အခန်း (၇၂)
Vol. 8 Ch. 72
ရှေးဟောင်းခေတ် ကုန်ဆုံးပြီးနောက်ပိုင်း ရှေးဟောင်းဧကရာဇ်များသည် လူသားနယ်မြေများကို စုစည်းခဲ့ကာလူသားမျိုးနွယ်သည် သက်ရှိအားလုံး၏ ခေါင်းဆောင်ဖြစ်လာခဲ့၏။ သို့ဖြစ်၍ လူသားမဟုတ်သော အခြားမျိုးနွယ်စုများသည် သူတို့၏ သက်ဆိုင်ရာ နယ်မြေများသို့ ဆုတ်ခွာရင်း နောက်တစ်ချိန်ပြန်လည်ထွက်ပေါ်လာရန် စောင့်ဆိုင်းနေကြသည်။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် သူတော်စင်နိုင်ငံများနှင့် ကမ္ဘာငယ်များ၏ အခြေခံအုတ်မြစ် တည်ရှိရာနေရာဖြစ်ပြီးအလွန်ကျယ်ပြောလှရာ ရှေးဟောင်းဧကရာဇ်များက နယ်မြေအများအပြားကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ သော်လည်း လူသားမဟုတ်သော အခြားမျိုးနွယ်စုများ နေထိုင်ရာ နယ်မြေများစွာ ကျန်ရှိနေသေး၏။
ထိုနေရာများတွင်လူသားမျိုးနွယ်အပြင် အမျိုးမျိုးသော နတ်ဘုရားယဉ်ကျေးမှုများရှိသည့် ထူးဆန်းအံ့သြဖွယ်ကောင်းသော မျိုးနွယ်စုများနှင့် သက်ရှိများ မရေမတွက်နိုင် အောင်ရှိနေသည်။
ထို့ကြောင့်လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏အထွတ်အထိပ်ကာလများတွင် နတ်ဘုရားသောင်းချီ အတူယှဉ်တွဲနေထိုင်သော ခေတ်ကာလများပင် ရှိခဲ့ဖူးသည်။ ဟွမ်ရှားလူမျိုးစုများ နေထိုင်ရာ အရပ်ဒေသမှာ အဆုံးမဲ့သဲကန္တာရဖြစ်ပြီး နန်ယန်စီရင်စုနယ်မြေကဲ့သို့ နယ်မြေ ၅ ခု၊ ၆ ခုစာကျယ်ဝန်းသည်။
သို့သော်မြေဆီလွှာ ညံ့ဖျင်းပြီး ရာသီဥတု ဆိုးရွားလွန်းသဖြင့် သာမန်လူသားများ အခြေချနေထိုင်ရန် မဖြစ်နိုင်ရာ လူသားများအနေဖြင့် ထိုနေရာကို သွားရောက်တိုက်ခိုက်သိမ်းပိုက်ရန် စိတ်ဝင်စားမှု မရှိကြချေ။
သို့သော် ဟွမ်ရှားမျိုးနွယ်စုများကမူ ဆန့်ကျင်ဘက်ပင်ဖြစ်ကာ လူသားတို့၏နယ်မြေဖြစ်သည့် နန်ယန်စီရင်စုကို သိမ်းပိုက်ရယူချင်နေကြသည်။
--------------
ယခုတစ်ကြိမ်သည် ခေတ်ကာလပေါင်းများစွာအတွင်း ဟွမ်းရှားမျိုးနွယ်စု၏ အကြီးမားဆုံးသော ကျူးကျော်တိုက်ခိုက်မှုပင်ဖြစ်သည်။ လူသားမျိုးနွယ်များ ပိုင်ဆိုင်သော စီရင်စုနယ်မြေ ၄ ခုစလုံးကို အလုံးအရင်းဖြင့်တစ်ပြိုင်နက် တိုက်ခိုက်လာခြင်းပင်ဖြစ်၏။
ဟွမ်ရှားလူမျိုးစုများသည် ဒီရေလှိုင်းလုံးများကဲ့သို့ နယ်စပ်မြို့များကို တိုးဝင်တိုက်ခိုက်နေကြပြီး တစ်ချို့သည် ပျက်စီးသွား သောနယ်စပ်မြို့များမှတစ်ဆင့် နန်ယန်စီရင်စုနယ်မြေအတွင်းသို့ ကျူးကျော်လာကြ၏။
မျိုးနွယ်စုခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ ရှေးဟောင်းနတ်ဘုရားအမွေဆက်ခံသူများမှအစ သေမျိုးအဆင့် သိုင်းပညာရှင်များအဆုံး အရွယ်ရောက်ပြီး ဟွမ်ရှားလူမျိုးတိုင်း စစ်ပွဲထဲသို့ ပါဝင်လာကြ၏။
