အခန်း (၇၆)
Vol. 8 Ch. 76
တိုတမ်တိုင် ၈ တိုင်ပေါ်တွင် ယမမင်းမြွေ၊ ယမမင်းကြွက်၊ ယမမင်းနွား၊ ယမမင်းကင်းမြီးကောက်၊ ယမမင်းကုလားအုတ်၊ ယမမင်းသိန်းငှက်၊ ယမမင်းပုတ်သင်ညိုနှင့် ယမမင်းဝံပုလွေပုံများ အသီးသီးထွင်းထုထားပြီး ထိုယမမင်းသတ္တဝါများ၏ ပုံရိပ်ယောင်များကို ဖန်တီးထုတ်လွှတ်နေသည်မှာ အလွန်ပင် အသက်ဝင်လှသည်။
ဤယမမင်း သတ္တဝါများ၏ အရှိန်အဝါများ ပေါင်းစည်းပြီး အလယ်ရှိအကာအကွယ်ဒိုင်းကို စွမ်းအင်ထောက်ပံ့ပေးကာ ယမမင်းရှစ်ပါး ကာကွယ်ခြင်း မဟာအစီအရင်ကို ဖော်ဆောင်လိုက်သည်။
ထို့နောက် ယမမင်းသတ္တဝါပုံရိပ်ယောင်များသည် ပေတစ်ထောင်ခန့်ကြီးမားသော ခန္ဓာကိုယ်များအဖြစ် ပြောင်းလဲလိုက်ပြီး ဝိညာဉ်စွမ်းအင်များမှဖွဲ့စည်းထားသည့် ကျုံးရှန်၏ဧရာမ ခြေထောက်ကြီးဆီသို့ ပျံသန်းသွားကြတော့သည်။
လူမျိုးစုရွာ လေးအတွင်း၌ အချက်ပေးခေါင်းလောင်းသံများ မြည်ဟည်းသွားပြီး မရေမတွက်နိုင်သည့် ဟွမ်ရှားစစ်သည်များ ပြေးထွက်လာလေသည်။
"ဘယ်သူလဲကွ... ရှားထူလူမျိုးစုနယ်မြေမှာ လာရိုင်းစိုင်းရဲတာ..."
"သေချင်နေကြတာပဲ..."
ရှားထူလူမျိုးစုဆီသို့ လူသားများ ရောက်မလာသည်မှာ အလွန်ပင် ကြာမြင့်လှပြီဖြစ်သည်။ အရပ်မျက်နှာအသီးသီးမှ ဟွမ်ရှားလူမျိုးများ ပျံသန်းလာပြီးတံခါးပိတ်ကျင့်ကြံကာ အဆင့်တက်ရန် ကြိုးစားနေသော ဟွမ်ရှားကျွမ်းကျင်သူများပင် မျက်လုံးများဖွင့်ကြည့်ကာ မော့ကြည့်လာကြ၏။
ကျုံးရှန်၏ နတ်ဘုရားစိတ်အာရုံသည် ကောင်းကင်မျက်လုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေကြီးကိုဖြတ်သန်းကြည့်ရှုလိုက်၏။ ထို့နောက် ကျုံးရှန်၏ အာရုံသည် တိုတမ်တိုင် ၈ တိုင်ပေါ်တွင်ကျရောက်သွားပြီး
"ဒီတိုတမ်တိုင် ၈ တိုင်က နည်းနည်းတော့ စိတ်ဝင်စားစရာပဲ... နှမြောစရာကောင်းတာက အစီအရင်ကို ထိန်းချုပ်တဲ့ သူတွေရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းနိမ့်လွန်းနေတယ်..."
ကျုံးရှန် နင်းချလိုက်သော ဧရာမခြေထောက်ကြီးသည် အနည်းငယ်မျှပင် ရပ်တန့်သွားခြင်းမရှိဘဲ ယမမင်းသတ္တဝါ ၈ ကောင်စလုံးကို ဘောလုံးကန်သကဲ့သို့ ပြင်းထန်စွာ ကန်ထုတ်လိုက်လေသည်။
"ဘုန်း... ဘုန်း... ဘုန်း..."
