← Chapters

ဒုတိယမြောက် ကံကောင်းခြင်း

Vol. 5 Ch. 44

ဒုတိယမြောက် ကံကောင်းခြင်း

Vol. 5 Ch. 44

ဝင်းသစ်အတွင်း၌ စုဝေးနေကြသော ဂိုဏ်းသားဦးရေမှာ သိသိသာသာ လျော့နည်းသွားပြီ ဖြစ်သည်။ လက်သမားဆရာများ အလုပ်ရှုပ်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသောအခါ ကျန်းယွီချွန်းက လီချင်းချိုးကို ဘေးသို့ ဆွဲခေါ်သွားလိုက်သည်။

"စီနီယာအစ်ကို... ဂျူနီယာညီလေးကျန်းကို သွားခိုင်းလိုက်ရမလား... အကြွင်းမဲ့သူတော်စင်ဂိုဏ်းက သာမန်အဖွဲ့အစည်း မဟုတ်ဘူးလို့ ခံစားမိတယ်... သူတို့က ကျွန်တော်တို့ကို တမင်သက်သက် ရန်စနေတာ..."ဟု ကျန်းယွီချွန်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

ချင်းရှောင်ဂိုဏ်း ယခုကဲ့သို့ ဂိုဏ်းသားရာချီ ရှိလာသည့် အခြေအနေသို့ ရောက်ရှိလာသောအခါ ဤအရာအားလုံးကို ပို၍ တန်ဖိုးထားလာမိပြီး ပြဿနာများကို တွေးတောရာတွင် ယခင်ကထက် ပိုမို စိုးရိမ်ပူပန်လာမိသည်။

လီချင်းချိုးက ရယ်မောလိုက်ပြီး …

"ကိစ္စမရှိပါဘူး... ယန်ကျွယ်တိန်က အရင်ကနဲ့မတူတော့ဘူး... သူက ဒုတိယအဆင့်ကို မရောက်သေးပေမဲ့ သူ့ခွန်အားက အရင်ကထက် အများကြီး သာလွန်နေပြီ... ဒါ့အပြင် ရွှီနင်းလည်း ပါသွားတယ်လေ..."

မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့် ဆိုသည်မှာ မည်သည့်အရာကို ကိုယ်စားပြုသနည်း။

လီချင်းချိုး ကိုယ့်ကိုယ်ကိုယ် ကမ္ဘာ့အကောင်းဆုံးဟု မပြောရဲသော်လည်း ကုကျိုး သိုင်းလောကကို လွှမ်းမိုးရန်အတွက်မူ ပြဿနာ မရှိနိုင်ကြောင်း ယုံကြည်ထားသည်။

ထို့အပြင် ရွှီနင်းပင် မနိုင်သော ပြိုင်ဘက်မျိုးကို ကျန်းကျောက်ရှားလည်း အနိုင်ယူရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ကျန်းကျောက်ရှား၏ ဂုဏ်သတင်းကို ထိန်းသိမ်းထားခြင်းက ပိုကောင်းပေသည်။

"ဟုတ်ရဲ့လား..."

ကျန်းယွီချွန်း စိုးရိမ်နေဆဲ ဖြစ်သော်လည်း လီချင်းချိုးက သူ့ ပခုံးကို ပုတ်လိုက်ပြီး စကားဆက်မပြောတော့ဘဲ လက်သမားဆရာများ အလုပ်လုပ်နေသည်ကို ကြီးကြပ်ရန် လျှောက်သွားလိုက်တော့သည်။

ဂိုဏ်း၏ အစဉ်အလာကို တည်ထောင်တော့မည် ဖြစ်သည့်အတွက် ဒဏ္ဍာရီလာ စနစ်တစ်ခုကို အလေးအနက်ထား ဖန်တီးသင့်ပေသည်။ မူလ တာအိုနတ်ဘုရားငါးပါးက ချင်းရှောင်ဂိုဏ်း ဒဏ္ဍာရီ၏ အထွတ်အထိပ် ဖြစ်သဖြင့် ပေါ့ဆ၍ မရပေ။

သူသည် မူလတာအို နတ်ဘုရားငါးပါးအတွက် တာအိုဘုရားကျောင်းများ ဆောက်လုပ်ရန်နှင့် နောက်ထပ် နတ်ဘုရားများကို ဖန်တီး၍ လမ်းတစ်လျှောက်တွင် ဘုရားကျောင်းများ ဆက်လက် တည်ဆောက်သွားရန် ဆုံးဖြတ်ထားသည်။

