← Chapters

The Divine Drama for Curing Love-Brain: Empresses in the Palace

Vol. 16 Ch. 154

The Divine Drama for Curing Love-Brain: Empresses in the Palace

Vol. 16 Ch. 154

ထိုနေ့ညက ဖုန့်ယီနန်းဆောင်ထဲမှ ရေတဗြုန်းဗြုန်း လောင်းချသံတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့သည်။ အရှေ့မှာ စောင့်ကြပ်ပေးနေသည့် ကျွေ့ယွဲ့လည်း ထိုအသံတွေကို နားဆင်ရင်း မျက်နှာ ရှက်သွေးဖြာသွားခဲ့ပါသည်။

အခြေအနေကို ကြည့်ရသလောက်တော့ တစ်ခုခုဖြစ်နေတာသေချာသည်။ ယခင်တုန်းက သူမတို့ကို မိဖုရားကြီး ကျီစယ်ခဲ့တာများလား…။

ရေသံတွေ အချိန်အတော်ကြာအောင် ဆက်ထွက်နေခဲ့သည်။ သန့်ရှင်းရေးလာလုပ်ပေးဖို့ ယွဲ့လင်း လှမ်းခေါ်ကာမှ အခြွေအရံတချို့ကို ခေါ်ပြီး ကျွေ့ယွဲ့ အထဲဝင်လာခဲ့ပါသည်။ ကြမ်းပြင်ပေါ်မှာလည်း ရေတွေ အများကြီး စိုရွှဲနေလေသည်။

ကျွေ့ယွဲ့ ခေါင်းပင် မဖော်ရဲတော့ပါ။ အခြွေအရံတွေကို သန့်ရှင်း‌ရေး အမြန်လုပ်ဖို့ အမိန့်ပေးလိုက်ပြီး တာဝန်ပြီးတာနဲ့ အမြန်ပြန်လစ်ထွက်လာခဲ့ကြသည်။

အိပ်ခန်းဆောင်ထဲ ပြန်လည်တိတ်ဆိတ်သွားသောအခါ ဘာမှမဖြစ်ခဲ့သလိုမျိုး တည်ငြိမ်နေသည့် ယွဲ့လင်းကို ကြည့်လျက် ကျန်းကျီမြောင် လိပ်ပြာမလုံစိတ်များ တဖွားဖွား ပေါ်လာခဲ့သည်။

“အရှင်မင်းကြီး…ခု…ခုနက…”

ယွဲ့လင်း မျက်လုံးများ နက်ရှိုင်းသွားပြီး ပြန်မေးလိုက်သည်။ “ခုနက ဘာဖြစ်လဲ”

ကျန်းကျီမြောင် သတ္တိမွေးကာ အံကြိတ်လျက် ပြောလိုက်ပါသည်။ “ခုနက အရှင်မင်းကြီး စိတ်ဆန္ဒတွေ ပြင်းပြလာလို့လား။ ခန္ဓာကိုယ်က…”

ယွဲ့လင်း ခေတ္တ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ခပ်ပါးပါး ပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်ပါသည်။ “ကျန်းခန္ဓာကိုယ် ဘာမှမဖြစ်ပါဘူး။ ခုနက မေးခွန်းအတွက်ကတော့ ကျန်းလိုချင်တဲ့ အဖြေကို မြောင်မြောင် ပေးနိုင်တဲ့နေ့ကျရင် ကျန်းဘက်က သက်သေပြဖို့ ဝန်မလေးဘူး”

သူ့ခန္ဓာကိုယ် ဘာမှမဖြစ်ဘူး…

ပြီးတော့ သက်သေပြဖို့ ဝန်မလေးဘူးတဲ့…

ကျန်းကျီမြောင် နံရံဘက်သို့ ဝုန်းကနဲမြည်အောင် လှည့်လိုက်ပြီး ယွဲ့လင်းကို ကျောခိုင်းကာ အိပ်ချင်ယောင် ဆောင်လိုက်တော့သည်။

