← Chapters

အခန်း (၃၁၂)

Vol. 21 Ch. 312

အခန်း (၃၁၂)

Vol. 21 Ch. 312

ရှောင်းကောက ထွက်ခွာသွားတဲ့ သူတို့နှစ်ဦးကို တွန့်ဆုတ်စွာကြည့်နေမိသည်။ သူမ သက်ပြင်းချကာ တစ်ယောက်တည်း ခြံဝင်းဆီသို့ ပြန်သွားခဲ့သည်။ ထူးထူးခြားခြား တိတ်ဆိတ်နေသော ခြံဝင်းကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။ အိမ်ထဲမှာ တစ်ယောက်တည်း ထပ်နေရပြန်ဦးမည်။

သူမ လှည့်ပြီး တံခါးပိတ်ခါနီးမှာ ရုတ်တရက် ရပ်သွားပြီး မျက်လုံးပြူးသွားသည်။ အရမ်းအရေးကြီးတဲ့ဟာကို သူမ မေ့နေတာလား!

ကျန်းတန်းဟယ် လှည့်ကြည့်ပြီး ရင်ဘတ်ကိုပုတ်ကာ ပြုံးပြလိုက်သော ပုံရိပ်က သူမ၏ စိတ်ထဲတွင် ပေါ်လာသည်။

"စာချုပ်?!"

!!

နောက်တစ်နေ့တွင် ကျန်းတန်းဟယ်က နောက်တစ်ကြိမ်သူပြန်လာရင် သူနှင့် ကလေးယူမည်ဟု ကတိပေးထားသည့် စာချုပ်ကို လက်မှတ်ထိုးရန် သူမအား လှည့်စားခဲ့သည်။ သူမ ပြန်မယူထားရသေးဘူး!

ရှောင်းကော စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကုတ်လိုက်သည်။ လွန်ခဲ့သည့်အခိုက်အတန့်က သူမ၏နက်မှောင်ချောမွတ်နေသည့် သူမ၏ဆံပင်က ရှုပ်ပွသွားခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း ကျွမ်းကျွမ်းနှင့် ကျန်းတန်းဟယ်တို့ ပြဿနာများစွာရှာခဲ့သောကြောင့် သူမ စာချုပ်ကို ခိုးယူရန် မေ့သွားခဲ့သည်။ ဒါက တကယ်ကို ဒေါသဖြစ်စရာပင်။

ရှောင်းကော ဘယ်လောက်ပဲ စိတ်ပျက်နေပါစေ ကျန်းတန်းဟယ်ကတော့ လန်းဆန်းနေသည်။ ကျွမ်းကျွမ်းကို ဆရာခုံး၏အိမ်မှာထားခဲ့ပြီးနောက် သူ အရှိန်ပြင်းပြင်းနှင့် ခရီးဆက်ခဲ့သည်။

လမ်းတစ်လျှောက်မှာ သူ ပြုံးနေတာမရပ်ခဲ့ချေ။ သူ့ရင်ခွင်ထဲက စာချုပ်ကို ညင်သာစွာ ပွတ်သပ်ကာ နောက်တစ်ကြိမ် အိမ်ပြန်လာဖို့အတွက် မျှော်လင့်နေသည်။

ကျန်းတန်းဟယ် သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူ ကိစ္စပြီးသွားတဲ့အခါ သူ့မိသားစုဆီ အလည်သွားဖို့ သူ့မွေးရပ်မြေကို ချက်ချင်းပြန်ဖို့ ခွင့်လျှောက်ထားမည်။

—-

ဒီအချိန်မှာ ရာသီဥတုက လုံးဝတည်ငြိမ်သွားပြီ။ အပူနှင့်အအေးကြားတွင် အပြောင်းအလဲ ရပ်တန့်သွားသည်။ နွေဦးသည် နွေရာသီသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။

ပြတင်းပေါက်အပြင်ဘက်တွင် ဥသြငှက်ကလေးတွေ တစစ အော်နေကြသည်။ ရှောင်းကော အတွက်တော့ ပုစဉ်းရင်ကွဲနှင့် ဥသြသံများက နွေဦးရာသီကို ကိုယ်စားပြုသည်။

