အခန်း (၇၄)
Vol. 8 Ch. 74
"မ... မဟုတ်ဘူး..."
"ဒါက အမှန်မဖြစ်နိုင်ဘူး..."
လင်ချန်၏ ခန္ဓာကိုယ်သည် မြေပြင််ပေါ်တွင် ထပ်ပိုင်းပြတ်လဲလျောင်းနေ၏။ စွမ်းအားကြီးမားသော သူ၏သူတော်စင်ခန္ဓာသည် နှစ်ပိုင်းပြတ်သွားခဲ့ပြီဖြစ်သော်လည်း လင်ချန်တစ်ယောက် မယုံကြည်နိုင်သေးပေ။
သူ၏ အရှိန်အဝါသည် မျကိစိဖြင့်မြင်နိုင်သည့်နှုန်းဖြင့် တရှိန်ထိုးကျဆင်းလာသည်။ သူ၏ သူတော်စင်အဆင့် ကျင့်ကြံခြင်းစွမ်းအားသည် နတ်ဘုရားဝိညာဉ် ဆင်းသက်လာခြင်းမှ ရရှိထားခြင်း ဖြစ်ပြီး မူလအသက်စွမ်းအင်အရင်းအမြစ်မှာ တည်ငြိမ်မှု မရှိပေ။
သူ၏ စွမ်းအားအားလုံးသည် ခန္ဓာကိုယ်အတွင်း၌ ကိန်းအောင်းနေခြင်းဖြစ်ပြီး ယခုနှစ်ပိုင်းအဖြတ်ခံလိုက်ရသဖြင့် အရာအားလုံး ပျက်စီးသွားပေတော့မည်။
သူ၏မူလအသက်စွမ်းအင် အရင်းအမြစ် အကြီးအကျယ် ထိခိုက်သွားခဲ့ပြီး သူတော်စင်ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းရန်အတွက် မည်မျှ ကြိုးစားအားထုတ်ရဦးမည်ကိုပင် မသိနိုင်တော့ပေ။ သေမင်း ကောင်းကင်ဘုရင် သံချပ်ကာသည် တိုက်ခိုက်လာမှု၏ စွမ်းအင်ကိုအနည်းကျဉ်းမျှ ခုခံပေးနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော်လည်း လက်တွေ့တွင်မူ ကျုံးကျဲ၏ ရွှေရောင်လှံသွားရှေ့၌ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။
"အို.. မသေသေးဘူးလား..."
"မင်းဆိုတဲ့ ခွေးက တော်တော် အသက်ပြင်းသားပဲ..."
ကျုံးကျဲ၏ အံ့သြသင့်သွားသော အသံသည် အဝေးမှ ပျံ့လွင့်လာသည်။
"ကံတရားရဲ့ သားတော်ပီသပါပေတယ် ...မင်းရဲ့အသက်စွမ်းအင်ထဲမှာ ကံကောင်ခြင်းတွေအပြည့်ပါ့လား. ငါ နှစ်ပိုင်းပိုင်းလိုက်တာတောင်မှ မင်းရဲ့ဝိညာဉ်က အကောင်းပကတိ ကျန်နေသေးတုန်းပဲ..."
"ဒါပေမဲ့... အသုံးမဝင်ပါဘူး....."
"မင်း.... သေကို သေရမယ်..."
