သိုင်းပညာရှင် အများအပြား ပေါ်ထွက်လာခြင်း
Vol. 5 Ch. 42
ချင်ယဲ့က မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို ပြန်လည် ပြောပြလိုက်သည်။ ပြောပြပြီးသောအခါ သူက အပြစ်ရှိသည့် အမူအရာဖြင့် ….
"စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်ရှည်က အရမ်း ကြမ်းတမ်းလွန်းတယ်... ပြီးတော့ သူ့ရဲ့ အစွမ်းကို ထိန်းချုပ်ဖို့လည်း ခက်ခဲတယ်... သူ့အစွမ်း သဲ့သဲ့လေး လွတ်ထွက်သွားရင်တောင် လူကို ထိခိုက်စေနိုင်တယ်... နောက်ဆိုရင် ဂိုဏ်းတူအချင်းချင်း လက်ရည်ယှဉ်တဲ့အခါ ဒီတုတ်သိုင်းကို လုံးဝ မသုံးတော့ပါဘူး..."
ထိုအခါ.လီချင်းချိုးက တည်ငြိမ်စွာ မေးလိုက်သည်။
"သူ့ဒဏ်ရာ ဘယ်လောက် ပြင်းထန်လဲ..."
"မျက်နှာ ရောင်သွားပါတယ်..."
"ဒါဆိုရင်တော့ မင်း သေချာပေါက် တောင်းပန်ရလိမ့်မယ်... လူတစ်ယောက်ရဲ့ မျက်နှာကို ဘယ်လိုလုပ် ရိုက်လိုက်ရတာလဲ... တခြားနေရာကို ထိခိုက်ရင် အဝတ်အစားနဲ့ ဖုံးထားလို့ ရပေမဲ့ မျက်နှာကို ထိခိုက်သွားရင် သူ့ဆရာ သေချာပေါက် သိမှာပေါ့..."
လီချင်းချိုး၏ စကားကြောင့် ချင်ယဲ့ ကြောင်အသွားသည်။ သူ ဤအချက်ကို မတွေးမိခဲ့ပေ။ ဆရာသခင် ပြောလိုက်သည်ကို ကြားရသောအခါ သူ ပို၍ပင် အပြစ်ရှိသလို ခံစားလိုက်ရသည်။
မတ်တတ်ရပ်၍ အပြစ်ပေးခံနေရသော လီစီဖုန်းက တခစ်ခစ် ရယ်မောလိုက်ပြီး….
"တတိယ စီနီယာအစ်ကိုက သဘောထား သေးသိမ်တယ်... မင်းတော့ သွားပြီ... သူ မင်းဆီလာပြီး သူ့တပည့်အတွက် ကိုယ်တိုင် လက်စားချေလိမ့်မယ်..."
ထိုစကားကို ကြားသောအခါ ချင်ယဲ့က ကြောက်ရွံ့ခြင်း မရှိဘဲ လေးနက်စွာဖြင့်….
"ကျွန်တော် တတိယဦးလေးရဲ့ အပြစ်ပေးတာကို ခံယူဖို့ ဆန္ဒရှိပါတယ်..."
လီစီဖုန်းက နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး …"သေချင်နေတာပဲ..." ဟု ရေရွတ်လိုက်သည်။
အကြောင်းရင်းကို နားလည်သွားပြီးနောက် လီချင်းချိုးက အလေးအနက် မထားတော့ဘဲ …
"တဖက်လူက လက်ရည်ယှဉ်ဖို့ ကမ်းလှမ်းတာ ဖြစ်တဲ့အတွက် မင်းမှာ အပြစ်မရှိဘူး... နောက်နောင် ပိုသတိထားပေါ့... တတိယ ဂျူနီယာညီလေးက မာနကြီးပေမဲ့ မင်းကို ဒုက္ခပေးမှာ မဟုတ်ဘူး... ဒါပေမဲ့ ရွှယ်ကျင်းကတော့ မျက်နှာသာ ပြန်ရဖို့ မင်းဆီ သေချာပေါက် လာလိမ့်မယ်... အဲဒီ့အခါကျရင်တော့ သတိထားပေါ့..."
