မင်းက သေခြင်းကို တောင်းဆိုနေတာပဲ..."
Vol. 8 Ch. 71
လင်ချန်သည် ကျုံးကျဲ၏ လှောင်ပြောင်မှုကြောင့် ဒေါသအကြီးအကျယ် ထွက်သွားလေသည်။
ဒေါသအရှိန်ဖြင့် လင်ချန်၏ အရှိန်အဝါသည် တစ်ဟုန်ထိုး မြင့်တက်လာပြီး ရုတ်ရက်ပင် ကျုံးကျဲနှင့် ပေပေါင်းများစွာ အကွာသို့ ဆုတ်ခွာသွားလိုက်၏။
သူ၏ ဝှက်ဖဲဖြစ်သော သိုင်းကွက်တစ်ခုခုကို ထုတ်သုံးရန် ပြင်ဆင်နေပုံရသည်။ ဤမျှ အကွာအဝေးသည် သူတော်စင်အဆင့် ကျွမ်းကျင်သူများအတွက်မူ မျက်နှာချင်းဆိုင် ရပ်နေသည်နှင့် မခြားပေ။
"ယမမင်း ကောင်းကင်ဘုရင်အသွင်ပြောင်းလဲခြင်း... သေခြင်း၏ကောင်းကင်ဘုရင် သံချပ်ကာ..."
သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ယမမင်းအမှတ်အသားများသည် လင်းလက်လာကာ နက်မှောင်သည့် နတ်ဘုရားအလင်းများဖြင့်တောက်ပနေသည့် သံချပ်ကာအသွင်ပြောင်းသွား၏။
ထိုနတ်ဘုရားသံချပ်ကာမှရှေးဆန်ပြီး ဖျက်ဆီး မရနိုင်သည့်အရှိန်အဝါများထွက်ပေါ်နေကာ မျက်နှာပြင်ပေါ်တွင်လည်း များပြားလှသော ကျိန်စာသင်္ကေတများအပြည့်ပင်။
ဤချပ်ဝတ်သည် ရှေးဟောင်းယမမင်း၏ ကောင်းကင်နှင့်မြေကြီး သံချပ်ကာအသွင်ပြောင်းလဲခြင်း လျှို့ဝှက်နည်းစနစ် ၈ ခုထဲမှ တစ်ခုဖြစ်သည့် သေခြင်း၏ကောင်းကင်ဘုရင် သံချပ်ကာဖြစ်လေသည်။
အနူးဘစ်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ သက်ရှိကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုဟု ခေါ်ဆိုထိုက်သည်။
သူ၏ လက်ထဲတွင် အချိန်ကြာမြင့်စွာကတည်းက ပျောက်ဆုံးနေသော ရှေးဟောင်းလျှို့ဝှက်နည်းစနစ်များစွာကို ပိုင်ဆိုင်ထား၏။
လင်ချန်သည် ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ကာလက်နှစ်ဖက်ကို ဖြန့်ကားပြီး လေထဲမှနေ၍ ဆွဲယူလိုက်၏။
"ဝေါ..."