ဘုရားဖူးများ လာရောက် ဝတ်ပြုနိုင်ရုံသာမက နောင်တွင် ဂိုဏ်းသားသစ်များကို စမ်းသပ်နိုင်ရန်အတွက် တောင်ခြေမှ တောင်ထိပ်အထိ ဦးတည်ထားသော ဉာဏ်အလင်းရှာဖွေခြင်း လှေကားထစ်များကို တည်ဆောက်လိုသေးသည်။

ဟုတ်ပါသည်... ဤအရာများ အားလုံးက သူ့စိတ်ထဲတွင် သိမ်းဆည်းထားသော စီမံကိန်းများသာ ဖြစ်သည်။

ဂိုဏ်းချုပ်တစ်ယောက် အနေဖြင့် လီချင်းချိုးတွင် သူလိုချင်တာကို လုပ်ပိုင်ခွင့် ရှိပေသည်။

...

ယန်ကျွယ်တိန်နှင့် အခြားသူများ အကြွင်းမဲ့သူတော်စင်ဂိုဏ်း တည်ရှိရာ ရေတံခွန်သို့ ရောက်ရှိသွားချိန်တွင် နေ့လယ်ခင်းပင် ရောက်နေပြီ ဖြစ်သည်။ မိုင်တစ်ရာ ခရီးဆိုသည်မှာ သူတို့လို သိုင်းပညာရှင်များအတွက်ပင် အချိန်အတိုင်းအတာတစ်ခု ပေးရသည်။

အကြွင်းမဲ့သူတော်စင်ဂိုဏ်းနှင့် နီးကပ်လာလေ ယန်ကျွယ်တိန်၏ ဒေါသအရှိန် ပိုမို မြင့်တက်လာလေ ဖြစ်သည်။ထို့ကြောင့် ဆုရှီးလင် နောက်က လိုက်ပါလာနိုင်သည်မှာ ထူးဆန်းနေကြောင်းကိုပင် သတိမထားမိတော့ပေ။

သူ ရွေးချယ်ခဲ့သော ဂိုဏ်းသားများမှာ တစ်နှစ်ကျော်ကြာ လေ့ကျင့်ထားသူများ ဖြစ်ကြသည်။ ခရီးရှည်ကြောင့် ဂိုဏ်းသားများ ချွေးရွှဲနေကြသော်လည်း ခါးကိုင်းပြီး အမောဖြေရလောက်အောင် ပင်ပန်းနွမ်းနယ်ခြင်း မရှိကြပေ။

ယန်ကျွယ်တိန်တို့အဖွဲ့ ရောက်ရှိလာခြင်းက အကြွင်းမဲ့သူတော်စင်ဂိုဏ်းသားများ၏ အာရုံကို ဖမ်းစားလိုက်နိုင်သည်။ယန်ကျွယ်တိန်တို့ကိုမြင်သည်နှင့် သူတို့အားလုံး လက်နက်ကိရိယာများကို ချထားလိုက်ကြပြီး ချင်းရှောင်ဂိုဏ်းသားများဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

"ဘယ်သူက တာဝန်ရှိတဲ့သူလဲ... ထွက်ခဲ့စမ်း..."

ယန်ကျွယ်တိန်က ဟိန်းဟောက်လိုက်သည်။ ကြည့်ရသည်မှာ ဒေါသထွက်နေပုံ ပေါ်သော်လည်း တကယ်တမ်းတွင်မူ စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။

ဟွမ်ယွမ်ကျမ်းစာကို စတင် ကျင့်ကြံကတည်းက စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော်ပြသခွင့် မရရှိခဲ့ပေ။ သူ မည်မျှ သန်မာလာသည်ကို စမ်းသပ်ကြည့်ချင်နေပြီ။

ခြင်္သေ့ဟိန်းသံကဲ့သို့သော အော်သံက တောင်တန်းများအနှံ့ ပဲ့တင်ထပ်သွားပြီး ရေတံခွန် ကျဆင်းသံကိုပင် လွှမ်းမိုးသွားသည်။

လူအုပ်ကြီး၏ နောက်မှ လိုက်ပါလာသော ဆုရှီးလင် တိတ်တဆိတ် ထိတ်လန့်သွားသည်။ ဒီလူရဲ့ သိုင်းပညာက တကယ်ပဲ ဒီလောက် အစွမ်းထက်တာလား...

