This is Too Exciting
Vol. 16 Ch. 155
ကျန်းကျီမြောင် တစ်ပိုင်းပြီးတစ်ပိုင်း မရပ်မနား ကြည့်ရှုခဲ့သည်။ ကျန်းဟွမ်တစ်ယောက် ဧကရာဇ်မင်းကြီး၏ အရေးပေးမှုကို ရရှိခဲ့ပုံအား မြင်တွေ့ခဲ့ရသလို၊ ကဗျာတစ်ပိုဒ်ကြောင့် ဧကရာဇ်မင်းကြီး၏ အရေးပေးမှုကို ခံခဲ့ရသော် လည်း နောက်တော့ အလွယ်တကူ စွန့်ပစ်ခံခဲ့ရသည့် ယွီယင်းအာ၏ဘဝကိုလည်း ကျန်းကျီမြောင် မြင်တွေ့ခဲ့ရပါသည်။
ဧကရာဇ်မင်းတစ်ပါး၏ အရေးပေးမှုဆိုတာ ထိုသို့သာဖြစ် သည်။ ကိုယ့်ကို ထင်မှန်မထားသည့် အချိန်မှာ အလွယ် တကူ အရေးပေးလာနိုင်သလို ပြန်ရုတ်သိမ်းချင်သည့်အခါမှာလည်း အလွယ်တကူ ပြန်ရုတ်သိမ်းပစ်လိုက်လို့ ရသည်။
အမှန်ပဲ…
သူမ ဦးနှောက်ထဲက စိတ်ကစားချင်နေသည့် အတွေးများ ထက်ဝက်လောက်လျော့ကျသွားသည်ကို ကျန်းကျီမြောင် ခံစားမိပါသည်။
ရှန်းမိန့်ကျွမ်း ကိုယ်ဝန်လွယ်ထားရကြောင်း ဟန်ဆောင်သည့်အခန်းနှင့် အန်းလင်းရုန်နဲ့ အခြားနှစ်ယောက် စိတ် ဝမ်းစကွဲလာသည့် အပိုင်းအထိ ကျန်းကျီမြောင် တစ်ထိုင် တည်း ကြည့်ရှုခဲ့ပြီးမှ ရပ်တန့်လိုက်ပါသည်။
ဒီနေ့အတွက် ဦးနှောက်ကုသမှု ခံယူတာကို ဒီလောက်နဲ့ပဲ ရပ်တန့်လိုက်မည်ဖြစ်သည်။ မနက်ဖြန်ကျမှ ကုသမှု ဆက်ပြီး ခံယူပါမည်။
အနောက်နန်းဆောင်ညီမအစ်မတွေကတော့ သက်ပြင်းသာချမိကြသည်။ သူမတို့အတွက် ဒီဇာတ်လမ်းတွဲက အလွန်လက်တွေ့ဆန်လွန်းနေသည်။
ဒါသာ သူမတို့ရဲ့ ယခင်ဘဝဆို အနောက်နန်းဆောင်ထဲ တိုက်ပွဲတွေ ပြင်းထန်နေမှာ သေချာသည်။ အချိန်တိုင်း တစ်ယောက်ကိုတစ်ယောက် ချောက်တွန်းဖို့ ကြံစည်နေ ကာ ဘေးအန္တရာယ်တွေကြားမှာ အမြဲတမ်း သတိကြီးကြီးနဲ့ ရှင်သန်နေရပါလိမ့်မည်။
-
ညစာသုံးဆောင်ချိန် ရောက်သောအခါ မောက်လန်နန်းဆောင်သို့ ယွဲ့လင်း ကြွမြန်းလာခဲ့သည်။ ထုံးစံအတိုင်းပဲ ကျန်းကျီမြောင်ဘေးမှာ ယွဲ့လင်း ဝင်ထိုင်လိုက်ပါသည်။
စိတ်ကစားချင်နေသော ဦးနှောက်ကို ကျန်းကျီမြောင် ကြိုးစားပန်းစား ဖိနှိပ်ထားသော်လည်း ယွဲ့လင်းနဲ့ လက် တွေ့ ဆုံလိုက်ရသောအခါ အနည်းငယ် အနေခက်မိနေဆဲ ဖြစ်သည်။
ယွဲ့လင်း အကြည့်ကို မြင်လိုက်တာနဲ့ မနေ့ညက မီးရောင်တွေအောက်က သူ့ပုံစံကိုကျန်းကျီမြောင် ပြန်လည်မြင်ယောင်သွားခဲ့သည်။ မျက်လုံးတွေ နီမြန်းနေခဲ့ပြီး သူ့အ ပေါ် မေတ္တာနည်းနည်းလေးတောင် ထားနိုင်ရဲ့လားဟု တဖွဖွမေးမြန်းနေခဲ့တာဖြစ်သည်။