ယမမင်းတိုတမ်သတ္တဝါကြီး ၈ ကောင်၏ ပုံရိပ်ယောင်များသည် ခုခံရန်ပင် အချိန်မရလိုက်ဘဲ ပေါက်ကွဲပျက်စီးသွားရာကောင်းကင်ယံတွင် အနက်ရောင်မြူခိုးများ ပေါက်ကွဲထွက်ပေါ်လာသည်။
ထို့နောက် ထိုအနက်ရောင်ယမမင်းစွမ်းအားများသည် တိုတမ်တိုင်များဆီသို့ ပြန်လည်ဝင်ရောက်သွားကြပြီး တိုတမ်တိုင်များ၏ အလင်းရောင်များ မှေးမှိန်လာကြကာ ဝိညာဉ်ပျောက်ဆုံးသွားသကဲ့သို့ ပြိုလဲကုန်ကြသည်။
ရှားထူလူမျိုးစု၏ မဟာအစီအရင်ကြီးကျိုးပျက်သွား၏။ လူမျိုးစုရွာအတွင်းရှိ ရွှေမျှော်စင်ငယ် လေးများထဲတွင် ထိုင်နေကြသော နိယာမနယ်ပယ် အဆင့် ၁၄ ယွမ်ရှန်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ဟွမ်ရှားကျွမ်းကျင်သူ ၈ ဦး သနားစဖွယ် အော်ဟစ်လိုက်ပြီးခန္ဓာကိုယ်များ ပေါက်ကွဲသွားကာ ဝိညာဉ်များပါ တစစီကြေမွပျက်စီးပြီး ပွဲချင်းပြီး သေဆုံးသွားကြသည်။ ကျုံးရှန်၏ သာမန်ကာလျှံကာ ခြေနင်းချက်တစ်ချက်၏စွမ်းအားသည် တိုတမ်တိုင်များကို ထိန်းချုပ်ထားသောမူလဇစ်မြစ်ဖြစ်သည့် ကျင့်ကြံသူ ၈ ဦးစလုံးကို တိုက်ရိုက်သတ်ဖြတ်ပစ်လိုက်ခြင်းဖြစ်၏။
ရန်သူကို တိုက်ခိုက်ရန် လေပေါ်သို့ ပျံတက်လာကြသော လူမျိုးစုစစ်သည်များ ကြောင်အမ်းသွားကြပြီး ရေခဲရေဖြင့် လောင်းချလိုက်သကဲ့သို့ ချက်ချင်း အေးစက်သွားကြ၏။
"မဟာပုရောဟိတ်ကြီး ပြောတော့ ဒီတိုတမ်အစီအရင်ကို အသက်သွင်းလိုက်ရင် ယမမင်းသတ္တဝါကြီး ၈ ကောင်ရဲ့ စွမ်းအားက အကန့်အသတ်မရှိဘူးဆို... အတိတ်ကို ပြောင်းပြန်လှန်နိုင်စွမ်းရှိတဲ့ လူသားကျွမ်းကျင်သူဆိုရင်တောင် ဖျက်ဆီးဖို့ ခက်ခဲတယ်ဆို..."
"ဘာလို့ ခြေနင်းချက်တစ်ချက်တည်းနဲ့ ချေမှုန်းခံလိုက်ရတာလဲ..."
ဟွမ်ရှားစစ်သည်တစ်ဦးက တံတွေးမျိုချလိုက်ပြီး ဘေးနားရှိ ယဇ်ပုရောဟိတ်တစ်ဦးကို တုန်တုန်ရီရီဖြင့် မေးလိုက်၏။ ထိုပုရောဟိတ်က ခေါင်းခါလိုက်ပြီး ကောင်းကင်ပေါ်ရှိ ပုံရိပ်နှစ်ခုကို စိုးရိမ်စိတ်အပြည့်ဖြင့်စိုက်ကြည့်လိုက်၏။
"ဒီရန်သူက ငါတို့တားနိုင်တဲ့သူမျိုးမဟုတ်ဘူး..... သွေးစွယ်ပုရောဟိတ်ကြီးကို သွား အကြောင်းကြားလိုက်ကြစို့..."
သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်သည် ယွမ်ရှန်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကိုပင် မရောက်သေးရာ ဝင်ရောက်တိုက်ခိုက်ရန်ကြိုးစားလျှင်တောင်မှ အမြောက်စာ ဖြစ်လာမည်ပေ။ ထိုခြေနင်းချက်အောက်တွင်သာ အလောင်းတောင် ရှာမရဘဲ သေဆုံးသွားပေလိမ့်မည်။
"ရွှစ်... ရွှစ်..."
သူတို့နှစ်ဦးသည် လျှပ်စီးများသဖွယ် ပျံသန်းသွားပြီး သွေးစွယ်ယဇ်ပုရောဟိတ် တံခါးပိတ်ကျင့်ကြံနေသော နေရာသို့ ပြေးသွားကြတော့သည်။ ထိုအချိန်တွင် ရှားထူလူမျိုးစုတစ်ခုလုံးရှိ ဟွမ်ရှားလူမျိုးများအားလုံး ကောင်းကင်ယံရှိ နတ်ဘုရားများသဖွယ် ဖြစ်နေသော လူသားနှစ်ယောက်ကို တုန်လှုပ် ခြောက်ခြားစွာကြည့်နေကြ၏။ ရှားထူလူမျိုးများအားလုံး စိုးရိမ်ထိတ်လန့်စွာဖြင့် မျိုးဖြုတ်သတ်ဖြတ်ခံရတော့မည့် ဘေးဆိုးကြီး ကျရောက်လာသကဲ့သို့ ခံစားနေကြရသည်။
--------------
"သွေးစွယ်ပုရောဟိတ်ကြီး... ရန်သူတွေ ရောက်နေပါပြီ... ရှားထူလူမျိုးစုကြီး ပျက်စီးတော့မယ့် အန္တရာယ်နဲ့ ကြုံနေရပါတယ်... ကျေးဇူးပြုပြီး ထွက်လာပြီးတော့ ရန်သူကို တိုက်ခိုက်ပေးပါတော့...."
ရှားထူမျိုးနွယ်စု အဓိကခန်းမဆောင်ကြီး၏ အပြင်ဘက်တွင်ဖြစ်၏။ ဟွမ်ရှားလူမျိုးအများအပြား ဒူးထောက်နေကြကာ သူတို့၏ အလေးမြတ်ထားအားကိုးရသော သွေးစွယ်ပရောဟိတ်ကြီးကို အော်ဟစ်အကူအညီတောင်းနေကြသည်။ ဤလူများသည် လူမျိုးစုတွင် ကျန်ရစ်ခဲ့သော စစ်သည်များနှင့် ယဇ်ပုရောဟိတ်များဖြစ်၏။
ကောင်းကင်ယံတွင် ရပ်နေသူများ၏ နတ်ဆိုးသဖွယ် ပုံရိပ်များသည် သူတို့ကို ကြောက်ရွံ့စေ၏။ တစ်ဖက်လူသည် ချေတစ်ချက်နင်းလိုက်သည်နှင့် ယမမင်းရှစ်ပါး ကာကွယ်ခြင်း မဟာအစီအရင်ကို ဖျက်ဆီးပစ်ရာ ကျင့်ကြံခြင်းနယ်ပယ် အလွန်မြင့်မားမည်မှာ သေချာလှသည်။ လူမျိုးစုအတွင်းရှိ လက်ရွေးစင်ခေါင်းဆောင်များ၊ မဟာပုရောဟိတ်များသည် ရှေ့တန်းစစ်မျက်နှာပြင်သို့ လိုက်ပါသွားကြပြီး လူသားနယ်မြေများကို တိုက်ခိုက်နေသည်ဖြစ်ရာ အားကိုးစရာဟူ၍ တံခါးပိတ်ကျင့်ကြံနေသော သွေးစွယ်ပုရောဟိတ်ကြီး တစ်ဦးသာ ရှိတော့သည်။
သူတို့၏အော်ဟစ်အကူအညီတောင်းသံများ အဆုံးတွင် ခန်းမဆောင်ထဲမှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် နတ်ဘုရားစိတ်အာရုံတစ်ခုပျံ့လွှင့်လာပြီး ကောင်းကင်မျက်လုံးအဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့်မြေပြင်ကိုအကဲဖြတ်လိုက်၏။
ရှည်လျားသောဆံပင်ရှည်များဖြင့် သားရဲအစွယ်များကိုလည်ဆွဲလုပ်ကာ ဆွဲထားသည့် ပုရောဟိတ်အိုကြီးတစ်ဦးဖြစ်သည်။ ထိုသူသည်ကား သွေးစွယ်ပုရောဟိတ်ကြီးဖြစ်၏။
"ကောင်းကင်နဲ့မြေကြီးကို သိမြင်ခြင်းအဆင့်လား..."