ထိုဆေးလုံး၏ အာနိသင်က သူမ မျှော်လင့်ထားသလို မဟုတ်ခဲ့ပါ။ သို့သော် ထိုဆေးလုံးကြောင့် ယွဲ့လင်း တစ်ခုခု ‘ပွင့်ထွက်’လာသည့်ပုံစံပင်။ ယခင်တုန်းက ယွဲ့လင်းဆို ဒီလိုစကားမျိုးတွေ မျက်နှာပြောင်တိုက် ပြောထွက်မှာ မဟုတ်ပါ။

“မြောင်မြောင်… ကျန်း ဒီနေ့ ချမ်းလာသလို ခံစားရလို့ အနားနည်းနည်းကပ်လို့ရမလား”

ယွဲ့လင်း အသံ ထွက်ပေါ်လာသည်။

ကျန်းကျီမြောင် ဘာမှ ပြန်မပြောခဲ့ပါ။ ယွဲ့လင်း သူမအနား ကပ်လာတာကို ကျန်းကျီမြောင် ခံစားမိပါသည်။ ရေအေးတွေနဲ့ အချိန်အကြာကြီး လောင်းခဲ့တာကြောင့် ယွဲ့လင်းခန္ဓာကိုယ်မှ အအေးဓာတ်လေးများ ထွက်ပေါ်နေပါသည်။

ကျန်းကျီမြောင် အပြစ်ရှိသလို ခံစားလိုက်ရပါသည်။ အခြေအနေကို သူမ နားလည်မှုလွဲသွားခဲ့တာကြောင့် ယွဲ့လင်း ယခုလို ဒုက္ခခံခဲ့ရခြင်းဖြစ်သည်။

သူ နောက်လှည့်မကြည့်သော်လည်း ယွဲ့လင်းဆီသို့ စောင်အနည်းငယ် တွန်းပေးလိုက်ပါသည်။

“ကျေးဇူးပါ”

ယွဲ့လင်း အသံထဲက ပီတိဖြာမှု ပိုမို သိသာလာခဲ့သည်။

ကျန်းကျီမြောင် နားမထောင်ရဲသလို လှုပ်လည်း မလှုပ်ရဲခဲ့ပါ။ သို့သော် မျက်လုံးတွေကို မှိတ်လိုက်တာနဲ့ တစ်ပြိုင် နက် သူမကို ယွဲ့လင်း မေးခွန်းတွေမေးမြန်းခဲ့သည့် မြင် ကွင်းအား ပြန်လည် မြင်ယောင်လာမိပြီး ရင်ခုန်သံတွေ အလိုလို မြန်ဆန်လာခဲ့သည်။

ကျန်းကျီမြောင် မျက်လုံးတွေကို တင်းတင်းကြပ်ကြပ် ပိတ်ထားလိုက်ပြီး အများကြီး သိပ်မတွေးမိအောင် စိတ်ထိန်းထားလိုက်သည်။ သို့သော် လူ့အတွေးဆိုတာ ထိန်းချုပ်ဖို့ လွယ်ကူသည့် အရာမဟုတ်ပါ။

ကျန်းကျီမြောင် အသိစိတ်ပြန်ကပ်လာချိန် နှာခေါင်းထဲ အနည်းငယ်စိုစွတ်နေသလို ခံစားလိုက်ရသည်။ လက်ဖြင့် ကိုင်ကြည့်လိုက်ရာ ခပ်ပျစ်ပျစ် အရည်တစ်မျိုးကို ထိတွေ့မိသဖြင့် ကြက်သေသေသွားရသည်။

ငါ… နှာခေါင်းသွေးလျှံနေတာလား!

တော်တော် အရှက်မရှိတဲ့ ငါ ပါလား!

ယွဲ့လင်းကို ကျန်းကျီမြောင် အသိမပေးရဲပါ။ သူ အလှောင်ခံရလိမ့်မည်။ ထို့ကြောင့် အင်္ကျီလက်ပေါ်က အဝတ်စတစ်ခုကို မသိမသာစုတ်ဖြဲရင်း မခံချင်စိတ်ဖြင့် နှာခေါင်းထဲ ထိုးထည့်ထားလိုက်လေတော့သည်။

ကျန်းကျီမြောင် ကျန်းကျီမြောင်!