မင်မွန်ပွင့်ရွာသည် တောင်တွေ၊ ပင်လယ်တွေနဲ့ နီးသောကြောင့် အပူချိန်မြင့်သော်လည်း ပူလွန်းသည်ဟု မခံစားရပေ။

ဒီနေ့မှာတော့ ရှောင်းကောက နောက်ဆုံးတွင် တံခါးနှင့် ပြတင်းပေါက်များမှ ကန့်လန့်ကာများကို ဖယ်လိုက်သည်။ သူမသည် ၎င်းတို့ကို ဖယ်ရှားရန် ပြောထားပြီးသားဖြစ်သော်လည်း သူမ အချိန်ဆွဲနေခဲ့သည်။ ကျွမ်းကျွမ်းကို သူမပြန်ခေါ်လာသည်နှင့် အိမ်ပြန်ရောက်သောအခါ ပထမဆုံးလုပ်ခဲ့သည့်အရာမှာ ထူထဲသောကန့်လန့်ကာများကို ဖယ်ရှားခြင်းပင်ဖြစ်သည်။

"မေမေ၊ အဲဒါကို ဘယ်မှာထားရမှာလဲ"

ကျွမ်းကျွမ်းက ကန့်လန့်ကာအထူတွေကို တရွတ်တိုက်ဆွဲပြီး ကောက်ကိုင်ဖို့ ကြိုးစားနေသည်။

ရှောင်းကော သူ့ထံမှ အမြန်ယူလိုက်သည်။ "အဲ့တာတွေကို ကြိုးနဲ့ဆွဲပြီး နေပူလှန်းပြီးမှ သိမ်းမှာ"

ဒီနေ့ နေရောင်ခြည် လုံလုံလောက်လောက် ရှိတာကို အခွင့်ကောင်းယူပြီး ကန့်လန့်ကာတွေကို နေရောင်ထဲမှာ တစ်နေကုန် ထားလိုက်သည်။ ခရမ်းလွန်ရောင်ခြည်က ကန့်လန့်ကာပေါ်က ဘက်တီးရီးယားတွေကို သေစေနိုင်သည်။

အဲ့တာကို တန်းပေါ်မှာချိတ်ဆွဲပြီးတာနဲ့ သခင်မယန်ရောက်လာသည်။ သူမသည် ဗိုက်ဖောင်းဖောင်းနဲ့ တရုတ်ဆီးသီးအချဉ်သီးနှစ်လုံးကို လက်ထဲမှာကိုင်ရင်း အိမ်ထဲကို ဝင်လာပြီး ထိုင်ခုံပေါ်မှာ ဝင်ထိုင်ခဲ့သည်။ လမ်းတစ်လျှောက်တွင် သူမ ရေရွတ်နေခဲ့သည်။ “အိုက်ရိုး၊ ငါ့ခါးနဲ့ခြေထောက်တွေ အရမ်းနာနေတာပဲ…”

ရှောင်းကော တစ်ချက်ကြည့်ပြီး ခေါင်းပြန်လှည့်လိုက်သည်။ သခင်မယန်အတွက် သူမ၏ သွားတွေကျဥ်လာသည်။ "ယောက်မ၊ ယောက်မရဲ့ သွားတွေက တစ်နေ့တည်း တရုတ်ဆီးသီး အချဉ်သီးတွေ အများကြီးစားနိုင်တာလား"

“ဒါတွေက မချဉ်ပါဘူး။ အရမ်းအရသာရှိတယ်။” သခင်မယန်က သူမကို အရသာရှိတဲ့ အစားအစာတွေအကြောင်း ဘာမှမသိတဲ့သူလိုမျိုး ကြည့်နေသည်။ ထိုသို့ပြောပြီးနောက် သူမအား တရုတ်ဆီးသီးတစ်လုံး ကမ်းပေးခဲ့သော်လည်း ရှောင်းကောက အကြိမ်ကြိမ်ငြင်းဆိုခဲ့သည်။

သခင်မယန်က လှည့်ပြီး ကျွမ်းကျွမ်းကို ပေးလိုက်သည်။ သူ သူမကိုတွေ့တော့ အမြန်ထွက်ပြေးသွားခဲ့သည်။

"သူ ဘာလို့ပြေးသွားတာလဲ"

