← Chapters

အခန်း (၇၃)

Vol. 8 Ch. 73

အခန်း (၇၃)

Vol. 8 Ch. 73

နန်တျန်အင်မော်တယ်မင်းဆက် နယ်မြေအတွင်းတွင် ကျုံးကျဲ နှင့် လင်ချန်တို့၏ တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်ရှိရန် နီးကပ်လာလေ၏။ တစ်ဦးမှာ ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းသော စစ်ဘုရင် ဖြစ်ပြီး ကျန်တစ်ဦးမှာ သဲကန္တာရ၏ ရှေးဟောင်းယမမင်းနတ်ဘုရား ဖြစ်သည်။

ယခုအချိန်တွင် လင်ချန်၏ ခေါင်းပေါ်ရှိ ကြီးမားသော လေဆင်နှာမောင်းကြီးသည် တဖြည်းဖြည်း အားလျော့လာသည်။ သူ၏ အရှိန်အဝါသည် အကန့်အသတ်အထိ မြင့်တက်သွားပြီဖြစ်ပြီး မြေအောက်တွင် နှစ်ရှည်လများ အိပ်စက်နေကြသော မသေမျိုးအရိုးခြောက်များသည် ပြန်လည်ရှင်သန်လာကာ မြေပြင်ပေါ်တွင် လှည့်လည်သွားလာနေကြသည်။

အခြေအနေတစ်ခုလုံးသည် ငရဲပြည်မှ တစ္ဆေနယ်မြေတစ်ခုအလားဖြစ်နေသည်။ လင်ချန်သည် ပါးစပ်ဟကာ စိန်ခေါ်စကား ပြောရန် ပြင်လိုက်စဉ်မှာပင် ကျုံးကျဲသည် ရုတ်တရက် လေးနက်သွားပြီး လက်ချောင်းများကို ဓားသွားပုံစံ ပြုလုပ်လိုက်ကာ ရှေ့သို့ ညွှန်လိုက်၏။

ထိုအခါ ရွှေရောင်အလင်းတန်းတစ်ခုထွက် ပေါ်လာပြီး လင်ချန်ရှိရာအရပ်သို့တည့်တည့် တိုးဝင်သွား၏။ ထို့နောက် လက်ညှိုးထိုးထားရာမှ လက်ဖဝါးအဖြစ် ပြောင်းလဲကာ ရှေ့သို့ တွန်းပြီး ဖိချလိုက်လျှင် ကျုံကျဲခန္ဓာကိုယ်အတွင်းမှ အဆုံးမဲ့သော သူတော်စင်အဆင့်သေခြင်းစွမ်းအားများသည်ဒီရေအလားထွက်ပေါ်လာပြီး လင်ချန်ကို လွှမ်းမိုးသွားသည်။

ကျုံးကျဲသည် စကားတစ်ခွန်းမျှ မပြောဘဲ တိုက်ခိုက်လိုက်ခြင်း ဖြစ်ပြီး အဖြစ်အပျက်များသည် အလွန်လျင်မြန်လှ၏။ လွန်ခဲ့သော စက္ကန့်ပိုင်းအလိုက အေးအေးလူလူ ဖြစ်နေသော ကျုံးကျဲသည် နောက်တစ်စက္ကန့်တွင် ရုတ်တရက် မျက်နှာပြောင်းကာ တိုက်ခိုက်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ စာအုပ်လှန်လိုက်သည်ထက်ပင် ပို၍ မြန်ဆန်နေသေးသည်။

"ရိုင်းစိုင်းလိုက်တာ..."

လင်ချန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သေခြင်း၏ ကောင်းကင်ဘုရင် သံချပ်ကာပေါ်ရှိယမမင်းအမှတ်အသားများသည် နတ်ဘုရားအလင်းများဖြင့်တောက်ပလာပြီး ကျုံးကျဲ ပစ်လွှတ်လိုက်သော ရွှေရောင်အလင်းတန်းကိုကာကွယ်လိုက်သည်။

သို့သော် ကျုံးကျဲ၏ ရွှေရောင်အလင်းတန်းနှင့်ထိတွေ့လိုက်သည်နှင့်တစ်ပြိုက်နက် ပြိုကွဲပျက်စီးမည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

လင်ချန်တစ်ယောက်သွေးဆုတ်သွားပြီး သူ၏မျက်နှာပင် ဖြူဖပ်ဖြူရော် ဖြစ်သွားရ၏။

'ဘယ်လောက်တောင်ကြောက်စရာကောင်းလွန်းရတာလဲ...'

