← Chapters

ပထမနေရာကို ရည်မှန်းခြင်း

Vol. 5 Ch. 41

ပထမနေရာကို ရည်မှန်းခြင်း

Vol. 5 Ch. 41

ရွှမ်ရှင်းခန်းမဆောင်သည် ချင်းရှောင်ဂိုဏ်းမှ ပထမဆုံး တည်ဆောက်ခဲ့သည့် အစည်းအဝေးခန်းမဆောင် ဖြစ်ခဲ့သည်။

ထိုခန်းမတွင် လူပေါင်းရာချီ ဝင်ဆံ့ပြီး ဂိုဏ်းဝင်းသစ်၏ အောက်ဘက်တွင် တည်ရှိသည်။ နောင်တွင် ချင်းရှောင်ဂိုဏ်းက ဤနေရာ၏ အောက်ဘက်တွင် အဆောက်အအုံများ ထပ်မံ တိုးချဲ့ဆောက်လုပ်သွားမည် ဖြစ်သည်။

လပေါင်းများစွာ ကြာမြင့်အောင် တည်ဆောက်ခဲ့ရသည့် ဤအစည်းအဝေးခန်းမဆောင်ကြီးက ခမ်းနားထည်ဝါခြင်း မရှိလှဘဲ ရိုးရှင်းနေသည်ဟုပင် ဆိုနိုင်သည်။

အဘယ်ကြောင့်ဆိုသော် တည်ဆောက်ရေးကာလ အတွင်း၌ လက်သမားဆရာ နှစ်ဦးကိုသာ ငှားရမ်းခဲ့ပြီး ကျန်လုပ်အားအများစုကို ဂိုဏ်းသားများကသာ တာဝန်ယူ လုပ်ကိုင်ခဲ့ကြသောကြောင့် ဖြစ်သည်။

လီချင်းချိုး၏ တစ်ခုတည်းသော လိုလားချက်မှာ အဆောက်အအုံ မပြိုကျစေရန်နှင့် လေဒဏ်မိုးဒဏ်ကို ခံနိုင်ရည်ရှိရန်သာ ဖြစ်သည်။

နွေဦးပွဲတော် ပြီးဆုံးပြီးနောက် ကျန်းယွီချွန်း တောင်အောက်သို့ တဖန်ဆင်းသက်၍ ဂိုဏ်းသားအသစ် တစ်သုတ်ကို လက်ခံခေါ်ယူခဲ့ပြန်သည်။ ယခုအခါ လီချင်းချိုး အပါအဝင် ဂိုဏ်းတစ်ခုလုံးတွင် စုစုပေါင်း လူဦးရေ ကိုးဆယ့်သုံးဦး ရှိလာပြီ ဖြစ်သည်။

ယနေ့တွင် လီချင်းချိုးက ဂိုဏ်းသားများ အားလုံးကို ခန်းမဆောင်အတွင်းသို့ ပထမဆုံးအကြိမ် ဆင့်ခေါ်လိုက်သည်။

အဓိက ခန်းမဆောင်ကြီးထဲတွင် ပရိဘောဂဟူ၍ ကြီးကြီးမားမား မရှိလှချေ။ လီချင်းချိုး၊ ကျန်းယွီချွန်း၊ ကျန်းကျောက်ရှား၊ ဝူမန်အာ၊ လီတုန်းယွဲ့၊ လီစီဖုန်းနှင့် လီစစ်ကျင်တို့တွေ ခန်းမဆောင်၏ လှေကားထစ်များပေါ်တွင် ယှဉ်တွဲ ရပ်နေကြပြီး လီချင်းချိုးကတော့ အလယ်ဗဟို၌ ရှိနေသည်။

ယန်ကျွယ်တိန်၊ ချန်ချန်းဟိုင်၊ ရွှီနင်းနှင့် ချင်ယဲ့တို့ကမူ ဂိုဏ်းသားများ၏ ရှေ့ဆုံးတွင် ရပ်နေကြပြီး အခြားသော ဂိုဏ်းသားများက နောက်ဘက်တွင် ခြောက်ယောက်စီ တန်းစီထားကြသည်။ သူတို့အားလုံးအားလုံး ရှေ့၌ ရပ်နေကြသော ဂိုဏ်းခေါင်းဆောင်များကို ကြည်ညိုလေးစားစွာ မော့ကြည့်နေကြပြီး စိတ်လှုပ်ရှား တက်ကြွနေကြသည်။

ဤသည်မှာ ဂိုဏ်းသားများအတွက် ပထမဆုံးအကြိမ် ခမ်းနားလေးနက်သော အစည်းအဝေးကို ကြုံဖူးခြင်း ဖြစ်သဖြင့် အသစ်အဆန်းလည်း ဖြစ်နေကြသည်။ တချိန်တည်းမှာပင် သူတို့စိတ်ထဲ၌ ချင်းရှောင်ဂိုဏ်းကြီး ပိုမို စနစ်ကျလာသည်ကို ခံစားလိုက်ရပြီး အသက်အငယ်ဆုံး ဂိုဏ်းသားများပင်လျှင် ချင်းရှောင်ဂိုဏ်း၏ တိုးတက်ပြောင်းလဲမှုများကို သိရှိနားလည်နိုင်ကြသည်။