"ဟားဟား၊ ပြီးခဲ့တုန်းက ယောက်မ သူ့ကို ပေးခဲ့တဲ့ တရုတ်ဆီးသီးအချဥ်သီးကြောင့် သူ့သွားတွေ ကျွတ်ထွက်လုနီးပါးဖြစ်သွားလို့လေ"

ရှောင်းကော ထိုင်ချလိုက်ပြီး အပြုံးလေးနဲ့ ရှင်းပြခဲ့သည်။ သခင်မယန်သည် ပြီးခဲ့တုန်းက ကျွမ်းကျွမ်းကို တရုတ်ဆီးသီးအချဉ်သီးတွေ ပေးခဲ့သည်။ ပထမတော့ ကျွမ်းကျွမ်းက အသီးတွေက ချိုမှာပဲလို့ထင်ပြီး အသီးတစ်ခုလုံးကို ပါးစပ်ထဲထည့်လိုက်သည်။ ကိုက်ချလိုက်တာနဲ့ သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲက ထွက်သွားသလို ခံစားသွားရသည်။ သွားရည်တွေက သူ့ပါးစပ်ထဲကနေ တစ်စက်ပြီးတစ်စက် ထွက်ကျလာပြီး သူ့အမူအရာတွေ အားလုံး တညီတညွတ်တည်း တုန်လှုပ်ချောက်ချားသွားသည့် အဘိုးအိုလေးတစ်ယောက်ပုံစံ ချက်ချင်းပေါက်သွားသည်။

ရှောင်းကော ထိုအချိန်က မြင်ကွင်းကို မမေ့နိုင်သေးပေ။ သူမ တွေးမိတိုင်း အကျယ်ကြီး ရယ်နေလိမ့်မည်။

“ဟာဟား၊ အခုမှ မှတ်မိသွားတော့တယ်…” သခင်မယန်က တရုတ်ဆီးသီးအချဉ်သီးကို ဝါးရင်း ရယ်မောလိုက်သည်။ သူမ၏ ဦးနှောက်က မကြာသေးမီက အလုပ်လုပ်ဆောင်နေခဲ့သည်။ သူမသည် မကြာသေးမီက ဖြစ်ခဲ့သော အဖြစ်အပျက်များကို မှတ်မိဖို့ ခက်ခဲခဲ့သည်။ ဘယ်သူမှ အဲ့တာကို မပြောရင် သူမ ဘာမှ ပြန်မှတ်မိမှာ မဟုတ်ဘူး။

ရှောင်းကော ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။ ကိုယ်ဝန်ကြောင့် ဆင်ခြင်ဉာဏ်ကင်းမဲ့တာက သုံးနှစ်တာ ဖြစ်သည်ဟု ဆိုကြသည်။ ထိုစကားက မှန်သည်ဟု ထင်ရသည်။

"အခုတလော ရာသီဥတုက ပိုပူလာပြီ..."

သခင်မယန်က လက်ကိုင်ပုဝါကို ထုတ်ကာ စိတ်မရှည်စွာဖြင့် မျက်နှာပေါ်မှ ချွေးတွေကို သုတ်လိုက်သည်။ သူမက အစကတည်းက ပိန်တဲ့သူမဟုတ်ပေ။ သူမ၏ ကိုယ်ဝန်ကြောင့် မကြာသေးမီက ကိုယ်အလေးချိန်တက်လာသဖြင့် သူမ ဘောလုံးအဖြစ်သို့ ပြောင်းလဲလုနီးပါးဖြစ်နေပြီဖြစ်သည်။

"အခုထိ တကယ့် နွေရာသီမရောက်သေးပါဘူး" ရှောင်းကောက ရေတစ်ခွက်ကို လောင်းထည့်လိုက်ပြီး သူမရဲ့လက်ဘေးမှာ ထားကာ သောက်ဖို့ လက်ဟန်ပြလိုက်သည်။

သခင်မယန်က ခေါင်းညိတ်ပြီး ရေကို ကောက်ယူလိုက်သည်။ တစ်ကျိုက်တည်းနဲ့ သောက်ပြီးသွားတော့ ပါးစပ်ထောင့်တွေကို သုတ်လိုက်သည်။ “နွေရာသီမတိုင်ခင်ကတည်းက အရမ်းပူနေပြီ။ နွေရာသီမှာ ဘယ်လောက်ပူမယ်ဆိုတာ ဘယ်သူသိမလဲ။ ဒီနှစ် ရာသီဥတုက တကယ့်ကို ပုံမှန်မဟုတ်တော့ဘူး။ ရာသီဥတု ပြင်းထန်တဲ့ နှစ်တစ်နှစ် ဖြစ်ကောင်းဖြစ်မယ်ထင်တယ်”