'စစ်ဘုရင်ရဲ့ စွမ်းအားက တကယ့်ကို စီးပိုးချယ်လှယ်လွန်းပြီး ကြောက်မက်ဖွယ်ကောင်းတာပဲ...'

'သာမန်ကာလျှံကာ တိုက်ခိုက်မှုကလေးကတောင် ကောင်းကင်ဘုရင် သံချပ်ကာကို ပျက်စီးလုနီးပါးဖြစ်စေတယ်...'

သူ၏ မျက်လုံးများထဲတွင် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပလာပြီး…

"သေရမယ်...မင်းသေကိုသေရမယ်..."

"ယမမင်း ဟစ်ဆော စစ်ရထား..."

လင်ချန်၏အနောက်တွင် ကြီးမားသော ကြေးနီရောင် စစ်ရထားကြီးတစ်စင်း ပေါ်လာပြီး ထိုရထားကို အရိုးစုမြင်း ၄ ကောင်က ဆွဲထားသည်။

"ဖြောင်း..."

ထို့နောက်ကြာပွတ်သံ တိုးတိုးလေး ထွက်ပေါ်လာပြီး ရထားဘီးများသည် စတင်လည်ပတ်လာကာ ရုတ်ချည်းပင်အရှိန်မြင့်သွားပြီး ကျုံးကျဲရှိရာသို့ ပြေးဝင်သွား၏။

မူလက မှေးမှိန် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ကောင်းကင်ဘုရင် သံချပ်ကာသည်လည်း ပြန်လည် အားကောင်းလာကာ ကျုံးကျဲ၏အဆုံးမဲ့ ရွှေရောင်အလင်းတန်းကို သူ တားဆီးနိုင်သွားသည်။

ဖာရိုဘုရင်၏ ကိုယ်ရံတော်တပ်ဖွဲ့များ အရည်ပျော်ပြီး ဖြစ်ပေါ်လာသော ပျစ်ချွဲချွဲ အရည်လုံးများသည် အနက်ရောင်ဖဲကြိုးများအသွင် ပျံသန်းကာ လင်ချန်ကိုလွှမ်းမိုးထားသော အဆုံးမဲ့ သူတော်စင်အဆင့်သတ်ဖြတ်ခြင်းစွမ်းအားများကို ဖြတ်သန်း ဖောက်ထွက်လာကြပြီး စုပေါင်းသွားကြကာ ယမမင်းအနူးဘစ်နှင့်တူသော ဝံပုလွေခေါင်း လူခန္ဓာကိုယ်နှင့် သတ္တဝါဆန်းတစ်ကောင်အသွင်ဖြစ်လာသည်။

ထိုသတ္တဝါဆန်းသည် ကြံ့ခိုင်သန်မာသောခန္ဓာကိုယ်ရှိပြီး တစ်ကိုယ်လုံးတွင်လည်းလျှို့ဝှက်အမှတ်အသားများဖြင့်ဖုံးအုပ်ထားကာ အေးစက် သောမျက်နှာထားဖြင့်ကောင်းကင်တွင်ရပ်နေ၏။

"ဟမ့်..."

အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် မိမိအောက်ဘက်မှ လှိမ့်တက်လာသော သူတော်စင်အဆင့်သတ်ဖြတ်ခြင်းစွမ်းအား များကို ဂရုမစိုက်ဘဲ သူ၏ဝံပုလွေပါးစပ်ကို ဟလိုက်ကာ လက်ဖဝါးအရွယ်အစားခန့်ရှိသော ယမမင်းမျက်လုံး ကို မှုတ်ထုတ်လိုက်၏။

ထို ယမမင်းမျက်လုံး၏ ကြည်လင်သော မျက်ဆံအတွင်း၌ အနက်ရောင် တိမ်တိုက်မြူခိုးများ ဖုံလွှမ်းနေကာ ယမမင်းစွမ်းအင်အပြည့်ဖြစ်သည်။

"နှစ်တစ်ထောင်မျက်လုံး... အပြစ်သားကို သွားပြီးစီရင်လိုက်စမ်း..."

