← Chapters

ကနဦး တည်ထောင်ခြင်း၊ အကြွင်းမဲ့သူတော်စင်ဂိုဏ်း

Vol. 5 Ch. 43

ကနဦး တည်ထောင်ခြင်း၊ အကြွင်းမဲ့သူတော်စင်ဂိုဏ်း

Vol. 5 Ch. 43

ကျော်ကြားသော ပညာရှင်များ၏ ကုချင်းဂီတသံ နေ့စဉ် တွဲဖက်ပါဝင်လာမှုကြောင့် ချင်းရှောင်ဂိုဏ်းသားများအားလုံး သိုင်းပညာ လေ့ကျင့်ရာတွင် ဖြစ်စေ၊ လုပ်အားပေးရာတွင် ဖြစ်စေ စိတ်လက် ပိုမို ကြည်လင်လာကြသည်။

ဤအချက် ကျူးယန်နှင့် အခြား အမျိုးသမီး နှစ်ဦးအပေါ် ထားရှိသော.လီချင်းချိုး၏သဘောထား အမြင်ကို ပြောင်းလဲစေခဲ့သည်။

ပညာရှင်ဆိုသည်မှာ ပညာရှင်သာ ဖြစ်သည်ဟု ပြောရပေမည်။ ဘဝနှစ်ခု ဖြတ်သန်းဖူးပြီး ခေတ်ပေါ်ဂီတနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော လီချင်းချိုးသည်ပင် ကုချင်းသံစဉ်ကို အလွန် နားထောင်ကောင်းသည်ဟု ခံစားရပြီး ထပ်ခါထပ်ခါ နားထောင်ချင်နေမိသည်။

ကုချင်းသံစဉ်က တောင်တန်းများနှင့် လယ်ကွင်းများအနှံ့ ပဲ့တင်ထပ်နေပြီး နှလုံးသားထဲသို့ ဝင်ရောက်လာသော လေညင်းကဲ့သို့ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးကာ ဂနာမငြိမ်ဖြစ်မှုများကို ငြိမ်သက်သွားစေသည်။

ပြောစမှတ် ပြုစရာ တစ်ခုမှာ ပိုင်နင်အာနှင့် ဆုရှီးလင်တို့ အလွန် ရင်းနှီးလာကြပြီး ဆုရှီးလင်က ပိုင်နင်အာကို အကြံဉာဏ်တချို့ ပေးချင်နေပုံ ရသည်ကို လီချင်းချိုး သတိထားမိလိုက်ခြင်း ဖြစ်သည်။

ဒါတွေက ကံကောင်းသူတွေလား…

ထက်မြက်လိုက်တာ...

ကျော်ကြားသော ပညာရှင်တစ်ဦး ထပ်တိုးလာခြင်းက ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား မဖြစ်စေခဲ့ပေ။

တောင်ပေါ်လမ်း ဖောက်လုပ်ပြီးစီးသွားသောအခါ လူများက ဆေးကုသမှု ခံယူရန် တောင်ပေါ်သို့ စတင် လာရောက်ကြသည်။ လီတုန်းယွဲ့က စိတ်သဘောထား ကောင်းမွန်သူ ဖြစ်သဖြင့် ချမ်းသာသော သူများထံမှ ငွေကြေးကို တိုက်ရိုက် လက်ခံသော်လည်း ဆင်းရဲသော သူများအတွက်မူ သူတို့ တတ်နိုင်သလောက် ပေးရန် သို့မဟုတ် ဆေးကုသစရိတ် ကာမိစေရန် ချင်းရှောင်ဂိုဏ်း အတွင်း၌ အလုပ်တချို့ လုပ်ပေးရန် တောင်းဆိုလေ့ ရှိသည်။

ထိုကဲ့သို့သော အပြုအမူကြောင့် လအနည်းငယ် အတွင်းမှာပင် တောင်ခြေ၌ ချင်းရှောင်ဂိုဏ်း၏ ဂုဏ်သတင်း ကျော်ကြားလာခဲ့သည်။

ဆောင်းဦးရာသီသို့ ရောက်ရှိလာပြန်ပြီ…

ရွှီနင်း မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိသွားပြီး အခန်းထဲတွင် အနားယူနေသော လီချင်းချိုးကို ချက်ချင်း လာရောက် ပြောပြရာ လီချင်းချိုး အလွန် ဝမ်းသာသွားသည်။

ဆရာနှင့် တပည့် စကားစမြည် ပြောနေကြစဉ် ကျန်းယွီချွန်း သူတို့ကို လာရှာသဖြင့် ရွှီနင်းက ဦးညွှတ်ကာ နှုတ်ဆက် ထွက်ခွာသွားသည်။

"စီနီယာအစ်ကို... အမွှေးတိုင် ထွန်းညှိပူဇော်တာတွေ စတင်ဖို့ အချိန်ကျပြီ... ကျုပ် လက်သမားဆရာတွေကို ဖိတ်ထားပြီးပြီ..."