"သွေးစွယ်ပုရောဟိတ်ကြီးက အဆင့်တက်သွားပြီပဲ..."
ရှားထူလူမျိုးနွယ်စုဝင်များ ဝမ်းသာအားရ ဖြစ်သွားကြပြီး ဂုဏ်ပြုစကားဆိုရန် ပြင်လိုက်ကြစဉ်မှာပင် သူတို့၏ ခေါင်းမှ ခြေဖျားအထိ အေးစက်သွားစေမည့် မြင်ကွင်းတစ်ခုကိုမြင်လိုက်ရ၏။ ကောင်းကင်ယံမှ လူငယ်သည် ခြေထောက်ကို မြှောက်လိုက်ပြီး သွေးစွယ်ပုရောဟိတ်ကြီးကို ချိန်ရွယ်ကာ နင်းချလိုက်သည်။
"ဘုန်း..."
သွေးစွယ်ပုရောဟိတ်သည် အဆင့်တက်လာသည့် စွမ်းအားကိုပင် ကောင်းကောင်း မခံစားလိုက်ရသေးပဲ ကြီးမားသော စွမ်းအားတစ်ခု၏ ဖိနှိပ်မှုကို ခံလိုက်ရကာ ထိုသူ၏ ခြေနင်းချက် အောက်တွင် ပိုးကောင်တစ်ကောင်ကဲ့သို့ အသတ်ခံလိုက်ရ၏။ အသွေးအသားများတစစီဖြစ်သွားပြီး သူ၏နတ်ဘုရားစိတ်အာရုံတစ်စွန်းတစ်စပင်မကျန်ရစ်ခဲ့ပေ။
"သွေး... သွေးစွယ်ပုရောဟိတ်ကြီး..."
"တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရပြီ..."
မည်သူမှန်းမသိသော လူတစ်ယောက်က ကြောင်အမ်းအမ်းဖြင့် ရေရွတ်လိုက်မိသည်။
--------------
ကျုံးရှန်သည် အပေါ်စီးမှနေ၍ ရှားထူလူမျိုးစုရွာတစ်ခုလုံးကို ငုံ့ကြည့်လိုက်သည်။ သူ ထိုသွေးစွယ်ပုရောဟိတ်ကို သတ်ဖြတ်လိုက်ပြီးနောက် လူမျိုးစုတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားကာ ဝရုန်းသုံးကားဖြင့် ထွက်ပြေးရန် ပြင်ဆင်နေကြ၏။
"ထွက်ပြေးချင်တာလား... မလွယ်ဘူးလေ..."