အနူးဘစ်ကိုယ်ပွားက အေးစက်စွာ ပြောလိုက်ပြီး လက်ဖဝါးဖြင့် ထိုမျက်လုံးပေါ်သို့ ရိုက်ချလိုက်လျှင် မျက်လုံးထဲမှ ယမမင်းစွမ်းအင်များသည် အနက်ရောင်လှိုင်းတံပိုးများပမာထွက်ပေါ်လာပြီး ကျုံးကျဲဆီတိုးဝင်သွားသည်။

ထိုအနက်ရောင်လှိုင်းတံပိုး ထွက်ပေါ်လာသည်နှင့် မိုင်တစ်ရာပတ်လည်အတွင်း၌ ဖော်ပြ၍ မရနိုင်လောက်အောင် ပြင်းထန်သော ယမမင်းစွမ်းအင်များ ဖုံးလွှမ်းသွားသည်။

ဤယမမင်းစွမ်းအင်များသည် ကျင့်ကြံသူများ၏ ကိုယ်ပိုင် သက်ရှိစွမ်းအားထက်ပင် များစွာ သာလွန်နေသေးသည်။ နိယာမနယ်ပယ် အဆင့် ၁၈ သို့ မရောက်ရှိသေးသော ကျင့်ကြံသူများသာ ဤအနက်ရောင်လှိုင်းတံပိုး အနားသို့ ကပ်မိပါက အလောင်းကောင်ဘဝသို့ ရောက်သွားပေလိမ့်မည်။

အနီးအနားရှိ မိုင်တစ်ထောင်ပတ်လည်တွင် သေခြင်းစွမ်းအင်များ မြင့်တက်လာပြီး အနီးနားရှိအသက်ဓါတ်မှန်သမျှခြောက်ကပ်သည်အထိစုပ်ယူကာ အလောင်းကောင်များထွက်ပေါ်လာသဖြင့် အနီးအနားရှိ သေမျိုးရွာများသည် ကံဆိုးမိုးမှောင် ကျကုန် တော့သည်။

အလောင်းကောင်များသည် ပြန်လည်ရှင်သန်လာပြီး မြင်မြင်သမျှသက်ရှိတိုင်းကိုသတ်ဖြတ်ပစ်နေသည်။ ယမမင်းစွမ်းအင်များလည်း သိပ်သည်းထူထက်စွာပြန့်နှံ့လာသဖြင့် ရွာလုံးကျွတ် လူကြီးလူငယ်မရွေး သေဆုံးသည်အထိအသက်စွမ်းအင်များခြောက်ကပ်စွာစုပ်ယူခံရလေ၏။

ထူထပ်သိပ်သည်းလှသော ယမမင်းစွမ်းအင်များသည် ကျုံးကျဲကို အထပ်ထပ် ဝိုင်းရံထားလိုက်ရာ အတွင်းဘက်ရှိ ဆွေးမြေ့ပျက်စီးစေသော ယမမင်းစွမ်းအင်သည် ဖော်ပြ၍ မရနိုင်အောင်ဖြစ်ပြီး ဟင်းလင်းပြင်သည်ပင်လျှင် စတင် ခြောက်သွေ့လာသည်။

နိယာမနယ်ပယ် ပထမအဆင့်ကျင့်ကြံသူတစ်ဦးသည်ပင် ဤနေရာရှိ ဟင်းလင်းပြင်ကို ဆွဲဖြဲနိုင်လောက်သည်အထိ အားနည်းသွားခြင်းမျိုးဖြစ်သည်။ ထူထပ်သိပ်သည်းသော ယမမင်းစွမ်းအင်လှိုင်းများနှင့် စစ်ရထား ဝင်ရောက်တိုက်ခိုက်မှု၏ ဗဟိုချက်မနေရာတွင် အဆုံးမဲ့ အလင်းရောင်များ ထွန်းတောက်လာ၏။

ထိုအလင်းရောင်သည် ညအမှောင်ကို ဖြိုခွင်းကာထွက်ပေါ်လာသော နေ့သစ်၏ အလင်းရောင်ကဲ့သို့ပင် ဖြစ်နေ၏။

"ဒီလောက်ပဲလား... သိပ်လည်း မစွမ်းပါလား..."

ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။ လင်ချန် မျက်မှောင်ကြုတ်သွားပြီး ခေါင်းမော့ကာ ကောင်းကင်ရှိ အနူးဘစ်၏ ကိုယ်ပွားနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။

"သေခါနီးနေတာတောင်မှ... ခုထိ..."

လင်ချန်စကားမဆုံးသေးခင်မှာပင် ကျုံးကျဲကိုအထပ်ထပ်ဝန်းရံထားသောယမမင်းစွမ်းအင်များထဲမှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းထားသော ယမမင်းစွမ်းအင်များကို ထိုးဖောက်လိုက်သည်။

ကောင်းကင်နှင့်မြေပြင်ကြားတွင် ယမမင်းစွမ်းအင်များ လွှမ်းခြုံနေပြီး သက်ရှိများ နေထိုင်၍ မရအောင် ဖြစ်နေချိန်၌ သတ်ဖြတ်ခြင်းအလင်းသည် ကောင်းကင်ယံကို ထိုးဖောက်သွားသည်။

ထို့နောက် မှုန်မှိုင်း‌နေသောကောင်းကင်ကို ပြန်လည်လင်းလက်လာစေကာ ယမမင်းစွမ်းအင်တွေကိုပျောက်ကွယ်စေပြီး သန့်ရှင်းသောလေထုကိုဖြစ်ပေါ်စေသည်။

ထိုအလင်းရောင်သည် ရွှေရောင်ဖျော့ဖျော့ ရှိပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် လွှမ်းမိုးခြယ်လှယ်နိုင်‌ခြင်း ၊ ခုခံရန် ခက်ခဲခြင်းတို့ကို ခံစားရစေသည်။ ဤသည်မှာ ကမ္ဘာလောကတွင် ပထမဆုံး မွေးဖွားလာသော အလင်းရောင်တစ်ခုကဲ့သို့ပင်ဖြစ်၏။

နွေးထွေးသော ရွှေရောင်အလင်းတန်းသည် ကောင်းကင်အနှံ့ လွှမ်းခြုံသွားပြီးနောက် ပြန်လည် ကျုံ့ဝင်သွားကာ ကျုံးကျဲ၏ စစ်ဘုရင်လှံရှည်ပေါ်တွင် စုစည်းသွားသည်။ ထို့နောက်ရွှေရောင် လှံသွားတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ပြီး လှံရှည်ကို လှုပ်ရှားလိုက်သည်နှင့် သန်းပေါင်းများစွာသော နတ်ဘုရားအလင်းတန်းများကပ်ပါလာသည်။

နတ်ဘုရားအလင်းတန်းတစ်ခုစီတိုင်းသည် အလွန်ပင်ထက်ရှပြီး အနီးရှိလေထုကို အပိုင်းပိုင်းဖြတ်တောက်သွားသည်။ ရွှေရောင်စစ်ဘုရင်လှံရှည်ကို ကိုင်ဆောင်ထားသော ကျုံးကျဲသည် သက်ရှိများကို ဉာဏ်အလင်းဆောင်ကျဉ်းပေးရန် လူ့လောကသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ပင် ခမ်းနားထည်ဝါနေသည်။

ယခုအခါ၌ ယမမင်းစွမ်းအင်များနှင့် ယမမင်း စစ်ရထားသည် ကျုံးကျဲ၏ လက်ထဲမှ ရွှေရောင်စစ်ဘုရင်လှံရှည်နှင့် မထိတွေ့ခင်မှာပင် အလိုအလျောက် ရှောင်ဖယ်သွားကြ၏။

သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများကိုပင် သေဆုံးသွားစေနိုင်သော ဤ ယမမင်းမျက်လုံး၏ စွမ်းအင်စီးကြောင်း တိုက်ခိုက်မှုသည် ကျုံးကျဲအပေါ် လုံးဝ အရာမထင်တော့ချေ။

"မင်းဘယ်လို နည်းစနစ်မျိုးသုံးလိုက်တာလဲ..."