ကျန်းယွီချွန်းက စိတ်အားထက်သန်သော အမူအရာဖြင့် ရယ်မောကာ ပြောလိုက်သည်။

သူတို့ ဤကိစ္စကို ယခင်က ဆွေးနွေးဖူးကြသည်။ ကျန်းယွီချွန်းက လျူဖန်ကျိုးနှင့် တိုင်ပင်ခဲ့ရာ လျူဖန်ကျိုးက ချင်းရှောင်ဂိုဏ်းတွင် တာအိုဂိုဏ်း ပုံစံရှိသည့်အတွက် ဝတ်ပြုသူများကို ဆွဲဆောင်ရန်နှင့် အမွှေးတိုင် ထွန်းညှိပူဇော်ခြင်းမှ ဝင်ငွေအချို့ ရရှိစေရန် ရုပ်တုတစ်ခု အဘယ်ကြောင့် မထုလုပ်သနည်းဟု အကြံပြုခဲ့သည်။ ဤအချက်က ကျန်းယွီချွန်း၏ ဆန္ဒနှင့် ကွက်တိ ဖြစ်သွားသည်။

လီချင်းချိုးက …"ဒါက လုပ်လို့ရပါတယ်... ဒါပေမဲ့ လူသိရှင်ကြား မလုပ်သင့်ဘူး... ဆုတောင်းပြည့်ဖို့ လာမယ့် မှန်ကန်တဲ့ လူကိုပဲ စောင့်သင့်တယ်..."

"ကျွန်တော် သတိထားပါ့မယ်... ဒါပေမဲ့ ရုပ်တု ထုလုပ်ဖို့ ဆုံးဖြတ်ချက်ကို ဂိုဏ်းချုပ်အစ်ကိုပဲ ချမှတ်ရမယ်... တခြား တာအိုဘုရားကျောင်းတွေ ဒါမှမဟုတ် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကို မထိခိုက်စေဘဲ ကိုယ်ပိုင် အကြံဉာဏ်တွေ ထုတ်ဖို့ လိုတယ်... အစ်ကို နာမည်ပေးလိုက်ပါ... ပြီးရင် ကျန်းယွီကို ဇာတ်လမ်း ရေးခိုင်းလိုက်မယ်... အရင်ဆုံး နာမည်နည်းနည်းလောက် စဉ်းစားကြည့်ရအောင်..."

လီချင်းချိုး မတ်တတ်ရပ်လိုက်ပြီး စားပွဲဆီသို့ သွားကာ စုတ်တံကို ကောက်ကိုင်၍ စက္ကူဖြူ တစ်ရွက်ပေါ်တွင် အမည်ငါးခု ရေးချလိုက်သည်။

"ထိုက်ရီ၊ ထိုက်ချူး၊ ထိုက်ရှီ၊ ထိုက်စု၊ ထိုက်ကျိ..."

ကျန်းယွီချွန်းက စက္ကူပေါ်မှ အမည်ငါးခုကို ကြည့်ပြီး တိုးတိုးလေး ရွတ်ဆိုလိုက်သည်။

လီချင်းချိုးက… "ဒီငါးခုစလုံးက တာအိုဝါဒမှာ ရိုသေလေးစားရတဲ့ ပုဂ္ဂိုလ်တွေပဲ... ဒါကြောင့် သူတို့ရဲ့ မျက်နှာတွေကို သိပ်ပြီး ထင်ရှားအောင် ထုလုပ်စရာ မလိုဘူး..."

ဤသည်မှာ ယခင်ဘဝက ရှေးဟောင်း တရုတ်ဂန္ထဝင်ကျမ်း "Liezi" တွင် မှတ်တမ်းတင်ထားသော အဓိက အဆင့်ငါးဆင့် ဖြစ်သည့် 'မူလ ဓာတ်ကြီးငါးပါး'ဖြစ်သည်။ ၎င်းတို့သည် စကြဝဠာ မဖြစ်ပေါ်မီက အဓိက အဆင့်ငါးဆင့်ကို ကိုယ်စားပြုပြီး ဘာမျှမရှိခြင်းမှ တည်ရှိခြင်းအထိ ဖြစ်ပေါ်လာပုံ ဖြစ်သည်။ သူ၏ မျိုးဆက်သည်ပင် ယခုမှ စတင် တည်ထောင်ကာစ ဖြစ်ပြီး အမှန်တကယ် ဉာဏ်အလင်း မရရှိသေးပေ။ ဤသည်မှာ ယင်းကို အထိမ်းအမှတ် ပြုလုပ်ခြင်း ဖြစ်ပြီး မူလ ဓာတ်ကြီးငါးပါးကို မြင်တွေ့ရတိုင်း လက်ရှိအချိန်ကို ပြန်လည် အမှတ်ရနိုင်စေရန် ဖြစ်သည်။