လှေကားထစ်များပေါ်တွင် ရပ်နေရင်း လီချင်းချိုးက ခန်းမအောက်ရှိ ဂိုဏ်းသားများကို ငုံ့ကြည့်လိုက်ရာ လူတိုင်း၏ မျက်နှာကို သေချာစွာ မြင်တွေ့နေရသည်။ ဤသည်မှာ ဂိုဏ်းသားများ အားလုံးကို ပထမဆုံးအကြိမ် ဤကဲ့သို့ စုံစုံလင်လင် ကြည့်ရှုဖူးခြင်းဖြစ်ပြီး သူ့စိတ်ထဲတွင် ပြောမပြတတ်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုခံစားချက်မှာ တာဝန်သိစိတ် ဖြစ်လိမ့်မည်ဟု သူ တွေးလိုက်မိသည်။

ယခင်က ချင်းရှောင်ဂိုဏ်းကို သူ့အတွက် စွမ်းအားများ ပိုမိုကြီးမားလာစေရန် နင်းတက်စရာ လှေကားထစ် တစ်ခုအဖြစ်သာ အသုံးပြုခဲ့သည်။ ဂိုဏ်းသားများကို ကြင်နာစွာ ဆက်ဆံခဲ့သော်လည်း သေချာစွာ ပြန်စဉ်းစားကြည့်လျှင် သူတို့ အမှန်တကယ် ဘာလိုအပ်သည်ကို တကူးတက မေးမြန်းခဲ့ခြင်း မရှိခဲ့ပေ။

"ဂိုဏ်းသားတို့….ချင်းရှောင်ဂိုဏ်းရဲ့ ပထမဆုံးသော ဂိုဏ်းလုံးကျွတ် အစည်းအဝေး ပွဲကြီးကျင်းပဖို့အတွက် အခုလိုခေါ်လိုက်ရတာပါ...ဒီအဖြစ်အပျက်ကို ချင်းရှောင်ဂိုဏ်းရဲ့ သမိုင်းမှတ်တမ်းတွေထဲမှာ မော်ကွန်းတင်ထားရလိမ့်မယ်...ဘာ့ကြောင့်လဲဆိုတော့ ငါတို့ ချင်းရှောင်ဂိုဏ်းကြီးက နှစ်ပေါင်းထောင်ချီ... သောင်းချီ... ဒီ့ထက်မက ရှည်ကြာအောင် တည်တံ့သွားမှာမို့လို့ပဲ... မှတ်တမ်းတွေထဲမှာနောင်လာနောက်သား ဂိုဏ်းသားတွေ အားကျလေးစားရမည့် ဒဏ္ဍာရီလာ ဘိုးဘေးတွေအဖြစ် မင်းတို့လည်း ပါဝင်လာနိုင်တယ်..."

လီချင်းချိုး၏ အသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း ဂိုဏ်းသားအားလုံး ကြားနိုင်လောက်အောင် ပြတ်သားသည်။

ဂိုဏ်းသားများ အားလုံးမှာ လူငယ်လူရွယ်များ ဖြစ်ကြသဖြင့် လီချင်းချိုး၏ မာန်ပါသော စကားလုံးများကြောင့် ရှက်ရွံ့ခြင်း မဖြစ်ကြသည့်အပြင် စိတ်အားထက်သန်မှုများပြည့်နှက်လာကြသည်။

ချင်းရှောင်ဂိုဏ်းသည် ဖွံ့ဖြိုးဆဲအဆင့်တွင် ရှိနေသေးသည်မှာ မှန်သော်လည်း ကျန်းကျောက်ရှားကတော့ သိုင်းလောကတွင် ဒုတိယ အစွမ်းအထက်ဆုံး သိုင်းပညာရှင် ဖြစ်နေပြီ ဖြစ်သည်။ ဂိုဏ်းထဲတွင် နဂါးသတ်သူရဲကောင်းနှင့် သူခိုးဘုရင်တို့လို ကျော်ကြားသည့် ဆရာသခင်များလည်း ရှိနေသေးသည်။ ရွှီနင်း၊ လီစီဖုန်း၊ ဝူမန်အာနှင့် အခြားသူများသည်လည်း သိုင်းပညာဘက်တွင် အလွန် ထူးချွန်ကြသော်လည်း သူတို့၏ အမည်နာမများမှာ သိုင်းလောကတွင် မထင်ရှားသေးချေ။

မည်သို့ပင် ကြည့်စေကာမူ ချင်းရှောင်ဂိုဏ်းတွင် တောက်ပသော အနာဂတ်တစ်ခု ရှိနေပေသည်။

ယန်ကျွယ်တိန်က နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးလိုက်ပြီး စိတ်ထဲမှ တိုးတိုး ရေရွတ်လိုက်မိသည်။

"နှစ်တစ်ထောင်... နှစ်တစ်သောင်းတဲ့... မာန်တက်လိုက်တာ..."