သူမသည် နဂါးသတ်သူရဲကောင်း ဆိုသည့် အမည်ကို ကြားဖူးသော်လည်း သူမ၏ မျက်လုံးထဲတွင်မူ ကောင်းကင်အဆင့် သတ်မှတ်ချက် ဆိုသည်မှာ ဟာသတစ်ခုသာ ဖြစ်သည်။ ယခုမူ ဂုဏ်သတင်းကြီးသူများတွင် အရည်အချင်းမရှိသူဟူ၍ မရှိကြောင်း တွေ့မြင်လိုက်ရသည်။

သို့သော် ယန်ကျွယ်တိန်က သူမကို အံ့သြစေရုံသာ ရှိပြီး အန္တရာယ်ရှိသည်ဟု မခံစားရစေပေ။

ကြောက်မက်ဖွယ်ကောင်းသော အော်ရာတစ်ခု အနီးအနားတွင် သူမ ရှိနေသည်ကို အာရုံခံမိနေပြီ ဖြစ်သည်။ သူမ ဝေ့ဝဲကြည့်ရှုလိုက်သော်လည်း ထိုလူ မည်သည့်နေရာတွင် ပုန်းအောင်းနေသည်ကို ရှာမတွေ့ပေ။

"ခင်ဗျားတို့က ချင်းရှောင်ဂိုဏ်းကလား..."

အကြွင်းမဲ့သူတော်စင်ဂိုဏ်းမှ ဂိုဏ်းသားတစ်ဦး စင်မြင့်ပေါ်မှ ခုန်ဆင်းလာပြီး ယန်ကျွယ်တိန်ကို ဓားဖြင့် ချိန်ရွယ်ကာ မထီမဲ့မြင် အမူအရာဖြင့် မေးလိုက်သည်။

အခြားသော အကြွင်းမဲ့သူတော်စင်ဂိုဏ်းသားများကလည်း ယုတ်မာသော အပြုံးများကို ထုတ်ဖော်လိုက်ကြပြီး ယန်ကျွယ်တိန်နှင့် အခြားသူများကို သားကောင်များသဖွယ် စိုက်ကြည့်နေကြသည်။

"အပိုတွေ ပြောမနေနဲ့... မင်းက ခေါင်းဆောင်လား..."

ယန်ကျွယ်တိန်က ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ တက်လိုက်ရာ ဝတ်ရုံများက ခြင်္သေ့တစ်ကောင် သောင်းကျန်းနေသကဲ့သို့ လွင့်ပျံသွားပြီး အရှိန်အဝါမှာ ပြင်းထန်လှသည်။

"ခင်ဗျား ကျုပ်ကို ရှာနေတာလား..."

ကျယ်လောင်သော အသံတစ်ခု တောင်တန်းများကြားတွင် ပဲ့တင်ထပ်သွားသဖြင့် ချင်းရှောင်ဂိုဏ်းသား အားလုံး မော့ကြည့်လိုက်ကြသည်။

ယန်ကျွယ်တိန်၊ ရွှီနင်းနှင့် ဆုရှီးလင်မှလွဲ၍ ကျန်ဂိုဏ်းသား အားလုံး မျက်လုံးပြူးသွားကြသည်။

သူတို့၏ အကြည့်များက ရေတံခွန်ဆီသို့ ရောက်သွားပြီး ထိုနေရာတွင် ယန်ဝူကျင်း မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရကာသူ့ဘေးပတ်လည်တွင် ရေများ လွင့်စဉ်နေပြီး ချင်းရှောင်ဂိုဏ်းကို အမြင့်မှ စီးမိုးကြည့်နေသည်။

ရေတံခွန်သည် ဆယ်ဂျင် (ပေ ၁၀၀ ခန့်) မြင့်မားသည်။ ချင်းရှောင်ဂိုဏ်းသားများ ကြည့်နေစဉ်မှာပင် ယန်ဝူကျင်းက တောငန်းတစ်ကောင် ပျံသန်းသကဲ့သို့ ရေထဲသို့ ခုန်ဆင်းလိုက်ပြီး ကန်ဘောင်ပေါ်သို့ သက်ဆင်းလိုက်သော်လည်း ခန္ဓာကိုယ်မှာ ယိမ်းယိုင်ခြင်း မရှိဘဲ အလွန် တည်ငြိမ်နေသည်။ ချင်းရှောင်ဂိုဏ်းသားများမှာ ယန်ဝူကျင်း၏ ကိုယ်ဖော့ပညာကြောင့် မှင်သက်သွားကြသည်။