အနက်ရောင်အလင်းများ လင်းလက်နေသော ဖာရိုဘုရင်၏ ကိုယ်ရံတော်တပ်ဖွဲ့ ၅ ဦးသည် ဖယောင်းကဲ့သို့ အရည်ပျော်ကျသွားပြီး အနက်ရောင်ပျစ်ချွဲချွဲ အရည်လုံး ၅ လုံးအဖြစ် ပြောင်းလဲသွားကာ လင်ချန်ကိုဝန်းရံလျက် အရှိန်ပြင်းစွာ လည်ပတ်လာသည်။
သို့နှင့်တဖြည်းဖြည်း ပို၍ မြန်ဆန်လာပြီး နောက်ဆုံးတွင် ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်ပေးသည့် အနက်ရောင် လေဆင်နှာမောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက် မိုင်ပေါင်းတစ်သိန်းပတ်လည်အတွင်းရှိ သေခြင်းတာအိုနိယာမ၏ စွမ်းအင်အခွဲများဖြစ်သည့် ယမမင်းစွမ်းအား၊ သေခြင်းစွမ်းအား၊ သံသရာစွမ်းအား များ အားလုံးကို အရူးအမူးစုပ်ယူလေသည်။
ဤမြင်ကွင်းကိုမြင်သော်လည်း ကျုံးကျဲသည် လုံးဝ ထိတ်လန့်ခြင်း မရှိပေ။
လက်တစ်ဖက်ဖြင့် စစ်ဘုရင်လှံရှည်ကိုမြဲမြံစွာဆုပ်ကိုင်ထားပြီး တည်ငြိမ်သော မျက်နှာထားဖြင့် စိုက်ကြည့်နေလိုက်သည်။
ယခုအချိန်၌ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားများ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူကိုယ်တိုင်သာ အသိဆုံးပင်။ ဤသည်ကား စစ်ဘုရင်၏ ပြိုင်ဘက်ကင်းသော ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပင် ဖြစ်သည်။ သူသည် လင်ချန်၏ အစွမ်းကုန်ထုတ်သုံးသည့် တိုက်ကွက်ကိုမှ အပြည့်အဝချေမှုန်းအနိုင်ယူချင်လေ၏။
ကောင်းကင်တာအိုကို လျှောက်လမ်းရာလမ်းတွင် ဖြတ်လမ်းဟူ၍ မရှိပေ။ မိမိရှိသမျှဖြင့် အစွမ်းကုန်တိုက်ခိုက်ရမည်သာ ဖြစ်သည်။
သို့နှင့်ကျုံးကျဲသည် လှုပ်ရှားမှု မပြုလုပ်သေးဘဲ သူ၏ သူတော်စင်အဆင့် သတ်ဖြတ်ခြင်းစွမ်းအားများကို တိတ်တဆိတ် စုစည်းနေလိုက်သည်။
မလှမ်းမကမ်းရှိ လေဆင်နှာမောင်းကြီးသည်မိုင်ပေါင်းတစ်သိန်းပတ်လည်အတွင်းရှိ သေခြင်းတရားတာအိုနိယာမ စွမ်းအားအားလုံးကိုအကုန်အစင် စုပ်ယူပြီးဖြစ်သည်။
ထိုလေဆင်နှာမောင်းကြီး၏သက်ရောက်အားကြောင့် မရေမတွက်နိုင်သော မသေမျိုးအရိုးစုများသည် မြေကြီးထဲမှတူးထွက်ကာသေရာမှ ပြန်လည်ရှင်သန်လာကြ သည်။
ဧကရာဇ်မြို့တော်အတွင်းရှိ တော်ဝင်သင်္ချိုင်းဂူများပင်လျှင် ထိုသေခြင်းစွမ်းအင်များ၏ဂယက်ရိုက်ခတ်မှု ကြောင့် ဝိညာဉ်ချုပ်ငြိမ်းနေသည်မှာ ကြာမြင့်ပြီဖြစ်သော ဧကရာဇ်အလောင်းကောင်များသည်လည်း လှုပ်ရှားတုန့်ပြန်လာလေသည်။
ဂူသွင်းမြှုပ်နှံထားသော တော်ဝင်သင်္ချိုင်းမှ ဧကရာဇ်များသည် အနိမ့်ဆုံးပင်လျှင် နိယာမနယ်ပယ် အဆင့် ၂၆ ရှိ အနာဂတ်ကို တွက်ချက်နိုင်စွမ်းရှိတဲ့ ကျွမ်းကျင်သူများ၏ရုပ်အလောင်းဖြစ်ရာ သူတို့၏ ရုပ်ခန္ဓာများမှာ အလွန် ကြံ့ခိုင်သန်မာလှသည်။
ထိုကျွမ်းကျင်သူ ရုပ်အလောင်းများသာ ပြန်လည်ရှင်သန်လာပါက မြင်မြင်သမျှ သက်ရှိတိုင်းကို သတ်ဖြတ်ကြမည်ဖြစ်ပြီး ဧကရာဇ်မြို့တော်တစ်ခုလုံး လုံးဝဗြောင်းဆန်ကုန်မည်ဖြစ်ပြီး အင်မော်တယ်မင်းဆက်အတွက် အလွန် အရှက်ရစရာ ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
ဧကရာဇ်နန်တျန်တစ်ယောက် သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တစ်ခုလုံးတွင် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရသူသော်လည်း ယခုအခါအလွန်အကူအညီမဲ့နေလေသည်။
ဤကဲ့သို့သော ခံစားချက်မျိုးသည် သူ အိမ်ရှေ့မင်းသားဖြစ်စဉ် အချိန်ကသာ ခံစားခဲ့ဖူးခြင်း ဖြစ်သည်။
'အနောက်ဘက်နယ်စပ်မှာ ပြင်ပရန်သူတွေရဲ့ ဝန်းရံခံနေရပြီး... ဧကရာဇ်မြို့တော်မှာလည်း ပုန်ကန်မှုတွေ ရှိနေတယ်...'