ကျုံးကျဲ၏ ပုံရိပ်သည် အဆုံးမဲ့သေခြင်းစွမ်းအင်များကို ဖြတ်သန်းလာကာ လင်ချန်ရှိရာသို့ ပျံသန်းလာ၏။
သူ၏ စစ်ဘုရင်လှံရှည်သည် ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး အဆုံးမဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါများကို သယ်ဆောင်လျက် လင်ချန်၏ ရှေ့မှောက် တည့်တည့်သို့ ရောက်ရှိလာသည်။
ထို့နောက်လှံရှည်ကို မြှောက်ကာ ခုတ်ပိုင်းချလိုက်လျှင် လင်ချန်သည် သူ၏လက်တစ်ဖက်ဖြင့်မြှောက်ကာ ကာလိုက်သည်။ ကျုံးကျဲ၏ ပေါ့ပေါ့ပါးပါးဟု ထင်ရသောတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် လင်ချန်တစ်ယောက် အဆုံးမဲ့ နက်ရှိုင်းသော ငရဲတွင်းထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရပြီး ကောင်းကင်ကို မော့ကြည့်လိုက်မိ၏။
ကောင်းကင်ကြီး ပြိုကျလာတော့မည့်အလား ခံစားနေရသည်။ စကြဝဠာတစ်ခုလုံးရှိ ကြယ်တာရာများ ပျက်သုဉ်းကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားရသည်။ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်ဖြစ်သွားပြီး ၊ အချိန်နှင့် ဟင်းလင်းပြင်များပင် တွန့်လိမ်ရှုံ့တွသွားရကာ မရေမတွက်နိုင်သော နတ်ဘုရားများနှင့် မိစ္ဆာများ တိုက်ခိုက်ရင်းသေဆုံးကုန်ကျရ၏။
ထောင်သောင်းချီသော ပုံရိပ်ယောင်များသည် သူ့စိတ်ထဲတွင် ပေါ်လာပြီး သူ၏ ခုခံလိုစိတ်ပင် ပျောက်ကွယ်သွားရ၏။
'ဒါ ဘာကြီးလဲ...သူ ဘာနတ်ဘုရားစွမ်းရည်ကို သုံးလိုက်တာလဲ... ငါ သေရတော့မှာလား...'
လင်ချန်၏ စိတ်ထဲတွင် ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းများ ဝင်ရောက်လာကာ ကမ္ဘာလောကကြီးတစ်ခုလုံးက သူ့ကို ရွံရှာနေပြီး သေစေချင်နေသကဲ့သို့ ခံစားလိုက်ရ၏။
'ထားလိုက်ပါတော့... မခုခံတော့ဘူး...'
'သေရင်လည်း သေပါစေတော့...'
'ငါက ဖုန်မှုန့်လို နိမ့်ကျတဲ့သူပဲ... ကောင်းကင်နဲ့မြေပြင်အကြားက ဇာတ်လိုက် မဖြစ်နိုင်ပါဘူး...'
'အစကတည်းက အဲ့သဲကန္တာရထဲမှာ ငါ သေခဲ့သင့်တာ... သဲကန္တာရနတ်ဘုရားဆီမှာ ဒူးမထောက်ခဲ့သင့်ဘူး...'
သူ၏ ခန္ဓာကိုယ်တစ်ပိုင်းပြတ်ထဲမှ ဝိညာဉ်စွမ်းအင်များစိမ့်ထွက်သွားပြီး ကာကွယ်မှုအားလုံးကို စွန့်လွှတ်လိုက် လေသည်။ ယခုလေးတင် ကျုံးကျဲ၏တိုက်ခိုက်မှုကိုကာကွယ်ရန် ထွက်ပေါ်လာသော ယမမင်းစွမ်းအားများသည်ပင် ပျောက်ကွယ်သွား၏။ လင်ချန်သည် မျက်လုံးကိုမှိတ်ပြီး ရောက်ရှိလာမည့်သေခြင်းတရားကို စောင့်ဆိုင်း နေတော့သည်။
"သောက်ကျိုးနည်း... အမွေဆက်ခံသူ... မင်း ဘာတွေလုပ်နေတာလဲ..."
စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေသော အော်ဟစ်သံတစ်ခုသည် လင်ချန်၏ စိတ်အတွင်း၌ မြည်ဟည်းသွားကာ ပုံရိပ်တစ်ခုသည် သူ့ရှေ့တွင် လာရောက်ကာကွယ်ပေးလိုက်၏။ ကောင်းကင်ပေါ်တွင် ရှိနေခဲ့သော အနူးဘစ်၏ ကိုယ်ပွားပင် ဖြစ်သည်။
ထို့နောက်ကိုယ်ပွား၏ လက်ထဲမှ ယမမင်းမျက်လုံးသည် ရှစ်ဆယ့်တစ်ထပ်သော ငရဲဘုံ၏ယမမင်း စွမ်းအားများ ပါဝင်သည့်အနက်ရောင်အလင်းတန်းများကို ကျုံးကျဲ၏ လှံသွားဆီသို့ ပစ်လွှတ်လိုက်သည်။
ရွှေရောင်လှံသွားသည် ထက်ရှနေ၏။.ရှစ်ဆယ့်တစ်ထပ်သောငရဲဘုံ၏ ယမမင်း စွမ်းအားများသည် တစ်လွှာပြီးတစ်လွှာ ပေါက်ပြဲကုန်၏။
သို့သော် ထိုအနက်ရောင်အလင်းတန်းများသည် လင်ချန်ကို ထိုးစိုက်လာတော့မည့် လှံသွား၏ အရှိန်ကိုနှေးသွားစေ၏။
နောက်ဆုံးတော့ လင်ချန်ပြန်သတိဝင်လာကာကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"အားးးး..."
"အမှောင်လောကကိုအုပ်စိုးသည့် ယမမင်း...အသင့်အား ကျွန်ုပ်ရဲ့ နတ်ဘုရားခန္ဓာကို ယဇ်ပူဇော်ပါတယ်... ဤလောကထဲက ရန်သူမှန်သမျှကို ချေမှုန်းပေးပါ..."
အဝေးတစ်နေရာရှိလေထဲတွင် တစ်ပိုင်းပြတ်ကျန်ခဲ့သော သူ၏ခန္ဓာကိုယ်အောက်ပိုင်းသည် ရုတ်တရက် ပွက်ပွက်ဆူလာပြီး တူကြီးတစ်လက်အသွင် ပြောင်းသွားကာ ကောင်းကင်ပြိုကျသကဲ့သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ဝုန်း…
တစ်ချိန်တည်းမှာပင် လင်ချန်၏ကျန်ရစ်သော ခန္ဓာကိုယ်အပေါ်ပိုင်းသည် ဝိညာဉ်စွမ်းအင် လမ်းကြောင်းကို ပြန်လည်တည်ဆောက်လိုက်ကာ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်စီးကြောင်းကိုတည်ငြိမ်စေလိုက်၏။
ကိုယ်ပွား၏ မျက်နှာထားသည် အေးစက်ခက်ထန်နေကာ သူ့ရှေ့ရှိ ရှစ်ဆယ့်တစ်ထပ်သော ငရဲဘုံ၏ယမမင်း စွမ်းအားများ ကျုံးကျဲ၏ လှံသွားအောက်တွင် ဖြိုခွင်းခံရသည်ကိုကြည့်နေ၏။
ကျုံးကျဲသည် ထိုသည်ကိုအခွင့်ကောင်းယူကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ဝံပုလွေခေါင်းကိုယ်ပွား၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။
ထို့နောက်လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီး ကိုယ်ပွားလက်ထဲမှ ယမမင်းမျက်လုံးကို ရိုက်ထုတ်ပစ်လိုက်ပြီး ခါးကို လှည့်ကာ တံတောင်ဆစ်တွင် စွမ်းအားစုစည်းပြီး ကိုယ်ပွား၏ ခေါင်းကို အားဖြင့်ဆောင့်ထိုးချလိုက်လေသည်။
"ဖူး..."
ကောင်းကင်အပြည့် အနက်ရောင်အရည်များ ပြန့်ကျဲသွားသည်။ လျှို့ဝှက်နည်းစနစ်ဖြင့် ဖန်တီးထားသော အနူးဘစ်ကိုယ်ပွား၏ ခန္ဓာကိုယ်သည် ကျုံးကျဲ၏တိုက်ခိုက်မှုတစ်ချက်ကိုပင် မခံနိုင်ဘဲ ပေါက်ကွဲထွက်သွားသည်။
"ဝေါင်း..."
