← Chapters

Boiling a Fog in Lukewarm Water

Vol. 16 Ch. 159

Boiling a Fog in Lukewarm Water

Vol. 16 Ch. 159

မင်းသားအန်းဟယ်နှင့် အရှင်မင်းကြီးတို့ကြားက အားပြိုင်မှုမှာ အသစ်အဆန်း မဟုတ်သလို ရှားပါးအဖြစ်အပျက်လည်း မဟုတ်ပါ။

အစဉ်အလာအရဆို ယွဲ့လင်းက သားအကြီးဆုံးဖြစ်သဖြင့် ထီးနန်းပိုင်ဆိုင်ခွင့် ရရှိခဲ့တာကို မေးခွန်းထုတ်စရာပင် မလိုပေ။ အရှင်မင်းကြီးက စိတ်ဆတ်လွယ်ပြီး တိုင်းပြည်ကို အုပ်ချုပ်ဖို့ မသင့်လျော်ကြောင်း၊ မင်းသားအန်းဟယ်ကမူ အလွန် ပါရမီရှိပြီး ဉာဏ်အမြော်အမြင်လည်းရှိသဖြင့် တိုင်းပြည်ကို အုပ်ချုပ်ဖို့သင့်လျော်ကြောင်း ကောလဟာလတွေ ရှိခဲ့ဖူးပါသည်။

အကြီးကိုကျော်ပြီး အငယ်ကို နန်းတင်ခြင်းက တိုင်းပြည်ကို ကပ်ဆိုက်စေနိုင်သည်ဟု အစွဲရှိကြသဖြင့် နှောင်းဧကရာဇ် မင်းကြီးကလည်း ယွဲ့လင်း၏အိမ့်ရှေ့စံအရာကို မရုတ်သိမ်းခဲ့ပါ။

သို့သော် နှောင်းဧကရာဇ်မင်းကြီး နတ်မရွာမစံခင် အကွက် ကျကျ စီစဉ်ခဲ့ပါသည်။ ထီးနန်းကို ယွဲ့လင်းပိုင်ဆိုင်ခဲ့ရတာ မှန်သော်လည်း အာဏာအစစ်အမှန်တွေကိုတော့ ယွဲ့ဟွာထံသာ အပ်နှင်းခဲ့ခြင်းဖြစ်သည်။

ယနေ့ထိတိုင်အောင် ယွဲ့ဟွာသည်တော်ဝင်ကိုယ်စောင့်တပ်ဖွဲ့၏ခေါင်းဆောင်ရာထူးကို ရရှိထားဆဲဖြစ်သည်။ မြို့တော်ကာကွယ်ရေး အင်အားထက်ဝက်လောက်က သူ့လက်အောက်မှာ ရှိနေသည်။

ယွဲ့ဟွာ ထီးနန်းကို ပိုင်ဆိုင်ရမည့်နေ့ကို ရောက်လာဖို့ နှောင်းဧကရာဇ်မင်းကြီး စီစဉ်ထားခဲ့ပုံပေါ်သည်။ ယွဲ့လင်း သက်တမ်းကြာကြာ နေရမှာမဟုတ်ကြောင်း ရာထူးမြင့်ဝန်ကြီးမှူးမတ်တွေအကြား သတင်းထွက်နေခဲ့သည်။ ဒါသာအမှန်တကယ်ဆို ယွဲ့ဟွာ ဘာမှလုပ်စရာပင်မလိုဘဲ နန်းတက်နိုင်ပါလိမ့်မည်။

ညီလာခံကို ကျန်းကျီမြောင် ရောက်မလာခင်တန်းက မသေချာမရေရသည့် အခြေအနေများကြောင့် ဝန်ကြီးမှူးမတ်အများစုမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့သာ အလေးထားကြပြီး ကြားနေကြသူများပြားသည်။ သို့သော် ကျန်းကျီမြောင် ရောက်လာပြီးနောက်မှာတော့ ရပ်တည်မှု ပြောင်းလဲသွားခဲ့ကြပါသည်။