ကျန်းကျီမြောင် ခေါင်းကို ပြင်းပြင်းထန်ထန်ခါလိုက်ပြီး ထိုပုံရိပ်တွေကို အာရုံထဲမှအမြန်ဖယ်ရှားပစ်ဖို့ ကြိုးစားလိုက်လေသည်။
အာနိသင်သိပ်မရှိမှန်း သိလိုက်ရသောအခါ စနစ်စတိုးဆိုင်ထဲ ကျန်းကျီမြောင် တစ်ခုခုအမြန်ရှာဖွေလိုက်သည်။ အချိန်အတန် ကြာသောအခါ ပစ္စည်းအသစ်စက်စက်တစ်ခုကို သူမ မျက်စိကျသွားခဲ့ပါသည်။
“မိဖုရားကြီးရဲ့မင်းဆက်သစ်: အနောက်ဆောင် အမျိုးသား သုံးထောင်”
ဒါဇာတ်လမ်းတွဲမဟုတ်ဘဲ ဂိမ်းတစ်ခုသာဖြစ်သည်။
[ကြီးမြတ်တဲ့ ရှားမင်းဆက်က အမျိုးသမီးတွေ ပိုဦးစား ပေးခံရတဲ့ မင်းဆက်တစ်ခုဖြစ်တယ်၊ ကစားသမားဟာ ဧကရီမိဖုရားကြီးရဲ့ တတိယမြောက်သမီးတော် ဖြစ်ပါတယ်၊ မစ်ရှင်ကတော့ တိုင်းပြည်ကိုအုပ်ချုပ်ဖို့၊ ထီးနန်းကို သိမ်းပိုက်ဖို့နဲ့ အနောက်နန်းဆောင်ထဲကို ချောမောလှပတဲ့ အမျိုးသားတွေ ဖြည့်သွင်းဖို့ ကြိုးစားရမှာဖြစ်ပါတယ်။]
ယွဲ့လင်း: “???”
ကိုယ်လုပ်တော်များ: “!!!”
ဟုတ်ပြီကွ!
မိဖုရားကြီးရဲ့ အနောက်ဆောင်အမျိုးသား သုံးထောင်တဲ့!
စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ!
စနစ်နဲ့ ‘အပေးအယူ’လုပ်ပြီးနောက် အခမဲ့ဇာတ်လမ်းတွဲ အပိုင်းတွေကို ဂိမ်း တစ်နာရီစာနဲ့ လဲလှယ်နိုင်ခဲ့ပြီး ကျန်းကျီမြောင် အားကြိုးမာန်တက် စတင်ကစားလေတော့ သည်။
အကြောင်းအရာမိတ်ဆက်များကို ကျန်းကျီမြောင် ဖတ်ကြည့်လိုက်သည်။ ဒီဂိမ်းထဲမှာ သိမ်းပိုက်နိုင်မည့် အမျိုး သားတွေထဲ အားနည်းပျော့ညံ့သော်လည်း ပြိုင်ဘက်ကင်း ဉာဏ်ရည်ထူးချွန်သည့် ဝန်ကြီးချုပ်၏သားပါဝင်သည်။ ထို့နောက် စိတ်အားထက်သန်မှုရှိသည့် စစ်သူကြီးငယ်တစ်ယောက်လည်း ပါသည်။ ထို့နောက် မာနထည်ဝါသည့် ဗျတ်စောင်းသမားလေးလည်းပါသည်…။
ဂိမ်းအစတွင် သူမရဲ့ အနောက်နန်းဆောင်ထဲ ဘယ်သူ့ကို ပထမဦးဆုံး ခေါ်ဆောင်မလဲဆိုတာ ရွေးချယ်နိုင်ပါသည်။ လက်ရာမြောက်လှသည့် ဇာတ်ကောင် ပုံရိပ်များကို ကြည့်ရင်း ကျန်းကျီမြောင် စိတ်လှုပ်ရှား ပျော်ရွှင်လွန်းသဖြင့် လက်တွေ့ဘဝကိုပင် မေ့လျော့သွားခဲ့သည်။
ယွဲ့လင်းဆိုတာ ဘယ်သူလဲ ? မမှတ်မိဘူး မမှတ်မိဘူး!