"ဘိုးဘေးတို့ကို... သားတော်နန်တျန်က အရှက်ရမိစေတယ်..."
သူသည် ဧကရာဇ်မြို့တော်၏ အတွင်းပိုင်းရှိရာသို့ လှည့်ကာ ရိုသေစွာ ဦးညွှတ်ရင်းဆိုလိုက်သည်။
"နန်တျန်... မင်း အကောင်းဆုံး ကြိုးစားခဲ့ပါတယ်... ကောင်းကင်နှင့်မြေပြင်ရဲ့ ကံတရားက ပြောင်းလဲသွားခဲ့ပြီ... မကြာခင်မှာ ပါရမီရှင် ကျွမ်းကျင်သူ တွေအများကြီး ပေါ်ထွက်လာလိမ့်မယ်..... အဲ့ကံတရားတွေနဲ့ မချည်နှောင်ခံရစေနဲ့...."
အလွန်ရှေးကျသော အသံတစ်သံသည် သူ၏ နားထဲတွင် ပဲ့တင်ထပ်သွားကာ ယင်နှင့်ယန် သင်္ကေတပုံ ထင်ဟပ်နေသည့် ကြေးမုံတစ်ချပ်၏ ပုံရိပ်သည် ဧကရာဇ်မြို့တော်၏ ကောင်းကင်ထက်တွင် တစ်ချက်လက်ကာ ဖြတ်သန်းသွားသည်။
ကြေးမုံပြင် ဖြတ်သန်းသွားပြီးနောက် တော်ဝင်သင်္ချိုင်းဂူများအတွင်းမှ လှုပ်ရှားမှုများ ချက်ချင်း ငြိမ်သက်သွားပြီး ဧကရာဇ်မြို့တော်တစ်ခုလုံးနှင့် နန်းတော်တည်ဆောက်ထားရာအောက်ဘက်ရှိ နဂါးသွေးကြောတို့သည် နန်တျန်အင်မော်တယ်မင်းဆက် နယ်မြေအတွင်းရှိ မိုင်တစ်သန်းအကွာ အခြားနေရာတစ်ခုသို့ တမဟုတ်ချင်း ပြောင်းရွှေ့သွားတော့သည်။
နန်တျန်အင်မော်တယ်မင်းဆက်တွင်ရှိသည့် တံခါးပိတ်ကျင့်ကြံနေသော ဘိုးဘေးကျင့်ကြံသူတို့နောက်ဆုံး လှုပ်ရှားလာလေသည်။
မိမိတို့ဘေးမှ ဧကရာဇ်မြို့တော် ရုတ်တရက် ပျောက်ကွယ်သွားရာကျုံးကျဲနှင့် လင်ချန်တို့၏ အာရုံကို ချက်ချင်း ဖမ်းစားသွားလေသည်။
'နန်တျန်မင်းဆက်မှာ ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ပေးနိုင်တဲ့ ဖန်ဆင်းရှင်အဆင့် ရတနာတစ်ခုခု ရှိရမယ်...'