ယခုဆိုလျှင် ကျန်းကျီမြောင်လို နတ်စွမ်းအင်ပိုင်ဆိုင်ထားသူတစ်ဦး၏ အကူအညီနဲ့သာဆို ယွဲ့လင်းလက်ထဲ ကောင်း ကင်ဘုံ၏အမိန့်အာဏာ ပိုင်ဆိုင်သွားလိမ့်မည်ဟု အားလုံး ယုံကြည်နေကြပြီဖြစ်သည်။ ယွဲ့ဟွာလို လူမျိုးက ကောင်း ကင်ဘုံ၏သားတော်ကို တွန်းလှန်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ လူတိုင်းရဲ့အမြင်မှာ မင်းသားအန်းဟယ်သည် ဆောင်းဦးနှောင်းပိုင်းက နှံကောင်တစ်ကောင်လိုပင် ကြာကြာခုန်ပေါက်နိုင်စွမ်းရှိမည်မှာ မဟုတ်တော့ပါ။

ဒီနေ့လည်း မင်းသားအန်းဟယ် ကိုယ့်သေတွင်းကိုယ် တူးလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ထိုအခွင့်အရေးကို အရရယူပြီး သူ့ကို အမြစ်ပြတ်ချေမှုန်းပစ်လိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ ဒီလိုမှသာ ယုံမင်းဆက်တည်ငြိမ်အေး ချမ်းနိုင်မှာ ဖြစ်သည်။

မင်းသားအန်းဟယ်ကို အပြစ်ပေးဖို့ အရာရှိအမတ်တွေ တစ်ယောက်တစ်ပေါက် အကြံပြုနေကြစဉ် ယွဲ့ဟွာ မျက်နှာ ပိုပိုပြီးအကျည်းတန်လာခဲ့ပါပြီ။

ဒီခွေးအိုကြီးတွေ! နောက်ဆုံးအချိန်အထိ ယွဲ့လင်းဘက်မှာပဲနေဖို့ ဆုံးဖြတ်လိုက်ကြပြီပေါ့!

ရတယ်လေ! ငါနန်းတက်တဲ့အခါကျမှ အကုန်လုံးကို တစ်ယောက်မကျန် သုတ်သင်ပစ်မယ်!

ယွဲ့ဟွာမျက်လုံးထဲ သတ်ဖြတ်ချင်စိတ်များ ပေါ်လာခဲ့ပါသည်။

ဒါကို ယွဲ့လင်းမြင်သော်လည်း ဂရုမစိုက်ခဲ့ပေ။ ဝန်ကြီးမှူးမတ်များကို သူအမိန့်ပေးလိုက်သည်။

“တော်လောက်ပြီ တိတ်ကြစမ်း”

ယွဲ့လင်း၏အမိန့်သံကြောင့် ဟင်းသီးဟင်းရွက်ဈေးလို ဆူညံပွက်လောရိုက်နေခဲ့သည့် ညီလာခံတစ်ခုလုံး ငြိမ်ကျသွားခဲ့ပါသည်။ ဒါကိုမြင်တော့ ယွဲ့ဟွာ အံကြိတ်မိပြီး တစ်ကိုယ်လုံး တုန်ယင်သွားခဲ့လေသည်။

ညီလာခံအပေါ် ယွဲ့လင်း၏ထိန်းချုပ်နိုင်စွမ်းက ကြောက်စရာကောင်းလောက်အောင် ကြီးမားနေပါပြီ။

ယွဲ့ဟွာကို ယွဲ့လင်း ပြုံးကာကြည့်လိုက်သည်။

“ဒီစာတွေကို ဘယ်လိုသဘောရလဲ မင်းသားအန်းဟယ်”

ယွဲ့ဟွာ ခေါင်းတွေ ပူထူသွားခဲ့ပြီး အာရုံထဲမှာလည်း တဂျီဂျီမြည်သံတွေနဲ့ ပြည့်နှက်သွားခဲ့သည်။ နောက်ဆုံးတော့ ယွဲ့ဟွာ ဒူးထောက်ချလိုက်ပါသည်။

“ဒီညီတော်ကို မဟုတ်မမှန်စွပ်စွဲဖို့အတွက် ဒီစာတွေကို တစ်စုံတစ်ယောက်က အသုံးချပြီး ကြိုးစားနေတာဖြစ်ပါလိမ့်မယ်၊ ဒီညီတော်နဲ့ အစ်ကိုတော်က တစ်ဝမ်းတည်းက မွေးဖွားလာကြတဲ့ ညီအစ်ကိုအရင်းတွေ မဟုတ်ဘူးလား ? အဲ့လို အတွေးမျိုး ဒီညီတော် တွေးရက်ပါ့မလား ? ဒီညီတော်သာ အမှန်တကယ် အဲ့လိုလူမျိုးဆိုရင် မယ်တော် ရိုက်သတ်လို့ ဒီညီတော်သေခဲ့တာကြာပါပြီ၊ အမှန်တရားကို သိရဖို့အတွက် စုံစမ်းစစ်ဆေးပေးဖို့ အစ်ကိုတော့်ကို တောင်းဆိုပါတယ်”