လီချင်းချိုး ဆက်လက် ပြောကြားလိုက်သည်က…"ဒီခန်မးကို ငါတို့ရဲ့ မူလ ရည်မှန်းချက်တွေကို ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်ချက်နဲ့ ဒီခန်းမကို 'ရွှမ်ရှင်း' လို့ အမည်ပေးလိုက်တယ်... ရွှမ်မန် ဆိုတာက တာအိုဂိုဏ်းကို ကိုယ်စားပြုပြီး ရွှမ်ရှင်း ဆိုတာက တာအိုနှလုံးသားကို ဆိုလိုတယ်... ဆရာကျန်းယွီကို ချင်းရှောင်ဂိုဏ်းနဲ့ တာအိုဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ရေးသားဖို့ ငါ ညွှန်ကြားထားတယ်... မင်းတို့အားလုံး နောင်တစ်ချိန်မှာ ဒါတွေကို သေချာ မှတ်သားထားရမယ်..."

ကျန်းယွီက ချင်းရှောင်ဂိုဏ်းသို့ တရားဝင် မဝင်ရောက်ရသေးသောကြောင့် ခန်းမထဲသို့ မဝင်ဘဲ နေခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ယခုအချိန်၌ သူသည် အပြင်ဘက်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စိတ်မသက်မသာ ဖြစ်နေရှာသည်။

ထိုစကားကို ကြားသောအခါ ဂိုဏ်းသားများက တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။

ထို့နောက် လီချင်းချိုးက ကျန်းယွီချွန်းအား ချင်းရှောင်ဂိုဏ်း၏ လက်ရှိ ပိုင်ဆိုင်မှုများနှင့် ဘဏ္ဍာရေး အခြေအနေကို တင်ပြရန် ညွှန်ကြားလိုက်သည်။

"နှစ်နှစ်ကျော်ကြာ စုဆောင်းပြီးတဲ့နောက်မှာတော့ ချင်းရှောင်ဂိုဏ်းမှာ မြေသြဇာကောင်းတဲ့ လယ်မြေ ဧကရာချီ... မြင်းကောင်ရေ ၁၀၂ ကောင်ရှိတဲ့ မြင်းမွေးမြူရေးခြံ နှစ်ခြံ... ငါးသားပေါက် ထောင်ချီရှိတဲ့ ငါးကန် နှစ်ကန် ရှိနေပါပြီ..."

ကျန်းယွီချွန်း အသေးစိတ် ရှင်းပြလိုက်ရာ ဂိုဏ်းသားများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အံ့အားသင့်နေကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး ပုံမှန်အားဖြင့် နေရာအသီးသီး၌ တာဝန်ကျကြပြီး အလုပ်ပြီးသည်နှင့် သိုင်းပညာ လေ့ကျင့်ရန်သာ အာရုံစိုက်နေကြသဖြင့် ချင်းရှောင်ဂိုဏ်း၏ စီးပွားရေး ပမာဏ အတိအကျကို မသိရှိခဲ့ကြပေ။

ကိုယ်တိုင် မကြားရမချင်း ယုံနိုင်စရာ မရှိဘဲ ကြားလိုက်ရသည့်အခါ၌လည်း အံ့သြတုန်လှုပ်နေကြသည်။

ကနဦး အံ့သြမှုများ ပြီးဆုံးသွားသောအခါ သူတို့အားလုံး စိတ်လှုပ်ရှားလာကြသည်။ ချင်မိသားစုဝင်များမှလွဲ၍ အခြားသော ဂိုဏ်းသားများ အားလုံးက ဆင်းရဲသော မိသားစုများမှ လာကြသူများ ဖြစ်သဖြင့် သူတို့အဖို့ ဝလင်စွာ စားသောက်ရခြင်းမှာ ဇိမ်ခံစရာ တစ်ခုလို ဖြစ်နေခဲ့သည်။ယခုမူ သူတို့ နေ့စဉ် အသားဟင်း စားနိုင်ကြပြီ ဖြစ်သည်။

မည်မျှ ပျော်ရွှင်စရာ ကောင်းလိုက်ပါသနည်း။

ယန်ကျွယ်တိန်၏ ခံစားချက်များမှာမူ ရှုပ်ထွေးနေသည်။ အဘယ်ကြောင့်ဆိုသော် သူ တောင်ပေါ်သို့ စတင် ရောက်ရှိလာစဉ်က ချင်းရှောင်ဂိုဏ်းက အလွန် သနားစရာကောင်းသော အခြေအနေတွင် ရှိခဲ့ပြီး ယခု ပြန်ပြောင်း စဉ်းစားကြည့်လျှင် မယုံနိုင်စရာပင် ဖြစ်နေသည်။