သိုင်းပညာ လက်ရည်ယှဉ်ရာတွင် ဒဏ်ရာရခြင်းမှာ ရှောင်လွှဲမရနိုင်သော အရာဖြစ်သည်။ လီချင်းချိုးက ဒါကို ကိစ္စကြီးဟု မထင်ပေ။ သူ့နေနှင့်တပည့်များကို လက်ရည်ယှဉ်ခြင်း မပြုရန် တားမြစ်၍လည်း မရနိုင်ချေ။
ချင်ယဲ့ အနိုင်ရခဲ့သော်လည်း သူ ချင်ယဲ့ကို မချီးကျူးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အခြားသော ဂိုဏ်းသားများမှာ ရွှယ်ကျင်းလို ခံနိုင်ရည်မရှိကြသဖြင့် ချင်ယဲ့အနေဖြင့် တုတ်သိုင်းကို ပိုမို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် လိုအပ်သည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။
ထိုစကားကို ကြားသော်လည်း ချင်ယဲ့ တွန့်ဆုတ်နေဆဲ ဖြစ်သည်။ တတိယဦးလေးထံ သွားရောက် တောင်းပန်ရန်ပင် အကြံပြုလိုက်ရာ လီချင်းချိုးက သူ့ကို ကန်ထုတ်လိုက်သဖြင့် လွင့်စင်သွားတော့သည်။
"ဒီလောက်ပြသာနာများနေတာကို မလုံလောက်သေးဘူးလို့ ထင်နေတာလား... ထွက်သွားစမ်း..."
လီချင်းချိုး စိတ်ပျက်လက်ပျက် ပြောလိုက်ရာ ချင်ယဲ့ခင်မျာ နှစ်ဂျင်ခန့် (ပေ ၂၀ ခန့်) အဝေးသို့ လွင့်စင်သွားပြီး နံရံနှင့် ဝင်တိုက်မိပြီးမှ ရပ်တန့်သွားသည်။
ထောင့်တစ်နေရာသို့ ပြုတ်ကျသွားသောအခါ ချင်ယဲ့ခင်မျာ ဝမ်းဗိုက်ထဲတွင် မွှေနောက်နေသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး နာကျင်သွားသည်။ သို့သော်လည်း ဆရာသခင်၏ အစွမ်းကို တိတ်တဆိတ် အံ့သြသွားပြီး လျင်မြန်စွာ ထရပ်ကာ နှုတ်ဆက် ထွက်ခွာသွားလေတော့သည်။
လီစီဖုန်းက လီချင်းချိုးဘက်သို့ လှည့်ကြည့်ပြီး အံ့သြတကြီး ရေရွတ်လိုက်သည်။
"စီနီယာအစ်ကို... ဝူပေါက်ယွီ သင်ပေးထားတဲ့ တုတ်သိုင်းက တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား... ဒါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး... ချင်းရှောင်ဂိုဏ်းအနေနဲ့ စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်ရှည်ကို ကျော်ဖြတ်နိုင်မယ့် ကိုယ်ပိုင် သိုင်းပညာ လိုအပ်တယ်..."
"ဟွန့်... မင်းကိစ္စ မင်း အရင်ကြည့်စမ်းပါ... သေချာ ရပ်နေ..."
လီချင်းချိုးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ လီစီဖုန်း၏ ဘေးသို့ လျှောက်သွားပြီး လီစီဖုန်း၏ တင်ပါးကို ကန်လိုက်လေရာ ချက်ချင်းပင် စူးရှသော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာပြီး လီစီဖုန်း၏ မျက်နှာ အမူအရာ ပြောင်းလဲသွားကာ ဒူးထောက်လုမတတ် ဖြစ်သွားသည်။
ဤကန်ချက်တွင် အတွင်းအား ပါဝင်နေပြီး လီစီဖုန်း၏ ခြေထောက်ရှိ သွေးကြောများကို လှုံ့ဆော်လိုက်သဖြင့် သည်းမခံနိုင်လောက်အောင် နာကျင်သွားရခြင်း ဖြစ်သည်။
"မင်း တပည့်တွေကို နောက်တစ်ခါ အနိုင်ကျင့်ရဉီးမလား..."
"ကျွန်တော်က သူ့ကို ကျွန်တော့်အစား စာရေးစာဖတ်အတန်းတက်ခိုင်းရုံပါ. ဘယ်လိုလုပ် အနိုင်ကျင့်တာ ဖြစ်ရမှာလဲ..."
"သူ မင်းကို ငြင်းလို့ရလို့လား..."
"မရဘူးရယ်တော့ မဟုတ်ပါဘူး..."