ခေါင်းမရှိတော့သော ခန္ဓာကိုယ်၏ ရင်ဘတ်ထဲမှ ဟိန်းသံတစ်ခု ထွက်ပေါ်လာပြီး ချက်ချင်းပင် ပျစ်ချွဲသော အနက်ရောင်အရည်လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုအရည်လုံးကြီးသည် ကျုံးကျဲ မည်မျှပင် ခုတ်ပိုင်းနေပါစေ ပြန်လည်ခုခံခြင်း မပြုဘဲ ကွဲကွာသွားလိုက် ပြန်ပေါင်းသွားလိုက်လုပ်ဆောင်နေပြီး ပြန်ပေါင်းသွားသည့် အကြိမ်တိုင်းတွင် သေးငယ်လာသည်။
"ဒီကောင်က သိပ်ကြောက်စရာကောင်းလွန်းတယ်... သူ့ရဲ့စစ်ဘုရင်ခန္ဓာက အရမ်းသန်မာလွန်းပြီး နတ်ဘုရားစွမ်းရည်တွေလည်း အများကြီးပဲ... မင်း သူ့ပြိုင်ဘက် မဟုတ်ဘူး..."
"အခု ငါတို့ ဟွမ်ရှားစစ်တပ်ကြီး နယ်စပ်ကို ရောက်နေပြီ... သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ စွမ်းအားနဲ့ ပေါင်းစပ်လိုက်ရင်တော့ ဒီကောင့်ကို အလွယ်တကူသတ်နိုင်လိမ့်မယ်.."
"ဒါမှမဟုတ်ရင်တော့ မင်း ကံကောင်းခြင်းတွေ ဘယ်လောက်ပဲ ရှိရှိ သူ့လက်ချက်နဲ့ သေမှာပဲ..."
ကိုယ်ပွားမှ ပြောင်းလဲသွားသော အရည်လုံးသည် စိတ်ချင်းဆက်သွယ်ပြီး လင်ချန်ကို ပြောလိုက်သည်။ ကျုံးကျဲ၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားလေသည်။
"အိုး... မင်းတို့က ထွက်ပြေးချင်နေတာလား..."
အနက်ရောင်အရည်လုံးကြီး ထိတ်လန့်သွား၏။
"ကြောက်စရာကောင်းလွန်းတယ်..ကြောက်စရာကောင်းလွန်းတယ်.... စစ်ဘုရင် ဖိနှိပ်ထားတဲ့နေရာမှာ စိတ်အာရုံဆက်သွယ်တာကအစဖုံးကွယ်ထားလို့မရပါ့လား..."
"တွေဝေနေဖို့အချိန်မရှိဘူး... မဟုတ်ရင် သေချာ ပေါက်သေရလိမ့်မယ်..."
အနက်ရောင်အရည်လုံးကြီးသည် ရုတ်တရက် ပေါက်ကွဲထွက်သွားကာ အနက်ရောင်အရည်စက် ၈၁ စက်အဖြစ် ကွဲထွက်သွားပြီး ကျုံးကျဲကို လွှမ်းခြုံလိုက်၏။ ကျုံးကျဲကို အရည်လုံးထဲတွင် ချုပ်လှောင်ဖို့ကြိုးစားလိုက်ခြင်းပင်။
"အမွေဆက်ခံသူ... ယမမင်းဝိညာဉ် ဟင်းလင်းပြင်ကူးပြောင်းခြင်း နတ်ဘုရားစွမ်းရည်ကို သုံးပြီး အမြန် ထွက်ပြေးတော့... ငါတို့ဒီလူကို ယှဉ်လို့မရဘူး..."