ကျန်းယွီချွန်းက မူလ ပုဂ္ဂိုလ်ငါးဦး၏ အမည်များကို အကြိမ်ကြိမ် ရွတ်ဆိုကြည့်ပြီးနောက် ပိုမို ကျေနပ်အားရလာသည်။ထို့နောက် ချက်ချင်းပင် စက္ကူကို သိမ်းဆည်းလိုက်ပြီး လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။

လီချင်းချိုးလည်း အခန်းထဲတွင် ဆက်မနေတော့ပေ။ ရွှီနင်း မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည့်အတွက် သူ အလွန် ပျော်ရွှင်နေပြီး အခြား ဂိုဏ်းသားများကို သွားရောက် ကြည့်ရှုစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

ညနေမစောင်းသေးသဖြင့် ဝင်းထဲတွင် ဂိုဏ်းသား သိပ်မရှိလှချေ။ထို့ကြောင့် တောင်တက်လမ်းအတိုင်း ဂိုဏ်းတံခါးဝမှ ထွက်ကာ တောင်အောက်သို့ ဆက်လျှောက်သွားလိုက်သည်။

လီချင်းချိုး လှေကားထစ်များပေါ်မှ လျှောက်လာရင်း အောက်သို့ ငုံ့ကြည့်လိုက်ရာ တောအုပ်ထဲတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော ဝင်းများကို မြင်တွေ့နေရသည်။ တောင်ပေါ်လမ်းတွင် ဂိုဏ်းသားများက ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် မြင်းများကို ဆွဲလာကြပြီး အခြားသူများက ကြက်များနှင့် ဘဲများကို လိုက်ဖမ်းနေကြသည်။ နေရာတိုင်းတွင် သက်ဝင်လှုပ်ရှားနေသဖြင့် သူ ပြုံးလိုက်မိသည်။

ဝင်းသုံးခုကို ဖြတ်ကျော်ပြီးနောက် လီချင်းချိုး ရပ်တန့်လိုက်ပြီး မလှမ်းမကမ်းရှိ သစ်ပင်အောက်တွင် တရားထိုင်နေသော အမျိုးသမီး တစ်ဦးကို ကြည့်လိုက်မိသည်။

ထိုအမျိုးသမီးမှာ လျူဖန်ကျိုး၏ သမီး လျူယန် ဖြစ်သည်။

သူမ၏ သစ္စာရှိမှု အဆင့် ၉၀ အထိ မြင့်တက်လာကတည်းက လီချင်းချိုး သူမကို ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာ၏ ပထမအဆင့်ကို သင်ကြားပေးခဲ့သည်။ သူမ လေ့ကျင့်နေသည်မှာ ဆယ်ရက် ရှိပြီ ဖြစ်သော်လည်း ယခုထက်ထိ မူလအားဖြည့်နယ်ပယ် ပထမအဆင့်သို့ မရောက်ရှိနိုင်သေးပေ။

လီချင်းချိုး ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် လျူယန်ရှိရာသို့ လျှောက်သွားလိုက်သည်။

လျူဖန်ကျိုးက ဝဖိုင့်ပြီး ရုပ်ရည် မချောမောသော်လည်း လျူယန်မှာမူ ချောမောလှပပြီး နာတာရှည် ရောဂါကြောင့် အားနည်းနေသဖြင့် သူမကိုမြင်တိုင်း'အခန်းဆောင်နီအိပ်မက်' ဝတ္ထုထဲမှ မှ လင်းတိုင်းယွီ (Lin Daiyu) ကို အမြဲ သတိရနေမိသည်။

သူသည် လျူယန်၏ အနားသို့ လျှောက်သွားပြီး အိတ်ကပ်ထဲမှ လက်မအရွယ်အစားရှိသော အပြာရောင် သလင်းကျောက် တစ်တုံးကို ထုတ်လိုက်သည်။

"ဒါကို ယူထားလိုက်..."