အရင်ဘဝတုန်းက ဘဲမရဖူးပေမယ့် အဆင်တွေအများကြီး မြင်ဖူးတာပဲ!

အခု နင်လုပ်ပုံက တော်တော် ရှက်စရာကောင်းတယ်နော်!

မခံချင်စိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရင်း အာရုံများနေသဖြင့် ယွဲ့လင်းနှင့်ပတ်သတ်သည့် ကိစ္စများကိုပင် မစဉ်းစားနိုင်တော့ပါ။ အိပ်ချင်မူးတူးဖြင့် တောင်တွေးမြောက်တွေး တွေးရင်း ဘယ်အချိန် အိပ်ပျော်သွားမှန်းပင် မသိလိုက်ပေ။

-

ကျန်းကျီမြောင် အိပ်ရာနိုးလာသောအခါ သူ့ဘေးမှာ ထုံးစံအတိုင်း ဗလာကျင်းဖြစ်နေခဲ့ပါသည်။ ယွဲ့လင်း မနက်ခင်း ညီလာခံ တက်ရောက်ဖို့ ကြွမြန်းသွားလောက်ပြီဖြစ်သည်။

ဗလာကျင်းဖြစ်နေသည့် ကုတင်ပေါ်က နေရာလွတ်ကို ကျန်းကျီမြောင် အချိန်အကြာကြီး ငေးကြည့်နေခဲ့မိပါသည်။

ယွဲ့လင်းက အဘက်ဘက်မှ ပြည့်စုံသူ ဖြစ်သည်။ သို့သော် အလုပ်ခွင်မှာ ရည်းစားမထားသင့်ကြောင်း ကျန်းကျီမြောင်ကို မသိစိတ်ကသတိပေးနေသည်။

အနောက်နန်းဆောင်ထဲမှာ စိတ်ခံစားချက်ကို ဦးစားပေးတဲ့လူတွေ ဘာဖြစ်သွားတတ်လဲ မသိဘူးလား…

Empresses in the Palace ကို ကြည့်လိုက်ရင် နားလည်သွားလိမ့်မယ်!

ကျန်းကျီမြောင်သက်ပြင်းချလိုက်ပြီး ရင်ထဲက ခံစားချက်တွေကို ဖိသိပ်ကာ အခြွေအရံတွေကိုဆင့်ခေါ်လိုက်ပါသည်။ ကျွေ့ယွဲ့နှင့် ယွင်ရှန်းတို့ ချက်ချင်း ရောက်လာကြပြီး သူမကို ကိုယ်လက်သန့်စင်ဖို့ ကူညီပေးလိုက်ကြသည်။

ကျန်းကျီမြောင်ကို ယွင်ရှန်း ခေါင်းဖြီးပေးနေစဉ် ကုတင်စွန်းက သွေးပေနေသည့် အဝတ်စတစ်ခုကို မြင်သွားပြီး ကျွေ့ယွဲ့ ပြုံးစိပြုံးစိ ဖြစ်သွားခဲ့ပါသည်။

အောင်ပြီ! အောင်သွားပြီ!

အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ မနေ့ညက တကယ်သံဝါသပြုခဲ့ကြတာပဲ!

ကျန်းကျီမြောင် ရှက်သွားမည်စိုးသဖြင့် ကျွေ့ယွဲ့ဘာမှမပြောတော့ဘဲ သွေးစွန်းနေသည့် အဝတ်စကို မသိမသာ သိမ်းဆည်းလိုက်ပါသည်။

ကျန်းကျီမြောင် ကိုယ်လက်သန့်စင်ပြီးနောက် စိတ်လန်း ဆန်းသွားခဲ့သည်။ ထို့နောက် ပုံမှန်အတိုင်းပဲ ဖုန့်ယီနန်းဆောင်မှာ ကိုယ်လုပ်တော်များ၏ ဂါဝရပြုမှုကို ခံယူပြီးနောက် မောက်လန်နန်းဆောင်သို့ အားလုံးအတူတူကြွမြန်းလာခဲ့ကြသည်။