သူ လီချင်းချိုးကို မကြည့်ဘဲ မနေနိုင် ဖြစ်သွားသည်။ ကျန်းယွီချွန်းက အရာရာကို စီမံခန့်ခွဲခဲ့သည် ဆိုသော်လည်း ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သူမှာ လီချင်းချိုးသာ ဖြစ်သည်။

လီချင်းချိုး ခုနှစ်စဉ်တောင်ထွတ် မဟာမိတ်အဖွဲ့၏ တပည့်များကို လိုက်လံ တိုက်ခိုက်ခဲ့သည့် မိုးသည်းထန်သော ထိုညတစ်ညကို သူ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ချေ။

ထိုည ပြီးဆုံးသွားပြီးနောက် ချင်းရှောင်ဂိုဏ်း၏ အကြီးမားဆုံးသော ခွန်အားမှာ လီချင်းချိုး ဖြစ်ကြောင်းနှင့် ကျန်းကျောက်ရှားမှာ အပြင်ပန်းတွင် ပြသထားသည့် ဓားတစ်လက်မျှသာ ဖြစ်ကြောင်း သူ သိရှိခဲ့ရသည်။

ကျန်းယွီချွန်း ပြောဆိုတင်ပြမှုပြီးဆုံးသွားသောအခါ လီချင်းချိုးက လာမည့်နှစ်တွင် ချင်းရှောင်ဂိုဏ်းမှ မဖြစ်မနေ ပြီးမြောက်အောင် ဆောင်ရွက်ရမည့် တာဝန်များကို ကြေညာလိုက်သည်။

ပထမအချက်မှာ ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် ဖြစ်ပြီး ကဏ္ဍစုံတွင် တည်ဆောက်ရေး ရည်မှန်းချက်များ ချမှတ်ထားသည်။

ထို့နောက် တသီးပုဂ္ဂလ သိုင်းပညာ စွမ်းရည်များအကြောင်းဖြစ်သည်။

"နှစ်မကုန်ခင်မှာ အကြီးအကဲယန်ကို မင်းတို့ရဲ့ သိုင်းပညာ စွမ်းရည်တွေကို တစ်ယောက်ချင်းစီ စစ်ဆေးခိုင်းမယ်... တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ပြီး သိုင်းပညာ တိုးတက်လာတဲ့သူတွေက ငါတို့ဂိုဏ်းရဲ့ စစ်မှန်တဲ့ သင်ကြားမှု ဖြစ်တဲ့ ဟွမ်ယွမ်ကျမ်းစာကို ဆက်ခံခွင့် ရကြလိမ့်မယ်..."

လီချင်းချိုး၏ နောက်ဆုံးစကားက ဂိုဏ်းသားများကို စိတ်အားတက်ကြွစေခဲ့သည်။

ဟွမ်ယွမ်ကျမ်းစာသည် ချင်းရှောင်ဂိုဏ်း၏ အစွမ်းအထက်ဆုံး သိုင်းပညာဖြစ်ပြီး သိုင်းပညာတွင် လျင်မြန်စွာ တိုးတက်စေနိုင်ကြောင်း လူတိုင်း သိကြသည်။ ပါရမီရှင် လူငယ်တစ်ဦး ဖြစ်လာရန်အတွက် ဦးစွာပထမ ဟွမ်ယွမ်ကျမ်းစာကို ဆက်ခံရမည် ဖြစ်သည်။

ဂိုဏ်းသားများအားလုံး လက်များကို မြှောက်၍ လီချင်းချိုးအား ဂါရဝပြု ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

လီချင်းချိုးက စကားအများကြီး ဆက်မပြောတော့ဘဲ လက်အင်္ကျီစကို ဝှေ့ယမ်းကာ လူစုခွဲရန် ကြေညာလိုက်သည်။

ဂိုဏ်းသားများ ရွှမ်ရှင်းခန်းမမှ ထွက်ခွာသွားကြပြီးနောက် လီချင်းချိုးက ယန်ကျွယ်တိန်ဘက်သို့ လှည့်၍ …

"အကြီးအကဲယန်... အခုဆိုရင် ချင်းရှောင်ဂိုဏ်းက လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ... နောက်နောင်ဆို ခင်ဗျားရဲ့ အပြောအဆို အနေအထိုင်တွေကို ပိုပြီး စည်းကမ်းရှိဖို့ လိုလိမ့်မယ်... ခင်ဗျားရဲ့ ပခုံးပေါ်မှာ တာဝန်ကြီးကြီးမားမား ရှိလာတော့မှာ... ပင်ပန်းရပါပြီ..."