သို့မဟုတ်ပါက သူတို့လိုသူတော်စင်အဆင့် ကျွမ်းကျင်သူနှစ်ဦး၏ မျက်စိအောက်မှ ရုတ်တရက် ပျောက်ကွယ်သွားရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
မြို့တော်ကြီးတစ်ခုလုံးကို သယ်ဆောင်ပြီး ထွက်ပြေးသွားသည်မှာ တကယ့်ကို အံ့ချီးဖွယ်ရာပင်။
သို့သော် ကောင်းသောအချက်မှာ သူတို့နှစ်ဦး တိုက်ခိုက်ရန်အတွက် နေရာကျယ်ကျယ်လွတ်လွတ်ရသွား၏။
--------------
မသေမျိုးတစ်သန်းတောင်တန်း၊ ချင်ထျန်းတောင်ထွတ်တွင် ကျုံးရှန်သည် တောင်ခါးပန်းရှိ ဖန်ဆင်းရှင်သန္ဓေသားကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေ၏။
သူ၏ စိတ်အာရုံထဲတွင် ပုံရိပ်ထောင်ပေါင်းများစွာ ပေါ်လာ၏။ ကျုံးရှန်သည် သူ၏ စိတ်အာရုံကို သန်းပေါင်းများစွာ ခွဲထွက်စေကာ လျင်မြန်စွာ ပြောင်းလဲနေသည့် ကောင်းကင်တာအို၏ကံတရားစီးဆင်းမှုထဲသို့အာရုံစိုက်လိုက်ရာ ထိုကံတရားစီးကြောင်းအလယ်ဗဟိုသည် ကျုံးကျဲရှိရာ အရပ်ဖြစ်နေ၏။
နန်တျန်ဧကရာဇ်မြို့တော် ပျောက်ကွယ်သွားသည့်အခိုက် သူ၏ မျက်လုံးများထဲမှ စူးရှသော အလင်းတန်းတစ်ချက် ထွက်ပေါ်လာသည်။
'ကောင်းတယ်... ဒုတိယမြောက် ယင်ယန် ကမ္ဘာ့ကြေးမုံက စတင်လှုပ်ရှားလာပြီပဲ...'
'မကြာခင်မှာ.. ကြေးမုံရဲ့ လျှို့ဝှက်တာအိုအမွေအနှစ် ပေါ်ထွက်လာတော့မယ်ဆိုတဲ့ နိမိတ်တစ်ခုပဲ...'
ကျုံးရှန်သည် ဈာန်ဝင်စားသည့်အခြေအနေမှထွက်လိုက်ကာ မတ်တပ်ထရပ်လိုက်သည်။ ထို့နောက်ကျောက်တုံးဘေးတွင် အမြစ်တွယ်နေသော ထင်းရှူးပင်အိုကြီးဆီသို့ လက်လှမ်းလိုက်ပြီး လက်ဖဝါးအရွယ်အစားခန့် သစ်ခေါက်တစ်ခေါက်ကို ခွာယူလိုက်သည်။
ထို့နောက်သစ်ခေါက်ပေါ်တွင် သူ၏ လက်ချောင်းများသည် နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားကာ တစ်စုံတစ်ခုကိုရေးသားလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းကာ ထိုသစ်ခေါက်ကို လေထဲသို့ ပစ်လွှတ်လိုက်၏။
"သွား... ပစ္စည်းကို ပြန်ယူခဲ့..."
စကားဆုံးသည်နှင့် သစ်ခေါက်သည် ဝိညာဉ်အလင်းတန်းများ လင်းလက်သွားပြီး ဟင်းလင်းပြင်ကို ထိုးခွင်း ပျောက်ကွယ်သွားတော့သည်။ ထိုအရာများ လုပ်ဆောင်ပြီးနောက် ကျုံးရှန်သည် တည်ငြိမ်သော မျက်နှာထားဖြင့် ဖန်ဆင်းရှင်သန္ဓေသားကျောက်တုံးပေါ်တွင် ပြန်လည် ထိုင်လိုက်သည်။
သူ၏ မျက်လုံးများသည် ခေါင်းပေါ်ရှိ ကောင်းကင်ယံသို့ လှမ်းမျှော်ကြည့်ရင်း တစ်ခုခုကို တွေးတောနေပုံရသည်။
--------------
အနောက်ဘက်နယ်စပ်။
