည်။
ကျန်းကျီမြောင် မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့လေသည်။
အာရုံထဲမှာလည်း သူမ သတိပေးလိုက်သည်။
[ခွေးစနစ်!! မကြည့်နဲ့နော်!!!]
စနစ်ကို အာရုံ နက်နက်ရှိုင်းရှိုင်းထဲ ကျန်းကျီမြောင် လွှင့် ပစ်လိုက်ပါသည်။ စိတ်ဝင်တစား စောင့်ကြည့်နေသည့် စနစ်လည်း အမှောင်ခန်းလေးတစ်ခန်းထဲ စွန့်ပစ်ခံလိုက်ရသဖြင့် အလွန်စိတ်ဓာတ်ကျသွားခဲ့သည်။
စနစ်ပိုင်ရှင်က တော်တော်ကပ်စေးနဲတာပဲ!
ယွဲ့လင်းအနမ်းတို့မှာ အလွန်နူးညံ့ပါးလွှာသည်။ ယွဲ့လင်း စိတ်ကို ခက်ခက်ခဲခဲထိန်းချုပ်ကာ ကျန်းကျီမြောင်အား ပြန်လွှတ်ပေးလိုက်သည်။
“အခုကော… ကျန်းရဲ့ ခံစားချက်တွေကို ယုံကြည်ပြီလား”
ယွဲ့လင်း ထပ်မေးလိုက်သည်။
ကျန်းကျီမြောင် လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်သည်။
“တကယ်တော့ တစ်ခါတလေ ခဏတာ စိတ်လိုက်မာန်ပါ လုပ်မိတာက ပုံမှန်ပါပဲ၊ အနမ်းတစ်ခုက ဘာကိုမှကိုယ်စားမပြု…”
ယွဲ့လင်း ဆက်နားထောင်ဖို့ စိတ်မရှည်တော့ဘဲ ကျန်းကျီမြောင်နှုတ်ခမ်းလေးကို နောက်တစ်ခါ ထပ်ငုံ့နမ်းလိုက်သည်။
ကျန်းကျီမြောင်: “…”
ယွဲ့လင်းကို သူ မတွန်းလှန်ခဲ့ပါ။ သူသာ ယွဲ့လင်း၏ချဉ်း ကပ်မှုကို ငြင်းဆန်ချင်လျှင် စနစ်စတိုးဆိုင်ထဲမှာ ရွေးချယ်နိုင်သည့် လက်နက်ပစ္စည်းတွေအများကြီးရှိသည်။
သို့သော် အရှိန်အဝါကြီးပြီး မြင့်မြတ်ချောမောသည့် ယောက်ျားတစ်ယောက်မှ သနားကမား မျက်လုံးလေးများနှင့်ဖွင့်ဟဝန်ခံနေသည်အား မည်သူ ခံနိုင်ရည်ရှိမည်နည်း။
ယွဲ့လင်း နောက်တစ်ကြိမ်ခက်ခက်ခဲခဲ ထိန်းချုပ်လိုက်ပြီး ကျန်းကျီမြောင်ကို ပြန်လွှတ်ပေးလိုက်သည်။
သူ ထပ်မေးလိုက်သည်: “အခုကော ယုံပြီလား”
ကျန်းကျီမြောင် မျက်နှာနီမြန်းနေရပါပြီ။
[ဘုရားဘုရား… ဒီယွဲ့လင်းက အသက် ၂၀ ဝန်းကျင်ပဲ ရှိသေးတာ၊ ငါကတော့ နှစ်ဘဝပေါင်းလိုက်ရင် အသက် ၃၀ ကျော်နေပြီ၊ ဒါ နွားအိုမြက်နုကြိုက်သလို ဖြစ်မနေဘူးလား]
ကျန်းကျီမြောင် တည်ငြိမ်ချင်ယောင်ဆောင်ပြီး ပြန်ဖြေလိုက်သည်။
“ယုံပါပြီ”
ယွဲ့လင်း မျက်လုံးများအရောင်တောက်သွားခဲ့ပြီး ထပ်မေးလိုက်သည်။
