← Chapters

The Decree

Vol. 16 Ch. 160

The Decree

Vol. 16 Ch. 160

ချူးရွှယ်နန်းဆောင်တွင်…

လင်းချင်ချင် မှန်ရှေ့မှာ ရွှင်ရွှင်မြူးမြူး ပြင်ဆင်ခြယ်သနေပါသည်။

ပုံမှန်ဆို မနက်တိုင်း ချန်ရေကန်ရှေ့မှာ အပတ် ၃၀ ပြေးဖို့အတွက် တစ်စုံတစ်ယောက်က သူမကို အတင်းအကြပ် လာခေါ်ဆောင်လေ့ ရှိသည်။ သို့သော် ဒီနှစ်ရက်အတွင်း သူမကို နှိပ်စက်ဖို့ ဘယ်သူမှ ရောက်မလာခဲ့ကြပေ။

ဒါကိုကြည့်ခြင်းအားဖြင့် နှလုံးသားထဲက ခံစားချက်အစစ်အမှန်ကို ယွဲ့လင်း နားလည်သွားပြီဖြစ်မှန်း မြင်နိုင်သည်။

‘ဇာတ်နာအချစ်ဇာတ်လမ်း’လေးကတော့ ပြီးဆုံးသွားပြီဖြစ်ကာ သူမကို ယွဲ့လင်း အသည်းအသန် ပြန်ပိုးပန်းရတော့မည့် ဇာတ်လမ်းအဖြစ် မကြာခင် ပြောင်းလဲသွားပါတော့မည်။

လင်းချင်ချင် မှန်ရှေ့မှာထိုင်ရင်း သူမ ဝတ်ဆင်နိုင်သည့် လက်ဝတ်ရတနာမှန်သမျှကို ဆင်မြန်းကြည့်နေပြီး အလှပဆုံး အကြော့ရှင်းဆုံး ဖြစ်အောင် ပြင်ဆင်နေပါသည်။ မယ်တော်ကြီး၏အကြံအစည်ကို လင်းချင်ချင် နားမလည်သော်လည်း သူ့အတွက် အထောက်အကူ ဖြစ်ခဲ့သည်။

ယခင်တုန်းက လင်းချင်ချင် မလိုလားခဲ့သော်လည်း ယခုတော့ ယွဲ့လင်းကို ပြုစုပေးချင်သည်ဟု လိုလိုလားလား လျှောက်တင်ခဲ့ပါသည်။ အရှင်မင်းကြီး လိုအပ်နေတာက မျက်နှာပန်းလှလှဖြင့် ဆင်းနိုင်မည့် လှေကားတစ်ထစ်သာ ဖြစ်သည်။

မယ်တော်ကြီး၏တွန်းအားပေးမှုများနဲ့အတူ သူမဘက်က လိုလိုလားလား ကမ်းလှမ်းလာမှုတို့ကြောင့် အရှင်မင်းကြီး ငြင်းဆန်စရာအကြောင်း လုံးဝမရှိတော့ပါ။

ယနေ့ ချူးရွှမ်နန်းဆောင်၏တံခါးများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီဖြစ်သည်။ ထို့အပြင် သူမဘေးမှာ အမှုထမ်းဖို့အတွက် ယွဲ့လင်းက အခြွေအရံနှစ်ဦးကိုလည်း စေလွှတ်ပေးထားသည်။

ဒါတွေကိုကြည့်ခြင်းအားဖြင့် ဒီနေ့ည ချူးရွှမ်နန်းဆောင်သို့ ယွဲ့လင်းကြွမြန်းလာလိမ့်မည်ဟု လင်းချင်ချင် အလွန် ယုံကြည်နေပါသည်။

လင်းချင်းချင် ပြင်ဆင်ခြယ်သရင်း သူ့ နှလုံးသားထဲ ဝမ်းနည်းညှိုးငယ်မှု အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။ သူမ နှလုံးသားထဲမှာ အစ်ကိုဟွာသာရှိပါသည်။ သို့သော် ယခုအချိန်မှာ အစ်ကိုဟွာက အကူအညီလိုအပ်နေတာဖြစ် သည်။ အစ်ကိုဟွာ၏မဟာရည်မှန်းချက်အတွက် သူမကိုယ် သူမ စတေးဝံ့ပါသည်။

ဒီနေ့ည သူမနှင့်အစ်ကိုဟွာတို့ ထပ်တူရင်ကွဲကြရလိမ့် မည်။

လင်းချင်ချင် ရင်ထဲဖြေသိမ့်လိုက်ပြီးနောက် သူမဘေးက ဟွေ့ရှင်းကို လှည့်ကြည့်လိုက်ပါသည်။ ဟွေ့ရှင်းက အလွန်စိတ်မရှည်သည့် ပုံစံမျိုးဖြင့် မတ်တပ်ရပ်နေပါသည်။