ယန်ကျွယ်တိန်က လီချင်းချိုး၏ ဆိုလိုရင်းကို နားလည်သဖြင့် ချက်ချင်းပင် လက်သီးဆုပ် ဂါရဝပြု၍ ပြုံးကာ ပြန်ဖြေလိုက်သည်။

"ဂိုဏ်းချုပ်... စိတ်ချပါ... ကျုပ် အကောင်းဆုံး ကြိုးစားပါ့မယ်..."

လီချင်းချိုး ခေါင်းညိတ်လိုက်ရာ ယန်ကျွယ်တိန် လိမ္မာပါးနပ်စွာဖြင့် ထွက်ခွာသွားပြီး ရွှမ်ရှင်းခန်းမဆောင်ထဲတွင် လီချင်းချိုးနှင့် ဂျူနီယာ မောင်နှမများသာ ကျန်ရစ်ခဲ့တော့သည်။

လီချင်းချိုးက ဂျူနီယာ မောင်နှမများကို တစ်ယောက်ချင်းစီ တာဝန်များ ခွဲဝေပေးလိုက်ပြီး ဝူမန်အာကိုပင် ချန်လှပ်မထားခဲ့ပေ။

ဝူမန်အာက ရင့်ကျက်မှု မရှိသေးသော်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်နေပြီ ဖြစ်ပြီး အခြားသူများနှင့်လည်း ပြောဆိုဆက်ဆံတတ်နေပြီ ဖြစ်သဖြင့် တောင်ပေါ်တွင် ကင်းလှည့်သည့် တာဝန်ကို ပေးအပ်လိုက်သည်။ သူသည် နေ့စဉ် နေရာအမျိုးမျိုး၌ သိုင်းကျင့်ရင်း တောထဲမှ သားရဲများကို သတ်ဖြတ်လေ့ ရှိသည်။

...

ရွှမ်ရှင်းခန်းမဆောင် အစည်းအဝေး ပြီးဆုံးပြီးနောက် ချင်းရှောင်ဂိုဏ်း တစ်ခုလုံး အလုပ်ရှုပ်သွားကြသည်။ ပင်ကိုအားဖြင့် ပျင်းရိတတ်သော ဂိုဏ်းသားများသည်ပင် အခြားသူများ တက်ကြွနေသည်ကို မြင်တွေ့ရသောအခါ အပါးခိုရန် ရှက်ရွံ့လာကြသည်။

ထို့အပြင် သိုင်းပညာ ဆရာသခင် တစ်ယောက် ဖြစ်လာရန် မည်သူ မမျှော်မှန်းဘဲ နေမည်နည်း။

နွေဦးနှင့် နွေရာသီတို့ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

တောင်ပေါ်လမ်းများကို ခင်းကျင်းပြီးစီးပြီ ဖြစ်ပြီး မိုင်ပေါင်း ရာချီ ရှည်လျားသည်။ ယခုဆို လမ်းများ ပြိုကျမသွားစေရန် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများသာကျန်တော့သည်။

တစ်နေ့သော နေ့လယ်ခင်း၌ တောအုပ်ထဲတွင်…..

အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ချင်ယဲ့က သံတုတ်ရှည် တစ်ချောင်းကို ကိုင်ဆောင်ထားပြီး လှုပ်ရှားမှုများက သွက်လက်ကာ ရိုက်ချက်များကလည်း ပြင်းထန်အားပါလှသည်။

ဤသံတုတ်ရှည်ကို ပြီးခဲ့သော တစ်ခေါက် တောင်အောက်ဆင်းစဉ်က ကျန်းယွီချွန်း ကိုယ်တိုင် ထုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အလေးချိန် ပိဿာ ၃၀ (၁၅ ကီလိုဂရမ်ခန့်) လေးပြီး အရှည် ကိုးပေခန့် ရှိသဖြင့် သူ့အရပ်ထက်ပင် ရှည်လျားနေသေးသည်။ ဝှေ့ယမ်းလိုက်သည့်အခါတိုင်း လေပြင်းများကို ဖြစ်ပေါ်စေလောက်အောင် အချိန်စီးသည်။

သူ ဤသံတုတ်ရှည်ကို ရရှိထားသည်မှာ လဝက်ခန့် ရှိပြီ ဖြစ်သည်။ အစပိုင်းတွင် မနိုင်မနင်း ဖြစ်ခဲ့သော်လည်း ယခုအခါ ပေါ့ပါးလာပြီး သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာလည်း ပိုမို ကြံ့ခိုင်လာသည်။

သူသည် စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်ရှည် သိုင်းကွက်ကို အကြိမ်ရေ မရေမတွက်နိုင်အောင် လေ့ကျင့်ခဲ့သော်လည်း ယခုထိတိုင် ၎င်း၏ အနှစ်သာရကို အပြည့်အဝ နားမလည်သေးသလို ခံစားနေရဆဲပင်။