ကျန်ရစ်ခဲ့သူများသည် အိုမင်းမစွမ်းသော ယဇ်ပုရောဟိတ်အိုကြီးများနှင့် ဟွမ်ရှားကလေးငယ်များသာဖြစ်ကြသည်။
ယခုတစ်ကြိမ် တိုက်ပွဲသည် ဟွမ်ရှားမျိုးနွယ်စုတို့၏ ရှင်သန်ရေးအတွက်တိုက်ခိုက်မည့် နောက်ဆုတ်စရာလမ်းမရှိသော ရှင်သန်ရေး တိုက်ပွဲပင်ဖြစ်တော့သည်။
--------------
ထျန်းမြို့။
ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှ အနောက်ဘက်နယ်စပ်တွင် တည်ဆောက်ထားသော နယ်စပ်မြို့ဖြစ်ပြီး ယခုအချိန်တွင် သန်းပေါင်းများစွာသော ဟွမ်ရှားစစ်သည်များက မြို့တစ်မြို့လုံးကို ဝိုင်းရံထား၏။
မြို့ပြင်တွင် ချန်ယွမ်ရီမု နတ်ဘုရားအသွင်ပြောင်း မဟာအစီအရင်ဖြင့် နယ်စပ်မြို့တစ်ခုလုံးကို လွှမ်းခြုံထားကာ ထူထဲသော အစိမ်းရောင်အလင်းတန်းများသည် ထျန်းမြို့ကို မြဲမြံစွာ ကာကွယ်ပေးထားသည်။
အကာအကွယ်အတားအဆီး၏ မျက်နှာပြင်ပေါ်တွင် သက်ရှိစွမ်းအင်များ စီးဆင်းနေကာ
ဆန်းကြယ်သော ပုံဏ္ဌာန်များဖြစ်ပေါ်နေပြီး မြေပြင်မှမကုန်ခမ်းနိုင်သော စွမ်းအင်များဖြင့် ထောက်ပံ့ပေးထားသည်။
ထိုအချိန်တွင် ကျုံးချီထျန်းနှင့် ကျုံးချီမင် ညီအစ်ကိုနှစ်ဦးသည် ဖုန်မှုန့်များ ပေကျံလျက် မြို့ရိုးပေါ်၌ လေပေါ်ပျံဝဲနေ၏။ နှစ်ဦးစလုံး၏ ကိုယ်ပေါ်တွင် သွေးကွက်များနှင့် ဒဏ်ရာအများအပြား ရှိနေကာပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရကြောင်း သိသာလှသည်။
မြို့ရိုးအပြင်ဘက်တွင်မူ ဟွမ်ရှားလူမျိုးစုများ၏ အလောင်းများသည် တောင်လိုပုံနေကာမြို့ကို ဝန်းရံလျက် ကြောက်မက်ဖွယ်ကောင်းသည့် အလောင်းတောင်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။
နေရာအနှံ့တွင် ခြေပြတ်လက်ပြတ်များ၊ ကျိုးပဲ့နေသော လက်နက်များ ပြန့်ကျဲနေကာ အလွန် ရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းပင်ဖြစ်လေ၏။ သဲကန္တာရဘက်မှ တိုက်ခတ်လာသော လေသည်ပင်လျှင် ပြင်းထန်သော သွေးညှီနံ့များ ကပ်ပါလာ၏။
ကျုံးချီမင်သည် မောပန်းနွမ်းနယ်မှုကြောင့် အသက်ကို ပြင်းပြင်းရှူနေကာ သူ၏လက်နှစ်ဖက်လုံးတွင် ရန်သူများကိုမီး လောင်တိုက်သွင်းခဲ့သောပြာများဖြင့် ပေကျံနေသည်။
ကောင်းကင်သန့်စင်အရိုး နှင့် ပေါင်းစပ်ပြီးနောက် သူ၏ စွမ်းအားသည် အဆပေါင်းများစွာ တိုးတက်လာခဲ့ရာ ယန်ကိုးသွယ် ကောင်းကင်မီးတောက် နည်းစနစ်ကို အပြည့်အဝ ထုတ်သုံးနိုင်လာသည်။
ကျယ်ပြန့်သောဧရိယာကို ဖုံးလွှမ်းနိုင်သည့် ဤမီးအခြေပြုနည်းစနစ်သည် စစ်မြေပြင်တွင် အလွန် ကြီးစိုးချယ်လှယ်လွန်းလှ၏။
"အစ်ကိုကြီး... ဒီတစ်ခါ ဟွမ်ရှားတွေရဲ့ ကျူးကျော်မှုက သေချာပြင်ဆင်ပြီးမှ လာတာပဲ..."