လင်းချင်ချင် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ဟွေ့ရှင်း၊ ဒီရက်ပိုင်းထဲ ချူးရွှမ်နန်းဆောင် ဂုဏ်သိက္ခာတွေ ကျဆင်းခဲ့ရလို့ နင့်ရင်ထဲ ဒေါသတွေဖြစ်နေတာ ငါနားလည်ပါတယ်၊ ဒါပေမယ့် အဲ့တာတွေက ယာယီပဲ၊ ဒီနေ့ည ကုန်ဆုံးတာနဲ့ အရာရာ ပြန်အဆင်ပြေသွားလိမ့်မယ်”

ဟွေ့ရှင်း မျက်လုံးတွေထဲ လှောင်ပြောင်သရော်မှုအရိပ်အ ယောင်များ ပေါ်လွင်လာခဲ့သည်။

အရာရာ ပြန်အဆင်ပြေသွားမယ်ဟုတ်လား…

ဒီမိန်းမ အခုထိ စိတ်ကူးယဉ်ကောင်းတုန်းပဲ!

“နင့်ဒဏ်ရာတွေ သိပ်မသက်သာသေးမှန်း ငါသိပေမယ့် နင်ဆံထုံးထုံးပေးတာက အလှဆုံးပဲလေ၊ အဲ့ဒီ အခြွေအရံအသစ် နှစ်ယောက်ကိုလည်း ငါ မယုံရဲသေးဘူး၊ အဲ့တာကြောင့် ဒီနေ့ည အရှင်မင်းကြီး ကြွမြန်းလာတဲ့အခါကျရင် ငါ့ကို အလှဆုံးဖြစ်နေအောင် လာပြင်ဆင်ပေးပါ၊ နင်အကျိုးခံစားခွင့်တွေ အများကြီးရအောင် အရှင်မင်းကြီးကို ငါလျှောက်တင်ပေးပါ့မယ်”

လင်းချင်ချင် ပေါ့ပေါ့တန်တန် ပြောလိုက်သည်။

ယခင်တစ်ခေါက်တုန်းက သူမကြောင့် ဟွေ့ရှင်း ကြိမ်ဒဏ်ခံခဲ့ရတာဖြစ်သည်။ တစ်လတောင် မကြာသေးသဖြင့် ဒဏ်ရာတွေကလည်း သိပ်မသက်သာသေးပါ။ တကယ်တော့ ဒီကာလအတွင်း ကျန်းကျီမြောင်၏လျှို့ဝှက်စောင့် ရှောက်မှုကြောင့်သာ မဟုတ်လျှင် သူမ အသက်ဆုံးရှုံးခဲ့တာကြာပါပြီ။

လင်းချင်ချင်၏ပေါ့ပေါ့တန်တန် ပုံစံကို ဟွေ့ရှင်းလှောင် ပြောင်သရော်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထိုစာတွေကို အရှင်မင်းကြီးလက်ထဲ အပ်လိုက်တာ သူ မမှားပေ။

သက်ရှိမှန်သမျှ ရှင်သန်လိုစိတ်ရှိကြသည်။ သူမ ဒဏ်ရာ အပြင်းအထန်ရရှိပြီး မလှုပ်မရှားနိုင်ဖြစ်နေခဲ့စဉ်တုန်းက လင်းချင်ချင်သာ ကရုဏာသက်သည့် စကားတစ်ခွန်းလောက်ပြောခဲ့ပါက ဟွေ့ရှင်း သစ္စာဖောက်ခဲ့မည်မဟုတ်ပါ။ မင်းသားအန်းဟယ်ကိုလည်း သူ သစ္စာဖောက်မိမည် မဟုတ်ပေ။

သို့သော် သူ့အသက်ကို လင်းချင်ချင် တန်ဖိုးမထားခဲ့ချေ။

အရာရှိအမတ်တစ်ဦး၏စံအိမ်ထံ ပို့ဆောင်ခံထားရသည့် သူ့ညီမလေး ရုတ်တရက် ပျောက်ဆုံးသွားသည်ဟု ထို့နေက သူမကို တစ်စုံတစ်ယောက် လျှို့ဝှက်သတင်းပါးလာခဲ့သည်။ ထိုသတင်းနဲ့အတူ လိပ်စာတစ်ခုလည်း ပါဝင်နေ သည်။ ထိုလိပ်စာကို မြင်ပြီး ဟွေ့ရှင်းချက်ချင်းနားလည်သွားခဲ့သည်။ ခါးသီးမှုပင်လယ်ထဲက သူ့ညီမလေးလွတ် မြောက်သွားခဲ့တာသာ ဖြစ်ပါလိမ့်မည်။