ချင်ယဲ့က လက်ထဲမှ သံတုတ်ရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီဖြစ်သည်။ ဤကိုယ်ဖော့ပညာ တစ်ခုတည်းနှင့်ပင် ဒီလူသည် သာမန်မဟုတ်ကြောင်း သူ သိလိုက်သည်။

ယန်ကျွယ်တိန်၏ မျက်နှာထားလည်း တည်ကြည် လေးနက်သွားသည်။ အကယ်၍ သူသာ အမြင့် ဆယ်ဂျင်မှ ခုန်ဆင်းလိုက်လျှင် အရှိန်ကို မလျှော့ချဘဲ ခြေထောက်များက ဖိအားကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဒီလူရဲ့ သိုင်းပညာက ခန့်မှန်းလို့ မရနိုင်ဘူး...

ယန်ဝူကျင်းက ချင်းရှောင်ဂိုဏ်းသားများကို အကဲခတ်လိုက်ပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။ ထိုအချိန်၌ ထန်ကျစ်ချီ အနီးနားရှိ တောအုပ်ထဲမှ ထွက်လာပြီး…

"သူရဲကောင်းကြီး ယန်ကျွယ်တိန်ပါလား..... ခင်ဗျား မဟာသမုဒ္ဒရာ ဓားသူတော်စင်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပြီးကတည်းက အဆက်အသွယ် ပြတ်သွားခဲ့တာ... ခင်ဗျား ချင်းရှောင်ဂိုဏ်းကို ဝင်လိုက်မယ်လို့ ကျုပ် ထင်မထားခဲ့ဘူး..."

ထန်ကျစ်ချီက ယန်ကျွယ်တိန်ကို စိုက်ကြည့်ကာ လျှောက်လာရင်း ပြောလိုက်သည်။

ယန်ကျွယ်တိန် သူ့ကို တစ်ချက်ကြည့်လိုက်ရာ မျက်ခုံးနှစ်ခု ပိုမို တွန့်ချိုးသွားသည်။ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် သတိရသွားပြီး အံ့သြစွာဖြင့်…

"လင်းချွမ်ဒေသ ထန်မိသားစုက ထန်ကျစ်ချီလား..."

ထန်ကျစ်ချီက ရယ်မောလိုက်ပြီး…

"ရွှမ်တန်မှာ နောက်ဆုံး တွေ့ခဲ့ကြတာ ငါးနှစ်တောင် ရှိပြီပဲ... အစ်ကိုယန် ကျုပ်ကို မှတ်မိနေသေးလိမ့်မယ်လို့ မထင်ထားဘူး..." ဟု ပြောလိုက်သည်။

ယန်ကျွယ်တိန်က မနှစ်မြို့စွာဖြင့် သတိထားပြီး ထပ်မေးလိုက်သည်။

"ခင်ဗျားက မင်းညီမင်းသား မျိုးနွယ်ကလေ... ခင်ဗျား ရွှမ်တန်ကို ခရီးထွက်ဖို့ သွားတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး သိုင်းလောကသားတွေနဲ့ လာပတ်သက်နေတာလဲ... အကြွင်းမဲ့သူတော်စင်ဂိုဏ်းမှာ ခင်ဗျားက ဘာရာထူးလဲ..."

ယန်ကျွယ်တိန်၏ လွှမ်းမိုးထားသော အရှိန်အဝါ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ချင်းရှောင်ဂိုဏ်းသားများ အားလုံး တင်းမာသွားကြသည်။

ဂုဏ်သရေရှိသော မိသားစုကြီး တစ်ခု၏ အမည်ကို ကြားလိုက်ရုံနှင့်တင် ဂိုဏ်းသားများအပေါ် ကြီးမားသော ဖိအား ဖြစ်ပေါ်စေရန် လုံလောက်နေပြီ ဖြစ်သည်။