“ဘာကို ယုံတာလဲ”
ကျန်းကျီမြောင် မျက်လုံးတွေ ဂနာမငြိမ်ဖြစ်သွားသည်။
“အရှင်မင်းကြီး ပြောတဲ့စကားတွေကို ယုံပါတယ်လို့”
“ကျန်း ပြောတဲ့ ဘယ်စကားတွေကို ယုံတာလဲ”
ယွဲ့လင်း အဆုံးထိ တိတိကျကျ သိရမှဖြစ်ပါမည်။
ကျန်းကျီမြောင် သက်ပြင်းချလိုက်ပြီး ယွဲ့လင်းခေါင်းကို ကလေးတစ်ယောက်သဖွယ် ပုတ်ပေးကာပြောလိုက်သည်။
“ဒီမိဖုရားကို သဘောကျ နှစ်သက်ကြောင်းပြောခဲ့တဲ့ စကားတွေကို ယုံကြည်တယ်လို့ ပြောတာပါ”
ယွဲ့လင်း အသံက တဖြည်းဖြည်း ခြောက်သွေ့သထက် ခြောက်သွေ့လာခဲ့သည်။
“ဒါဆို မြောင်မြောင် ဘယ်လိုတုန့်ပြန်မှာလဲ ? ကျန်း အပေါ် မေတ္တာနည်းနည်းလေးတောင် ရှိနိုင်ရဲ့လား”
ကျန်းကျီမြောင်လည်း သေချာစဉ်းစားကြည့်ခဲ့သည်။
ယခင်ဘဝတုန်းက သူ ဝန်ထမ်းဘဝဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရတာဖြစ်သည်။ အမျိုးသမီးတစ်ယောက် လုပ်ငန်းခွင်မှာ ရာထူးမြင့်မြင့်ကို ပိုင်ဆိုင်လိုပါက အချစ်ရေးကိစ္စကို ခေါင်းထဲထည့်လို့ မဖြစ်မှန်း ‘ကုမ္ပဏီကျေးကျွန်’ ဖြစ်ဖူးသူတိုင်း သိကြလိမ့်မည်။
အချစ်ရေးကိစ္စ ခေါင်းထဲဝင်သွားသည်နှင့် လူများ၏ အကြည့်က ပြောင်းလဲသွားပါလိမ့်မည်။ အိမ်ထောင်ပြုဖို့၊ ကလေးယူဖို့ အစီအစဉ်ရှိသလား မေးမြန်းလာကြလိမ့် မည်။ ထိုသို့ အစီအစဉ်ရှိကြောင်း နည်းနည်းလောက် ဝန်ခံလိုက်မိသည်နှင့် ရာထူးတိုးပေးမည့်၊ လစာတိုးပေးမည့် စာရင်းထဲမှ ထုတ်ပယ်ခံရမည်မှာသေချာသည်။
‘အလုပ်ခွင်ဘုရင်မ’ဖြစ်ခဲ့ဖူးသည့် ကျန်းကျီမြောင်ကတော့ ယောက်ျားတစ်ယောက်အတွက်နဲ့ သူ ချစ်မြတ်နိုးရသည့်အလုပ်ကို စွန့်လွှတ်မှာ မဟုတ်ပါ။ ထို့ကြောင့် ယခင်ဘဝတုန်းက ရုတ်တရက်သေဆုံးသွားသည့်တိုင် ချစ်သူရည်းစားတစ်ခါမှ မထားခဲ့ဖူးပေ။
ဒီဘဝမှာတော့…
ယွဲ့လင်းကို ကျန်းကျီမြောင် သေချာကြည့်လိုက်သည်။ ယွဲ့လင်းက ရုပ်ရည်ပြေပြစ်သည်။ စိတ်ဓာတ်ကလည်း သူမ လက်ခံနိုင်သည့်အထဲပါသည်။ သူ တွန့်ဆုတ်နေရသည့် တစ်ခုတည်းသော အကြောင်းအရင်းက…
ဒါကို အလုပ်ခွင်မှာ ရည်းစားထားသလိုဖြစ်မနေဘူးလား…
အလုပ်ခွင်မှာ ရည်းစားထားတာမျိုးက လုံးဝတားမြစ်ထားတဲ့အရာပဲ!