ရွေးချယ်စရာတွေကြောင့် စိတ်လှုပ်ရှားနေသည့် ကျန်းကျီမြောင်ကိုကြည့်ရင်း ကိုယ်လုပ်တော်တွေလည်း စိတ်ဝင်စားသွားကြပါသည်။
ယွဲ့လင်းကမူ တစ်ကိုယ်လုံး ထုံကျင်နေလေပြီ။
သူက ဘယ်သူလဲ…
ဒီမှာ ဘာလာလုပ်နေမိတာလဲ…
“မြောင်မြောင်”
ကျန်းကျီမြောင်၏အာရုံစိုက်မှုကို ရဖို့ ယွဲ့လင်း ကြိုးစားလိုက်သည်။
သို့သော်လည်း ကျန်းကျီမြောင်ကမူ ဝတ်ကျေတန်းကျေသာ ပြန်ဖြေပြီး ဝန်ကြီးချုပ်၏အားနည်းချည့်နဲ့သော သားလေးကို မတွန့်မဆုတ် ရွေးချယ်လိုက်ပါသည်။
ယွဲ့လင်း: “…”
ဂိမ်းထဲက ဝန်ကြီးချုပ်၏အားနည်းချည့်နဲ့သော သားဖြစ်သူကိုကြည့်ရင်း ယွဲ့လင်း အံကြိတ်လိုက်မိပါသည်။
မြောင်မြောင်က သူ့ကိုကျတော့ တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ ဂိမ်းထဲက ဖုတ်ကောင်လို ဖြူဆုပ်နေသည့် သတ္တဝါကိုတော့ နည်းလမ်းပေါင်းစုံနဲ့ကျီစယ်နေသည်။
အဲ့ဒီအကောင်ထက် သူက ဘာများ နိမ့်ကျနေလို့လဲ!
ကိုယ်လုပ်တော်တွေလည်း အနည်းငယ် စိတ်မကောင်းဖြစ်သွားကြသည်။ သူမတို့ ကိုယ်စီသဘောကျမိသည့် ဇာတ်ကောင်လေးတွရှိသော်လည်း တခြားသူတွေကို လောလောဆယ် အနောက်ဆောင်ထဲ ခေါ်သွင်းလို့ မရသေးပါ။ ထို့ကြောင့် မိဖုရားကြီးသဘောကျသည့် ဇာတ်ကောင်နဲ့ ကစားနေတာကိုပဲ ကြည့်နိုင်ပါသည်။
မိဖုရားကြီး၏အနောက်ဆောင်က ဂိမ်းတစ်ခုဖြစ်သော် လည်း ဇာတ်လမ်းဇာတ်ကွက်ရှိနေသည်။ အားလုံးရဲ့ တွေးခေါ်ပုံတွေက ပြောင်းပြန်ဖြစ်ကုန်ကြလေသည်။
ခုနလေးတင်ကမှ ကျန်းဟွမ်ရာဇဝင် ဇာတ်လမ်းတွဲထဲမှာ ယောက်ျားတစ်ယောက်အတွက် မိန်းကလေးတွေ ယှဉ်ပြိုင် တိုက်ခိုက်နေကြတာကို သူမတို့ မြင်ခဲ့ကြရသည်။ ယခုမူ ဇာတ်လိုက်မင်းသမီးကို ရဖို့အတွက် ယောက်ျားလေးများစွာ ယှဉ်ပြိုင် တိုက်ခိုက်နေကြတာကို မြင်နေရပါသည်။
စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ…
ကိုယ်လုပ်တော်တွေ အားလုံးစိတ်လှုပ်ရှားသွားကြသည်။
အရှင်မင်းကြီးလည်း စိတ်လှုပ်ရှားနေမှာပေါ့ ဟုတ်တယ်မလား ?