သူတို့အားလုံး ဆင်းရဲသော မိသားစုများမှ လာကြသူများ ဖြစ်သည်။ အင်အားကြီးမားသော မိသားစုများနှင့် ပြဿနာ မဖြစ်စေရန် မိဘများက ငယ်စဉ်ကတည်းက မှာကြားခဲ့ကြသည်မဟုတ်လော။

အကြွင်းမဲ့သူတော်စင်ဂိုဏ်းတွင် အင်အားကြီး မိသားစုများ၏ ပံ့ပိုးမှု ရှိနေသဖြင့် ၎င်း၏ အခြေခံအုတ်မြစ်မှာ လုံးဝ ကွဲပြားခြားနားနေသည်။

ချင်းရှောင်ဂိုဏ်းသည်ပင် ကျဆုံးနေသော ချင်မိသားစုကဲ့သို့ မိသားစုထံမှ အကူအညီ ရရှိခဲ့ရုံမျှဖြင့် သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ယခုလို စစ်မှန်သော မင်းညီမင်းသား မျိုးနွယ်များနှင့် နှိုင်းယှဉ်လျှင် များစွာ ကွာခြားလှပေသည်။

"ကျုပ် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ မေ့သွားတယ်... ကျုပ်က အခု အကြွင်းမဲ့သူတော်စင်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်ပါ... ပြီးတော့ သူက အကြွင်းမဲ့သူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယန်ဝူကျင်း ပါ..." ထန်ကျစ်ချီက ယန်ဝူကျင်းကို ညွှန်ပြရင်း ပြောလိုက်သည်။

"ယန်ဝူကျင်း..."

ယန်ကျွယ်တိန် တီးတိုး ရေရွတ်လိုက်သည်။ သိုင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း ယန်ဝူကျင်း ဆိုသည့် အမည်ကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။

ထန်ကျစ်ချီက ပြုံး၍…

"ခင်ဗျား သူ့နာမည်ကို မကြားဖူးတာ ပုံမှန်ပါပဲ... သူက ငယ်စဉ်ကတည်းက သိုင်းပညာ လေ့ကျင့်ခဲ့ပြီး နှစ်ပေါင်း ၃၀ လုံးလုံး ကြိုးကြိုးစားစား ကျင့်ကြံခဲ့တာ...သူက ဒီနှစ် အစောပိုင်းမှာ အကြွင်းမဲ့သူတော်စင်ဂိုဏ်းကို တည်ထောင်ခဲ့တယ်... အဲဒီတုန်းက ချန်ကျိုးရဲ့ နံပါတ်တစ် သိုင်းပညာရှင် ကျူးဝူလျန်ကို သူ အနိုင်ယူခဲ့တယ်... အစ်ကိုယန်... ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ကျူးဝူလျန်ထက် ပိုသန်မာတယ်လို့ ထင်လား..."

ကျူးဝူလျန်၏ အမည်ကို ကြားလိုက်ရသောအခါ ယန်ကျွယ်တိန်၏ မျက်နှာထား ရုပ်ဆိုးသွားပြီး ယန်ဝူကျင်းကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။

ယန်ဝူကျင်း ပေါ်လာကတည်းက ပြင်းထန်သော မသက်မသာ ဖြစ်မှုကို ခံစားနေရသည်။ ယခု ထိုသူ၏ အောင်မြင်မှုများကို ကြားသိလိုက်ရသောအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း တိတ်တဆိတ် တွေးလိုက်မိသည်။

သူ့ကို နဂါးသတ်သူရဲကောင်းဟု အခေါ်ခံရသော်လည်း သိုင်းလောကသားများက သူ့ရဲ့ သိုင်းပညာ စွမ်းရည်ထက် သူရဲကောင်း စိတ်ဓာတ်ကို ပိုမို တန်ဖိုးထားကြသည်။ ကျူးဝူလျန်လို ပြိုင်ဘက်ကင်း ဆရာသခင် တစ်ဦးနှင့် နှိုင်းယှဉ်လျှင် သူသည် ပြောပလောက်သည့် အဆင့် မဟုတ်ပေ။

ယန်ကျွယ်တိန် ကြောက်ရွံ့သွားသည်ကို မြင်သောအခါ အကြွင်းမဲ့သူတော်စင်ဂိုဏ်းသားများ အားလုံး မထီမဲ့မြင် အပြုံးများ ပြသလိုက်ကြပြီး ချင်းရှောင်ဂိုဏ်းသားများမှာမူ အထူးသတိထားနေကြသည်။

ဆုရှီးလင်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ ကျူးဝူလျန်ကို သူမ သိသည်။ ထိုလူသည် သာမန် သိုင်းပညာရှင် မဟုတ်ဘဲ အလွန် အစွမ်းထက်သူ ဖြစ်သော်လည်း ဤလူ၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရသည်တဲ့လား...