"အနောက်ဘက်နယ်စပ်တစ်လျှောက်က မြို့ပေါင်းတစ်ရာမှာ ဆယ်မြို့မှာတစ်မြို့တောင် မကျန်တော့သလောက်အောင်ကိုပဲ ဟွမ်ရှားတွေဘက်ကိုပူးပေါင်းသွားကြတယ်..."
"ဒီလိုသာဆိုရင် ထျန်းမြို့ကို ထိန်းထားဖို့ မလွယ်တော့ဘူး..."
ကျုံးချီထျန်း၏ မျက်နှာထားသည် တင်းမာခက်ထန်နေပြီး ကျုံးချီမင်၏စကားများကိုနားထောင်နေသည်။ သူ၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့်တောက်လောင်နေကာ တစ်ကိုယ်လုံးတွင်လည်း ဟွမ်ရှားမျိုးနွယ်စုများ၏ သွေးသားဖြင့်ပေကျံနေ၏။
"ချီမင်... ကြည့်ရတာဒီတစ်ခါ ဟွမ်ရှားတွေဘက်မှာ ထိန်းချုပ်ကွပ်ကဲတဲ့ ကျွမ်းကျင်သူတွေ ပါလာတဲ့ပုံပဲ...... ငါတို့ထျန်းမြို့တစ်ဝိုက်က ဟင်းလင်းပြင်အားလုံးကို သူတို့ ပိတ်ဆို့ထားတာပဲကြည့်တော့..."
" ဟင်းလင်းပြင်ခွဲထွက်ပြီး ပြေးဖို့တောင် လမ်းကြောင်းဖွင့် မရဘူး..."
"ငါတို့ နယ်စပ်အကာကွယ်အစီအရင်ကိုပဲ အားကိုးပြီး အစွမ်းကုန် ခုခံရတော့မယ်..."
"ကံကောင်းလို့... ဘိုးဘေးအနားမယူခင်တုန်းက ဒီမြို့ရဲ့အစီအရင်ပြားကို ချန်ထားပေးခဲ့လို့သာပေါ့... မဟုတ်ရင် ရိုးရိုးသာမန်အစီအရင်လောက်နဲ့ဆို ဒီဟွမ်ရှားတွေကို တားနိုင်မှာ မဟုတ်ဘူး..."