ကြင်ယာတော်ချန်၏ ဒဏ်ရာတွေက ပျောက်ကင်းနေပြီဖြစ်သော်လည်း အိပ်ရာထဲမှ ထလို့မဖြစ်သေးပါ။ သူမ တစ်ယောက်တည်း ပျင်းနေမှာစိုးသဖြင့် မောက်လန်နန်းဆောင်မှာ တွေ့ဆုံဖို့သာ အားလုံး သဘောတူညီခဲ့ကြသည်။

တဖြည်းဖြည်း စိတ်ကစားချင်လာသည့် ဦးနှောက်ကို ကုစားဖို့အတွက် ကျန်းကျီမြောင် စိတ်ကိုအားတင်းလိုက်ပြီး ကျန်းဟွမ်ရာဇဝင် ဇာတ်လမ်းတွဲအစအဆုံးကို အမှတ်သုံးကာ ဝယ်ယူလိုက်တော့သည်။ အခမဲ့အပိုင်းတွေကိုတော့ ခေတ္တသိန်းဆည်းထားပါဦးမည်။

[စိတ်ကစားချင်နေတယ်ပေါ့ ဟုတ်လား ? ဒီဦးနှောက်ကို ကုသဖို့ ဘယ်လောက်ခက်မလဲ ကြည့်ကြသေးတာပေါ့!]

ကျန်းကျီမြောင် အာရုံထဲမှ ‌ကြုံးဝါးလိုက်ပါသည်။ ဧကရာဇ်မင်းတွေက နှလုံးသားမဲ့သည်။ Empresses in the Palace ထဲမှာ ဇာတ်ကောင်အတော်များများက မေတ္တာအစစ်အမှန်ကို ရရှိပြီဟု ထင်မှတ်ခဲ့ကြသော်လည်း နောက် ဆုံးမှာတော့ အရာရာ ဆုံးရှုံးခဲ့ကြရသည်။

သာယာငြိမ့်ညောင်းသည့် နောက်ခံတီးလုံးလေးနဲ့အတူ ကျန်းဟွမ်ရာဇဝင် ဇာတ်လမ်းတွဲ စတင်ခဲ့တော့သည်။

သူမတို့ဘဝနဲ့ ထပ်တူကျသည့် ဇာတ်လမ်းတွဲတစ်ခုကို ကိုယ်လုပ်တော်တွေ ပထမဆုံး ကြည့်ဖူးကြခြင်းဖြစ်သဖြင့် ချက်ချင်း စိတ်ဝင်စားသွားခဲ့ကြသည်။

အနောက်နန်းဆောင်ထဲ ဝင်ရောက်လာကတည်းက သူမတို့အတွက် အခက်အခဲဆိုတာ မရှိသလောက် ရှားခဲ့ကြသည်။ သို့သော် မိဖုရားကြီးပြသသည့် ‘မူလဝတ္ထု’ကို ပုံဖော်ထားသော ရုပ်ရှင်ထဲမှာ သူမတို့ ကြုံတွေ့ခဲ့ရမည့် အခက်အခဲများစွာကို မျက်မြင်တွေ့ခဲ့ကြရပါသည်။

ယခင်ဘဝတုန်းက အနောက်နန်းဆောင်ထဲ ရောက်ရှိလာပြီးနောက် အဘက်ဘက်မှ တွန်းအားပေးမှုတွေကြောင့် သူမတို့ တစ်ယောက်ကိုတစ်ယောက် အသေအကျေ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြသည်။

ချန်ရှုယိနှင့် ကြင်ယာတော်သဲ့တို့က နောက်ဆုံးအချိန်ထိ မဟာရန်သူတော်ကြီးတွေဖြစ်ခဲ့ကြသည်။ ထို့အပြင် အန်းကျောက်ရီနှင့် ချန်ရှုယိတို့အကြားမှာလည်း ပဋိပက္ခပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး ရန်သူတွေဖြစ်သွားခဲ့ကြသည်။

