အခန်း (၇၇)
Vol. 8 Ch. 77
"အမိန့်တော်အတိုင်းပါ ဘိုးဘေး..."
ကျုံးကျဲ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီး ဟွမ်ရှားလူမျိုး တွေအပေါ်သနားစိတ်အနည်းငယ်မျှပင်မဖြစ်ပေါ်မိပေ။
သူ့ခေါင်းထဲတွင် ဟွမ်ရှားလူမျိုးများ ကျူးလွန်ထားခဲ့သော အပြစ်များကိုသာ မြင်ယောင်နေမိ၏။ ကျုံးရှန် ခေါင်းညိတ်လိုက်ပြီး လေထဲတွင် တင်ပျဉ်ခွေထိုင်လိုက်ကာ ပေတစ်သိန်းအမြင့်ရှိ ရွှေမျှော်စင်ဘုရားကျောင်းကို လှမ်းကြည့်လိုက်သည်။ လူမျိုးခြားစစ်ပွဲများတွင် မည်သည့်ဘက်ကမှ မှားသည်မှန်သည်ဟူ၍ မရှိပေ။
ခေတ်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ဤသွေးစွန်းတိုက်ပွဲဟောင်းသည် ရန်ငြိုးအဟောင်း အသစ်ထပ်ကာထပ်ကာဖြင့် တစ်ဖက်ဖက်ကအကုန်သေဆုံးသွားမှသာ ကျေငြိမ်းမယ့်အခြေအနေသို့ရောက်လာသည်။
ကျုံးကျဲ လက်ကို ဝှေ့ယမ်းလိုက်လျှင် မရေမတွက်နိုင်သော စစ်ဘုရင်လှံရှည်ကိုယ်ပွားများ ထွက်ပေါ်လာပြီး သူ့ပတ်ပတ်လည်တွင် ဝိုင်းရံလိုက်သည်မှာ လှံသွားများဖြင့် ပြုလုပ်ထားသော ဖြူကောင်တစ်ကောင်ကဲ့သို့ပင်ဖြစ်၏။
ထို့နောက် လေကိုခွင်းကာ ရှားထူမျိုးနွယ်စုများအတွင်းသို့ ဦးတည်ဖြတ်သန်းသွားလျှင်လက်ထဲရှိ စစ်ဘုရင်လှံရှည်သည် အဆက်မပြတ် ဝှေ့ယမ်းသွားသည်။ များပြားလှသော စစ်ဘုရင်လှံရှည်ကိုယ်ပွားပုံရိပ်များသည် ဖြတ်သန်းသွားရာလမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဝါးမြိုဖျက်ဆီးပစ်ရာ ဟွမ်ရှားလူမျိုးများမှာ ပြန်လည်တိုက်ခိုက်ရန်ပင် အခွင့်အရေး မရလိုက်ပေ။
သူဖြတ်သန်းသွားရာ မီတာတစ်ထောင်ပတ်လည်အတွင်းရှိ ရှားထူမျိုးနွယ်ဝင်များအပါအဝင် အဆောက်အဦးများပါမကျန် မရေမတွက်နိုင်သောလှံသွားများ၏ အောက်တွင် အမှုန်ဖြစ်ကုန်ပြီး အပျက်အစီးများနှင့် သွေးစက်များသာ ကျန်ထားရစ်ခဲ့သည်။
--------------
တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာပြီးနောက်။
ကျုံးကျဲသည် စစ်ဘုရင်လှံရှည် ကိုယ်ပွားများနှင့်အတူ နောက်ဆုံးကျန်ရစ်သော အဆောက်အဦးကို ဖြတ်ကျော်သွားလိုက်လျှင်မြေအောက်တွင် ပုန်းအောင်းနေသော ရှားထူလူမျိုးစု၏ နောက်ဆုံးကျန်ရစ်သူများအားလုံး အမှုန့်ဖြစ်သွားလေသည်။
နေရာတိုင်းတွင် သဲမှုန်များ၊ သွေးစက်များဖြင့် အလောင်းပေါင်း သိန်းချီသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေ၏။
သို့သော်ကျုံးကျဲ၏ ဝတ်ရုံတွင်မူ သွေးတစ်စက်မျှပင် စွန်းထင်းခြင်း မရှိဘဲ ရွှေရောင်ဖျော့ဖျော့နတ်ဘုရားအလင်းတန်းများဖြင့်တောက်ပနေကာ အရပ်ရှစ်မျက်နှာမှ သတ်ဖြတ်ခြင်းစွမ်းအားများသည် ပင်လယ်ထဲစီးဝင်သည့် မြစ်ရေများကဲ့သို့ သူ၏ခန္ဓာအတွင်းသို့စီးဝင်လာလေသည်။
ကျုံးကျဲသည်တစ်ကိုယ်လုံးတွင် စစ်ဘုရင် အရှိန်အဝါများ လွှမ်းခြုံနေပြီး မြင့်မြတ် သောနတ်ဘုရားတစ်ပါးကဲ့သို့ပင်ဖြစ်နေသည်။
"စစ်ဘုရင်ဆိုတာ ဒီလိုဖြစ်ရမှာ... ပြတ်သားရမယ်... ရန်ကြွေးရှိရင် ဆပ်ရမယ်..."