ကျုံးချီထျန်းက လေးနက်စွာ ပြောလိုက်လေသည်။
ထျန်းမြို့သည် မကျဆုံးသေးသော်လည်း အန္တရာယ်ကြားရောက်နေသည်။ မြို့ထဲတွင် နိယာမနယ်ပယ် ပထမအဆင့်သို့ ရောက်ရှိ နေသော ဂိုဏ်းသားဦးရေ ၂ သောင်း၊ ၃ သောင်းခန့်သာ ရှိပြီး သာမန်စစ်သည်များနှင့် ပေါင်းလိုက်လျှင်ပင် လူ ၂ သိန်းကျော်သာ ရှိ၏။
ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးမှာ သူတို့ညီအစ်ကိုနှစ်ယောက် ဖြစ်ပြီး နိယာမနယ်ပယ် အဆင့် ၂၄ ဟင်းလင်းပြင်ပျက်သုဉ်းခြင်းအဆင့် သာရှိသည်။
ကျန်သည့်သူများမှာ နိယာမနယ်ပယ် အဆင့် ၁၈ တာအိုရွှေအမြုတေအဆင့် အတွင်းစည်းအကြီးအကဲ စုစုပေါင်း ၆ ဦး နှင့် နိယာမနယ်ပယ် အဆင့် ၁၄ ယွမ်ရှန်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် အပြင်အကြီးအကဲ စုစုပေါင်း ၃၁ ဦး သာရှိကာ မြို့ထဲတွင် ရှိရှိသမျှ တိုက်ခိုက်ရေးအင်အားစု အကုန်ပင် ဖြစ်တော့သည်။
တစ်ဖက်ရှိဟွမ်ရှားလူမျိုးစုများသည် ခေတ်ကာလများစွာ ငြိမ်သက်ပုန်းအောင်းနေခဲ့ကြရာ သူတို့၏ အင်အားအုတ်မြစ်ကို သာမန်ကာလျှံကာ တွေး၍ မရပေ။ ဟွမ်ရှားလူမျိုးစုများထဲတွင် ကျွမ်းကျင်သူ အများအပြား ပါဝင်ပြီး သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများပင် မရှားလှပေ။ ထို့အပြင် လျှို့ဝှက်လိုက်ပါလာသော သူတော်စင်အဆင့် ကျွမ်းကျင်သူများပင် ရှိကောင်းရှိနိုင် သေး၏။
ရန်သူနှင့် ကိုယ့်ဘက် အင်အားကွာခြားချက်မှာ အလွန်ကြီးမားလှ၏။ ယခုအချိန်တွင် မြို့ထဲရှိ လူတိုင်းနီးပါးလိုလို ဒဏ်ရာရထားကြပြီး ပင်ပန်းနွမ်းနယ်နေကြကာ တစ်ကြိမ်ထက်မနည်းသော တိုက်ပွဲများကို ဆင်နွှဲခဲ့ရသည်မှာ ထင်ရှားလှ၏။
ချန်ယွမ်ရီမု နတ်ဘုရားအသွင်ပြောင်း မဟာအစီအရင် သည် သစ်သားဓာတ် အသက်စွမ်းအင် အစီအရင်ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးကြားရှိ သက်ရှိစွမ်းအင်များကို အလိုအလျောက် စုပ်ယူကာအစီအရင်ကို မပြတ်တမ်း ပြန်လည်အားဖြည့် ပေးနေသည်။
မြို့ပြင်တွင် ဟွမ်ရှားလူမျိုးစုများစခန်းချနေကြပြီးထျန်းမြို့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ပိတ်ဆို့ထားရာ သူတော်စင်အဆင့် ကျွမ်းကျင်သူ မဟုတ်ပါလျှင် မည်သူမျှ ဟင်းလင်းပြင်လမ်းကြောင်းကို ဖွင့်၍ မရနိုင်ပေ။
ဟွမ်ရှားတို့သည် ထျန်းမြို့တော်၏အစီအရင် ဟာကွက်ပေါ်မည်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်၏။ အခွင့်အရေးရသည်နှင့် ထျန်းမြို့ကို အလုံးအရင်းဖြင့် ချီတက်တိုက်ခိုက်ကြပေလိမ့်မည်။
"ချီမင်... ဒီတိုင်း ထိုင်ပြီး ခုခံနေရုံနဲ့တော့ အဆင်မပြေဘူး... မြင့်မြတ်နယ်မြေဆီ သတင်း ရောက်ဖို့က အချိန် လိုဦးမယ်..."
"ငါတို့ဘက်က အခြေအနေကို ပြောင်းပြန်လှန်ဖို့ လက်ဦးမှုရယူရမယ်... ရှေးပြေးတပ်ဖွဲ့တစ်ဖွဲ့လွှတ်ပြီး ဒီဝိုင်းခံထားရတဲ့ အခြေအနေကနေ ဖောက်ထွက်ရမယ်..."