"ချင်းရှောင်ဂိုဏ်း ကံဆိုးတာပဲ..."

ဆုရှီးလင် သနားမိသွားသည်။

ထိုအချိန်မှာပင် လူတစ်ယောက် ရှေ့သို့ လျှောက်သွားသည်ကို သူမ တွေ့လိုက်ရသည်။ ထိုသူမှာ သေးငယ်ပြီး ချင်းရှောင်ဂိုဏ်းသားများကြားတွင် မထင်ရှားသော ရွှီနင်း ဖြစ်သည်။

ရွှီနင်း ယန်ကျွယ်တိန်ကို ကျော်ဖြတ် လျှောက်သွားလိုက်ရာ ယန်ကျွယ်တိန် လန့်နိုးသွားသကဲ့သို့ ဖြစ်သွားသည်။

ငါ ဘာကို ကြောက်နေတာလဲ...

ရွှတ်...

ရွှီနင်းက ယန်ဝူကျင်းနှင့် အခြားတစ်ယောက် ရှိရာသို့ လျှောက်သွားရင်း ဓားကို ဆွဲထုတ်လိုက်ရာ ဓားထိပ်ဖျားက မြေပြင်သို့ စောင်းငဲ့ ညွှန်ပြနေသည်။

ဤမြင်ကွင်းကြောင့် ချင်းရှောင်ဂိုဏ်းသားများ၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ရွှီနင်း ဦးဆောင်ပြီး တိုက်ခိုက်ရဲလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ယန်ဝူကျင်းနှင့် သူ့အဖော်မှာလည်း နားမလည်နိုင် ဖြစ်သွားကြသည်။ ဒီကောင်မလေး သူတို့ကို ဓားနဲ့ ချိန်ရွယ်ရဲတယ်ပေါ့...

ရွှီနင်းမှာ အသက် ၁၃ နှစ်ပင် မပြည့်သေးပေ။ သုံးနှစ်ကြာ မသေမျိုး ကျင့်စဉ်ကို ကျင့်ကြံခြင်းက သူမ၏ စိတ်နေသဘောထားကို များစွာ ပြောင်းလဲစေခဲ့သည်။ သူမ ဓားကို ကိုင်ဆောင်၍ ရှေ့သို့ လျှောက်သွားသောအခါ သူမတွင် ဓားအိမ်မှ ဆွဲထုတ်လိုက်သော ဓားတစ်လက်၏ ထက်မြက်ပြီး လွှမ်းမိုးထားသော အရှိန်အဝါမျိုး ရှိနေသည်။

"မိန်းကလေး... မင်းက ဘယ်သူလဲ..." ထန်ကျစ်ချီက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

ကျန်းကျောက်ရှား ဘာကြောင့် သိုင်းလောကတွင် အလွန် ကျော်ကြားလာခဲ့သနည်း။

အဘယ်ကြောင့်ဆိုသော် သူသည် အလွန် ငယ်ရွယ်သောကြောင့် သိုင်းလောက တစ်ခုလုံး တုန်လှုပ်သွားခဲ့ရခြင်း ဖြစ်သည်။

ချင်းရှောင်ဂိုဏ်းတွင် ကျန်းကျောက်ရှားလို ရှေ့ပြေးနမူနာ ရှိနေပြီ ဖြစ်ရာ နောက်ထပ် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ပေါ်ထွက်လာရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။

ရွှီနင်း မျက်နှာသေဖြင့်…. "ချင်းရှောင်ဂိုဏ်းချုပ် လီချင်းချိုးရဲ့ တပည့်... ရွှီနင်း..."

သူမ၏ အသံမှာ ကလေးဆန်နေသော်လည်း သူမ၏ သတ်ဖြတ်လိုသော အော်ရာကို လူတိုင်း ခံစားနေရသည်။

ဒီကလေး လူသတ်ဖူးတယ်...

ယန်ဝူကျင်းနှင့် ထန်ကျစ်ချီတို့ ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်ကြသည်။

ကောင်မလေး တစ်ယောက်က သူ့ကို ရန်စရဲတယ်လား...