မယ်တော်ကြီးကို ယွဲ့ဟွာ အသုံးချလိုက်သည်။ သူ့ကို အပြစ်ပေးမည်ဆိုလျှင် မယ်တော်ကြီးကလည်း အပြစ်လွတ်မှာ မဟုတ်ပါ။ အရှင်မင်းကြီးက ဒီလို ဆုံးဖြတ်နိုင်စွမ်းရှိပါ့မလား။

မယ်တော် သူ့ဘက်မှာ ရှိမနေလျှင်တောင် ကိုယ့်မယ်တော်အရင်းကို အပြစ်ပေးသည့်အတွက် တစ်တိုင်းပြည်လုံးက သူ့ကို ဝေဖန်ရှုတ်ချကြလိမ့်မည်။ ဒီကိစ္စသာ ပေါက်ကြားသွားပါက တော်ဝင်မိသားစုအတွက် အရှက်ရစရာလည်း ဖြစ်သွားပါလိမ့်မည်။

ယွဲ့လင်း အပြုံး ပိုမိုနက်ရှိုင်းသွားခဲ့သည်။

“စိတ်ချပါမင်းသားအန်းဟယ်၊ ဒီစာတွေထဲမှာ အမှန်အကန်နဲ့ အလိမ်အညာ ရောယှက်ပါဝင်နေတယ်လို့ ကျန်း ယုံ ကြည်ပါတယ်၊ မယုံကြည်နိုင်စရာကောင်းလွန်းတဲ့ အကြောင်းအရာတွေကတော့ အလိမ်အညာပေါ့၊ သို့ပေမယ့် ပဉ္စမညီတော်နဲ့ ရံရွေတော်လင်းတို့အကြားက ခံစားချက်တွေကိုတော့ အားလုံးမြင်နိုင်နေပါပြီ၊ အဲ့တာတွေကတော့ အလိမ်အညာမဖြစ်နိုင်ဘူး၊ ကျန်းပြောတာ မှန်ရဲ့လား”

ယွဲ့ဟွာ ခါးမတ်သွားပြီး နဖူးပေါ်မှ ချွေးသီးချွေးပေါက်တွေလည်း ကျလာခဲ့ပါပြီ။ သူ့စိတ်ထဲ ကြံရာမရဖြစ်နေလေပြီ။

ယွဲ့လင်း ဆိုလိုချင်တာက ရိုးရှင်းသည်။ ရံရွေတော်လင်းနဲ့ သူဖောက်ပြားနေကြောင်း ဝန်ခံလိုက်ပါက ပုန်ကန်ဖို့ရည် ရွယ်သည့် စကားလုံးတွေကို လျစ်လျူရှုပေးပါမည်။ ဖောက်ပြားနေကြောင်း ဝန်မခံလျှင်တော့ စုံစမ်းစစ်ဆေးမှုတွေပိုလေးနက်သွားမည်ဖြစ်ကာ ပြဿနာတွေ ပိုကြီးလာရုံသာရှိလိမ့်မည်။

ယွဲ့ဟွာတစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထသွားခဲ့ပါသည်။ အချိန်အတန်ကြာမှ သူအံကြိတ်လျက် ဝန်ခံလိုက်တော့သည်။

“အရှင်မင်းကြီး… ဒီညီတော် ပြစ်မှုကျူးလွန်ခဲ့မိပါတယ်၊ ဒီညီတော်နဲ့ ရံရွေတော်လင်းနဲ့ ပတ်သတ်မှုတချို့ရှိခဲ့တာ မှန်ပါတယ်၊ သို့ပေမယ့် ဒီညီတော် စည်းမကျော်ခဲ့ပါဘူး၊ ရံရွေ တော်လင်း အပျိုစင်အဖြစ် ရှိနေသေးတာက သက်သေပါပဲ”