"မှတ်ထားပါ... ငါ ပေးလိုက်တဲ့ ဝိညာဉ်အပိုင်းအစကို သေချာကာကွယ်ပါ..."
သူ၏ လေသံသည် အလွန် အလျင်လိုနေခဲ့ကာ တစ်စက္ကန့်လေး အချိန်နှောင့်နှေးမိရုံဖြင့် သေဆုံးသွားနိုင်ကြောင်းညွှန်ပြနေသလိုပင်။
"ကောင်းပြီ... ကျွန်တော် ခင်ဗျားရဲ့ ဝိညာဉ်ကို သေချာပေါက် ကာကွယ်ပါ့မယ်..."
လင်ချန်သည် သေရေးရှင်ရေးဖြစ်ကြောင်း သိသဖြင့် အချိန်မဆွဲရဲတော့ပေ။ သူ၏ ဝံပုလွေခေါင်းပေါ်ရှိ ဆန်းကြယ်သော ယမမင်းလျှို့ဝှက်အမှတ်အသားများသည် ထပ်မံ လင်းလက်လာပြီးထူးခြားသော နေရာလွတ်တစ်ခုက သူ့ကို ခေါ်ယူနေသကဲ့သို့ ခံစားလိုက်ကာ သူ့ကို ဆွဲယူလာသည်။
အားကောင်းသော နေရာလွတ် တာအိုနိယာမ စွမ်းအားများသည် သူ့ကို လွှမ်းခြုံထားပြီး အဝေးသို့ခေါ်ဆောင်သွားရန် ပြင်ဆင်နေပြီဖြစ်သည်။
"ထွက်ပြေးချင်တယ်ပေါ့လေ..."
ကျုံးကျဲတစ်ကိုယ်လုံး ရွှေရောင်အလင်းများ လင်းလက်လာကာ သူ၏ခန္ဓာကိုယ်မှသူတော်စင်အဆင့်သတ်ဖြတ်ခြင်းစွမ်းအားများ ထွက်ပေါ်လာပြီး အရည်လုံးကြီးကို တိုက်ရိုက် ဖြိုခွင်းပစ်လိုက်သည်။
ထို့နောက် ကြယ်တာရာမြစ်ကို နင်းလျှောက်လျက် လင်ချန်၏ခေါင်းပေါ်သို့ ပေါ်လာကာလှံရှည်ဖြင့် ခုတ်ပိုင်းချလိုက်လျှင် ဟင်းလင်းပြင် ဆက်သွယ်မှု ပြတ်တောက်သွားပြီး ဆွဲယူနေသော စွမ်းအားသည် ချက်ချင်း အားပျော့သွားတော့သည်။
"ကောင်းကင်ဖြတ်တောက်ခြင်း နည်းစနစ်..."
အနက်ရောင်အရည်လုံး၏ အသံသည် ချက်ချင်း စူးရှသွား၏။ ကောင်းကင်ဖြတ်တောက်ခြင်း နည်းစနစ်သည် အလွန်အစွမ်းထက်သော နေရာလွတ်ပညာရပ်တစ်ခုဖြစ်၏။
ဟင်းလင်းပြင်လမ်းကြောင်းကို ဖြတ်တောက်နိုင်သလို နေရာလွတ်တစ်ခုကိုလည်း ပိတ်ဆို့ထားနိုင်ကာ နေရာလွတ်ပညာရပ်တွင် အလွန်ကျွမ်းကျင်သော သူတော်စင်မှလွဲ၍ မည်သူမျှ မတတ်မြောက်နိုင်ပေ။
"အမွေဆက်ခံသူ... ပြေးတော့..."