လီချင်းချိုး စကားပြောလိုက်သောအခါ လျူယန် လန့်သွားပြီး တုန်လှုပ်သွားသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်ရာ လီချင်းချိုးဖြစ်နေသည်ကို မြင်လိုက်ရပြီးမှ သက်ပြင်းချနိုင်တော့သည်။

သူမက လီချင်းချိုးကို အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး လျင်မြန်စွာ မတ်တတ်ရပ်ကာ ဦးညွှတ်လိုက်ရင်း "ဂိုဏ်းချုပ်... ဒါက ဘာလဲဟင်..."

လီချင်းချိုးက လျှို့ဝှက်ဆန်းကြယ်စွာသောလေသံဖြင့်…

"ဒါက လောကမှာ ရှားပါးတဲ့ ရတနာပဲ... မင်းရဲ့ သိုင်းကျင့်စဉ်ကို အထောက်အကူ ပြုနိုင်တယ်... ဒီအတုံးလေးက သေးတယ်ဆိုပြီး အထင်မသေးနဲ့... ဒါက နှစ်ပေါင်း ထောင်ချီ သောင်းချီပြီး စုစည်းထားတဲ့ ကောင်းကင်နဲ့ မြေပြင်ရဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ ဖွဲ့စည်းထားတာ... မင်း ကျင့်ကြံတဲ့အခါ ဒါကို လက်ဖဝါးထဲ ဆုပ်ထားရုံပဲ... မှတ်ထားနော်... တခြားဘယ်သူ့ကိုမှ မပြောနဲ့... မဟုတ်ရင် ငါ မျက်နှာလိုက်တယ်လို့ ပြောကြလိမ့်မယ်... ငါ့မှာ တခြားသူတွေကို ဝေမျှပေးဖို့ ရတနာတွေ အဲဒီလောက် အများကြီး မရှိဘူး..."

ထိုစကားကို ကြားသောအခါ လျူယန်က စိတ်ဝိညာဉ်ကျောက်တုံးကို လက်ခံလိုက်ပြီး လီချင်းချိုးကတော့ လှည့်ထွက်သွားချေပြီ။

သူမက လီချင်းချိုးကို မော့ကြည့်ပြီး….

"ဂိုဏ်းချုပ်... ဘာလို့ ကျွန်မအပေါ် ဒီလောက် ကောင်းရတာလဲ..."

လီချင်းချိုးက လှည့်မကြည့်ဘဲ လက်ဝှေ့ယမ်းကာ …"ဘာလို့လဲဆိုတော့ မင်းမှာ ကောင်းမွန်တဲ့ အဖေတစ်ယောက် ရှိလို့ပဲ..."

...

လမင်း ကွယ်ပျောက်ပြီး နေမင်း ထွက်ပေါ်လာသောအခါ ဂိုဏ်းသားများအားလုံး မနက်ခင်း လေ့ကျင့်ခန်း လုပ်ပြီးနောက် လူစုခွဲရန် ပြင်ဆင်နေကြစဉ် ဂိုဏ်းမှ နတ်ဘုရား ရုပ်တုတစ်ခု တည်ဆောက်ရန် ပြင်ဆင်နေကြောင်း ဂိုဏ်းသားတစ်ဦးက ရုတ်တရက် ကြေညာလိုက်ရာ အခြား ဂိုဏ်းသားများ စူးစမ်းလိုစိတ် ဖြစ်သွားကြသည်။

ထိုသတင်းမှာ လျင်မြန်စွာ ပြန့်နှံ့သွားပြီး ဂိုဏ်းတံခါးဝ ခြေရင်းရှိ ပထမဆုံး ဝင်းသစ်တွင် ဂိုဏ်းသားများ ပိုမို စုဝေးရောက်ရှိလာကြကာ လက်သမားဆရာများ ကျောက်ရုပ်တု ထုလုပ်နေသည်ကို ကြည့်ရှုနေကြသည်။

"နှလုံးသားထဲမှာ ဓာတ်ကြီးငါးပါး ရှိနေသမျှ... အရပ်လေးမျက်နှာက အမွှေးတိုင်တွေ စုဝေးလာလိမ့်မယ်... ကြည်လင်တဲ့ ကောင်းကင်က နေထွက်လာသလိုပဲ... ကောင်းကင်နဲ့ မြေပြင်က နေမင်းနဲ့အတူ လွင့်မျောနေတယ်..."