ကျုံးချီထျန်းသည် ခက်ထန်ပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်သူဖြစ်သည်။ ခဏတာ စဉ်းစားပြီးနောက် သူသည် တက်ကြွစွာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။ အခြားဘက်ခြမ်းများရှိ နယ်စပ်မြို့များ၏ အခြေအနေများကို သူတို့ ဘာမှ မသိရသေးပေ။
တစ်ခုတည်းသောသိရသည်မှာ အနောက်ဘက်နယ်စပ်မြို့များအားလုံးနီးပါး ကျဆုံးကုန်ပြီဖြသ်၏။ တချို့အင်အားစုများက လျင်မြန်စွာ တုန့်ပြန်ပြီး စစ်ကူများပို့လိုက်ပါသော်လည်း များပြားလှသော ဟွမ်ရှားလူမျိုးစုများ၏ ဒီရေလှိုင်းကဲ့သို့ တိုက်ခိုက်မှုအောက်တွင်သာချေမှုန်း ခံလိုက်ကြရသည်။
လက်ရှိအခြေအနေသည် အင်အားစုတစ်ခုတည်းဖြင့် ဖြေရှင်းနိုင်သော အရာ မဟုတ်တော့ပေ။ မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းရန် လိုအပ်လာပြီး အခြားစီရင်စုနယ်မြေများမှ အကူအညီများကိုပါ တောင်းခံမှ ရပေတော့မည်။
ကျုံးချီမင်သည် သူ့အစ်ကို၏ စကားကို ကြားလိုက်ရသည့်အခါတွေဝေသွားမိသည်။ သူသည် ကျုံးချီထျန်းနှင့်ဆန့်ကျင်ဘက် စိတ်နေသဘောထားရှိပြီး ရှေးရိုးဆန်ကာ ဘေးကင်းရာကို ဦးစားပေးသည့်သူပင်။
--------------
"လက်ဦးမှုရယူမယ် အခြေအနေကိုပြောင်းပြန်လှန်မယ် ဟုတ်လား..."
"ငါတို့က ဝိုင်းထားခံရတာလေ... ဟွမ်ရှားတွေက သေချာပေါက် ထောင်ချောက်တွေ အထပ်ထပ် ဆင်ထားမှာ..."
"မျက်စိမှိတ်ပြီး အတင်းတိုးထွက်တာက ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပဲ..."
သူ ခေတ္တမျှ စဉ်းစားပြီးနောက် ကန့်ကွက်စကား ဆိုလိုက်သည်။ ကျုံးချီထျန်းသည် ဘာမှပြန်မပြောတော့ဘဲ မြို့ပြင်ရှိ ပင်လယ်ပြင်ကဲ့သို့ အဆုံးမရှိသော ဟွမ်ရှားစစ်သည်များကိုသာ ငေးကြည့်နေ တော့သည်။ သူ့စိတ်ထဲတွင် မွန်းကြပ်နေမိ၏။
သတ်ဖြတ်ခြင်းကို နှစ်သက်သောသူတစ်ဦးအ နေဖြင့် မြို့ထဲတွင် ထိုင်ပြီး ခုခံနေရသည်မှာ စစ်ပွဲတွင် အသတ်ခံလိုက်ရသည်ထက်ပင် ပို၍ ခံရခက်နေ လေသည်။
"ကောင်းပြီလေ... ချီမင် မင်း အစီအရင်ကို စောင့်ကြည့်ထား... ငါ သူတို့ကို အနားယူခိုင်းလိုက်ဦးမယ်..."
ကျုံးချီထျန်း ခေါင်းခါလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် အစီအရင်ပြားကို ကျုံးချီမင်ထံသို့ ပစ်ပေးလိုက်ပြီး သူ့ရှေ့ရှိမြင်ကွင်းကိုမမြင်ချင်တော့သလိုမျိုး အကြီးအကဲများကို ခေါ်ဆောင်ပြီး အနားယူရန် ထွက်ခွာသွားလေသည်။
ယခုအချိန်သည် ထျန်းမြို့အတွက် မုန်တိုင်းမလာခင် ငြိမ်သက်နေခြင်းသာ ဖြစ်သည်။
အနောက်ဘက်နယ်စပ်သည် ကြီးမားသည့်အန္တရာယ်နှင့်ရင်ဆိုင်နေရသည်။