ရှားထူမျိုးနွယ်စုတစ်ခုလုံးရှိ လူများအားလုံးကို သတ်ဖြတ်ပြီးနောက် သူ့စိတ်ထဲတွင် သတ်ဖြတ်ခြင်း အနှစ်သာရဖြစ်သည့် ကျေနပ်အားရမှုနှင့် လွတ်လပ်မှုတို့၏ ဉာဏ်အလင်းအနည်းငယ် ရရှိလိုက်၏။ ကျုံးရှန်သည် မည့်သည့်အချိန်ကတည်းမှန်းမသိ ကျန်းကျဲ၏နောက်တွင်ရပ်နေ၏။
"ကောင်းတယ်... ကျုံးကျဲ..."
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အနောက်ဘက် ချူစစ်ဘုရင် လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်က အထွတ်အထိပ် သတ်ဖြတ်ခြင်းလမ်းစဉ်ပဲ... သူတစ်ယောက်တည်းအင်အားနဲ့ ကောင်းကင်သားတော်ဖြစ်တဲ့ ဧကရာဇ်ကိုတောင် ဖြုတ်ချဖို့ ကြိုးစားခဲ့တာ..."
"အခု မင်းလည်း သတ်ဖြတ်ခြင်းလမ်းစဉ် ပေါ်စတင်လျှောက်လမ်းနေပြီဆိုတော့... မဝေးတော့တဲ့အနာဂတ်မှာ ချူစစ်ဘုရင် ချန်ထားရစ်တဲ့ ဘဏ္ဍာတိုက်ကိုရပြီး အထွတ်အထိပ်သူတော်စင် ဖြစ်လာဖို့ မင်းမှာ အခွင့်အရေးရှိ ရှိလာပြီ..."
"သွားကြစို့... မင်းရဲ့ ရန်သူ လင်ချန်က အခုလောက်ဆို အဆင်သင့်ဖြစ်နေလောက်ပြီ..."
ကျုံးရှန်သည် အတွေးနက်နေသော ကျုံးကျဲကို သူ၏ဝိညာဉ်စွမ်းအင်ဖြင့် ရစ်ပတ်လိုက်ပြီး လက်တစ်ကမ်းကမ္ဘာ နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်လျှင် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ရွှေမျှော်စင်ဘုရားကျောင်း၏ ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။
ပေတစ်သိန်းအမြင့်ရှိ ရွှေမျှော်စင်ဘုရားကျောင်း၏ အနက်ရှိုင်းဆုံးနေရာ ၊ ဤနေရာတွင်လူသားအရိုးစုများ၊ ထူးဆန်းသော လူမျိုးခြားအရိုးစုများ၊ မိစ္ဆာသားရဲအရိုးစုများ စသဖြင့် မျိုးနွယ်စုအသီးသီး၏ အရိုးစုများဖြင့် ဖုံးလွှမ်းနေပြီး အရိုးစုများ၏ မျက်နှာပြင်သည် ကျောက်စိမ်းကဲ့သို့ ချောမွေ့ တောက်ပြောင်နေသည်။
ဤသည်က ထိုအရိုးစုများ၏ပိုင်ရှင်များသည် မသေခင်တွင် အစွမ်းထက်သော ကျင့်ကြံသူများ ဖြစ်ခဲ့ကြောင်း သက်သေပင်ဖြစ်၏။ ယမမင်းစွမ်းအားများသည် အနက်ရောင်ချွဲပျစ်သော အရည်များအဖြစ် ပြောင်းလဲသွားကာ ထိုအရိုးစုများကို ဖုံးအုပ်ထားလေသည်။