ကျန်းယွီက ကြိတ်ဆုံကျောက်ပေါ်တွင် ထိုင်၍ ဝါးယပ်တောင်ကို ကိုင်ကာ အေးအေးလူလူ ရေရွတ်နေသည်။ သူသည်လည်း ရုပ်တု ဒီဇိုင်းရေးဆွဲရာတွင် ပါဝင်ခဲ့ပြီး ကြီးမားသော အောင်မြင်မှုတစ်ခု ရရှိသကဲ့သို့ ခံစားနေရသဖြင့် စိတ်အခြေအနေ ကောင်းမွန်နေသည်။

သူ ဝေ့ဝဲကြည့်လိုက်ရာ ရုတ်တရက် လူနှစ်ဦးကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် မတ်မတ်ရပ်လိုက်ပြီး ခုနကလို ပေါ့ပေါ့ပါးပါး မနေရဲတော့ချေ။

ကျူးယန်နှင့် ဆုရှီးလင်းတို့ ဝင်းထဲသို့ ဝင်ရောက်လာကြခြင်းဖြစ်သည်။

ကျူးယန်က မျက်နှာတဝက်ကို ပုဝါပါးဖြင့် အုပ်ထားဆဲ ဖြစ်ပြီး နူးညံ့သိမ်မွေ့ကာ လျှို့ဝှက်ဆန်းကြယ်ပုံ ပေါ်နေသဖြင့် ကျန်းယွီ၏စိတ်အစဉ်ကို ဖမ်းစားထားသည်။

ဆုရှီးလင်က ခြေဖျားထောက်၍ အတွင်းဘက်ကို လှမ်းကြည့်နေသော ပိုင်နင်အာကို ဆွဲလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ရှင်တို့ ချင်းရှောင်ဂိုဏ်းက ဘယ်နတ်ဘုရားတွေ... ဘယ်နတ်တွေကို ကိုးကွယ်တာလဲ..."

ပိုင်နင်အာ ခေါင်းလှည့်ကြည့်လိုက်ရာ သူမဖြစ်နေသည်ကို တွေ့လိုက်ရပြီး ကျေနပ်သည့် အပြုံးဖြင့် ….

"မူလတာအိုသူတော်စင်ပုဂ္ဂိုလ် အကြောင်း ကြားဖူးလား..."

ဆုရှီးလင်က ခေါင်းခါပြီး "တစ်ခါမှ မကြားဖူးဘူး... နင်တို့ ဂိုဏ်းချုပ် လျှောက်ပြောတာ နေမှာပါ..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျုပ်တို့ ဂိုဏ်းချုပ်က ယုံနိုင်စရာမရှိအောင် စွမ်းတာဗျ... နတ်တွေကိုတောင် အိပ်မက်မက်နိုင်တယ်..."

"နင့်လို ကလေးလေးပဲ ဒီလို လိမ်ညာမှုတွေကို ယုံမှာ..."

"ဟီးဟီး..."

ပိုင်နင်အာက ပြုံးလိုက်ပြီး သူမနှင့် မငြင်းခုံချင်တော့ပေ။

ကျူးယန်၏ အကြည့်က လူအုပ်ကို ဖြတ်ကျော်ပြီး ကျောက်ရုပ်တု ဘေးတွင် ရပ်နေသော လီချင်းချိုးအပေါ် ကျရောက်သွားသည်။ လီချင်းချိုးက မူလတာအိုသူတော်စင် ပုဂ္ဂိုလ်ငါးဦး၏ ပုံရိပ်ကို မည်သို့ ထုလုပ်ရမည်ကို လက်သမားဆရာများအား ညွှန်ကြားပြသနေသည်။

"ပြဿနာတက်ပြီ... ပြဿနာ အကြီးကြီး တက်ပြီ..."

ဂိုဏ်းသားတစ်ဦး ဝင်းထဲသို့ အပြေးဝင်ရောက်လာပြီး ချွေးများ ရွှဲနစ်နေသည်။ အတွင်းသို့ ရောက်သည်နှင့် ခါးကို ကိုင်းကာ ဒူးကို လက်ဖြင့် ထောက်ပြီး အမောဖြေနေရသည်။

ဂိုဏ်းသားများက လှည့်ကြည့်လိုက်ကြပြီး လီချင်းချိုး ထိုဂိုဏ်းသားကို မြင်နိုင်စေရန် လမ်းဖယ်ပေးလိုက်ကြသည်။

ကျန်းယွီချွန်းနှင့် ယန်ကျွယ်တိန်တို့လည်း ထိုနေရာ၌ ရှိနေကြသည်။ ထိုဂိုဏ်းသား ဤမျှ အလျင်လိုနေသည်ကို မြင်သောအခါ သူတို့နှစ်ဦးစလုံး နားမလည်နိုင် ဖြစ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် အနှီဂိုဏ်းသားက ပုံမှန်အားဖြင့် ထိုမျှ မဆင်မခြင် နေလေ့မရှိသောကြောင့် ဖြစ်သည်။

"ဘာဖြစ်တာလဲ... ဖြည်းဖြည်းပြော..."