စုကျဲယွီက စုစစ်ယောင်၏ အဆိပ်ခတ်မှုကို ခံခဲ့ရသော် လည်း ကိုယ်လုပ်တော်ရှားလက်ချက်ဟု အထင်လွဲပြီး အကြောင်းအရင်းမဲ့ ရန်သူတွေဖြစ်သွားခဲ့ကြသည်။

ဟွားပေါင်လင်ကမူ ဂီတသံစဉ်တွေကို ချစ်မြတ်နိုးသူဖြစ်သော်လည်း ထိုသံစဉ်တွေကို အသုံးချပြီး ယီချိုက်ရမ်က သူမကို စွပ်စွဲပြစ်တင်ခဲ့သည်။ ထိုအခါ ဟွားပေါင်လင်လည်း ကလဲ့စားချေသည့်သဘောဖြင့် ယီချိုက်ရမ်၏ သီချင်းဆိုဝါသနာကို အသုံးပြန်ချကာ ထောင်ချောက်ပြန်ဆင်ခဲ့ပါသည်။

မုန့်ချိုက်ရမ်နှင့် ဝမ်ပေါင်လင်တို့ နှစ်ဦးကြားက မေတ္တာကိုလည်း လင်းချင်ချင် သိရှိသွားခဲ့သည်။ ထိုအခါ သူမတို့ နှစ်ယောက်ကို သူ့လက်အောက်ထဲ သွပ်သွင်းနိုင်ဖို့ခြိမ်း ခြောက် အကြပ်ကိုင်ခဲ့ပါသည်။ နောက်ဆုံးတော့ သူမတို့ နှစ်ယောက် မလုပ်သင့်သည့် အမှားတွေကို ကျူးလွန်ခဲ့မိသဖြင့် အပြစ်ရှိစိတ်များကို မထိန်းချုပ်နိုင်တော့ဘဲ နှစ်ယောက်အတူတူ အဆုံးစီရင်သွားခဲ့ကြသည်။

ကိုယ်လုပ်တော်မင်က ပုံမှန်အားဖြင့် တည်ငြိမ်အေးချမ်းသော်လည်း သူမ မိသားစုကိုယွဲ့ဟွာက ဓားစာခံအဖြစ် ဖမ်းဆီးထားကာ ခြိမ်းခြောက်အကြပ်ကိုင်ခဲ့သည်။ ထို့ ကြောင့် မယ်တော်ကြီးနဲ့ ပူးပေါင်းကာ သူမ မပါဝင်လိုသည့် ပဋိပက္ခတိုက်ပွဲတွေကြားထဲ ပါဝင်ခဲ့ရလေသည်

ယခင်ဘဝတုန်းက ကိုယ်လုပ်တော်တွေအားလုံး ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် မရှိခဲ့ကြပေ။ ယခုဘဝမှာလည်း မိဖုရားကြီးသာ ရှိမနေလျှင် သူမတို့အားလုံး ယခင်ဘဝတုန်းကလိုပဲ တစ်ယောက်ကိုတစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ရင်း ကြမ္မာဆိုးဖြင့် ဇာတ်သိမ်းသွားရမှာ သေချာပါသည်။

သို့သော် သူမတို့ရဲ့ ကံကြမ္မာပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေကကော…?

သူတို့ ကံကြမ္မာက ဘယ်လိုဖြစ်မလဲ။

ကျန်းကျီမြောင်က ရှားရှားပါးပါး ရက်ရောစွာဖြင့် ဇာတ် လမ်းတွဲတစ်ခုလုံးကို ဝယ်ယူခဲ့ပြီး တစ်ထိုင်တည်း ကြည့်ရှုခဲ့ပါသည်။ ကျန်းဟွမ်ရာဇဝင်ဟူသည့် ဇာတ်လမ်းအမည်ကို ကြည့်ရုံဖြင့် ဘယ်သူက ဇာတ်လိုက်ဖြစ်မှန်းသိနိုင် သည်။

ကိုယ်လုပ်တော်ရွေးချယ်ပွဲမှာ အန်းလင်းရုန်အား ကျန်းဟွမ်ကူညီပေးနေပုံကို မြင်ပြီး မုန့်ချိုက်ရမ်နှင့် ဝမ်ပေါင်လင်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးမိကြပါသည်။