ထို့နောက် ဟွေ့ရှင်း ဆုံးဖြတ်ချက်တွေ ပိုခိုင်မာ ပြတ်သားသွားခဲ့သည်။ ယွဲ့ဟွာနှင့် လင်းချင်ချင်တို့ကို သစ္စာဖောက်ကာအကြံအစည်အောင်မြင်ပါက သူ လွတ်လပ်ခွင့်ရပြီး ညီမဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံခွင့်ရမည်ဟူသော ကတိတစ်ခုကို ရရှိခဲ့ပါသည်။

စိတ်ကူးယဉ်နေဆဲဖြစ်သည့် လင်းချင်ချင်ကို ကြည့်ကာ ဟွေ့ရှင်း လှောင်ပြုံးပြုံးလိုက်သည်။

အရှင်မင်းကြီးကို စောင့်နေတာလား…

အရှင်မင်းကြီး ဘယ်တော့မှ ကြွလာမှာ မဟုတ်ဘူး!

“ဟွေ့ရှင်း ဒီကို မြန်မြန်လာခဲ့စမ်း!”

လင်းချင်ချင် မျက်မှောင်ကြုတ်သွားပြီး လေသံကလည်း အနည်းငယ် မာကျောလာခဲ့သည်။ သူမထံမှာ အချိန်အကြာကြီး အမှုထမ်းခဲ့တာကြောင့်သာ ဟွေ့ရှင်းကို အခွင့်အ ရေးပေးနေခြင်း ဖြစ်သည်။

မဟုတ်ပါက ဟွေ့ရှင်း၏ပျင်းရိပျင်းတွဲပုံစံကိုကြည့်ပြီး အရှင်မင်းကြီးနဲ့ တိုင်ကြားကာ အလုပ်ကြမ်းဌာနသို့ ပို့ဆောင်ပေးလိုက်လို့ရသည်။

“ရံရွေတော်လင်း”

ဟွေ့ရှင်း မျက်ခုံးပင့်ကာ ဟန်ဆောင်အပြုံးဖြင့် ပြောလိုက်သည်။

“စိတ်ချပါ၊ ရံရွေတော်လင်းကို သေသေချာချာ ပြင်ဆင်ပေးမယ့်လူတွေ ရောက်လာပါလိမ့်မယ်”

လင်းချင်ချင် မျက်မှောင် အလွန်ကြုတ်သွားခဲ့ပြီး စားပွဲကို လက်ဖြင့် ထုရိုက်လိုက်သည်။

“ဟွေ့ရှင်း! နင်က အစ်ကိုဟွာ စေလွှတ်ပေးထားတဲ့လူဖြစ်နေတာနဲ့ပဲ ငါဘာမှ မလုပ်ရဲတော့ဘူးလို့ ထင်နေတာလား! ခုတလော နင်အလုပ်မလုပ်ဘဲ ရေသာခိုနေခဲ့တယ်၊ ဒါပေမယ့် နင့်ဒဏ်ရာတွေကြောင့် ဖြစ်မှာပါဆိုပြီး ငါလျစ်လျူရှုပေးခဲ့တယ်၊ အခု ဒဏ်ရာတွေသက်သာလာတော့လည်း အချိုးက မပြောင်းသေးဘူး၊ ငါက သံယောဇဉ်ကြီးပြီး ကြင်နာတတ်တဲ့လူမို့လို့ နင့်ကို ဘာမှမလုပ်လောက်ဘူးလို့ ထင်နေတာလား!”

ဟွေ့ရှင်း ရယ်မောလိုက်သည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ရံရွေတော်လင်းက ကြင်နာတတ်ပြီး သံယောဇဉ်လည်း ကြီးမားပါပေတယ်”

သူ့အသံက အရွဲ့တိုက်သည့်လေသံမျိုးဖြစ်သည်။ လင်းချင်ချင် ဒေါသကို ချုပ်တည်းလျက် ထပ်သတိပေးလိုက်သည်။

“အခုချက်ချင်း ငါ့ကိုကောင်းကောင်းပြုစုစမ်း၊ အဲ့တာဆို နင့်အပြစ်တွေကို ငါခွင့်လွှတ်ပေးလိုက်မယ်၊ မဟုတ်ရင်တော့ ဒီချူးရွှယ်နန်းဆောင်မှာ နင့်အတွက် နေရာရှိမှာ မဟုတ်တော့ဘူး!”