ကျန်းယွီချွန်းက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

အသက်ဝဝ ရှူပြီးနောက် ထိုဂိုဏ်းသားက မော့ကြည့်ပြီး….

"ထိုက်ခွန်းတောင်တန်းကနေ ဂိုဏ်းတစ်ခု ရောက်လာပါတယ်... သူတို့က မိုင်တစ်ရာ အကွာမှာ ဂိုဏ်းတည်ထောင်ချင်နေကြတယ်... ချင်းရှောင်ဂိုဏ်းအနေနဲ့ နောက်နောင် ရှီးမြစ်ကို ဖြတ်မကူးရဘူးလို့ ပြောခိုင်းလိုက်ပါတယ်..."

ရှီးမြစ်သည် ထိုက်ခွန်းတောင်တန်းကို ဖြတ်သန်း စီးဆင်းသော မြစ်ရှည်တစ်စင်း ဖြစ်ပြီး ချင်းရှောင်ဂိုဏ်း တည်ရှိရာ တောင်ခြေတွင် တည်ရှိသည်။ သို့သော် ချင်းရှောင်ဂိုဏ်းကတော့ ထိုက်ခွန်းတောင်တန်း၏ အလယ်ဗဟို အတိအကျတွင် ရှိမနေပေ။ ဤကဲ့သို့ ခွဲခြားလိုက်ခြင်းသည် သူတို့၏ နယ်မြေကို ထိုက်ခွန်းတောင်တန်း၏ ထောင့်တစ်နေရာသို့ ကျုံ့သွားအောင် လုပ်လိုက်ခြင်းနှင့် တူညီနေသည်။

"လွန်လွန်းတယ်... သူတို့က ဘာဂိုဏ်းမို့လို့ အဲဒီလောက် မာနကြီးရတာလဲ..." ဟု ယန်ကျွယ်တိန်က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

သတင်းပို့သော ဂိုဏ်းသားက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

"သူတို့က သူတို့ကိုယ်သူတို့ အကြွင်းမဲ့သူတော်စင်ဂိုဏ်း လို့ ခေါ်ပါတယ်..."

ကျန်းယွီချွန်းက….

"ငါတို့က ချင်းရှောင်ဂိုဏ်းကဆိုတာ သူတို့ မသိကြဘူးလား... ကျန်းကျောက်ရှားက ငါတို့ဂိုဏ်းဝင် ဆိုတာရော မသိကြဘူးလား..."

"သိပါတယ်... ဒါပေမဲ့ သူတို့က အကြီးအကဲကျန်းကို ထည့်မပြောပါဘူး…

" သတင်းပို့သော ဂိုဏ်းသားက သတိထားပြီး ပြန်ဖြေလိုက်သည်။

ယန်ကျွယ်တိန်က နှာခေါင်းရှုံ့လိုက်ပြီး… "မေးနေစရာ မလိုတော့ဘူး... သူတို့က ကောင်လေးကျန်းရဲ့ နာမည်ကို အသုံးချပြီး သြဇာအာဏာ ရချင်လို့ တမင် လုပ်တာပဲ ဖြစ်မယ်..."

သူက လီချင်းချိုးဘက်သို့ လှည့်ကြည့်ပြီး…

"ဒီကိစ္စကို ကျုပ်တို့ နောက်ဆုတ်ပေးလို့ မဖြစ်ဘူး... ထိုက်ခွန်းတောင်တန်းက ချင်းရှောင်လူကြီးမင်း လက်ထက်ကတည်းက ချင်းရှောင်ဂိုဏ်းရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့ပြီးသား... ဘယ်သူ့ကိုမှ ခွဲဝေယူခွင့် မပေးနိုင်ဘူး..."

လီချင်းချိုးက ခေါင်းညိတ်ပြီး … "အကြီးအကဲယန်... ကျုပ်ရဲ့ တပည့်နှစ်ယောက်နဲ့ တခြား ဂိုဏ်းသား အယောက်နှစ်ဆယ်ကို ခေါ်ပြီး အခြေအနေ သွားကြည့်ပါ... အကြမ်းဖက်ဖို့ မလောနဲ့ဦး... အမှန်တရားကို အရင် ရှာဖွေပါ... အဆင်မပြေမှသာ သူတို့ကို တိုက်ထုတ်လိုက်..."