ချင်ယဲ့ စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်ရှည် သိုင်းကွက် လေ့ကျင့်ရာတွင် စိတ်နှစ်ထားစဉ် ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသည်။

လှမ်းကြည့်လိုက်သောအခါ တစ်စုံတစ်ယောက် လျှောက်လာသည်ကို တွေ့ရသဖြင့် တုတ်ရှည်ကို သိမ်းကာ ဒန်တျန်ထဲ၌ အားအင်များကို စုစည်းလိုက်သည်။

ရောက်လာသူမှာ ချင်းရှောင် ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့၏ ခေါင်းဆောင် ရွှယ်ကျင်း ဖြစ်နေသည်။

ကျန်းကျောက်ရှား၏ တပည့် ဖြစ်လာပြီးနောက် ရွှယ်ကျင်းက ပါရမီကို လျင်မြန်စွာ ပြသနိုင်ခဲ့ပြီး တပည့် ၁၃ ဦးအနက် တိုးတက်မှု အမြန်ဆုံး ဖြစ်လာခဲ့သည်။ ဤသတင်း ပြန့်နှံ့သွားသောအခါ ဂိုဏ်းသားအများစုက ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ပိုမို ယုံကြည်လာကြသည်ဖယ

ချင်ယဲ့ကလည်း ဆရာသခင် သဘောကျသော ဤတပည့်အပေါ် အလွန် အထင်ကြီး လေးစားမိသည်။ ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့ ဓားသိုင်းလေ့ကျင့်သည့် နေရာကို ဖြတ်သွားမိစဉ်က ရွှယ်ကျင်း၏ ဓားသိုင်းမှာ ပြင်းထန် ထက်ရှပြီး သူ့ ခွန်အားက အခြားသူများနှင့် တန်းတူမဟုတ်ကြောင်း သတိပြုမိခဲ့သည်။

"စီနီယာအစ်ကိုချင်... ခင်ဗျားရဲ့ တုတ်သိုင်းက တဖြည်းဖြည်း ပိုပြီး အားကောင်းလာတယ်... လူတွေကို ကြောက်ဒူးတုန်စေနိုင်လောက်ပါရဲ့..."

ရွှယ်ကျင်းက လျှောက်လာရင်း ချီးကျူးစကား ဆိုလိုက်သော်လည်း သူ့လက်ထဲမှ ဓားကြောင့် သူ ဒီအတိုင်း ဖြတ်လျှောက်လာခြင်း မဟုတ်ကြောင်း ချင်ယဲ့ ခံစားလိုက်ရသည်။

ချင်ယဲ့က ရယ်မောလိုက်ပြီး …

"ပြင်းပြင်းထန်ထန် လေ့ကျင့်နေရုံပါ... ဂျူနီယာညီလေးရွှယ်ရဲ့ ပါရမီကသာ ကျုပ်ထက် အများကြီး သာလွန်ပါတယ်..."

ရွှယ်ကျင်းက ချင်ယဲနှင့် ဆယ်လှမ်းအကွာတွင် ရပ်တန့်လိုက်ပြီး…

"စီနီယာအစ်ကိုချင်... ကျွန်တော် ဒီရက်ပိုင်း ဓားသိုင်းနဲ့ ပတ်သက်ပြီး ထိုးထွင်းသိမြင်မှုတချို့ ရထားလို့ လက်ရည်ယှဉ်ဖို့ လူရှာနေတာ... စဉ်းစားကြည့်တော့ အစ်ကို့ကိုပဲ အကူအညီ တောင်းရတော့မယ်... ကျုပ်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မလား..."

တကယ်ကြီးလား…

ချင်ယဲ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး….

"ရတာပေါ့... ဒါပေမဲ့ ဘယ်အထိ ယှဉ်ပြိုင်ကြမလဲ..."

"ဂိုဏ်းတူအချင်းချင်းဆိုတော့ သိပ်ပြီး လွန်လွန်ကဲကဲ မဖြစ်သင့်ဘူးလေ... လက်နက်လွတ်ကျသွားတဲ့သူ ရှုံးကြေးပေါ့... ဘယ်လိုလဲ..."

ရွှယ်ကျင်းက တောက်လောင်နေသော မျက်လုံးများဖြင့် မေးနေသည်။

ဒုတိယမျိုးဆက် ဂိုဏ်းသားများထဲတွင် ရွှီနင်းက နံပါတ်တစ်အဖြစ် အသိအမှတ်ပြုခံထားရပြီး ချင်ယဲ့က ဒုတိယ လိုက်သည်။ လက်ရှိတွင် တတိယနေရာဟူ၍ မရှိသေးချေ။ ရွှယ်ကျင်းတွင် ကြီးမားသော ရည်မှန်းချက်များ ရှိပြီး နံပါတ်တစ် ဖြစ်ရန် ရည်မှန်းထားသူ ဖြစ်သည်။

ချင်ယဲ့က သံတုတ်ရှည်ကို မြှောက်၍ ရွှယ်ကျင်းအား ချိန်ရွယ်လိုက်ပြီး ဂိုဏ်းချုပ်၏ တပည့်ပီသသော စိတ်ဓာတ်ကို ပြသကာ ပြတ်သားစွာ ပြောလိုက်သည်။

"ကောင်းပြီ..."