လီချင်းချိုး ထပ်မံ ကန်လိုက်ပြန်ရာ လီစီဖုန်းမှာ နာကျင်လွန်းသဖြင့် ရှုံ့မဲ့သွားကာ နောက်တစ်ကြိမ် ဘယ်တော့မှ မလုပ်ရဲတော့ကြောင်း အလျင်အမြန် တောင်းပန်လိုက်သည်။
...
ညနေစောင်းသို့ ရောက်သောအခါ ဝင်းတစ်ခု အတွင်း၌ လူငယ်လေး ပိုင်နင်အာတယောက် စားပွဲတစ်ခုတွင် ထိုင်၍ လက်တစ်ဖက်ဖြင့် ပါးကို ထောက်ကာ တောင်တန်းများကို ငေးကြည့်ရင်း အတွေးလွင့်နေသည်။
ထိုစဉ်ဂိုဏ်းသားတစ်ဦး ဝင်းထဲသို့ အပြေးဝင်လာပြီး တောယုန် လေးကောင်ကို သယ်ဆောင်လာသည်။ ထိုသူက စားပွဲနားသို့ လျှောက်လာပြီး…
"ကျုပ်နာမည်ဟူဖုန်းပါ... ဒီနေ့ ရတာက တောယုန် လေးကောင်... တစ်ကောင်ကို ငါးပိဿာလောက် ရှိတယ်..."
ပိုင်နင်အာ သတိဝင်လာပြီး စုတ်တံကို ကောက်ကိုင်ကာ ရှေ့ရှိ စာအုပ်ထဲတွင် စတင် ရေးမှတ်လိုက်ရင်း ပြောလိုက်သည်။
"ဘာလို့ တောယုန် ဖြစ်နေရပြန်တာလဲ... တောင်ပေါ်က တောယုန်တွေကို ကုန်အောင် စားပစ်ချင်နေကြတာလား..."
"ထိုက်ခွန်းတောင်တန်းက အရမ်း ကျယ်ဝန်းတာပဲဟာ... ဖမ်းလို့ကုန်မှာ မဟုတ်ဘူး... ဒီနားက ယုန်တွေ ကုန်သွားရင် တခြားနေရာက ယုန်တွေ လာပြီး စားကျက်ရှာကြမှာပဲ... ဒါနဲ့ ယုန်သားစားတုန်းက မင်း အသားတွေ အများကြီး ယူစားတာ ငါမမြင်ဘူးမှတ်နေလား..."
ဟူဖုန်းက စိတ်မရှည်သလို ပြောလိုက်သော်လည်း ပိုင်နင်အာက ဟူဖုန်း၏ လုပ်အားကို ဂရုတစိုက် မှတ်တမ်းတင်ပေးနေသည်ကို မြင်သောအခါ ချက်ချင်းပင် ပြုံးဖြီးသွားသည်။
"မလွှတ်ပေးခင် သေချာ ချည်ထားဦး..."
ပိုင်နင်အာ သတိပေးလိုက်ရာ ဟူဖုန်းက တောယုန်များကို ပိုင်နင်အာ၏ နောက်ဘက်သို့ သယ်ဆောင်သွားလေတော့သည်။
ဝင်းထဲတွင် ပန်းပင်များ၊ သစ်သီးများနှင့် တောကောင်များ ပုံနေပြီ ဖြစ်ပြီး အားလုံးမှာ ဂိုဏ်းသားများ၏ ရိတ်သိမ်းမှုများ ဖြစ်ကြသည်။
ပိုင်နင်အာ၏ တာဝန်မှာ ဤအရာများကို နေ့စဉ် မှတ်တမ်းတင်ရန် ဖြစ်သည်။ တစ်စုံတစ်ယောက်က မှတ်တမ်းတင်ပေးနေခြင်းကြောင့် ဂိုဏ်းသားများ၏ စိတ်အားထက်သန်မှု လျော့ပါးမသွားဘဲ ပို၍ပင် အလုပ်ကြိုးစားလာကြသည်။
ဟူဖုန်း ထွက်ခွာသွားပြီးနောက် ပိုင်နင်အာ စားပွဲပေါ် မှောက်ချလိုက်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ဒီလိုနေ့ရက်တွေ ဘယ်တော့များမှ ပြီးဆုံးမှာလဲ…
သူသည် ငယ်စဉ်ကတည်းက စာပေသင်ကြားခဲ့ပြီး ခန္ဓာကိုယ် အားနည်းသူ ဖြစ်သောကြောင့် စီနီယာအစ်ကိုက သူ့ကို ဤနေရာတွင် တာဝန်ချထားခြင်း ဖြစ်သည်။ အမှန်တကယ်တွင်မူ စီနီယာအစ်ကိုက သိုင်းပညာ လေ့ကျင့်ရန် အချိန်ပို ရချင်သောကြောင့် ဖြစ်သည်။စီနီယာအစ်ကိုက ပုံမှန်အားဖြင့် သူ့ကို ကောင်းစွာ ဂရုစိုက်သဖြင့် သူ မငြင်းဆန်နိုင်ခဲ့ပေ။