ကျုံးရှန်၏ အပြုံးသည် နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ပင်။
ထို့နောက်သူ၏လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး အောက်သို့ ဖိချလိုက်လျှင် မိုင်တစ်သောင်းပတ်လည်ကို လွှမ်းခြုံနိုင်သော အပြာရောင်အတားအဆီးတစ်ခု ပေါ်လာပြီး ရှားထူလူမျိုးစုရွာတစ်ခုလုံးနှင့် ပေတစ်သိန်းအမြင့်ရှိ ရွှေမျှော်စင်ဘုရားကျောင်းပါမကျန် ဖုံးအုပ်သွားလေသည်။
အပြာရောင်အတားအဆီးကို ထိမိသော ဟွမ်ရှားလူမျိုးများသည် အရည်ပျော်သွားပြီး အပြာရောင်အရည်များအဖြစ် ပြောင်းလဲကာ အကာအကွယ်အလွှာထဲသို့ ပေါင်းစပ်သွားကြသည်။
ငရဲစမ်းရေပေါင်းစည်းခြင်း အတားအဆီးထဲတွင် ရှားထူလူမျိုးစုဝင်အားလုံး ပိတ်မိသွားကြ၏။ ဟင်းလင်းပြင်ဖောက်ထွင်းခြင်း အဆောင်လက်ဖွဲ့ သို့မဟုတ် တည်နေရာကူးပြောင်းခြင်း အစီအရင်ကဲ့သို့သော နေရာလွတ်အသုံးအဆောင်ပစ္စည်းများအားလုံးပင် အသုံးမဝင်တော့ပေ။
"သောက်ကျိုးနည်း လူသားတွေ... ငါတို့ ရှားထူလူမျိုးစုရဲ့ နောက်ကွယ်မှာ သဲကန္တာရ အလယ်ဗဟိုက နတ်ဘုရားသားတော် ရှိတယ်ကွ... မင်းတို့ ဒီလို လာရမ်းကားရဲတယ်ပေါ့လေ... မင်းတို့ရဲ့ ဝိညာဉ်တွေကို ဖျက်ဆီးပစ်မယ်ကွ..."
"ငါတို့ ရှားထူမျိုးနွယ်စုမှာ နတ်ဘုရားသားတော် ရှိတယ်..."
ကျုံးရှန်သည် သူတို့၏ စကားများကို နားထောင်ချင်စိတ်ပင်မရှိပေ။ များပြားလှသော ဝိညာဉ်စွမ်းအင်များ အပြာရောင်အတားအဆီးအတွင်းသို့ ဝင်ရောက်သွားပြီးရှားထူမျိုးနွယ်စုဝင်များ၏ ကိုယ်ပေါ်တွင် အနီရောင်အလင်းတန်းများ လင်းလက်လာသည်။
ထို့နောက် သူ၏လက်တစ်ဖက်ကို မြှောက်လိုက်လျှင် ဆူညံစွာ အော်ဟစ်နေကြသော ဟွမ်ရှားလူမျိုးအချို့ လေပေါ်သို့ မြောက်တက်လာသည်။
"စီနီယာလူသားကျွမ်းကျင်သူကြီး... အသက်ချမ်းသာပေးပါ..."
အခုလေးတွင် အော်ဟစ်ဆဲဆို နေကြသူများအားလုံး တောင်းပန်အသနားခံကုန်ကြ၏။
"လူသားတွေကို သတ်ဖြတ်ပြီး ကျွန်ပြုတုန်းကကျတော့ နည်းနည်းမှ ငဲ့ညာမှုမရှိခဲ့ဘဲနဲ့ မင်းတို့အလှည့်ကျမှ အသက်ချမ်းသာပေးဖို့တောင်းဆိုနေတာလား..."
"သေလိုက်ကြတော့..."
ကျုံးရှန်သည် ထိုထိုသူများ၏အသနားခံမှုကို လုံးဝ ဂရုမစိုက်ဘဲ လက်သီးဆုပ်လိုက်လျှင် ကောင်းကင်ယံ၌ သွေးရောင်မီးပန်းများ ဖောက်လိုက်သကဲ့သို့ ထိုဟွမ်ရှားလူမျိုးများပေါက်ကွဲသေဆုံးသွားသည်။
ထို့နောက်အောက်ဘက်ရှိ လူမျိုးစုမှ ဟွမ်ရှားလူများကို လက်ညှိုးထိုးပြပြီး ဘေးနားရှိ ကျုံးကျဲကို ပြောလိုက်သည်။
"ကျုံးကျဲ...ကျန်နေတဲ့ဟွမ်ရှားမိစ္ဆာကောင်တွေကို မင်း ရှင်းလိုက်တော့..."