← Chapters

ထောင်ချီဝိညာဉ် မင်္ဂလာမြေ

Vol. 5 Ch. 47

ထောင်ချီဝိညာဉ် မင်္ဂလာမြေ

Vol. 5 Ch. 47

ယန်ဝူကျင်းနှင့် လမ်းခွဲပြီး နာရီဝက်ခန့် အကြာတွင် လီချင်းချိုး ကံကောင်းခြင်း နယ်မြေသို့ နောက်ဆုံးတွင် ရောက်ရှိခဲ့သည်။

သူသည် တောအုပ်ထဲတွင် ရပ်လျက် တောင်ကြီးပမာ မြင့်မားသော သစ်ပင်ကြီးကို ငေးကြည့်နေမိပြီး မျက်လုံးထဲတွင် ထူးခြားသော အရောင်အဝါများ တောက်ပနေသည်။

ထိုစဉ် နေရောင်ခြည် ဖြာကျလာပြီး သစ်ရွက်ကြားများမှတဆင့် ရောင်ခြည်တန်း ထောင်ပေါင်းများစွာ အဖြစ် ပြောင်းလဲကာ မြက်ခင်းပြင်ပေါ်သို့ ကျရောက်နေသည်မှာ ဖမ်းစားညှို့ယူနိုင်စွမ်း ရှိလှသည်။

လီချင်းချိုး၏ရှေ့တည့်တည့် လမ်းကြောင်းအတိုင်း ကြည့်လိုက်လျှင် ရှေ့ရှိ သစ်ပင်ကြီးသည် ပေ ၂၀၀ ကျော် ကျယ်ဝန်းသော ကွက်လပ်တစ်ခုကို ဖန်တီးထားသည်။ အိပ်မက်ထဲကလိုပင် ထိုသစ်ပင်ကြီး၏ အကိုင်းအခက်များမှ ဝါးပင်များ တွဲလောင်းကျနေပြီး အသေအချာ ကြည့်လိုက်လျှင် ထိုဝါးပင်များ၌ လူကြီးတစ်ယောက်၏ လက်သီးဆုပ်ခန့် ရှိသော အနီရောင် အသီးများ သီးနေသည်ကို တွေ့ရသည်။

သစ်ပင်အောက်ရှိ မြက်ခင်းများမှာ စိမ်းလန်းစိုပြေနေပြီး လေတိုက်ခတ်လိုက်တိုင်း လှိုင်းများသဖွယ် ယိမ်းနွဲ့နေကြသည်။

ဤနေရာတွင် ရပ်နေရင်း မြေအောက် ဝိညာဉ်ရေကန်ထက် မလျော့နည်းသော ဝိညာဉ်ချီ စွမ်းအင်ကို ခံစားလိုက်ရသဖြင့် အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။

ဒီနေရာကိုလည်း ကျင့်ကြံဖို့နေရာအဖြစ် အသုံးပြုလို့ ရတာပဲ...

ဝိညာဉ်ချီ စွမ်းအင်များက သစ်ပင်ကြီးဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ရာ ဤသစ်ပင်ကြီးသည် ဝိညာဉ်ချီ စွမ်းအင်ကို အဆက်မပြတ် ထုတ်ပေးနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ကောင်းကင်နှင့် မြေပြင်၏ ရတနာဟု ခေါ်ဆိုကြသည်မှာ အံ့သြစရာ မဟုတ်ပေ။

လီချင်းချိုး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ ကံကောင်းခြင်း ဖြစ်သော်လည်း သူ သတိရှိနေဆဲ ဖြစ်သည်။ အကယ်၍ ဒဏ်ရာရသွားလျှင် ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။

သစ်ပင်အနားသို့ လျှောက်သွားလိုက်သောအခါ ခံစားချက်များ ပိုမို နက်ရှိုင်းလာကာ တောင်နံရံ တစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသည်။ထို့နောက် သစ်ပင် ပင်စည်ပေါ်သို့ လက်တင်လိုက်ပြီး ညင်သာစွာ ပွတ်သပ်လိုက်သည်။

ထိုအခါ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး အံ့သြသွားပုံ ရသည်။

သစ်ပင်ဆီမှ ထွက်ပေါ်လာသော သက်ရှိစွမ်းအား တစ်ခုကို သူ အမှန်တကယ် ခံစားလိုက်ရပြီး မူလစွမ်းအင်နှင့် ဆင်တူသော စွမ်းအားတစ်ခုက ၎င်းအတွင်း၌ လှည့်ပတ် စီးဆင်းနေသည်။

ဒီသစ်ပင်က ဝိညာဉ် ရှိနေတာလား...