အရိုးစုများ၏အလယ်ဗဟိုတွင် ထူးဆန်းသော သင်္ကေတများ ထွင်းထုထားသည့် စက်ဝိုင်းပုံ ယဇ်ပလ္လင်တစ်ခု ရှိနေပြီး လင်ချန်သည် မျက်လုံးများကို တင်းတင်းမှိတ်ထားကာ ထိုယဇ်ပလ္လင်ပေါ်တွင် ရပ်နေသည်။
သူ၏ ဝိညာဉ်ခန္ဓာကိုယ်သည် မှေးမှိန်နေသော်လည်း အပြည့်အဝပြန်လည်ကောင်းမွန်နေခဲ့ပြီးဖြစ်သည်။ အကယ်၍သာ အနူးဘစ်၏ ကိုယ်ပွားက ကိုယ့်ကိုယ်ကိုယ် မဖောက်ခွဲခဲ့လျှင် ယခုအချိန်တွင် သူသည် ကောင်းကင်နှင့်မြေကြီးကြားရှိ ဖုန်မှုန့်လေးတစ်ခု ဖြစ်နေလောက်ပြီဖြစ်လေ၏။
တစ်ဖက်လူက မယုံနိုင်လောက်အောင် စွမ်းအားကြီးလွန်းလှသည်။ ယခုချိန်ပြန်သွားလျှင်ပင် တစ်ဖက်လူကို နိုင်အောင်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။ ထိုအကြောင်းကို တွေးမိသောအခါ လင်ချန်သည် ဆုံးဖြတ်ချက်တစ်ခု ကိုချလိုက်လေသည်။
"ဒီအခြေအနေရောက်မှတော့... ရှေးဟောင်းဟွမ်ရှား ယဇ်ပူဇော်ခြင်း နည်းစနစ်ကို သုံးရတော့မှာပဲ..."
"နှစ်ရှည်လများ အိပ်ပျော်နေတဲ့ စဖင့် ယမမင်းသတ္တဝါကြီးကို နှိုးရတော့မယ်..."
"သူသာ ထွက်လာရင် ကျုံးကျဲ သေချာပေါက် သေရလိမ့်မယ်..."
ထို့နောက် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်ကာ ကောင်းကင်နှင့် မြေပြင်၏ချီးမြှောက်ခြင်း ခံထားရသော သူ့ဝိညာဉ်၏ သုံးပုံတစ်ပုံကို ယဇ်ပလ္လင်ထဲသို့ စတေးလိုက်သည်။
ဝိညာဉ်ကို စတေးခြင်းသည် ကြီးမားသောတန်ပြန်သက်ရောက်မှုရှိသည်။ မူလဝိညာဉ်အနှစ်သာရကို ထိခိုက်စေရုံသာမက နတ်ဘုရားစိတ်အာရုံနှင့်သက်ဆိုင်သည့် ဉာဏ်အလင်းပွင့်ခြင်းများအပေါ် တွင်ပါသက်ရောက်မှု ရှိလာနိုင်၏။ သို့သော်ယခုအချိန်တွင် လင်ချန်အတွက် မည်သည့်အရာများကို ဂရုမစိုက်နိုင်တော့ပေ။