ထိုအခါ ရွှယ်ကျင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခါးကို ကိုင်းညွှတ်ကာ ဓားကို ဆွဲထုတ်၍ ချင်ယဲ့ထံသို့ တိုးဝင်လာသည်။ သူ၏ ခြေလှမ်းများမှာ အလွန် လျင်မြန်လှပြီး သံတုတ်ရှည်အောက်မှ လျှပ်တစ်ပြက် ပြေးထွက်လာ၏။

ချင်ယဲ့က အလိုအလျောက် တုတ်ကို ဝှေ့ယမ်းလိုက်သော်လည်း သံတုတ်ရှည်က ရွှယ်ကျင်း၏ ခေါင်းပေါ်မှ ဝဲဖြတ်သွားရုံသာ ရှိသည်။

ဓားရောင် တစ်ချက် လက်သွားသည်နှင့်အတူ ရွှယ်ကျင်းက ချင်ယဲ့၏ ရင်ဘတ်ကို ဓားဖြင့် ပိုင်းချလိုက်သည်။တိုက်ခိုက်မှုက လျင်မြန်ပြီး ပြင်းထန်လှသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ချင်ယဲ့ နောက်သို့ ဆုတ်လိုက်ပြီး တချိန်တည်းမှာပင် နဂါးတစ်ကောင်ကို ကိုင်ဆောင်ထားသကဲ့သို့ တုတ်ရှည်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားလိုက်ကာ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်နှင့် စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

ရွှယ်ကျင်း၏ လှုပ်ရှားမှုများက သေသပ်လှပပြီး တုတ်ချက်ကို ရှောင်တိမ်းလိုက်နိုင်သည်။ သို့သော် သူ အနားသို့ ထပ်မံ တိုးကပ်ရန် ပြင်လိုက်စဉ်မှာပင် သူ့ပါးပြင်ပေါ်သို့ ကြီးမားသော ခွန်အားတစ်ခု ကျရောက်လာပြီး ဘေးသို့ လွင့်စင်ထွက်သွားတော့သည်။

...

တောက်ပသော နေရောင်ခြည်အောက်တွင် ကျန်းကျောက်ရှား စိတ်လက်ကြည်သာစွာဖြင့် တောင်အောက်သို့ လမ်းလျှောက်လာသည်။

ယနေ့တွင် ဓားထိန်းချုပ်ခြင်းနှင့် ပတ်သက်ပြီး အကြံဉာဏ်သစ်များ ရရှိထားသဖြင့် တပည့်များကို သင်ကြားပေးပြီးနောက် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

လျှောက်ရင်း လျှောက်ရင်းနှင့် ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့သားများ ဓားသိုင်းလေ့ကျင့်လေ့ရှိသော ချောက်ကမ်းပါးသို့ ရောက်ရှိလာပြီး တပည့်များ စုဝေးနေကြသည်ကို တွေ့လိုက်ရသည်။

"ဆရာသခင် ရောက်လာပြီ..."

အမျိုးသမီး တပည့်တစ်ဦးက တိုးတိုးလေး လှမ်းပြောလိုက်ရာ အခြားသော တပည့်များ လျင်မြန်စွာ လူစုခွဲလိုက်ပြီး အတန်းလိုက် တန်းစီလိုက်ကြသည်။

သူတို့အားလုံး နှေးကွေးသွားမည်ကို ကြောက်ရွံ့နေကြပုံကို ကြည့်ခြင်းအားဖြင့် ကျန်းကျောက်ရှား၏ ဂုဏ်သိက္ခာ ကြီးမားပုံကို သိနိုင်သည်။

ကျန်းကျောက်ရှား သူတို့အနားသို့ လျှောက်လာပြီး ဝေ့ဝဲကြည့်ရှုလိုက်ရာ ရုတ်တရက် မျက်မှောင်ကြုတ်သွားကာ မျက်နှာကို ဘေးသို့ လွှဲထားသော ရွှယ်ကျင်းကို ကြည့်ပြီး မေးလိုက်သည်။

"မင့းမျက်နှာက ဒဏ်ရာက ဘယ်လိုဖြစ်တာလဲ... ဘာလို့ အဲဒီလောက်ထိ ရောင်ရမ်းနေရတာလဲ..."