ယခုအခါတွင်မူ မနက်ခင်း လေ့ကျင့်ခန်း လုပ်ချိန်မှလွဲ၍ နေ့စဉ် အချိန်အများစုကို ဤဝင်းထဲ၌သာ ကုန်ဆုံးနေရသဖြင့် အလွန် ပျင်းရိ ငြီးငွေ့နေပြီ ဖြစ်သည်။
ပိုင်နင်အာ သက်ပြင်းချလိုက်စဉ်မှာပင် ပြင်းထန်သော ဆီးနံ့တစ်ခု ရောက်ရှိလာသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ခေါင်းလှည့်ကြည့်စရာပင် မလိုဘဲ တောဝက်ဆီးနံ့မှန်း သူ သိလိုက်သည်။
အခြား ဂိုဏ်းသားများ လာရောက်၍ တောကောင်များကို သယ်ယူသွားပြီး ဝင်းကို သန့်ရှင်းရေး လုပ်ပြီးမှသာ သူ့တစ်နေ့တာ တာဝန် ပြီးဆုံးမည် ဖြစ်သည်။
သူသည် တောဝက်သားကို အရသာရှိသည်ဟု ထင်သော်လည်း အသက်ရှင်နေသော တောဝက်များကိုမူ အမှန်တကယ် မုန်းတီးပေသည်။ အဘယ်ကြောင့်ဆိုသော် တောဝက်များက ညစ်ပတ်ပြီး အနံ့ဆိုးကာ နားမခံနိုင်အောင်အော်မြည်တတ်သောကြောင့် ဖြစ်သည်။
ချင်းရှောင်ဂိုဏ်းက အသားလိုအပ်ချက် မြင့်မားသော သိုင်းဂိုဏ်းတစ်ခု ဖြစ်သည့်အတွက် အမဲလိုက်ရန် တာဝန်ယူထားရသော ဂိုဏ်းသားများစွာ ရှိပြီး နေ့စဉ် ရိတ်သိမ်းမှုများ ရှိနေသည်။ ကျန်းယွီချွန်း တောင်အောက်ဆင်းသည့် အချိန်တိုင်း အသားခြောက်များ သို့မဟုတ် ဆားနယ်အသားများကို ဝယ်ယူလေ့ရှိသည်။ တောင်ခြေမှ ရွာသားများကလည်း ရံဖန်ရံခါ အသားများကို အခြား ကောက်ပဲသီးနှံများနှင့် လာရောက် လဲလှယ်တတ်ကြသဖြင့် ချင်းရှောင်ဂိုဏ်းမှ ဂိုဏ်းသားများက အနပ်တိုင်း အသားမပါလျှင်တောင် နေ့စဉ် အသားစားသုံးနိုင်ကြသည်။
တောင်ပေါ်သို့ စတင် ရောက်ရှိချိန်က သူ ရရှိခဲ့သော ဆက်ဆံရေးကို သဘောကျခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ မကျေမနပ် ဖြစ်လာပြီး သိုင်းပညာကိုသာ သင်ယူချင်လာသည်။
ပိုင်နင်အာတယောက် အချိန်ကုန်လွန်စေရန် အတိတ်အကြောင်းများကို ပြန်လည် တွေးတောနေမိတော့သည်။
ညနေစောင်းချိန် နီးကပ်လာသောအခါ ဂိုဏ်းသား ငါးဦး ဝင်းထဲသို့ ဝင်ရောက်လာကြသည်။ သူတို့ကို မြင်သောအခါ ပိုင်နင်အာက ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး စားပွဲပေါ်မှ စာအုပ်များကို သိမ်းဆည်းကာ ဝင်းထဲမှ ပြေးထွက်သွားတော့သည်။
ထိုဂိုဏ်းသား ငါးဦးမှာ နေသားကျနေပြီ ဖြစ်သဖြင့် ဝင်းထဲတွင် ပုံနေသော တောကောင်များနှင့် ကောက်ပဲသီးနှံများကို စတင် ရှင်းလင်းလိုက်ကြသည်။
ဝင်းထဲမှ ထွက်ခွာလာပြီးနောက် ပိုင်နင်အာ တောင်ပေါ်သို့ ခုန်ပေါက်ပြေးလွှားကာ တက်သွားသည်။ သူသည် ယနေ့ညတွင် အပျင်းတစ်ပြီးအိမ်မည်။ မနက်ဖြန်မှ စောစောထကာ ဝင်းကို သန့်ရှင်းရေး လုပ်ရန် စိတ်ကူးထားသည်။
တစ်ယောက်တည်း လုပ်ရသည်မှာ အလွန် ပင်ပန်းသည်ဟု ထင်သဖြင့် စီနီယာအစ်ကို သူ့ကို ကူညီပေးနိုင်ရန် သွားရောက် တိုင်တောရမည်။
"ရှေ့က လူငယ်လေး... ခဏလောက် နေပါဦး..."