ရှောင်းကော ပြုံးပြီး ဘာမှ မပြောခဲ့ပေ။ အရင်နှစ်တွေရဲ့ အပူချိန်တစ်ခုတည်းကို အခြေခံပြီး ရွာရဲ့ အပူချိန်က ဘယ်လိုလဲဆိုတာ သူမ မသိပေမယ့် ဒီနေရာက တစ်စုံတစ်ယောက်ကို သေစေလောက်တဲ့ အထိတော့မပူပေ။

"စကားမစပ် ဒီနှစ် ဘာဟင်းသီးဟင်းရွက်တွေစိုက်မှာလဲ"

သူမရဲ့ယောက္ခမက စိုက်ပျိုးဖို့ အသီးအရွက်တွေ စရှာနေပြီ ဖြစ်သော်လည်း ရှောင်းကောက ခုထိ မစသေးကြောင်း သခင်မယန် သတိရမိသွားသည်။

“မသိဘူး၊ မနှစ်ကလိုပဲ ဖြစ်မယ်ထင်တယ် ” ရှောင်းကော ခေါင်းခါလိုက်သည်။ ဟင်းသီးဟင်းရွက် စိုက်ဖို့ သူမ တကယ်ကို အလျင်မလိုနေပေ။

“လွန်ခဲ့တဲ့နှစ်ရက်က ရွာဝင်ပေါက်မှာ ဟင်းသီးဟင်းရွက်ဆိုင်တစ်ဆိုင်ဖွင့်ထားတယ်။ ငါ့ယောက္ခမတော့ ခရမ်းသီးနဲ့ ပဲတွေ အများကြီးဝယ်ခဲ့တယ်”

"ရွာဝင်ပေါက်မှာ ရောင်းနေကြတာလား"

သခင်မယန်က ခေါင်းညိတ်လိုက်သည်။ “သူတို့က ပြီးခဲ့တဲ့ နှစ်ရက်လောက်က ဟင်းသီးဟင်းရွက်ပျိုးပင်တွေ ရောင်းနေတာ၊ နင် ဝယ်ချင်ရင် သွားကြည့်လို့ရတယ်။ သူတို့ မိုးလင်းမှ ဖွင့်တယ်ဆိုပေမယ့် ဆိုင်ကို နှစ်နာရီလောက်ပဲ ဖွင့်ကြတယ်။”

သခင်မယန်က သူမရဲ့ယောက္ခမထံမှ ကြားထားတာဖြစ်သည်။

"ဒါဆို မနက်ကျရင် သွားကြည့်ဦးမယ်။" ရှောင်းကော ခေါင်းညိတ်လိုက်သည်။ ဆိုင်ဖွင့်ချိန်က တိုတောင်းသော်လည်း သူမ နားလည်နိုင်သည်။ အဓိကအကြောင်းအရင်းကတော့ ပျိုးပင်တွေက နေရောင်ထဲမှာ မရှင်သန်နိုင်လို့ပဲ။ သူတို့အပေါ် နေရောင်ကျပြီးသည်နှင့် ၎င်းတို့၏ အမြစ်တွေက ညှိုးနွမ်းလာသည်။

နောက်တစ်နေ့မနက်တွင် ရှောင်းကော စောစောနိုးလာခဲ့ပြီး ကျွမ်းကျွမ်းကိုတော့ မနှိုးခဲ့ပေ။ သူမတစ်ယောက်တည်းသွားချင်ပေမယ့် ကျွမ်းကျွမ်းက တိတ်တိတ်လေး အိပ်ရာကထလာသည်။

"မေမေ၊ သားကို စောင့်ဦး"

ကျွမ်းကျွမ်းက အိပ်ချင်မူးတူးဖြင့် ပြောနေသော်လည်း သူ့လက်တွေက သူ့အဝတ်အစားတွေကို သွက်လက်ကျွမ်းကျင်စွာဝတ်နေသည်။ သူ တစ်စက္ကန့်လေးနောက်ကျသွားရင် ရှောင်းကော သူ့ကို မခေါ်သွားမှာကိုစိုးနေတာ။