ထို့အပြင် ရှေ့ကပုဂ္ဂိုလ်သည် တိုင်းပြည်တစ်ခု၏ ဧကရာဇ်မင်းကြီးလည်းဖြစ်သည်။ ယခု သဘောကျသည်ဟု ဆိုနေသော်လည်း ထိုခံစားချက်က ဘယ်လောက်ကြာရှည်ခံမလဲ အာမ မခံနိုင်ပါ။
Empresses in the Palace / ကျန်းဟွမ်ရာဇဝင်ကို ရွေး ချယ်လိုက်တာ မှန်ကန်သွားပါသည်။ စိတ်ကစားတတ်လာသည့် သူမဦးနှောက်ကို ကုသဖို့အတွက် ထိုဇာတ်လမ်းတွဲကို အမြန်ဆုံးကြည့်ရှုရမည်။
ယွဲ့လင်းကိုကြည့်ရင်း ကျန်းကျီမြောင် သိမ်မွေ့စွာ လျှောက် တင်လိုက်ပါသည်။
“အရှင်မင်းကြီးက ဧကရာဇ်မင်းတစ်ပါးပဲဥစ္စာ၊ ဧကရာဇ်မင်းဆိုတာ သမုဒ္ဒရာလေးစင်းကို ပိုင်စိုးတယ်တဲ့၊ အဲ့တာကြောင့် ဒီမိဖုရားကိုလည်း အရှင်မင်းကြီးပဲ ပိုင်ဆိုင်နိုင်ပါတယ်”
သို့သော် ယွဲ့လင်း မျက်လုံးများကမူ အရောင်မှေးမှိန်သွားခဲ့ပါသည်။
ကျန်းကျီမြောင်ဆိုသလိုသည့်သဘောက သမုဒ္ဒရာကြီးလေးစင်ကို သူပိုင်စိုးသဖြင့် သူမကိုလည်း ပိုင်ဆိုင်ခွင့်ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ မြောင်မြောင် ငြင်းလိုက်တာ မဟုတ်ပါ။ သူတစ်ခုခု အတင်းအကြပ်ပြုလုပ်ချင်လျှင်လည်း မြောင်မြောင် မငြင်းလောက်ပါ။
သို့သော်… သူလိုချင်တာ ဒါမဟုတ်ပါ။
“ကျန်းစောင့်နေပါ့မယ် မြောင်မြောင်”
ယွဲ့လင်း နူးညံ့စွာ ပြောလိုက်သည်။
ဘာကို စောင့်မှာလဲ ?
ယွဲ့လင်းကို ကျန်းကျီမြောင် ဇဝေဇဝါကြည့်လိုက်ပါသည်။ ထိုအကြည့်ကြောင့်ပဲ ယွဲ့လင်း ပိုသေချာသွားခဲ့သည်။
ယွဲ့လင်း ရင်ထဲ အနည်းငယ် နာကျင်သွားခဲ့ပါသည်။ ကိုယ့်ကိုယ်ကိုယ် ခက်ခက်ခဲခဲ ထိန်းချုပ်လိုက်ပြီးနောက် အိပ် ခန်းဆောင်ထဲမှ လှည့်ထွက်လာခဲ့တော့သည်။ ထို့နောက် ယွဲ့လင်း၏ရေအေးတောင်းခံသံ ထွက်ပေါ်လာခဲ့သည်။
အပြင်ဘက်မှာ ရှိနေသည့် ကျွေ့ယွဲ့လည်း တစ်ခုခုကို နားလည်မှုလွဲသွားပုံရပြီး ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ရေအေး အမြန်စီစဉ်ပေးခဲ့ပါသည်။
ကျန်းကျီမြောင် လိပ်ပြာမလုံဖြစ်နေသော်လည်း ဘာမှ ရှင်းမပြတော့ပါ။
သိပ်မကြာလိုက်ဘဲ ရေအေးတစ်ပုံးကို သယ်ဆောင်လာခဲ့ကြလေသည်။ ထို့နောက် အခြွေအရံတွေကိုယွဲ့လင်းပြန် စေလွှတ်လိုက်ပြီး ခန္ဓာကိုယ်ပေါ် ရေအေးတွေ စတင်လောင်းချလေတော့သည်။
ကျန်းကျီမြောင်လည်း ကုတင်ပေါ်မှ ထလာကာ ခန်းဆီးမှတဆင့် ချောင်းကြည့်လိုက်ပါသည်။ ယွဲ့လင်းတစ်ကိုယ်လုံး ရေတွေစိုရွှဲနေပြီး ဖလားကိုကိုင်ကာ ခန္ဓာကိုယ်ပေါ် ဆက်ပြီးလောင်းချနေဆဲဖြစ်သည်။
ကျန်းကျီမြောင် စနစ်ကို ဆင့်ခေါ်လိုက်ပါသည်။
“နင်ပြောတော့ ဆေးလုံးကို ပထမဆုံးအကြိမ် သောက်သုံးတာဆိုရင် ကြီးကြီးမားမားအာနိသင်မရှိနိုင်ဘူးဆို၊ အခု ယွဲ့လင်းရဲ့ တုန့်ပြန်မှုကို ကြည့်ရသလောက်တော့ အာနိသင်က တော်တော်ကြီးတာပဲ!”