ဟွေ့ရှင်း ခံစားချက်မဲ့စွာ ပြုံးလိုက်သည်။

“ဒါဆို ရံရွေတော်လင်းရဲ့စေတနာ မေတ္တာတရားတွေအတွက် ဒီအခြွေအရံ ကျေးဇူးတင်စကားပြောခဲ့ရတော့မှာပေါ့”

လင်းချင်ချင် မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။

“ရတယ်လေ! ပြီးတာပဲ! နင်က တစ်လက်မလောက်ပေးတာကို တစ်ပေလောက် လိုချင်နေတဲ့လူမျိုးပဲ! အရှင်မင်းကြီးကို ငါ တိုင်ကြားပြီးရင် နင်သွားလို့ ရပြီ! ရှေ့လျှောက် ငါဘယ်လိုအမြင့်မျိုးကို ရောက်နေပါစေ၊ အဲ့ဒီ စည်းစိမ်တွေ ဂုဏ်သိက္ခာတွေက နင်နဲ့ ဘာမှ မဆိုင်တော့ဘူးနော်”

ဟွေ့ရှင်း သရော်ပြုံးပြုံးနေဆဲဖြစ်သည်။

စည်းစိမ်တွေ ဂုဏ်သိက္ခာတွေ ဟုတ်လား…

အခုထိအမြင့်ကို တက်ချက်နေတုန်းပဲလား…

ဒီရံရွေတော်လင်းကတော့ တကယ်လူပြက်လုပ်ဖို့ ကောင်းတယ်။

ဟွေ့ရှင်းကြောင့် လင်းချင်ချင် ဒေါသပေါက်ကွဲနေချိန် အခြွေအရံတစ်ဦးဝင်လာပြီး အစီရင်ခံလိုက်ပါသည်။

“မကြာခင် မိန်းမစိုးကြီးလီ ရောက်ရှိလာပါတော့မယ် ရံရွေ တော်လင်း၊ အမိန့်တော် နာခံဖို့ အသင့်ပြင်ဆင်ထားပါ”

လင်းချင်ချင် ဒေါသများ ပျော်ရွှင်မှုအဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ဟွေ့ရှင်းထံ အောင်ပွဲခံသည့် အကြည့်မျိုးဖြင့် ကြည့်ကာပြောလိုက်သည်။

“ကြားလား ဟွေ့ရှင်း၊ မိန်းမစိုးကြီးလီက အမိန့်တော်လာချမှတ်တော့မယ်! ရှေ့လျှောက် အနောက်နန်းဆောင်တွေထဲမှာ ချူးရွှယ်နန်းဆောင်က ဂုဏ်သရေအရှိဆုံး ဖြစ်သွားတော့မှာ! နင်ဘယ်လို အခွင့်အရေးမျိုးကို လက်လွှတ်လိုက်ရသလဲဆိုတာ နားလည်ရဲ့လား”

ဟွေ့ရှင်း မျက်ခုံးပင့်သွားသည်။

“ဒါဆို ရံရွေတော်လင်းကို ကြိုပြီး ဂုဏ်ပြုခဲ့ပါရစေ”

ထိုသို့ပြောပြီးနောက် လင်းချင်ချင်ကို လျစ်လျူရှုလိုက်ပြီး နန်းဆောင်ထဲမှ ဟွေ့ရှင်း မတွန့်မဆုတ် ထွက်လာခဲ့တော့ သည်။

ဟွေ့ရှင်း၏ကျောပြင်ကိုကြည့်ရင်း လင်းချင်ချင် ဒေါသဖြင့် အံကြိတ်လိုက်မိသည်။ သူ့ကိုယ် သူသာ အပြစ်တင်သင့်သည်။ သူမက စေတနာကောင်းလွန်းသဖြင့် ဒီမိန်းက လေး ရောင့်တက်နေတာဖြစ်သည်။

သို့သော် အခုတော့ ဒီမိန်းကလေးကို အသုံးချလို့မရတော့ပါ။ ရှေ့လျှောက် ဟွေ့ရှင်း ဘယ်လောက်ပဲ တောင်းပန်လာပါစေ သူ စိတ်ပျော့သွားမည်မဟုတ်ပေ။ အရှင်မင်းကြီးနှင့် တွေ့ဆုံပြီးနောက် ဟွေ့ရှင်းကို အလုပ်ကြမ်းဌာနသို့ ရအောင် ပို့ဆောင်လိုက်မည်သာ။