အမျိုးသမီး တစ်ဦး၏ အသံ နောက်ဘက်မှ ထွက်ပေါ်လာသဖြင့် ပိုင်နင်အာ ရပ်တန့်၍ လှည့်ကြည့်လိုက်ရာ အမျိုးသမီး နှစ်ဦး တောင်ပေါ်လမ်းအတိုင်း လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ရှေ့မှ လျှောက်လာသူမှာ အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး ကိုယ်လုံးကိုယ်ထည် သေးငယ်ကာ ကြည့်ရသည်မှာ ၁၅ နှစ်၊ ၁၆ နှစ်ခန့်သာ ရှိဦးမည့်ပုံ ပေါ်သည်။ သူမတွင် နူးညံ့ချစ်စရာကောင်းသော မျက်နှာလေး ရှိပြီး ဆံပင်ကို ကျစ်ဆံမြီး နှစ်ဖက် ကျစ်ထားသဖြင့် ပိုင်နင်အာ၏ မျက်လုံးများ အရောင်တောက်သွားသည်။
နောက်မှ အမျိုးသမီးမှာ ရိုးရှင်းသော အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာကို ပုဝါပါးဖြင့် အုပ်ထားကာ ကျောတွင် သစ်သားသေတ္တာရှည် တစ်ခုကို လွယ်ထားပြီး သူမ၏ ကိုယ်နေဟန်ထားမှာ ကျက်သရေ ရှိလှသည်။ သူမ၏ မျက်လုံးများမှာ တောက်ပပြီး ဆွဲဆောင်မှု ရှိနေသည်။ သူမက အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီး၏ နောက်မှ လိုက်ပါလာပြီး သူမ၏ အမူအရာမှာ သခင်မ တစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားနေသည်။
တောင်ပေါ်ကို လာတဲ့ ဧည့်သည်တွေလား…
ပိုင်နင်အာ သိချင်စိတ် ဖြစ်သွားသော်လည်း ကြောက်ရွံ့ခြင်း မရှိပေ။ အကယ်၍ သူ အော်ဟစ်လိုက်လျှင် အခြား ဂိုဏ်းသားများ ပြေးလာကြမည် ဖြစ်သည်။ ထို့အပြင် ဤအမျိုးသမီး နှစ်ဦးမှာ လူဆိုးပုံ မပေါက်ဘဲ အန္တရာယ်ကင်းမည့်ပုံ ပေါ်နေသည်။
အမျိုးသမီး နှစ်ဦး အနားရောက်လာသောအခါ ပိုင်နင်အာက .. "ခင်ဗျားတို့က ဘယ်သူတွေလဲ..."ဟုမေးလိုက်သည်။
အစိမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးက ပြုံး၍ … "ကျမ နာမည်က ဆုရှီးလင်ပါ... ကျမ သခင်မလေးရဲ့ မျိုးရိုးနာမည်က ကျူး ပါ... သခင်ကြီး လျူဖန်ကျိုးရဲ့ မိတ်ဆက်ပေးမှုနဲ့ လာခဲ့ကြတာပါ... ရှင်တို့ ဂိုဏ်းချုပ်နဲ့ ကိစ္စလေး ဆွေးနွေးစရာ ရှိလို့... လမ်းပြပေးလို့ ရမလား..."