ယဇ်ပလ္လင်သည် လင်ချန်၏ဝိညာဉ်ကို စုပ်ယူပြီးနောက် ရုတ်တရက် လင်းလက်လာ၏။ မျက်စိကျိန်းမတတ်ပူပြင်းသော အလင်းတန်းတစ်ခုသည် ယဇ်ပလ္လင်မှ ထိုးထွက်လာကာ မျှော်စင်ထိပ်နှင့် အတားအဆီးကို ဖောက်ထွက်လာပြီး ကောင်းကင်ယံရှိ နေမင်းကြီးဆီသို့ ဦးတည်သွား၏။
ထို့နောက် နေမင်း၏ စွမ်းအားကို တိုက်ရိုက်ပင်ဆွဲယူလိုက်သည်။ နေ၏စွမ်းအားကား အလွန် ပူပြင်းလှ၏။
နေမင်း၏စွမ်းအင်သည် ယမမင်းစွမ်းအားနှင့် မတူညီသော အစွမ်းထက် စွမ်းအားတစ်မျိုးဖြစ်၏။ ဟင်းလင်းပြင်သည်ပင် ကြောက်မက်ဖွယ်အပူချိန်အောက်၌ ထောပတ်ကဲ့သို့ ပျော့ပျောင်းလာကာ အရည်ပျော်ကျမတတ် ဖြစ်လာရ၏။ လင်ချန်လည်း အလျင်အမြန်နောက်ဆုတ်လိုက်ပြီး သေမင်းကောင်းကင်ဘုရင် သံချပ်ကာကိုအသက်သွင်းလိုက်ကာ အပူဒဏ်ကို ခုခံလိုက်ရသည်။
ပြင်းထန်သော အပူချိန်ကြောင့် ပတ်ဝန်းကျင်ရှိအရိုးစုများပင် စတင် အရည်ပျော်ကျလာလေသည်။ မျှော်စင်ထိပ်သို့ ရောက်သည်နှင့် ကျုံးရှန်နှင့် ကျုံးကျဲတို့သည် ယဇ်ပလ္လင်မှ နေမင်းစွမ်းအားကို ဆွဲယူနေသော မြင်ကွင်းကို မြင်လိုက်ရသည်။
"အဲ့လောက်တောင် ကြောက်နေတာလား..."
"ယဇ်ပူဇော်တဲ့ လှည့်ကွက်တွေတောင် ထုတ်သုံးလာပြီဆိုတော့..."
ကျုံးရှန်၏ ခန္ဓာကိုယ်သည် အနည်းငယ်မှေးမှိန်လာ၏။
"ဘိုးဘေး... ဘိုးဘေးရဲ့ ခန္ဓာကိုယ်က..."
ကျုံးကျဲသည်လည်း ထိုအခြေအနေကို သတိပြုမိသည်သာ။ ကျုံးရှန် ပြုံးလိုက်ပြီး သူ့ကျောကို ဖွဖွလေး ပုတ်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး... ဒီခန္ဓာကိုယ်က ကိုယ်ပွားတစ်ခုပဲလေ... စွမ်းအား နည်းနည်းကုန်သွားပေမယ့် ခရီးတစ်ခုထွက်ဖို့လောက်တော့ လုံလောက်ပါသေးတယ်..."
"မင်းအတွက် ဝိညာဉ်မြင့်မြတ်ခန္ဓာရဲ့ မူလအနှစ်သာရကို ယူပေးပြီးရင် တောင်ဘက်နန်တျန်ဧကရာဇ်မြို့တော်ကို သွားကြမယ်..."
"ပြီးရင်တော့ မင်း မြင့်မြတ်နယ်မြေကို ပြန်ရမယ်... ကျူးကျီရဲ့ စွမ်းအားတွေမရှိတော့ရင်တောင် မင်းရခဲ့တဲ့သူတော်စင်အဆင့်တစ်ယောက်ရဲ့ အတွေ့အကြုံတွေက မင်းရဲ့ ကျင့်စဥ်တိုးတက်ဖို့ အထောက်အကူပြုပါလိမ့်မယ်..."