အနက်ရောင်အရည်လုံးထဲတွင် ကိန်းအောင်းနေသော အနူးဘစ်၏ စိတ်ဆန္ဒသည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။ နတ်ဘုရားတစ်ပါးအနေဖြင့် ကိုယ်ပွားတစ်ခုသာ ဖြစ်သည်ဆိုဦးတော့... ဤကဲ့သို့ မျိုးဆက်သစ်လူငယ်တစ်ဦးထံတွင် ရှုံးနိမ့်ရခြင်းသည် ကြီးမားသော အရှက်ရခြင်းပင်။
အရည်လုံးကိုယ်ပွားသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်၏။ သူ၏အရည်လုံးထဲတွင် ကျန်ရှိနေသော ယမမင်းစွမ်းအား၊ ဝိညာဉ်စွမ်းအင် ၊စိတ်အာရုံ အားလုံးကိုကျုံ့ဝင်စေလိုက်ပြီး အမှတ်စက်လေးတစ်ခုအဖြစ်သို့ပြောင်းလဲသွား၏။
ရှေးဟောင်းဟုန်ဟွမ်းခေတ်ဦးကာလက ကမ္ဘာတည်ဆောက်မည့် ကနဦးအမှတ်လေးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင်။ မည်သည့်အချိန်တွင်မဆို အဆုံးမဲ့ ကြီးမားသော စွမ်းအင်များ ပေါက်ကွဲထွက်လာတော့မည့်အလား ဖြစ်နေ၏။
ယင်းသည် ရှေးဟောင်းဟုန်ဟွမ်းခေတ် နတ်ဘုရားများ စစ်ခင်းကြသော အချိန်ကာလသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရစေသည်။ ထို့နောက် ထိုအစက်ကလေးသည် သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များအကန့်အသတ် ရောက်သည်အထိဖိသိပ်ခံထားရသဖြင့် အရှိန်ပြင်းစွာ ပေါက်ကွဲထွက်လာတော့သည်။
သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦး မိမိကိုယ်ကို ဖောက်ခွဲလိုက်လျှင် မည်မျှအထိ ပြင်းထန်မည်နည်း။
ဟင်းလင်းပြင် ကြယ်တာရာများကြားတွင်သာ ဆိုပါက ကြယ်တာရာစု အသေးစားတစ်ခုလုံးကို ပျက်စီးသွားစေရန်ပင် လုံလောက်ပေသည်။
ထိုပေါက်ကွဲမှုတိုင်းသည် ကပ်ဘေးကြီးတစ်ခုပင် ဖြစ်သည်။
မတော်တဆမှု မရှိပါက ထိုပေါက်ကွဲမှုအပြီးတွင် နန်ယန်စီရင်စု၏ တစ်စိတ်တစ်ပိုင်းသည် သေမင်းနယ်မြေအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ပထမဆုံး အလင်းစက်လေးတစ်ခု ထွက်ပေါ်လာကာ ထို့နောက် ထိုအလင်းစက်သည် လျင်မြန်စွာ ကြီးထွားလာပြီးခဏအတွင်းမှာပင် နေမင်းကိုပင်ဖုံးလွှမ်းသွားလေသည်။ သူတော်စင်အဆင့်စွမ်းအားများ ပေါက်ကွဲထွက်လာ၏။
ကောင်းကင်နှင့်မြေပြင်အကြားတွင် အသံမှန်သမျှ ဆိတ်သုဉ်းသွားရ၏။ ဘာမှ မကြားရ၊ မမြင်ရတော့ပေ။
ကြမ်းတမ်းသော စွမ်းအင်လှိုင်းများ ဖြာထွက်လာပြီး ကောင်းကင်ဖြတ်တောက်ခြင်း နည်းစနစ်၏ နေရာလွတ်ပိတ်ဆို့ထားမှုကို ဖြိုခွင်းပစ်လိုက်သည်။
ပေါက်ကွဲစွမ်းအင်များ လင်ချန်နှင့် မထိတွေ့မီမှာပင် သူသည် နေရာလွတ် တာအိုနိယာမ စွမ်းအားတစ်ခု၏ ဆွဲယူခြင်းကို ခံလိုက်ရပြီးခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။