ယွဲ့လင်း သဘောထားကြီးစွာ ခေါင်းညိတ်ပြလိုက်ပါသည်။

“တကယ်တော့ ညီတော်တို့ရဲ့ သံယောဇဉ်ကို ကျန်းအစော ကြီးကတည်းက သိပြီးသားပါ၊ ကျန်း အရှက်မရချင်တာကြောင့် ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေတာ၊ ဒါပေမယ့် အခုအားလုံးလျှို့ဝှက်ချက်တွေ မရှိကြတော့ဘူးဆိုတော့ ကျန်းလည်း ရှက်မနေတော့ပါဘူး၊ အခုချိန်ကစပြီး ရံရွေတော်လင်းရဲ့ ဘွဲ့အမည်ကို ရုတ်သိမ်းလိုက်ပြီး၊ သူ့ကို မင်းသားအန်းဟယ်ရဲ့စံအိမ်ကို အရံကြင်ယာတော်အဖြစ် ပို့ဆောင်လိုက်မယ်၊ မင်းသားအန်းဟယ် ဘယ်လိုသဘောရလဲ”

ယွဲ့ဟွာ ကြက်သေသေသွားခဲ့သည်။ ယခုအချိန်မှာ ဂုဏ်သရေရှိ မိသားစုတစ်စု၏သမီးတော်တစ်ယောက်ကို သူ့ပဏာမကြင်ယာတော်အဖြစ်လက်ဆက်ဖို့ ယွဲ့ဟွာ ကြံရွယ်နေခဲ့တာဖြစ်သည်။ ယခု ပဏာမကြင်ယာတော်ကိုပင် လက်မဆက်ရသေးဘဲ အရံကြင်ယာတော်တစ်ယောက်ကို လက်ခံရမည်ဆိုတာကြီးက ယုတ္တိတန်လွန်းပါသည်။

ထိုအခါ သူ့စံအိမ်ထဲ ဘယ်လိုဂုဏ်သရေရှိ အမျိုးသမီးကမှ ဝင်ချင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ယွဲ့ဟွာ ကန့်ကွက်ဖို့ပြင်လိုက်ပါသည်။

သို့သော် ယွဲ့လင်းက ကန့်ကွက်ချိန်မပေးဘဲ ဆက်မိန့်လိုက်သည်။

“မင်းသားအန်းဟယ်နဲ့ ရံရွေတော်လင်းတို့အကြားက ချစ်ခြင်းမေတ္တာက စင်ကြယ်လွန်းတယ်၊ ဒီကမ္ဘာလောကကြီးမှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ အရှားပါးဆုံးပါပဲ၊ အဲ့တာကြောင့် ကိုယ့်ဂုဏ်သိက္ခာကိုတောင် မငဲ့ဘဲ မင်းသားအန်းဟယ်တို့ရဲ့ ဆန္ဒတွေကို ကျန်းဖြည့်ဆည်းပေးခဲ့တာ၊ မင်းသားအန်းဟယ်လည်း ရင်ထဲမှာ ဝမ်းမြောက်ကြည်နူးနေလောက်ကောပေါ့”

ယွဲ့ဟွာ နှုတ်ခမ်းများတုန်ယင်သွားပြီး မျက်နှာကလည်း စက္ကန့်နဲ့အမျှ အကျည်းတန်လာခဲ့ပါသည်။ ယွဲ့လင်း ပါးစပ်ဟလိုက်ကတည်းက သူ့ကို ကန့်ကွက်ခွင့်ပေးဖို့ အစီအစဉ်မရှိမှန်း ယွဲ့ဟွာ နားလည်လိုက်ရသည်။

လင်းချင်ချင်ကို အရံကြင်ယာတော်အဖြစ် လက်ခံလိုက်ခြင်းက ပြဿနာတွေကို ဒီမှာ အဆုံးသတ်သွားစေလိမ့် မည်။ မဟုတ်ပါက အရှုပ်တော်ပုံပိုကြီးမားသွားလိမ့်မည်။

သူ့လက်ရှိအင်အားကို ယွဲ့ဟွာ တွက်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ အသံအုပ်အုပ်ဖြင့် လျှောက်တင်လိုက်တော့သည်။

“လက်ဆက်ထိန်းမြှားခွင့် ပေးသနားတဲ့အတွက် ကျေးဇူးကြီးမားလှပါတယ် အရှင်မင်းကြီး…”