လင်ချန်ကြောက်လန့်သွား၏။ သူ၏ မှတ်ဉာဏ်ထဲတွင် ဤကဲ့သို့ လှံသွားတစ်ခု ဖွဲ့စည်းလိုက်ရုံဖြင့် ယမမင်းစွမ်းအားကို ချေဖျက်နိုင်သော နည်းစနစ်မျိုးမမြင်ဖူးချေ။

ကျုံးကျဲ၏ မျက်နှာပေါ်တွင် လှောင်ပြောင်လိုသောအရိပ်ယောင်များပေါ်နေပြီး လင်ချန်ကိုတိတ်ဆိတ်စွာသာကြည့်နေလေ၏။ ထို့နောက်သူ၏ လက်ထဲရှိ ရွှေရောင်စစ်ဘုရင်လှံရှည်ကိုဝှေ့ယမ်းလိုက်ရာ ရွှေရောင်လှံသွားအလင်းသည် လင်ချန်ဆီသို့ ခုတ်ပိုင်းရန်ဝင်ရောက်သွားကြသည်။

လမ်းတစ်လျှောက်ရှိ မည်သည့်အရာကမျှ ထိုလှံသွားကို မတားဆီးနိုင်ပေ။ သိပ်သည်းလှသော ယမမင်းစွမ်းအင်စီးကြောင်းများ ဖြတ်တောက်ခံရ၏။ ကြေးနီရောင် စစ်ရထား လည်း ဖြတ်ခံရကာ ဟင်းလင်းပြင်များပင် ဖြတ်တောက်ခံရ၏။ လောကတွင် ဤလှံသွားအလင်းတန်းကို တားဆီးနိုင်သော အရာဟူ၍ မရှိတော့သကဲ့သို့ပင်။

လင်ချန် မျက်လုံးများ ပြူးကျယ်သွားပြီး လက်ထဲရှိ သေမင်းတံစဉ်ကို အဆက်မပြတ် ဝှေ့ယမ်းပြီး ယမမင်း သူတော်စင်စွမ်းအားများကို ထုတ်ဖော်ကာ လှံသွားအလင်းတန်းကို အစွမ်းကုန် တားဆီးလိုက်သည်။

သို့သော် အချည်းနှီးသာဖြစ်ပြီး လှံသွားအလင်းတန်းသည် သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး ဆက်လက် ပျံသန်းသွား၏။ သို့သော် သူ၏ခန္ဓာကိုယ်သည် အကောင်းပကတိအတိုင်း ရှိနေသကဲ့သို့ဖြစ်နေသည်။

"အာ..."

" ဟားဟားဟား... ကလေးကလား လှည့်ကွက်တွေပဲ..."

"အဟွတ်..."

သူ လှောင်ပြောင်ရယ်မောလို့ပင် မဆုံးသေး ရုတ်တရက် သူ၏ ရင်ဘတ်သည် ယားယံလာပြီး ထုံကျင်လာကာ ချောင်းတစ်ချက် ဆိုးလိုက်မိသည်။ ထို့နောက် သူ၏ မြင်ကွင်းထဲ၌ ကမ္ဘာကြီး ပြောင်းပြန်လန်သွားလေတော့သည်။

"ဘုန်း..."

ထက်ပိုင်းဖြတ်ခံရသော ခန္ဓာကိုယ်ကြီးသည် လေထဲတွင်မတ်တပ်ရပ်လျက် ကျန်ရစ်ခဲ့ပြီးလင်ချန်၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် မြေပြင်ပေါ်သို့ပြုတ်ကျသွားလေတော့သည်။

All Chapters