ထိုစကားကို ကြားသောအခါ ကျုံးကျဲတစ်ယောက်အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ ဤမျှလောက်ကြီးမားတဲ့ စွမ်းအားတွေထုတ်နိုင်သည့် ခန္ဓာကိုယ်က... ဘိုးဘေးရဲ့ကိုယ်ပွားသာဖြစ်သည်လေ...။
စစ်ဘုရင်ခန္ဓာကသာ ဝိညာဉ်မြင့်မြတ်ခန္ဓာရဲ့ မူလအနှစ်သာရကို ဝါးမြိုပြီး မြင့်မြတ်ခန္ဓာကိုယ်နှစ်ခု ပေါင်းစပ်လိုက်လျှင် ဘယ်လို ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ သူတော်စင်ခန္ဓာမျိုး ဖြစ်လာမည်နည်း။ သေချာပေါက် အံ့ဖွယ်ကောင်းတဲ့ခန္ဓာကိုယ်မျိုးထွက်ပေါ်လာမှာပင်။ သမိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ သူတော်စင်ခန္ဓာကိုယ်တစ်ခုကို ကျုံးကျဲ ပိုင်ဆိုင်နိုင်လာလိမ့်ပေမည်။
ကျုံးကျဲတစ်ယောက် အလျင်အမြန်ပင် လေထဲ၌ ဒူးထောက်ချလိုက်သည်။
"ဘိုးဘေး...ကျုံးကျဲအပေါ် ဘိုးဘေးရဲ့ ကျေးဇူးတရားတွေက အသက်နဲ့လဲပြီး ဆပ်တောင် မကျေနိုင်ပါဘူး... အခုလို ကြီးမားတဲ့ အခွင့်အရေးမျိုးဆိုရင်တော့ ပိုပြီးတောင် တန်ဖိုးကြီးလှလွန်းပါတယ်...ကျုံးကျဲ လုံးဝ လက်မခံရဲပါဘူး....ဘိုးဘေးခွင့်လွှတ်ပါ..."
ကျုံးရှန် ပြုံးလိုက်ပြီး သူ့ကို ဆွဲထူလိုက်သည်။
"ငါ ပြောတဲ့ စကားက ကလေးကစားစရာလို့ထင်နေတာလား..."
"မင်းရဲ့ ညီမဝမ်းကွဲ ယွဲ့အာတောင်မှ သူတော်စင်တာအိုအရိုးနဲ့ တာအိုဧကရာဇ်ရဲ့ အမွေအနှစ်ကို ရထားပြီးပြီပဲ..."
"မင်းကိုလည်း ငါ ညီတူမျှတူ ဆက်ဆံရမှာပေါ့..."
"ငါ...ဘိုးဘေးက မိန်းကလေးကို ဦးစားပေးပြီး ယောကျာ်းလေးကို နှိမ့်ချတတ်တဲ့သူမျိုး မဟုတ်ဘူး..."
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ရွှေမျှော်စင်ဘုရားကျောင်းကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။
နေမင်းစွမ်းအား ဆွဲယူခြင်း လုပ်ငန်းစဉ်မှာပြီးဆုံးခါနီးပြီဖြစ်ကာ အလင်းတန်းကြီးသည် ရုတ်တရက် ဆယ်ဆခန့် ပိုမို ကြီးမားလာသည်။
ထိုပြင်းထန်လွန်းသည့် အပူရှိန်ကြောင့် ငရဲစမ်းရေပေါင်းစည်းခြင်း အတားအဆီးသည်လည်း လုံးဝပျက်စီးသွားပြီး အလွန်ပြင်းထန်သောစွမ်းအားများ ရွှေမျှော်စင်အတွင်း ပျံ့နှံ့သွားကာ ပူပြင်းသော အလင်းတန်းများဖြင့် ဖြာထွက်သွားသည်။
ပေတစ်သိန်းအမြင့်ရှိ ရွှေမျှော်စင်ဘုရားကျောင်းကြီး ဖျက်ဆီးခံလိုက်ရကာ ကောင်းကင်နှင့်မြေပြင်ကြားတွင် အလင်းများဖြင့်တောက်ပသွား၏။
ထိုအလင်းရောင်များ ပျောက်ကွယ်သွားသောအခါ ပေတစ်သောင်းခန့် ကြီးမားသော လူခေါင်းခြင်္သေ့ကိုယ်ရှိသည့် စဖင့် သတ္တဝါကြီးတစ်ကောင်သည် မြေပြင်ပေါ်တွင် ဝပ်လျက်သားပေါ်လာပြီး လင်ချန်သည် ထိုသတ္တဝါကြီး၏ ခြေထောက်နားတွင် ရပ်နေလေသည်။ လင်ချန်သည် သတ္တဝါကြီး၏ ဘေးတွင်ရပ်နေသည်မှာ ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ပင် သေးငယ်လွန်းလှသည်။
စဖင့်ကြီးသည် ကျုံးရှန်နှင့် ကျုံးကျဲကို အလောင်းနှစ်လောင်းကိုကြည့်သကဲ့သို့ မည်သည့် ခံစားချက်မျှ မပါဘဲအေးစက်သော အကြည့်များဖြင့် ကြည့်နေလေ၏။