ယွဲ့လင်း နှုတ်ခမ်းထက် အပြုံးတစ်ခုပေါ်လာခဲ့သည်။

“ရှိစေတော့”

ထိုအခါမှ ယွဲ့ဟွာ အရာရှိမှူးမတ်တွေကြားထဲ ပြန်ဆုတ်ခွာလာနိုင်ခဲ့သည်။

ထို့နောက် ဝမ်ချမ့်ကို ယွဲ့လင်း လှည့်ကြည့်လိုက်ပါသည်။

“ဒီနေ့ ငယ်သားဝမ်ချမ့်က အတော်လေး ထူးချွန်ခဲ့တာပဲ”

ဝမ်ချမ့်တုန်ယင်သွားပြီး စကားတွေပါထစ်ငေါ့သွားခဲ့သည်။

“အ…အရှင်မင်းကြီး ချီးမြှောက်လွန်းနေပါပြီ’

“မင်းသားအန်းဟယ်နဲ့ လင်းချင်ချင်တို့ရဲ့ ဆန္ဒကို ကျန်းဖြည့်ဆည်းပေးဖို့ အစောကြီးကတည်းက အစီအစဉ်ရှိခဲ့ပြီးသား၊ အဲ့တာကြောင့် ကျန်းကိုပြုစုဖို့ လင်းချင်ချင်ကိုတစ်ခါမှ တွန်းအားမပေးခဲ့တာ၊ ကျန်းရဲ့စေတနာကို မယ် တော်ကြီး ဒီလိုနားလည်မှုလွဲသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

ဝမ်ချမ့် မျက်နှာလိုမျက်နှာရပြုံးကာ လျှောက်တင်လိုက်ပါသည်။

“ဒီ… ဒီငယ်သားလည်း မယ်တော်ကြီး ဒီလိုနားလည်မှုလွဲသွားမယ် ထင်မထားခဲ့ပါဘူး”

ယွဲ့လင်း ပြုံးတစ်ဝက်မဲ့တစ်ဝက်ဖြင့် မိန့်လိုက်သည်။

“မယ်တော်ကြီးက ဒီတိုင်း ညွှန်ကြားချက်တစ်ခုပေးခဲ့တာပါ၊ ဒါကို ငယ်သားဝမ်ချမ့်က အကြောင်းပြချက်အဖြစ် အသုံးချပြီး ဝန်ကြီးမှူးမတ်တွေကြားထဲမှာ နှိုးဆော်နေတယ်ပေါ့၊ ကျန်း နန်းတက်လာတာတောင် မကြာသေးဘူး ဆက်ခံသူမရှိလို့ ဝေဖန်နေပြီလား၊ သခင်သစ်တစ်ယောက် တင်မြှောက်ဖို့ အချိန်တန်ပြီလို့ထင်နေပြီပေါ့”

ဝမ်ချမ့်တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့သည်။

“ဒီ… ဒီငယ်သား အဲ့လိုစိတ်မျိုးလုံးဝ မရှိပါဘူး အရှင် မင်းကြီး! အရှင်မင်းကြီးအပေါ် အမြဲတမ်း သစ္စာစောင့်သိခဲ့တာပါ! ဒီနေ့ ဒီငယ်သား ပြောဆိုခဲ့တဲ့အရာတွေ အားလုံးကလည်း အရှင်မင်းကြီးရဲ့ ကောင်းကျိုးအတွက်ပါပဲ၊ အမှန်တရားကို သိမြင်ပေးပါ အရှင်မင်းကြီး!”

ယွဲ့လင်း တည်ငြိမ်စွာ မိန့်လိုက်သည်။

“ငယ်သားဝမ်ချမ့်က တကယ်ပဲ သစ္စာရှိပါပေတယ်၊ ဒီနေ့ အဲ့ဒီသစ္စာတရားကို ဖြည့်ဆည်းပေးရတာပေါ့”

ဝမ်ချမ့် သက်ပြင်းချဖို့ ကြံလိုက်စဉ် ယွဲ့လင်း၏အမိန့်သံကို ထပ်ကြားလိုက်ရသည်။

“သူ့ကို အပြင်ဆွဲထုတ်ပြီး မသေမချင်း ကြိမ်ဒဏ်ပေးလိုက်ကြ”