"အလျင်မလိုပါဘူး။ ဖြည်းဖြည်းလုပ်"

ကျွမ်းကျွမ်းက သူမစကားကြားသောအခါ ခေါင်းညိတ်လိုက်သည်။ ဒါပေမယ့် သူ့အဝတ်အစားတွေကို ခပ်မြန်မြန် ဆက်ဝတ်ခဲ့သည်။

သားအမိနှစ်ယောက် ထုပ်ပိုးပြီးသွားသောအခါ တောင်းသေးသေးလေးတစ်တောင်းကို ကောက်ကိုင်ကာ ငွေအချို့ ကိုင်ဆောင်ပြီး ရွာဝင်ပေါက်ဆီသို့ လမ်းလျှောက်သွားခဲ့ကြသည်။

ရွာဝင်ပေါက်ကိုရောက်တဲ့အခါ လှည်းတွေပေါ်ပစ္စည်းတင်နေသည့် ဈေးဆိုင်ပိုင်ရှင်တချို့နဲ့ တိုးခဲ့ကြသည်။

"ပျိုးပင်တွေရောင်းလား"

ရှောင်းကောက ရှေ့ကို လျှောက်လာပြီး မေးခဲ့သည်။ ထို့နောက် တစ်ဖက်သားထံမှ ခိုင်လုံသောအဖြေကို ရရှိခဲ့သည်။ သူမသည် ကျွမ်းကျွမ်း၏ လက်ကို ကိုင်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ မနှစ်က သူမ ဟင်းသီးဟင်းရွက်အစေ့တွေ ဝယ်ခဲ့သည်။ ဒီနှစ်မှာတော့ ဟင်းသီးဟင်းရွက် ပျိုးပင်တွေ ဝယ်ပြီး တိုက်ရိုက် စိုက်တော့မည်။

ဟင်းရွက်ခင်းထဲမှာ ကြက်သွန်မြိတ်တွေ ရှိနေတုန်းပဲ။ ဒီကာလအတွင်းမှာ သူတို့ အတော်လေး ကြီးထွားလာခဲ့သည်။ ကြက်သွန်မြိတ်၏ ပထမဆုံးသီးနှံသည် မကြာမီ ရိတ်သိမ်းရန် အသင့်ဖြစ်လိမ့်မည်။ ကြက်သွန်မြိတ်များအပြင် နံနံပင်များလည်း အညှောက်ပေါက်နေပြီ။ သူမစိုက်တဲ့ တခြားဟင်းသီးဟင်းရွက်တွေ အကုန်လုံးက ပြီးခဲ့တဲ့ရာသီမှာ စားသုံးကြတဲ့အတွက် သူမ ပျိုးပင်တွေ အများကြီးဝယ်ထားရသည်။

လမ်းလျှောက်ပြီးနောက် ရှောင်းကောသည် ကျွမ်းကျွမ်းနှင့်အတူ အဘွားကြီးတစ်ယောက်ရှေ့တွင် ရပ်လိုက်သည်။ အမှန်မှာ၊ ဆိုင်များအားလုံးမှ ဟင်းသီးဟင်းရွက်ပျိုးပင်များသည် အလွန်ကောင်းမွန်ပြီး အမျိုးပေါင်းများစွာကို ရောင်းချပေးလျက်ရှိသည်။ သို့သော်လည်း ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် အဘွားကြီး၏ ပျိုးပင်တွေက အကောင်းဆုံးဖြစ်နေဆဲဖြစ်သည်။ စျေးနှုန်းတွေကလည်း တော်တော်တန်သည်။

အဆုံးတွင် ခြင်းတောင်းတစ်လုံးအပြည့်ဖြင့် ပျိုးပင်တွေကို လျှော့စျေးဖြင့် ဝယ်ခဲ့သည်။ ငရုတ်သီး၊ သခွားသီး၊ ခရမ်းသီး၊ ပဲ၊ သပွတ်သီးပင်၊ ခရမ်းချဉ်သီးနှင့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်အချို့ ပါဝင်သည်။