လီချင်းချိုး မသိစိတ်ဖြင့် နောက်သို့ ဆုတ်လိုက်မိသည်။ထိုစဉ် ဝါးပင်တစ်ပင် သူ့ထံသို့ ဖြည်းညင်းစွာ တိုးကပ်လာသည်ကို တွေ့လိုက်ရ၏။ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ထိုဝါးပင်က သူ့ကို အန္တရာယ်ပြုလိုခြင်း မရှိကြောင်း သူ ခံစားလိုက်ရသည်။ ဤခံစားချက်မှာ ထူးဆန်းသော်လည်း စစ်မှန်နေသည်။

သူ ရပ်တန့်လိုက်ပြီး ညာလက်ကို မြှောက်ကာ ဝါးပင်ကို လက်ချောင်းများဖြင့် ထိကြည့်လိုက်သည်။ ဝါးပင် ဆိုသော်လည်း အမှန်တကယ်တွင်မူ သူ့ခါးလောက်နီးပါး တုတ်ခိုင်သည်။

နေရောင်ခြည်က လီချင်းချိုး အပေါ်သို့ ဖြာကျနေပြီး ရှေ့ရှိ ဝါးပင်များကို ကြည့်လိုက်သောအခါ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာတော့သည်။

...

မွန်းတည့်ချိန် နီးကပ်လာသောအခါ လီချင်းချိုး ဆေးကုသဆောင် အတွင်းသို့ ယိုင်နဲ့နဲ့ ဝင်ရောက်လာတော့ ကျန်းယွီချွန်းနှင့် ကျန်းယွီတို့ အတူတူ ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။ ကျန်းယွီချွန်းက တစ်စုံတစ်ခုကို ပြောနေပြီး ကျန်းယွီက လိုက်မှတ်နေသည်။

သူ စားပွဲဘေးမှ ဖြတ်လျှောက်ရင်း လျှို့ဝှက်သိုင်းကျမ်း တစ်အုပ်ကို စားပွဲပေါ်သို့ ပစ်တင်ပေးလိုက်ကာ…

"ငါ နေ့လယ်စာ မစားတော့ဘူး... မခေါ်နဲ့တော့..."

လီချင်းချိုး ရပ်တန့်ခြင်း မရှိဘဲ တောင်နောက်ဘက်ရှိ တောအုပ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

ကျန်းယွီက စာအုပ်ကို သေချာ ကြည့်လိုက်ပြီး အသံထွက် ဖတ်ကြည့်လိုက်သည်။

"တာ့ရီကျစ်ယန် သိုင်းကျမ်း ..."

ကျန်းယွီချွန်းက သိုင်းကျမ်းကို ကောက်ကိုင်လိုက်ပြီး စာမျက်နှာ အနည်းငယ် လှန်လှောကြည့်ကာ လီချင်းချိုးဘက်သို့ လှည့်၍ မေးလိုက်သည်။

"ဒီသိုင်းကျမ်းက ဘယ်က ရတာလဲ..."

"တောင်ပေါ်မှာ ကောက်ရတာ..."

ပြောပြီးသည်နှင့် လီချင်းချိုး၏ ပုံရိပ် တောအုပ်ထဲသို့ ဝင်ရောက်သွားသော လမ်းကြားထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

ကျန်းယွီမှာ အတွေးနက်နေပုံရပြီး

"ဒီသိုင်းကျမ်း အကြောင်း ဘယ်နေရာမှာ ကြားဖူးမှန်း မသိဘူး... ထူးဆန်းတာက ဘယ်မှာ ကြားဖူးလဲ ဆိုတာကို စဉ်းစားလို့ မရတာပဲ..."

ကျန်းယွီချွန်းက သိပ်ပြီး အာရုံစိုက်မနေဘဲ သိုင်းကျမ်းကို ဘေးဖယ်ထားလိုက်ကာ ချင်းရှောင်ဂိုဏ်း၏ လက်ရှိ ကောက်ပဲသီးနှံ ထွက်ရှိမှုများကို ကျန်းယွီနှင့်အတူ ဆက်လက် မှတ်တမ်းတင်နေလိုက်သည်။

အခြားတစ်ဖက်တွင်မူ...

လီချင်းချိုး ကျန်းကျောက်ရှား ရှိရာသို့ တောက်လျှောက် လျှောက်လာခဲ့သည်။ ယနေ့တွင် ကျန်းကျောက်ရှား မြေအောက် ဝိညာဉ်ရေကန်သို့ မသွားခဲ့ပေ။ ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့ကို သင်ကြားပေးပြီးနောက် ပုံမှန်အတိုင်း သိုင်းကျင့်ရန် ပုန်းအောင်းနေခြင်း ဖြစ်သည်။

"တတိယ ဂျူနီယာညီလေး... မနက်ဖြန်ကျရင် ငါ့နောက် လိုက်ခဲ့..."