ယွဲ့လင်း၏သွေးမဲ့ဖြူရော်နေသော မျက်နှာကို ကြည့်ပြီး အားလုံး ခေါင်းတညိတ်ညိတ်ဖြင့် တွေးလိုက်ကြပါသည်။
သေချာပါတယ်၊ အရှင်မင်းကြီးလည်း စိတ်လှုပ်ရှားနေတာပဲ နေမှာ!
ကျန်းကျီမြောင် ဂိမ်းကစားလိုက် စားလိုက်သောက်လိုက်နဲ့ ညစာသုံးဆောင်ချိန် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယွဲ့လင်း ပြန်ကြွဖို့ အစီအစဉ်မရှိသေးတာကိုမြင်ပြီး ကျန်းကျီမြောင် လည်ချောင်းရှင်းကာ မေးလိုက်ပါသည်။
“အရှင်မင်းကြီး နန်းတွင်းရေးရာ ကိစ္စတွေအားလုံးဆောင် ရွက်ပြီးပြီလား”
ယွဲ့လင်း မျက်ခုံးပင့်လိုက်သည်။
“အားလုံး ဆောင်ရွက်ပြီးပါပြီ”
ကျန်းကျီမြောင် ဆက်လျှောက်တင်လိုက်သည်။
“မနက်တုန်းက ဒီမိဖုရားကို မယ်တော်ကြီး ဆင့်ခေါ်ပြီး ဆုံးမခဲ့သေးတယ်၊ အနောက်နန်းဆောင်ကို အရေးပေးဖို့ အရှင်မင်းကြီးကို တိုက်တွန်းပေးပါလို့ ဆုံးမခဲ့တာလေ၊ ဒီနေ့က အချိန်အခါကောင်းပဲနော်”
အနောက်နန်းဆောင် ကိုယ်လုပ်တော်များကို ကျန်းကျီမြောင် မျှော်လင့်တကြီး ကြည့်လိုက်သည်။ မုန့်ချိုက်ရမ်နှင့် ဝမ်ပေါင်လင်တို့ကိုတော့ စာရင်းထဲကထုတ်ရမှာ သေချာသည်။
ကြင်ယာတော်ချန်ကလည်း နောင်တစ်ချိန် နန်းတော်ထဲမှ ထွက်ခွာချင်သည်ဟု ဆိုသဖြင့် သူမလည်း အရေးပေးခံချင်မှာ မဟုတ်ပါ။
ဒါဆို တခြားညီအစ်မတွေကကော…
အနောက်နန်းဆောင်ထဲ ဝင်ရောက်လာသည်ဆိုကတည်းက အရှင်မင်းကြီး၏ အရေးပေးမှုကို ရယူချင်ကြမှာ သေချာပါသည်။ ထိုအရာတွေကို ကျန်းကျီမြောင် တားဆီးဖို့ မစဉ်းစားဖူးပါ။ သူမရဲ့ စိတ်ခံစားချက်တွေကိုသာ ထိန်းချုပ်ဖို့ လိုအပ်သည်။
ကျန်းကျီမြောင်၏အကြည့်ကို မြင်သောအခါ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
အန်းကျောက်ရီ အမြန်လျှောက်တင်လိုက်ပါသည်။
“အရှင်မ… ဒီကြင်ယာတော် ဒီနေ့ည နေထိုင်မကောင်းဖြစ်နေပါတယ်”
ကျန်းကျီမြောင် မယုံသင်္ကာဖြစ်သွားသည်။ နေထိုင်မကောင်းဖြစ်နေတယ်တဲ့လား… ခုနလေးတင်မှ ထမင်းနှစ်ပန်းကန် ကုန်အောင်လွေးထားသူက နေထိုင်မကောင်းဖြစ်နေသည်ဆိုတာ ယုံကြည်ချင်စရာ သိပ်မကောင်းလှပါ။
“အစားများသွားလို့ မကြာခင် နေထိုင်မကောင်းဖြစ်လာနိုင်ပါတယ်…”