ထိုစကားကို ကြားသောအခါ ချင်ယဲ့က သံတုတ်ရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အခြား ဂိုဏ်းသားများကလည်း လိုက်ပါ၍ ပွဲကြည့်ချင်နေကြသည်။

ပွဲကြည့်နေသော ရွှီနင်းပင် ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ဝင်းနံရံကို ကျော်လွှားကာ သူမ၏ လက်နက်ကို ပြန်ယူရန် ထွက်ခွာသွားသည်။

သူမ၏ ကိုယ်ဖော့ပညာကြောင့် ဆုရှီးလင် မျက်ခုံးပင့်လိုက်မိသည်။ ဤမိန်းကလေးက ရိုးရှင်းသူ မဟုတ်ကြောင်း သူမ ကြားဖူးထားပြီး ယနေ့ သူမ၏ ကိုယ်ဖော့ပညာကို မြင်တွေ့လိုက်ရသောအခါ အမှန်တကယ်ပင် ကျွမ်းကျင်သူ ဖြစ်နေသည်။

"သူတို့ကို မောင်းထုတ်လို့ မရရင် ဘယ်လိုလုပ်မလဲ..."

ယန်ကျွယ်တိန်က လီချင်းချိုးကို ကြည့်ပြီး မေးလိုက်တော့ လီချင်းချိုး သူ့ကို စူးစိုက်ကြည့်ပြီး စိတ်ပျက်လက်ပျက်ဟန်ဖြင့်…

"လူ တစ်ခါမှ မသတ်ဖူးဘူးလား..."ဟု မေးလိုက်လေသည်။

ယန်ကျွယ်တိန် ဆွံ့အသွားပြီးနောက် ချက်ချင်း လှည့်ထွက်ကာ ဂိုဏ်းသားများကို စတင် ရွေးချယ်တော့သည်။

လူသတ်ရမည်ဟု ကြားသောအခါ ဂိုဏ်းသားများ တင်းမာသွားကြသော်လည်း သိုင်းပညာ လေ့ကျင့်သူများ အနေဖြင့် ထိုကဲ့သို့ အခြေအနေမျိုးတွင် မျှော်လင့်စောင့်စားမှုများ ဖြစ်ပေါ်လာတတ်စမြဲပင်။

လီချင်းချိုးက အမူအရာကို ပြောင်းလဲလိုက်ပြီး လက်သမားဆရာကို ညင်သာစွာ ပြုံးပြကာ …

"ဆက်လုပ်ကြရအောင်..."

ဆုရှီးလင်က ကျူးယန်ဘက်သို့ လှည့်၍ ဖော်ရွေသော အမူအရာဖြင့် …

"သခင်မလေး... ကျွန်မ သွားပြီး ဘာဖြစ်တာလဲဆိုတာ ကြည့်လို့ ရမလား..."

ကျူးယန်၏ မျက်နှာ အမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။

"ရပါတယ်... ဒါပေမဲ့ ဝင်မပါရဘူးနော်..."

သူမ၏ အသံမှာ နူးညံ့ပြီး သာယာနာပျော်ဖွယ် ကောင်းကာ နတ်သမီး တစ်ပါးဟုပင်ထင်ရလောက်သည်။ အသံကိုအနေအထားအရ အတော်လေး ငယ်ရွယ်မည့်ပုံ ပေါ်သည်။

ဆုရှီးလင်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ ဘေးသို့ လျှောက်သွားကာ ယန်ကျွယ်တိန် ဂိုဏ်းသား ရွေးချယ်သည်ကို စောင့်ဆိုင်းနေလိုက်သည်။

"ချင်းရှောင်ဂိုဏ်း အန္တရာယ်ကြုံလာရင် လူတွေကို ကယ်တင်ပေးလို့လည်း ရပါတယ်..."

ဆုရှီးလင် အလွန် တိုးညှင်းသော အသံတစ်ခုကို ထပ်မံ ကြားလိုက်ရသဖြင့် အံ့သြစွာဖြင့် ကျူးယန်ကို လှည့်ကြည့်လိုက်မိသည်။သူမ၏ သခင်မက သူမကို ချင်းရှောင်ဂိုဏ်းအား ကူညီပေးရန် ပြောလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမ ထပ်မံ မေးမြန်းခြင်း မပြုတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည်လည်း ချင်းရှောင်ဂိုဏ်း၏ လေထုကို သဘောကျသောကြောင့် ဖြစ်သည်။

မကြာမီ ယန်ကျွယ်တိန် ဂိုဏ်းသား အယောက် ၂၀ ကို ရွေးချယ်ပြီးသွားသည်။ သူတို့အားလုံး လက်နက်များကို ဦးစွာ သွားရောက် ရွေးချယ်ကြပြီးနောက် တောင်အောက်သို့ အတူတကွ ဆင်းသွားကြသည်။ ဆုရှီးလင် လိုက်ပါလိုသည်ကို ယန်ကျွယ်တိန် မငြင်းဆန်ခဲ့ပေ။ သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သိုင်းလောက၏ သူရဲကောင်း စိတ်ဓာတ်ကို သူမအား မြင်တွေ့စေရမည်ဟု ပြောလိုက်သည်။

ထိုအချိန်၌...