သူမ၏ အရပ်အမောင်းမှာ ၁၄ နှစ်အရွယ် ပိုင်နင်အာနှင့် သိပ်မကွာလှသဖြင့် ပိုင်နင်အာ သူမကို သိပ်ပြီး သတိမထားမိပေ။
"သခင်ကြီးလျူလား... သူက တကယ့် လူကောင်းပဲ... ဒီတောင်ပေါ်လမ်းကို ပြုပြင်ပေးခဲ့တာ သူပဲလေ... လာကြ... မကြာခင် ထမင်းစားချိန် ရောက်တော့မှာ... ဒါဆို ဂိုဏ်းချုပ်ကို ရှာရတာ လွယ်ကူမှာပါ..."
ပိုင်နင်အာက လွယ်ကူစွာပင် သဘောတူလိုက်ပြီး လက်ဝှေ့ယမ်းကာ လမ်းပြရန် ရှေ့မှ ထွက်သွားသည်။
ဆုရှီးလင်နှင့် အဖြူရောင် ဝတ်စုံဝတ် အမျိုးသမီးတို့က နောက်မှ ကပ်လိုက်လာကြသည်။ ဆုရှီးလင်က ချင်းရှောင်ဂိုဏ်းကို အလွန် စိတ်ဝင်စားပုံရပြီး ပိုင်နင်အာကို မေးခွန်းများ စတင် မေးမြန်းလေတော့သည်။
ပိုင်နင်အာ သူမ၏ မေးခွန်းများကို နားထောင်လိုက်ရာ အားလုံးမှာ သာမန်ကိစ္စများသာ ဖြစ်နေသည်။ ဥပမာအားဖြင့် ကြားရက်များတွင် တိတ်ဆိတ်ငြိမ်သက်မှု ရှိမရှိ၊ သိုင်းသမား ဘယ်နှယောက် ဝင်ထွက်သွားလာသလဲ၊ တောင်ပေါ်သို့ ဓားပြများ လာတတ်သလား စသည့် သာမာန်မေးခွန်းများဖြစ်သဖြင့် တစ်ခုချင်းစီကို ဖြေကြားပေးလိုက်သည်။
လမ်းလျှောက်နေရင်းနှင့် လမ်းတွင် အခြားသော ချင်းရှောင်ဂိုဏ်းသားများနှင့် ဆုံတွေ့ခဲ့ကြသည်။ ဂိုဏ်းသားများက စူးစမ်းလိုစိတ်ဖြင့် ထိုအမျိုးသမီး နှစ်ဦးမှာ ဘယ်သူတွေလဲဟု မေးမြန်းကြရာ ပိုင်နင်အာက လျူဖန်ကျိုး၏ အမည်ကို ပြောပြလိုက်သောအခါ ဂိုဏ်းသားများ ချက်ချင်း နားလည်သွားကြပြီး တားဆီးခြင်း မပြုကြတော့ပေ။
မကြာမီ သူတို့သုံးဉီး အမြင့်ဆုံးနေရာရှိ ဝင်းသို့ ရောက်ရှိလာကြသည်။ ပိုင်နင်အာက စားပွဲရှည်တွင် ထိုင်နေသော လီချင်းချိုးကို မြင်လိုက်ရပြီး ဆုရှီးလင်နှင့် အခြား အမျိုးသမီး တစ်ဦးကို မိတ်ဆက်ပေးရန် အမြန် ပြေးသွားလိုက်သည်။
"ကျေးဇူးပဲကွာ... ဒီည ဒီမှာပဲ ညစာ စားလိုက်တော့... နေရာလွတ် တစ်နေရာ ရှာထိုင်လိုက်..."