ရွှယ်ကျင်း၏ မျက်နှာမှာ ရောင်ရမ်းပြီး နီရဲနေသဖြင့် အလွန် သိသာထင်ရှားနေသည်။ ဆရာသခင်၏ မေးမြန်းခြင်းကို ခံရသောအခါအလွန်အမင်း ရှက်ရွံ့သွားပြီး မြေပြင်ထဲသို့သာ ဝင်သွားချင်စိတ် ပေါက်သွားတော့သည်။

"လူတစ်ယောက်နဲ့ လက်ရည်ယှဉ်ရင်း ဒဏ်ရာရသွားတာပါ..."

ရွှယ်ကျင်း ဗလုံးဗထွေး ပြန်ဖြေလိုက်ရာ ကျန်းကျောက်ရှား၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွားသည်။

"မင်း ဘယ်သူနဲ့ လက်ရည်ယှဉ်တာလဲ... ရွှီနင်းလား..." ကျန်းကျောက်ရှားက အတင်းအကျပ် မေးလိုက်သည်။

"စီနီယာအစ်ကို ချင်ယဲ့ပါ..."

ထိုအမည်ကို ကြားလိုက်ရသောအခါ ကျန်းကျောက်ရှား တိတ်ဆိတ်သွားသည်။

ခုနက ကြည်နူးနေသော စိတ်ခံစားချက်များလည်း ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ရွှယ်ကျင်းအနေဖြင့် ရွှီနင်းကို ရှုံးနိမ့်လျှင်ပင် သူ နားလည်ပေးနိုင်သော်လည်း ချင်ယဲ့ကို ဘယ်လိုလုပ် ရှုံးနိမ့်နိုင်ရသနည်း။

ချင်ယဲ့က ထိပ်တန်း သိုင်းပညာရှင် တစ်ဦး၏ သင်ကြားမှုကို ခံယူထားရသော်လည်း သာမန်အရည်အချင်းသာ ရှိသူ ဖြစ်သည်။ လီချင်းချိုး ကိုယ်တိုင်ကလည်း ယခင်က သူ့ကို သင်ကြားပေးရန် စိတ်မဝင်စားခဲ့ပေ။ ထိုကဲ့သို့သော လူတစ်ယောက်က သူ့ အချစ်ဆုံးတပည့်ကို မည်သို့ အနိုင်ယူနိုင်မည်နည်း။

ကျန်းကျောက်ရှား၏ အကြည့်များက ရွှယ်ကျင်းအပေါ် မနှစ်မြို့သည့်ပုံ ပေါက်လာသဖြင့် ရွှယ်ကျင်းခင်မျာ သူ့မျက်လုံးများကို မကြည့်ရဲတော့ချေ။

အခြားတစ်ဖက်တွင်မူ ချင်ယဲ့ ဂိုဏ်းသို့ ရောက်ရှိလာပြီး လီချင်းချိုးကို ရှာဖွေကာ သံတုတ်ရှည်ကို မြေပြင်ပေါ် ချထားလိုက်ပြီးနောက် လီချင်းချိုး၏ ရှေ့တွင် ဒူးထောက်လိုက်သည်။

ထိုအချိန်၌ လီချင်းချိုးက အသက် ၁၅ နှစ်အရွယ် လီစီဖုန်းကို မတ်တတ်ရပ်ခိုင်းပြီး အပြစ်ပေးကာ ဆုံးမနေချိန် ဖြစ်သည်။ ချင်ယဲ့ ဒူးထောက်လိုက်သည်ကို မြင်သောအခါ သူ စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ ဆရာသခင်..."

ချင်ယဲ့က နဖူးကို မြေပြင်နှင့် ထိကပ်ထားရင်း လေးနက်သော အသံဖြင့် ပြောလိုက်သည်။

လီချင်းချိုးက နားမလည်နိုင်စွာဖြင့်….

"ဘာလို့ အပြစ်ပေးရမှာလဲ..."

"ကျွန်တော် မတော်တဆ ဂျူနီယာညီလေး ရွှယ်ကျင်းကို ဒဏ်ရာရအောင် လုပ်မိပါတယ်..."

"ဘာဖြစ်တာလဲ... ငါ့ကို အသေးစိတ် ရှင်းပြစမ်း..."

လီချင်းချိုး မျက်မှောင်ကြုတ်မိသွားသည်။ ရွှယ်ကျင်းက ကျန်းကျောက်ရှား၏ တန်ဖိုးအထားရဆုံး တပည့်ဖြစ်ရုံသာမက သူ မျှော်လင့်ထားသော အနာဂတ် ကျင့်ကြံခြင်းအဆင့် တက်လှမ်းမည့် တပည့်လည်း ဖြစ်သည်။

လီစီဖုန်းကတော့ ချင်ယဲ့ကို အံ့သြစွာ ကြည့်လိုက်သည်။ထို့နောက် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး မျက်နှာပေါ်တွင် ညစ်ကျယ်ကျယ်အပြုံးတခု ပေါ်လာလေတော့သည်။

All Chapters