တောင်ပေါ်တွင် မိုင်တစ်ရာ အကွာရှိ ရေတံခွန်တစ်ခု အနီး၌ လူဒါဇင်ပေါင်းများစွာ အိမ်များ ဆောက်လုပ်နေကြသည်။

လူရိပ်နှစ်ခု ရေကန်ဘေးတွင် ရပ်နေကြပြီး သူတို့မှာ အကြွင်းမဲ့သူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ် ယန်ဝူကျင်းနှင့် ဒုတိယဂိုဏ်းချုပ် ထန်ကျစ်ချီ တို့ ဖြစ်ကြသည်။

ယန်ဝူကျင်းက အနက်ရောင် ဝတ်ရုံကျယ်ကို ဝတ်ဆင်ထားပြီး ဆံထုံး ထုံးထားသည်။ သူ့ ဆံပင်ရှည်များမှာ အနက်နှင့် အဖြူ ရောနှောနေပြီး မျက်လုံးများမှာ အေးစက်ကာ စူးရှနေသည်။မုတ်ဆိတ်မွေးများမှာလည်း ဖြူနေသည်။ ယန်ဝူကျင်းဆိုသူက ရေကန်ဘေးတွင် စကားတစ်ခွန်းမျှ မပြောဘဲ ရပ်နေရုံဖြင့် ပြင်းထန်သော ဖိအားပေးမှုကို ထုတ်လွှတ်နေသည်။

ထန်ကျစ်ချီ၏ အရှိန်အဝါမှာ သူနှင့် ယှဉ်လျှင် သိသာစွာ နိမ့်ကျနေသည်။သူသည် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သိမ်မွေ့ကာ ကျက်သရေရှိသော အမူအရာနှင့် ချောမောသော မျက်နှာ ရှိသဖြင့် ပညာရှင်တစ်ဦး၏ အသွင်အပြင် ရှိသည်။

"အချိန်ကို တွက်ကြည့်ရသလောက်ဆိုရင် သတင်းစကားက ချင်းရှောင်ဂိုဏ်းဆီ ရောက်လောက်ပြီ... အစ်ကိုကြီး... ကျန်းကျောက်ရှား လာပြီး စိန်ခေါ်မှုကို လက်ခံမယ်လို့ ထင်လား..." ဟု ထန်ကျစ်ချီက တိုးညှင်းစွာ မေးလိုက်သည်။

ထိုအခါ ယန်ဝူကျင်းက တပည့်များကို ကြည့်ပြီး ခံစားချက်မပါသော အသံဖြင့် အမိန့်ပေးလိုက်သည်။

"သူ မလာရင် ငါ ကိုယ်တိုင် တောင်ပေါ် တက်မယ်... အကြွင်းမဲ့သူတော်စင်ဂိုဏ်းက ချင်းရှောင်ဂိုဏ်းကို နင်းပြီး နာမည်ကြီးလာမှ ဖြစ်မယ်... လူငယ်တစ်စုကို အနိုင်ကျင့်တာ ဂုဏ်သိက္ခာ မရှိပေမဲ့ ကြီးမားတဲ့ ကိစ္စရပ်အတွက် သူတို့ကို စတေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး..."

ထန်ကျစ်ချီက သက်ပြင်းချလိုက်ပြီး …

"ကျန်းကျောက်ရှားက ယွီကျစ်ရီနဲ့ တိုက်ခိုက်တုန်းက ကွက်ကွက် ၂၀၀ အထိ တောင့်ခံနိုင်ခဲ့တယ်လို့ ကြားတယ်... အဲဒီလို ပါရမီမျိုးနဲ့သာဆို နောက်ထပ် ဆယ်နှစ်လောက် အချိန်ရရင် သူ့ရဲ့ သိုင်းပညာ စွမ်းရည်က မှန်းဆလို့ ရမှာ မဟုတ်တော့ဘူး..."

ယန်ဝူကျင်းက နှာခေါင်းရှုံ့လိုက်ပြီး…

"အဲဒါက ယွီကျစ်ရီ ညှာတာပေးထားလို့ပါ... သူက အဲဒီလို ကလေးကစားနည်းတွေကို ကစားရတာ ကြိုက်တယ်လေ..."

All Chapters