လီချင်းချိုးက လက်လှမ်း၍ ပိုင်နင်အာ၏ ဆံပင်ကို ပွတ်သပ်ကာ ပြုံး၍ ပြောလိုက်ပြီးနောက် မတ်တတ်ရပ်ကာ ဆုရှီးလင်နှင့် အခြား အမျိုးသမီးထံသို့ လျှောက်သွားလိုက်သည်။
ပိုင်နင်အာမှာ အလွန် ဝမ်းသာသွားပြီး ခေါင်းကို ကိုင်ကာ ရူးကြောင်ကြောင် ပြုံးလိုက်မိသည်။
လီချင်းချိုးက သူ့ကို ကျောပေးထားရင်း တာအိုမျိုးဆက်စနစ် မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်ရာ ကံကောင်းသူ (Lucky One) ၏ သစ္စာရှိမှု အနည်းငယ် တိုးလာသည်ကို တွေ့လိုက်ရသဖြင့် ကျေနပ်စွာ ပြုံးလိုက်မိသည်။
ကလေးတွေက စိတ်လှုပ်ရှား လွယ်တတ်ကြတယ်မဟုတ်လား..…
လီချင်းချိုးက ဆုရှီးလင်းနှင့် အခြား အမျိုးသမီး တစ်ဦး အနားသို့ လျှောက်သွားပြီး … "အစ်ကိုလျူရဲ့ မိတ်ဆက်ပေးမှုနဲ့ လာတာဆိုတော့... အတွင်းထဲဝင်ပြီး စကားပြောကြမလား..."
ဆုရှီးလင်း ခေါင်းညိတ်လိုက်ရာ အမျိုးသမီး နှစ်ဦးစလုံး လီချင်းချိုး၏ နောက်မှ လိုက်ပါ၍ ဝင်းထဲမတွင် အသစ်ဆောက်လုပ်ထားသော ခန်းမဆောင်ထဲသို့ ဝင်ခဲ့ကြသည်။ ထိုခန်းမဆောင်၏ တံခါးမှာ ပွင့်လျက်သား ရှိနေသည်။
လီချင်းချိုး ထိုင်လိုက်သည်နှင့် ဆုရှီးလင်းက သူ့ဘေးသို့ ရောက်လာပြီး သူမ၏ အင်္ကျီလက်စ အတွင်းမှ ဖဲအိတ်တစ်လုံးကို ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် အိတ်ကို ဖြေလိုက်ရာ ရွှေငွေ ရတနာများ ထွက်ကျလာသည်။
"ကျမ သခင်မလေးက ချင်းရှောင်ဂိုဏ်းဟာ လောကီနဲ့ ဝေးကွာပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုလို့ သခင်ကြီး လျူဖန်ကျိုးဆီက ကြားသိခဲ့ရပါတယ်... ဒါကြောင့် ဒီမှာ နှစ်နှစ်လောက် လာနေချင်လို့ပါ... ကျမတို့ အလကား နေပြီး အလကား စားမှာ မဟုတ်ပါဘူး..."
ဆုရှီးလင်း တိုးညှင်းစွာ ပြောလိုက်ရာ လီချင်းချိုးက အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးကို လှမ်းကြည့်လိုက်မိသည်။
သစ်သားသေတ္တာကို ကျောတွင် လွယ်ထားသော အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးက စကားတစ်ခွန်းမျှ မပြောဘဲ သူ့ကို ငြိမ်သက်စွာ ကြည့်နေသည်။
လီချင်းချိုးက ချက်ချင်း သဘောမတူသေးဘဲ မေးလိုက်သည်။
"မိန်းကလေး နှစ်ယောက်က ဘာကိစ္စကြောင့် ဒီမှာ လာနေချင်ရတာလဲဆိုတာ မေးလို့ ရမလား... ချင်းရှောင်ဂိုဏ်းက တိတ်ဆိတ်စွာ ကျင့်ကြံဖို့ နေရာမှန်ပေမဲ့ ပြဿနာတွေ ဖြစ်လာမှာကိုတော့ ကြောက်မိတယ်..."
ဆုရှီးလင်က….
"အခုတလော နန်းတွင်းက သူပုန်တွေကို နှိမ်နင်းနေလို့ ဘယ်နေရာမှ ငြိမ်းချမ်းမှု မရှိပါဘူး... ထိုက်ခွန်းတောင်တန်း တစ်ခုပဲ အတော်အတန် တည်ငြိမ်မှု ရှိနေတာပါ... ကျမ သခင်မလေးက ကုကျိုးစီရင်စုက နာမည်ကြီး ပညာရှင် ကျူးယန်ပါ... သခင်မလေးက တိုက်ခိုက်တာတွေကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး.... ရှင် သူမနာမည်ကို ကြားဖူးမှာပါ..."