ရတနာတွေ ပြည့်နေတဲ့ ခြင်းတောင်းတစ်လုံးနဲ့ သားအမိနှစ်ယောက် ပျော်ရွှင်စွာဖြင့် အိမ်ပြန်သွားခဲ့ကြသည်။

သူတို့အိမ်ပြန်ရောက်တာနဲ့ ကျွမ်းကျွမ်းက စိုက်ခင်းကို ကူညီပေးချင်ပေမယ့် ရှောင်းကောက အလျင်လိုမနေခဲ့ပေ။ "အရင်ဆုံးစားရအောင် မနက်စာစားပြီးမှ စိုက်ကြမယ်"

ကျွမ်းကျွမ်း စိတ်လှုပ်ရှားစွာဖြင့် ဇလုံကိုချပြီး သူမဆီ ပြန်ပြေးသွားသည်။ "ဒါဆို ထမင်းအမြန်စားရအောင်"

"ကောင်ဆိုးလေး!" ရှောင်းကောက သူ့နှာခေါင်းလေးကို ညှစ်ခဲ့ပြီး ပြုံးကာ မီးဖိုချောင်ထဲသို့ ပြန်သွားခဲ့သည်။

ကျွမ်းကျွမ်းက သူမနောက်သို့ အနီးကပ်လိုက်ကာ မီးဖိုချောင်ထဲသို့ ခုန်ဆင်းသွားခဲ့သည်။

မနက်စာစားပြီးနောက် ရှောင်းကောက သူမ ရေတွင်းထဲက ရေခပ်နေတုန်း ကျွမ်းကျွမ်းကို ပန်းကန်တွေကို ဆေးခိုင်းထားသည်။ အသီးအရွက်မစိုက်ခင် မြေကို တစ်ခါရေလောင်းရသည်။ အားလပ်ချိန်မှာ မြေဆီလွှာကိုလှန်ထားပြီးသားမို့ ထပ်လုပ်စရာ မလိုတော့ပေ။

ရေ ဆယ်ပုံးကျော် ဆက်တိုက် လောင်းပြီးနောက် မြေကြီးက လုံးလုံး ရွှဲသွားပြီ။ မျက်နှာပြင်ပေါ်တွင် ရေများစုပုံလာသောအခါ မျိုးစေ့များကို စိုက်ပျိုးရန် အချိန်ကောင်းဖြစ်သည်။

ရှောင်းကော ပျိုးပင်တွေကို စိုက်ဖို့ တူရွင်းဖြင့် ကျင်းတူးနေစဉ် ကျွမ်းကျွမ်းက ပျိုးပင်များကို ကမ်းပေးရန် ကူညီခဲ့သည်။ တချက်တည်းမှာပင် အပင်အားလုံးကို ကုန်အောင် စိုက်ပျိုးနိုင်ခဲ့သည်။

ပျိုးပင်များကို စိုက်ပျိုးခြင်းအပြင် ပျိုးပင်များကို ရေလောင်းရာတွင် ပိုလွယ်ကူစေရန်အတွက် ပျိုးပင်များကို မြေကြီးတွေနဲ့ ဝန်းရံပေးရသည်။

ရှောင်းကောက တူရွင်းကိုကိုင်ပြီး ပျိုးပင်တစ်ဝိုက်တွင် မြေဆီလွှာကို စုပုံနေသည်။ ကျွမ်းကျွမ်းက နောက်ကနေ လိုက်လာပြီး အပင်တွေကို ရေလောင်းဖို့ စောင့်နေသည်။

"မေမေ၊ သားတို့ အပင်တွေကို ရေလောင်းပေးရမှာလား"

ရှောင်းကောက မလိုအပ်ဘူးလို့ ပြောဖို့လုပ်နေပေမယ့် သူမ မော့ကြည့်လိုက်တော့ သူ့လက်ထဲမှာ ဘူးသီးခြောက်ရေခွက်တစ်ခွက်ရှိနေတာကို တွေ့လိုက်ရသည်။ သူ အရမ်း စိတ်အားထက်သန်နေပုံရတော့ သူမ ခေါင်းညိတ်လိုက်သည်။ “ တွင်းတိုင်းကို ရေသွားလောင်းလိုက်။ တစ်ခွက်လောက်ပဲလောင်းနော် ”

All Chapters