ဟွေ့ရှင်း၏ကြမ္မာဆိုးသော ဇာတ်သိမ်းကို မြင်ယောင်ကြည့်လိုက်မှ လင်းချင်ချင် စိတ်ထဲပြန်လည် အေးချမ်းသွားခဲ့သည်။ ထို့နောက် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်ပြီး နန်းဆောင်အပြင်မှာ ထွက်စောင့်နေလိုက်တော့ သည်။

သိပ်မကြာလိုက်ဘဲ လီသဲ့ဟွိုက်နှင့် မိန်းမစိုးအချို့ရောက်ရှိလာခဲ့ပါသည်။

“ရံရွေတော်လင်း အမိန့်တော်နာခံစေ”

လင်းချင်ချင် ပျော်ရွှင်မှုဖြင့် ဒူးထောက်ချလိုက်သည်။

“အရှင်မင်းကြီးရဲ့ အမိန့်တော်! ရံရွေတော်လင်းနဲ့ မင်းသားအန်းဟယ်တို့က တစ်ဦးအပေါ်တစ်ဦး မေတ္တာမျှနေကြပြီး နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီသူတွေဖြစ်ကြတယ်၊ ဒါ့ကြောင့် ရံရွေတော်လင်းကို အနောက်နန်းဆောင်မှ ထွက်ခွာခွင့်ပြုလိုက်ပြီး မင်းသားအန်းဟယ်ရဲ့စံအိမ်မှာ အရံကြင်ယာတော်အဖြစ် နေထိုင်ခွင့်ပြုလိုက်တယ်! အချိန်နှောင့် နှေးလို့ မဖြစ်တဲ့အတွက် ရံရွေတော်လင်း ယခုချက်ချင်း နန်းတော်ထဲမှ ထွက်ခွာစေ!”

အမိန့်တော်ကို နားထောင်ရင်းနဲ့ လင်းချင်ချင်တစ်ကိုယ်လုံး တောင့်တင်းသွားပြီး လီသဲ့ဟွိုက်အားမယုံနိုင်စွာမော့ကြည့်လိုက်သည်။

ဒါ… ဒါဘာသဘောလဲ…

သူ့ကို ယွဲ့လင်း အရေးပေးမလို့ မဟုတ်ဘူးလား…

အနောက်နန်းဆောင်ကနေ ထွက်ခွာပြီး ယွဲ့ဟွာဘေးမှာ အရံကြင်ယာတော်အဖြစ် နေထိုင်ခွင့်ပြုလိုက်ပြီတဲ့လား…!

ယခင်တုန်းက လင်းချင်ချင်၏စိတ်ကူးယဉ် ရည်မှန်းချက်ကလည်း ဒါပဲ ဖြစ်သည်။ သို့သော် အမိန့်တော်ကို ရုတ် တရက် ကြားလိုက်ရသောအခါ သူ့ ရင်ထဲစူးရှနာကျင်သွားခဲ့သည်။

ယွဲ့လင်း… သူ ငါ့ကို အရမ်းမြတ်နိုးတာပဲ…

အစ်ကိုဟွာကို သူ မစွန့်လွှတ်နိုင်မှန်း ယွဲ့လင်း နားလည်သွားတာဖြစ်မည်။ ထို့ကြောင့် ဧကရာဇ်မင်းဟူသည့် ဂုဏ် သိက္ခာကိုပင်မငဲ့ဘဲ သူမရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ခြင်းဖြစ်ပါလိမ့်မည်။

နက်ရှိုင်းလိုက်တဲ့ မေတ္တာတရားပါလား…!

သူ ဘယ်လိုစိတ်မျိုးနဲ့ အမိန့်နာခံရပါ့မလဲ!

လင်းချင်ချင် မျက်ရည်များ ဝဲသွားခဲ့သည်။

“ယွဲ့လင်း ဘယ်မှာလဲ… သူနဲ့ တွေ့ချင်တယ်”

လီသဲ့ဟွိုက် မျက်မှောင်ကြုတ်သွားသည်။

“အရှင်မင်းကြီးရဲ့ အမည်နာမကို စိတ်ရှိတိုင်းသုံးနှုန်းလို့ရမလား! လင်းချင်ချင်ကို အရံကြင်ယာတော်တစ်ယောက်နဲ့ တူအောင် ဆင်မြန်းပေးပြီး မင်းသားအန်းဟယ်စံအိမ်ကို ချက်ချင်းပို့ဆောင်ပေးလိုက်ကြစမ်း!”

All Chapters