အန်းကျောက်ရီ ဆင်ခြေအမြန်ထပ်ပေးလိုက်သည်။
ကျန်းကျီမြောင် တောင့်တောင့်တင်းတင်း ခေါင်းညိတ်လျက် ပစ်မှတ်ဆက်ရှာဖွေလိုက်သည်။
“ဒီကြင်ယာတော်လည်း နေထိုင်မကောင်းဖြစ်ပါလိမ့်မယ်- အဲလေ! နေထိုင်မကောင်း ဖြစ်နေပါတယ်”
“ဒီကြင်ယာတော် ခြေကျင်းဝတ်လိမ်သွားလို့ပါ”
“ဒီကြင်ယာတော်က အိပ်စက်နေရင်း သူများတွေကို ကိုက်တတ်တဲ့အကျင့်ရှိလို့ အရှင်မင်းကြီးကို ပြုစုဖို့ မသင့်တော်ပါဘူး”
ကိုယ်လုပ်တော်များအားလုံး အဓိပ္ပာယ်ရှိတာတွေကော အဓိပ္ပာယ်မရှိတာတွေကော ဆင်ခြေပေးလိုက်ကြသည်။ ကျန်းကျီမြောင် ကြက်သေသေသွားခဲ့ပါသည်။
ဒီကိုယ်လုပ်တော်တွေ ဘာဖြစ်နေကြတာလဲ…
သူ့ကို နေ့တိုင်း ဂါဝရလာပြုဖို့ကျတော့ ဝီရိယကောင်းကြပြီး အရှင်မင်းကြီးကိုပြုစုရမယ့်အချိန်ကျတော့ ဆင်ခြေအသစ်အဆန်းတွေ အပြိုင်ပေးနေကြပါလား!
ယွဲ့လင်းရဲ့အနောက်နန်းဆောင်က သူမအတွက် ရွေးချယ်ပေးထားတာများလား ??
“အရှင်မ… ကြည့်ရတာ ဖုန့်ယီနန်းဆောင်ကိုပဲ ကျန်း ကြွ မြန်းရတော့မယ်ထင်တယ်”
ကျန်းကျီမြောင်ကို ကြည့်ရင်း ယွဲ့လင်း မိန့်လိုက်သည်။
ကျန်းကျီမြောင် တောင့်တင်းနေသော အပြုံးဖြင့် ခေါင်းသာ ညိတ်လိုက်ရပါသည်။
-
ဖုန့်ယီနန်းဆောင်တွင်…
နှစ်ယောက်တည်းရှိတော့သည့်အခါ အနေခက်စရာတွေ ထပ်ကြုံလာရပြန်ပါသည်။
ယွဲ့လင်း မျက်လုံးများ နူးညံ့သိမ်မွေ့သွားပြီး တိုးညှင်းစွာ ခေါ်လိုက်သည်။
“မြောင်မြောင်”
ကျန်းကျီမြောင် တစ်ကိုယ်လုံးဓာတ်လိုက်သလို တုန်ယင်သွားပြီး ခါးလည်း ရုတ်တရက်မတ်သွားခဲ့သည်။
[သွားပြီ… သွားပြီ၊ အရှင်မင်းကြီး ပေါက်ကရတွေထပ် ပြောရင် ဘယ်လိုလုပ်မလဲ! စိတ်အေးအေးထား စိတ်အေး အေးထား ကျန်းကျီမြောင်၊ နင်က အခု ဝံပုလွေမြောင်မြောင်ပဲ! လုံးဝ လှည့်စားခံရလို့ မဖြစ်ဘူး]
ကျန်းကျီမြောင် မျက်လုံးများ ချက်ချင်းခိုင်မာပြတ်သားသွားခဲ့သည်။
ယွဲ့လင်း ရင်ထဲမှာ သက်ပြင်းချလိုက်မိသော်လည်း မျက်နှာပေါ်မှာတော့ အပြုံးတစ်ခုပေါ်လာခဲ့သည်။
“လင်းချင်ချင်ကိစ္စနဲ့ပတ်သတ်ပြီး ကျန်း နည်းလမ်းတစ်ခု စဉ်းစားမိထားလို့”
ဟင်…