ယန်ဝူကျင်း၏ မျက်လုံးများ အေးစက်သွားပြီး ရွှီနင်းရှိရာသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားလိုက်သည်။

...

ညနေစောင်းချိန်တွင် လီချင်းချိုး ဝင်းထဲ၌ ထိုင်၍ ညစာ လာပို့မည်ကို စောင့်ဆိုင်းနေသည်။

လီတုန်းယွဲ့ လျှောက်လာသောအခါ ယွမ်လီက သူမနောက်မှ ယိုင်နဲ့နဲ့ဖြင့် လိုက်ပါလာသည်။ လီချင်းချိုး ခေါင်းလှည့်၍ နှစ်နှစ်အရွယ် ယွမ်လီကို ကြည့်လိုက်ရာ မျက်ဝန်းထဲ၌ မျှော်လင့်ချက်များပြည့်လျှံနေသည်။

"မြန်မြန် ကြီးပြင်းစမ်းပါ... မင်းဆရာ စိတ်မရှည်တော့ဘူး..."

လီချင်းချိုး စိတ်ထဲမှ တွေးလိုက်သည်။ ယွမ်လီ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်မှာ မနိုးထသေးသဖြင့် သူ ကူးယူ၍ မရနိုင်သေးပေ။

မပျက်စီးနိုင်သော ခန္ဓာကိုယ်၏ အတိအကျ အကျိုးသက်ရောက်မှုများကို လက်ရှိတွင် မသိရှိရသေးချေ။ စောင့်ဆိုင်းနေရင်းနှင့် အခြား အစွမ်းထက်သော ကံတရားများ ပေါ်ထွက်လာမလာကိုလည်း သူ ကြည့်ရှုနိုင်သည်။

လီတုန်းယွဲ့က လီချင်းချိုးဘေးတွင် ဝင်ထိုင်လိုက်ပြီး "သူတို့ကို စိတ်မပူဘူးလား..." ဟု မေးလိုက်သည်။

လီချင်းချိုးက ပြုံးလိုက်ပြီး…

"စိတ်မပူပါနဲ့... ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး..."

"အကြီးအကဲယန်ကို ယုံတာလား... ဒါမှမဟုတ် အစ်ကို့ရဲတပည့်ကို ယုံတာလား..."ဟု လီတုန်းယွဲ့က အတင်း မေးလိုက်သည်။

"ထိပ်တန်း သိုင်းပညာရှင်တွေဆိုတာ အဲဒီလောက် အများကြီး မရှိဘူးလို့ လူတိုင်း ယုံကြည်ကြတယ်လေ... ခရီးက ဝေးတော့ သူတို့ သွားပြီး ပြန်လာဖို့ အချိန်ယူရမှာပေါ့..."ဟုသာ လီချင်းချိုးက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

လက်တွေ့တွင်မူ သူသည် အပြင်ပန်းတွင် ပြသထားသကဲ့သို့ တည်ငြိမ်မနေပေ။ တစ်နေ့လုံး တာအိုမျိုးဆက် ဇယားကွက်ကို အကြိမ်ကြိမ် ဖွင့်ကြည့်ပြီး ဂိုဏ်းသားအရေအတွက် လျော့နည်းသွားခြင်း ရှိမရှိ စစ်ဆေးနေရသည်။ သို့မှသာ သူ စိတ်သက်သာရာ ရနိုင်မည် ဖြစ်သည်။

လီတုန်းယွဲ့က … "အကြွင်းမဲ့သူတော်စင်ဂိုဏ်းက ရိုးရှင်းမယ် မထင်ဘူး... ဘာပဲပြောပြော ဒီနှစ်တွေအတွင်း ဘယ်ဂိုဏ်းမှ ကျွန်မတို့ နယ်မြေကို လာပြီး သိမ်းပိုက်ရဲတာမျိုး မရှိခဲ့ဘူးလေ..."