စနစ်လည်း ဇဝေဇဝါဖြစ်သွားခဲ့သည်။
“သူက သာမန်လူတစ်ယောက်ဆိုရင်တော့ အာနိသင်က ကြီးမှာပဲလေ၊ ဒါပေမယ့် စနစ်ပိုင်ရှင်ပြောတော့ သူက ပန်းသေပန်းညှိုးဖြစ်နေတာဆို”
ကျန်းကျီမြောင် ကြောင်စီစီဖြင့် ပြန်မေးလိုက်သည်။
“ကျန်းမာရေး စစ်ဆေးမှုရလဒ်ထဲမှာ အဲ့လို ဖော်ပြထားတာ မဟုတ်ဘူးလား”
“ကျန်းမာရေးစစ်ဆေးမှုရလဒ်ထဲမှာ မျိုးပွားနိုင်စွမ်းမရှိဘူးလို့ပဲ ပြောထားတာပါ”
စနစ်က ရှင်းပြလိုက်သည်။
“ဥပမာအားဖြင့် ရှေးခေတ်တုန်းက သုက်ကောင်ပမာဏ နည်းပါးတဲ့ ဒါမှမဟုတ် လုံးဝ မရှိတဲ့ ယောက်ျားသားတွေက ကလေးယူဖို့ ခက်ခဲကြတယ်လေ၊ ဒါပေမယ့် အဲ့တာနဲ့ပဲ ‘မစွမ်းဆောင်’နိုင်ဘူးလို့ မဆိုလိုပါဘူး၊ ယွဲ့လင်းကို ‘မစွမ်းဆောင်’နိုင်ဘူးလို့ပြောခဲ့တုန်းက စနစ်ပိုင်ရှင် ကိုယ်တိုင်အတည်ပြုပြီးသွားလို့ ပြောခဲ့တာ မဟုတ်ဘူးလား”
ကျန်းကျီမြောင် ရူးချင်နေပါပြီ။
ကိုယ်တိုင်အတည်ပြုရမယ်ဟုတ်လား ?
ဘယ်တုန်းက ကိုယ်တိုင် အတည်ပြုဖူးလို့လဲ!
စနစ်က ပိုလို့တောင်အံ့အားသင့်သွားခဲ့သည်။
“နှစ်ယောက်အတူတူ ညပေါင်းများစွာ တစ်ကုတင်တည်း အိပ်ခဲ့ကြတာ မဟုတ်ဘူးလား ? စနစ်ပိုင်ရှင် မစမ်းသပ်ကြည့်ရသေးဘူလား ? ဒီလိုကောက်ချက်ချတာက စနစ်ပိုင်ရှင် ကိုယ်တိုင် စမ်းသပ်ထားတဲ့ရလဒ်လို့ ကျွန်ုပ်ထင်နေတာ”
“နင် သွားအိပ်လိုက်တော့!”
ကျန်းကျီမြောင် စိတ်ရှုပ်ထွေး ဒေါသထွက်လာပြီး စနစ်ကို အာရုံထဲရှိ အမှောင်ခန်းထဲ ထပ်မံလွှင့်ပစ်လိုက်တော့သည်။