လူသားမျိုးနွယ် အင်အားစုအားလုံးသည် နယ်စပ်ဒေသတစ်လျှောက်တွင် မိမိတို့ သက်ဆိုင်ရာ နယ်စပ်မြို့များကို တည်ဆောက်ထားကြရာ တောင်ဘက်ကောင်းကင်အင်မော်တယ်မင်းဆက်အတွက် တောင်ဘက်ကောင်းကင်မြို့၊ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေအတွက် ထျန်းမြို့၊ ဟွမ်ရှားကုန်သည်အဖွဲ့အတွက် ဟွမ်ရှားမြို့စသည်ဖြင့်နယ်စပ်ဒေသတစ်လျှောက် အရွယ်အစား အမျိုးမျိုးရှိသော နယ်စပ်မြို့ပေါင်း ရာချီရှိ၏။
ဤအရာအားလုံးသည် ဟွမ်ရှားကပ်ဘေးကို ကာကွယ်ရန်အတွက်ပင် ဖြစ်သည်။ ယခုအခါ နန်ယန်စီရင်စု၏ နယ်စပ်ဒေသအားလုံးတွင် စစ်မီးများ တောက်လောင်ကာ နှစ်ပေါင်းတစ်ထောင်လျှင် တစ်ကြိမ်ဖြစ်လေ့ရှိသည့် ဟွမ်ရှားလူမျိုးစုများ၏ ကျူးကျော်တိုက်ခိုက်မှုများစတင်လာ၏။
ဟွမ်ရှားစစ်တပ်သည် နယ်စပ်ကို တိုက်ခိုက်ပြီး အတွင်းပိုင်းဒေသများသို့ ထိုးဖောက်ဝင်ရောက်လာကာ လမ်းတစ်လျှောက်ရှိ မြင်မြင်သမျှကို မီးရှို့၊ သတ်ဖြတ်၊ လုယက်ကြ၏။ သူတို့သည် လူစိတ်ကင်းမဲ့ပြီး သားရဲတိရစ္ဆာန်များကဲ့သို့ပင်။ ဟွမ်ရှားစစ်တပ် ဖြတ်သန်းသွားသော နေရာမှန်သမျှ မြက်ပင်တစ်ပင်မျှပင် မကျန်ခဲ့ချေ။ ဂိုဏ်းငယ်လေးများ ဖြစ်စေ၊ အင်မော်တယ်မင်းဆက် မြို့ကြီးများ ဖြစ်စေ အားလုံးမီးရှို့ဖျက်စီးခံရသည်။
အဆိုးရွားဆုံး အကြိမ်ကဆိုလျှင် ဟွမ်ရှားလူမျိုးစုများသည် စီရင်စုနယ်မြေ၏ အလယ်ဗဟိုအထိ ထိုးဖောက်ဝင်လာသဖြင့် ဂိုဏ်းအသီးသီးရှိ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တံခါးပိတ်ကျင့်ကြံနေသော ရှေးဟောင်းကျွမ်းကျင်သူများပါမကျန် ဝင်ရောက်တိုက် တိုက်ခိုက်ကာ အဆုံးမဲ့သဲကန္တာရထဲသို့ ပြန်လည် မောင်းထုတ်နိုင်ခဲ့ကြသည်။
သို့သော် ထိုအဆိုးရွားဆုံး အကြိမ်သည်ပင် ယခုအကြိမ်နှင့် ယှဉ်ပါက အပုံကြီးသာနေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအကြိမ်ဟွမ်ရှားလူမျိုးတို့၏ ကျူးကျော်မှုသည် အနောက်ဘက်နယ်စပ် မိုင်ပေါင်းသန်းချီ တစ်လျှောက်ရှိ နယ်စပ်မြို့တိုင်းကို ပင်လယ်ဒီရေအလား များပြားသည့်ဟွမ်ရှားစစ်သည်များဖြင့်ဝန်းရံတိုက်ခိုက်နေခြင်းကြောင့်ပင်။
နယ်စပ်မြို့ထဲမှ၄ ပုံ ၁ ပုံခန့်သည် သဲကန္တာရနတ်ဘုရား၏ တိုတမ်အလံများကို တိတ်တဆိတ် လွှင့်ထူထားခဲ့ပြီဖြစ်ကာ ကျန်သော နယ်စပ်မြို့အများစုမှာမူ မီးတောက်များဖြင့် တောက်လောင်နေခဲ့ပြီး သနားစဖွယ် အော်ဟစ်သံများ၊ တိုက်ခိုက်သံများဖြင့် နားကွဲမတတ် ဆူညံနေ၏။
အင်အားကြီးမားသော ဂိုဏ်းအဖွဲ့အစည်းအနည်းငယ်၏ နယ်စပ်မြို့များသာ မြို့စောင့်အစီအရင်များကို ဖွင့်ကာ ဝိုင်းရံထားမှုကို အားတင်းပြီး ခုခံတိုက်ခိုက်နေကြရသည်။