ကျန်းကျီမြောင် မျက်လုံးများ အရောင်လက်သွားခဲ့ပြီး ချက်ချင်း စိတ်ဝင်တစားဖြစ်သွားခဲ့သည်။
“ဘယ်လို နည်းလမ်းများလဲ အရှင်မင်းကြီး”
ယွဲ့လင်း တိုးညှင်းစွာ ရှင်းပြလိုက်သည်။
“ကျန်းရဲ့လူတွေကို စုံစမ်းခိုင်ထားတာတွေရှိတယ်၊ ယွဲ့ဟွာက လင်းချင်ချင်ကိုကယ်တင်ပြီး ကျန်းဘေးနားကိုရောက် အောင် ရည်ရွယ်ချက်ရှိရှိ ပို့ဆောင်ခဲ့တာတဲ့၊ သူတို့နှစ်ယောက် အချင်းချင်းပို့ထားတဲ့ စာတွေကိုလည်း ရှာတွေ့ထားကြတယ်၊ အဲ့ဒီသက်သေတွေနဲ့ဆို သူတို့ဖောက်ပြန်နေတာကို အတည်ပြုနိုင်လိမ့်မယ်”
ကျန်းကျီမြောင် မျက်တောင်များ လှုပ်ခါသွားသည်။
ယွဲ့ဟွာနဲ့ လင်းချင်ချင်တို့ အချင်းချင်း ပို့ထားတဲ့ စာတွေကို ယွဲ့လင်းက ရှာတွေ့ခဲ့တယ် ဟုတ်လား…
ယွဲ့လင်း ပြုံးကာ ရှင်းပြလိုက်သည်။
“အဲ့ဒီအတွက် မြောင်မြောင်ကိုပဲ ကျေးဇူးတင်ရမှာပေါ့၊ အရင်တစ်ခေါက်တုန်းက ဟွေ့ရှင်းအပေါ်မြောင်မြောင် စေတ နာထားခဲ့လို့ ကျန်းလည်း နောက်ကွယ်က နည်းနည်းဖေးမကူညီပေးခဲ့တယ်၊ တစ်ဖက်မှာဟွေ့ရှင်းကို ကျန်း စေတနာထားပေးခဲ့ပြီး နောက်တစ်ဖက်မှာတော့ သူလျှိုတစ်ယောက်ဖြစ်တဲ့ သူ့ညီမလေးကိုလည်း ကျန်းရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့တယ်၊ နည်းလမ်းတချို့ထုတ်သုံးလိုက်တော့ ဟွေ့ရှင်းက ယွဲ့ဟွာကိုသစ္စာဖောက်ပြီး အဲ့ဒီစာတွေလာဆက်သခဲ့တာလေ”
ကျန်းကျီမြောင် ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေပါသည်။
သူနဲ့ ယွဲ့လင်းတို့ ကီးကိုက်တယ်ဆိုတာ ဒါကိုပြောတာပေါ့!
ကိစ္စအတော်များများမှာ ကျန်းကျီမြောင် အစဖော်ပေး လိုက်ဖို့သာလိုပြီး ယွဲ့လင်းက အဆုံးအထိ အောင်မြင်အောင် ဆောင်ရွက်သွားနိုင်သည်။
“မနက်ဖြန် ညီလာခံမှာ လင်းချင်ချင်ကို ယွဲ့ဟွာဆီ ချီးမြှင့်ဖို့ ကျန်းစီစဉ်ထားတယ်၊ မြောင်မြောင်ကော လာကြည့်ချင်လား”
ယွဲ့လင်း ပြုံးကာ မေးလိုက်သည်။
အနောက်နန်းဆောင် ကိုယ်လုပ်တော်တစ်ယောက်ကို သူ့ညီအရင်းဆီ ပေးကမ်းချီးမြှင့်မယ်ဟုတ်လား…
အဓိပ္ပာယ်မဲ့ လိုက်တာ…
သို့သော် ကျန်းကျီမြောင်ကတော့ ကြိုက်သည်။ အင်မတန်မှ စိတ်လှုပ်ရှားဖို့ကောင်းနေပါလိမ့်မည်။