ကျန်းဟွမ်၊ ရှန်းမိန့်ကျွမ်းနှင့် အန်းလင်းရုန်တို့ အနောက်နန်းဆောင်ထဲ အတူတူ ရောက်ရှိလာကြပြီး တစ်ယောက်ကိုတစ်ယောက် ကာကွယ်စောင့်ရှောက်ကြမည်ဟု သစ္စာပြုတာကိုမြင်သောအခါ ချန်ရှုယီနှင့် အန်းကျောက်ရီတို့လည်း ပြုံးမိကြလေသည်။

ဒါသူမတို့ အနောက်နန်းဆောင်ထဲ မဝင်ရောက်ခင်တုန်းက ပုံစံနဲ့ အတူတူပဲ ဖြစ်သည်။ တစ်သက်တာလုံး ညီအစ်မတွေလို နေထိုင်ဖို့ကတိပြုခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် အနောက်နန်းဆောင်၏ ရက်စက်ကြမ်းကြုတ်မှုတွေ ပိတ်ကားထက်မှာ တဖြည်းဖြည်း ပေါ်လွင်လာခဲ့သည်။ မောက်မာရိုင်းစိုင်းသည့် ကြင်ယာတော်ဟွားနှင့် ဂုဏ်သရေရှိ နူးညံ့သိမ်မွေ့သည့် မိဖုရားကြီးတို့လည်း ဇာတ်လမ်းထဲ ပေါ်လာကြပြီဖြစ်သည်။

[အပိုင်းနည်းနည်းလောက် ကြည့်ရုံနဲ့တော့ မိဖုရားကြီးက ဉာဏ်နီဉာဏ်နက်များတဲ့လူဆိုတာ ဘယ်သူမှ ရိပ်မိကြမှာ မဟုတ်ဘူး၊ သူနဲ့ ယှဉ်လိုက်ရင် ကြင်ယာတော်ဟွားဆိုတာ ပမွှားသာသာပဲ ရှိတယ်]

ကျန်းကျီမြောင် သက်ပြင်းချမိသည်။

ကိုယ်လုပ်တော်များ: “???”

ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မိဖုရားကြီး၏အတွေးသံတွေကို သူမတို့ ပိတ်ထားချင်မိသည်။

ဇာတ်လမ်းကို အဲ့လို စပွိုင်းတာ တရားရဲ့လား!

ဇာတ်လမ်းထဲက မိဖုရားကြီးရဲ့ ဉာဏ်နီဉာဏ်နက်တွေကိုတောင် မမြင်ရသေးဘူး!

သို့သော် အနောက်နန်းဆောင်ထဲကို ရောက်ရောက်ချင်း စကားအမှားပြောမိရုံနဲ့ အပြစ်ပေးခံလိုက်ရသည့် ရှားတုံချွမ်းကိုမြင်ပြီး အားလုံး ကြက်သီးမွေးညှင်းများ ထမိကြပါသည်။

မိဖုရားကြီးသာ မရှိလျှင် အနောက်နန်းဆောင်က ဒီလောက်ထိ ကြောက်စရာကောင်းလိမ့်မည်။ ထို့ကြောင့်လည်း ဇာတ် လမ်းအစမှာ ကျန်းဟွမ် အလွန်ကြောက်ရွံ့နေခဲ့တာဖြစ်လိမ့်မည်။

ဒီနေ့ ရာသီဥတု အလွန်အေးမြနေပါသည်။ ကျန်းကျီမြောင် ညီအစ်မတွေနဲ့အတူတူ စကားစမြည်ပြောဆိုရင်း ဇာတ် လမ်းတွဲကိုလည်း အဆက်မပြတ်ကြည့်ရှုနေခဲ့သည်။ ကျန်းဟွမ်ရာဇဝင်၏ဇာတ်ရှိန်ကလည်း အချိန်နဲ့အမျှ ပိုပိုတက်လာသဖြင့် ကိုယ်လုပ်တော်များအားလုံး ဇာတ်လမ်းထဲ မျောပါနေကြတော့ပြီ။

All Chapters