ယွဲ့လင်းကို ဝမ်ချမ့် မယုံကြည်နိုင်စွာမော့ကြည့်လိုက်သည်။ အစောင့်တပ်သားတွေ ချက်ချင်းရောက်လာကြပြီး ဝမ်ချမ့်ကို ဆွဲခေါ်သွားကြလေတော့သည်။

ဝမ်ချမ့်တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပြီး မျက်လုံးတွေကလည်း ယွဲ့ဟွာထံတောင်းတောင်းပန်ပန် လှမ်းကြည့်နေခဲ့ပါသည်။ ယွဲ့ဟွာကမူ မသိချင်ယောင်ဆောင်ပြီး ခေါင်းသာငုံ့ထားခဲ့သည်။

မကြာမီ ခန်းမအပြင်ဘက်မှ ရိုက်နှက်သံများ ထွက်ပေါ်လာခဲ့သည်။ ပထမတော့ ဝမ်ချမ့် တစ်ချက်နှစ်ချက်အော်နေသေးသော်လည်း နောက်တော့ အသံလုံးဝမကြားရတော့ပေ။

ညီလာခံထဲက အရာရှိတွေအားလုံး ထိုအသံတွေကိုနား ထောင်ကာ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကြရသည်။

“မင်းသားအန်းဟယ်၊ လက်ဆက်ထိန်းမြှားမှုအတွက် သွားပြင်ဆင်နိုင်ပါပြီ။”

ယွဲ့လင်း အပြုံးဖြင့် မိန့်လိုက်သည်။

ယွဲ့ဟွာ ခေတ္တတိတ်ဆိတ်သွားခဲ့ပြီး လျှောက်တင်လိုက်ပါသည်။

“အမိန့်တော်အတိုင်းပါ”

ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အတန် ကြာအောင် စိုက်ကြည့်ပြီးမှ အကြည့်လွှဲလိုက်ကြသည်။

ယွဲ့လင်း မျက်လုံးများ အလွန်အေးစက်နေခဲ့ပါသည်။ စာတွေထဲမှာ ပုန်ကန်သည့် စကားလုံးများပါဝင်သဖြင့် ယွဲ့ဟွာကို ပြစ်ဒဏ်ပေးချင်လျှင် ပေးလို့ရနိုင်သည်။ သို့သော် နှောင်းဧကရာဇ်မင်းကြီးက ယွဲ့ဟွာလက်ထဲ ရင်းမြစ်တွေ အများကြီး အပ်နှင်းသွားခဲ့တာဖြစ်သည်။

တောင်ပိုင်းမှာ သူသိုဝှက်ထားသည့် လျှို့ဝှက်တပ်သားများစွာရှိသည်။ ထို့အပြင် မြို့တော်ပြင်ပမှာ သူဖွက်ထားသည့် ဖောက်ခွဲရေးပစ္စည်းတွေလည်း အများကြီးရှိနေလောက်သည်။ ထို့အပြင် နန်းတော်ထဲက တော်ဝင်ကိုယ်စောင့်တပ် အတွင်းမှာလည်း ယွဲ့ဟွာရဲ့လူတွေ ဘယ်လောက်တောင် ရှိနေမလဲ မသေချာနိုင်ပါ။

သူ့ကို ပုန်ကန်မှုဖြင့် စွဲချက်တင်လိုက်လျှင် သေဒဏ်ပေးရတော့မှာ သေချာသည်။ ထိုအခါ ယွဲ့ဟွာ ခေါင်းငုံ့ခံနေမှာ မဟုတ်ဘဲ အဆုံးထိပြန်လည်တိုက်ခိုက်လာမှာ သေချာပါသည်။ ယုံမင်းဆက်တစ်ခုလုံးလည်း ဗရုတ်သုက္ခ ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် ‘ရေနွေးထဲ ဖားထည့်ပြုတ်’သည့် နည်းလမ်းကိုသာ ယွဲ့လင်း အသုံးချပါမည်။ ယွဲ့ဟွာ၏အတောင်ပံတွေကို ဖြည်းဖြည်းနဲ့ မှန်မှန် ဖြတ်တောက်သွားမည်ဖြစ်သည်။ နောက်ဆုံးကျမှ အဆုံးသတ်ရွှေ့ကွက်ဖြင့် တစ်ချက်တည်း အနိုင်ယူပစ်လိုက်ပါမည်။

All Chapters