လီချင်းချိုး ထိုနာမည်ကို ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။ သူသည် ပုံမှန်အားဖြင့် သိုင်းလောက အကြောင်းများကိုသာ ကြားသိရပြီး စာပေပိုင်းဆိုင်ရာ ကိစ္စရပ်များကို သိပ်နားမလည်ချေ။
"အဲဒါဆိုရင်တော့ သဘောတူပါတယ်..."
လီချင်းချိုးက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ပြုံး၍ ပြောလိုက်ကာ လမ်းပြရန် မတ်တတ်ရပ်လိုက်သည်။
အဓိက ခန်းမဆောင်မှ ထွက်ခွာလာပြီးနောက် သူတို့အတွက် နေရာထိုင်ခင်း စီစဉ်ပေးရန် ဂိုဏ်းသားတစ်ဦးကို တာဝန်ပေးလိုက်သည်။
ထွက်ခွာသွားသော အမျိုးသမီး နှစ်ဦး၏ ကျောပြင်ကို ကြည့်ရင်း လီချင်းချိုး လေးစားအားကျမှုများဖြင့် ပြည့်နှက်သွားသည်။ သိုင်းလောကတွင် အမှန်တကယ်ပင် သိုင်းပညာရှင်များ အများအပြား ရှိနေပေသည်။
ကျူးယန်က သိုင်းပညာ မတတ်သည့် သိမ်မွေ့သော ပညာရှင်တစ်ဦး အသွင် ရှိသော်လည်း လက်တွေ့တွင် သူမ၏ အတွင်းအားမှာ ယန်ကျွယ်တိန် တောင်ပေါ်သို့ စတင် ရောက်ရှိလာစဉ်က အခြေအနေထက် မလျော့နည်းချေ။
အစေခံတစ်ဦး ဖြစ်သော ဆုရှီးလင်မှာ ပို၍ပင် ချဲ့ကားလွန်းနေသည်။ သူမ၏ အတွင်းအားမှာ သူ မြင်ဖူးသမျှထဲတွင် အနက်ရှိုင်းဆုံး ဖြစ်ပြီး ခုနှစ်စဉ်တောင်ထွတ် မဟာမိတ်အဖွဲ့မှ လုထိုက်သု ထက်ပင် ပိုမို အားကောင်းနေသည်။
သူတို့၏ သိုင်းပညာ စွမ်းရည်များနှင့်ဆိုလျှင် တောင်ပေါ်သို့ ဘေးကင်းစွာ တက်ရောက်လာနိုင်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သူတို့က လမ်းတစ်လျှောက်ရှိ ဂိုဏ်းသားများ သတိမထားမိစေရန် အတွင်းအားကို ဖုံးကွယ်နိုင်သည့် လျှို့ဝှက် နည်းလမ်းတစ်ခုခုကို ကျင့်ကြံထားခြင်း ဖြစ်လိမ့်မည်။
လီချင်းချိုး ပြုံးလိုက်ပြီး ထမင်းစားပွဲသို့ လျှောက်သွားကာ စားသောက်ရန် ပြင်ဆင်လိုက်သည်။
နောက်ရက်များတွင် သာယာနာပျော်ဖွယ် ကောင်းသော ဂီတသံများ တောင်တန်းများနှင့် လယ်ကွင်းများအနှံ့ ပဲ့တင်ထပ်နေလေ့ ရှိပြီး ဂိုဏ်းသားများအကြား ပြောစမှတ် ဖြစ်လာခဲ့သည်။
ကျူးယန် ရောက်ရှိနေကြောင်း ကျန်းယွီ သိလိုက်ရသောအခ အလွန် ဝမ်းသာသွားပြီး သွားရောက် တွေ့ဆုံချင်သော်လည်း ဆုရှီးလင်က တားဆီးခဲ့သည်။
ထိုအခါမှသာ ကျူးယန်က အမှန်တကယ် ကျော်ကြားသော ပညာရှင်တစ်ဦး ဖြစ်ကြောင်း လီချင်းချိုး ယုံကြည်သွားသည်။ ဤလောကတွင် ကုချင်းတူရိယာ တီးခတ်နိုင်သူများမှာ သာမန်လူများ မဟုတ်ကြဘဲ ပုံမှန်အားဖြင့် မာနကြီးလေ့ရှိသော ကျန်းယွီသည်ပင် ဤကဲ့သို့ တည်ငြိမ်မှု ပျက်ပြားခြင်းမျိုး တစ်ခါမျှ မဖြစ်ဖူးခဲ့ပေ။