ထိုအချိန်၌ အသိပေးချက် တစ်ခု လီချင်းချိုး၏ ရှေ့တွင် ပေါ်လာခဲ့သည်။

[ချင်းရှောင်ဂိုဏ်းသည် ပထမဆုံးသော ဒဏ္ဍာရီလာ ကျောက်ရုပ်တုကို ဖန်တီးခဲ့ပြီး အမွှေးတိုင် ထွန်းညှိပူဇော်ခြင်း လမ်းစဉ်ကို စတင်ခဲ့သည့်အတွက် သင့်အား ကံကောင်းခြင်း အခွင့်အရေး တစ်ခု ပေးအပ်လိုက်သည်။]

လီချင်းချိုး ကြောင်အသွားသည်။ ရွှီနင်းက ဤအရာကို ဖြစ်ပေါ်စေသည်ဟု သူ မသိစိတ်ဖြင့် ထင်နေခဲ့သော်လည်း ကျောက်ရုပ်တု ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဒါက တကယ်ပဲ တာအိုမျိုးဆက်ဆီကနေ ဆုလာဘ်တွေ ရနိုင်တာလား...

တာအိုရိုးရာ အစဉ်အလာအပေါ် သူ့ရဲ့ နားလည်မှုမှာ တစ်ဖက်သတ် ဆန်လွန်းနေကြောင်း သူ ရုတ်တရက် သဘောပေါက်လိုက်သည်။

ခေတ္တမျှ သက်ပြင်းချလိုက်ပြီးနောက် ကံကောင်းခြင်းအတွက် သူ ပြင်းပြစွာ မျှော်လင့်လာမိသည်။

ပထမဆုံး ကံကောင်းခြင်းက သူ့အား မြေအောက် ဝိညာဉ်ရေကန်ကို ရှာဖွေတွေ့ရှိစေခဲ့ပြီး ကျင့်ကြံမှုကို လျင်မြန်စွာ တိုးတက်စေခဲ့သည်။ ဒုတိယမြောက် ကံကောင်းခြင်းတွင် သူ ဘာကို ရှာဖွေတွေ့ရှိမည်နည်း။

ထိုအချိန်၌...

ကျန်းယွီချွန်း ဝင်းထဲသို့ ခြေလှမ်းကျဲကြီးဖြင့် ဝင်ရောက်လာပြီး သူ့ထံ ပြေးလာကာ… "စီနီယာအစ်ကို... ထိုက်ရီ တာအိုရုပ်တုကို ထုလုပ်လို့ ပြီးသွားပြီ... ထမင်းစားပြီးရင် သွားကြည့်လိုက်ပါဦး..."

လီချင်းချိုးက ခေါင်းခါပြီး …."မလိုပါဘူး... အခုကစပြီး မင်းပဲ ကြီးကြပ်တဲ့တာဝန် ယူလိုက်ပါ... အမွှေးတိုင် ထွန်းညှိပူဇော်တာ လုပ်မှာဆိုတော့ ပေါ့ဆလို့ မရဘူး... ဒီကျောက်ရုပ်တု ငါးခုကို သေချာ ဂရုစိုက်ရမယ်... မိုးစိုတာတို့၊ ထိခိုက်ပွန်းပဲ့တာတို့ မဖြစ်စေနဲ့... ဘုရားကျောင်း ဆောက်ပြီးရင် အထဲမှာ ထည့်ထားလိုက်မယ်..."

ကျန်းယွီချွန်းက ခေါင်းညိတ်လိုက်ပြီး သူ့အကြည့်က ယွမ်လီအပေါ် ကျရောက်သွားပြီး"ဒီကောင်လေး ဘာဖြစ်နေတာလဲ... အခုထိ စကားမပြောတတ်သေးဘူးလား..."ဟုမေးလိုက်သည်။

ထိုစကားကို ကြားသောအခါ လီတုန်းယွဲ့က အားကိုးရာမဲ့စွာဖြင့်…

"ဟုတ်တယ်... ကျွန်မ သူ့ကို စစ်ဆေးကြည့်တာ သွေးကြောတွေနဲ့ သွေးကြောပေါက်တွေမှာ ဘာပြဿနာမှ မရှိဘူး... တောင်အောက်ဆင်းပြီး နာမည်ကြီး သမားတော် သွားရှာရမလားလို့ တွေးနေတာ..."

ယွမ်လီက စားပွဲဘေးတွင် ရပ်နေပြီး လီချင်းချိုးနှင့် အခြားနှစ်ယောက်ကို မော့ကြည့်နေရှာသည်။သူ၏ မျက်လုံးကြီးများမှာ ကလေးများတွင်သာ ရှိတတ်သော အပြစ်ကင်းစင်မှုကို ဖော်ပြနေသည်။

All Chapters