လီချင်းချိုးက ရှေ့သို့ လျှောက်ရင်း ပြောလိုက်သည်။ သူသည် သစ်ပင်အိုကြီး တစ်ပင်၏ ရှေ့တွင် ဝင်ထိုင်လိုက်ပြီး ကျန်းကျောက်ရှားနှင့် သုံးဂျင်ခန့် အကွာအဝေးတွင် နေလိုက်သည်။

ကျန်းကျောက်ရှားက မျက်လုံးဖွင့်လိုက်ပြီး လီချင်းချိုးကို ကြည့်ကာ မေးလိုက်သည်။

"အကြွင်းမဲ့သူတော်စင်ဂိုဏ်းကို လိုက်သတ်မလို့လား..."

လီချင်းချိုး နှုတ်ခမ်း တွန့်သွားပြီး မျက်လုံး လှန်ကြည့်ကာ…

"... ငါက အဲဒီလောက် သွေးဆာနေတဲ့သူလား..."

"မဆာဘူးလို့ ပြောချင်တာလား..."

"မင်း အဆူခံချင်နေတာပဲ... မနက်ဖြန်ကျရင် ကောင်းတာတစ်ခု ဖြစ်လာလိမ့်မယ်... အဲဒီအတွက် ငါ ပထမဆုံး သတိရတဲ့သူက မင်းပဲ... ကြည်နူးလွန်းလို့ ငိုမနေနဲ့ဦး..."

"ဟီးဟီး... ကျွန်တော် ဘယ်တုန်းကမှ မျက်ရည်မကျဖူးဘူး..."

"ဟုတ်လား... မင်း ငယ်ငယ်တုန်းက ငါ ရိုက်တုန်းကဆို အကျယ်ကြီး အော်ငိုခဲ့တာလေ... ယွီချွန်းနဲ့ တုန်းယွဲ့တောင် မှတ်မိနေဦးမယ်..."

"စီနီယာအစ်ကို... ခင်ဗျား လွန်လာပြီနော်..."

ကျန်းကျောက်ရှား ဒေါသထွက်နေသည်ကို မြင်သောအခါ လီချင်းချိုး ချက်ချင်း စိတ်သက်သာရာ ရသွားသည်။ ဂျူနီယာညီလေးနှင့် ဤကဲ့သို့ စကားနိုင်လု မငြင်းခုံရသည်မှာ ကြာပြီ ဖြစ်သဖြင့် လွမ်းဆွတ်နေမိသည်။

ကျန်းကျောက်ရှားက ဤအကြောင်းကို ဆက်မပြောလိုတော့သဖြင့် ဘာကောင်းတာ ဖြစ်မှာလဲဟု လီချင်းချိုးကို အတင်း မေးမြန်းသော်လည်း ကံဆိုးစွာဖြင့် လီချင်းချိုးက မပြောဘဲ နေလိုက်သဖြင့် သူ လက်လျော့လိုက်ရတော့သည်။

...

အရုဏ်တက်ချိန်တွင် လီချင်းချိုး အပြင်ထွက်လာသည်နှင့် ကျန်းကျောက်ရှား သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။

"ဘာလို့ ဒီလောက် နှေးနေရတာလဲ... အစ်ကို့ရဲ့ သိုင်းပညာ အဆင့်နဲ့ အိပ်ရာထ နောက်ကျဖို့ လိုသေးလို့လား..." ဟု ကျန်းကျောက်ရှားက မကျေမနပ် ပြောလိုက်သည်။

လီချင်းချိုးက သူ့အနားသို့ လျှောက်သွားပြီး ခေါင်းကို ပုတ်ကာ …

"မင်းရဲ့ တပည့်တွေရှေ့မှာဆို ငါ့ကို ဂိုဏ်းချုပ်လို့ ခေါ်သင့်တယ်..."

ကျန်းကျောက်ရှား နှုတ်ခမ်းဆူလိုက်ရာ ဝင်းထဲရှိ အခြား ဂိုဏ်းသားများ တိတ်တဆိတ် သက်ပြင်းချလိုက်မိကြသည်။ အေးစက်ပြီး ရက်စက်တတ်သော ကျန်းကျောက်ရှားက ဂိုဏ်းချုပ်ရှေ့ရောက်မှသာ ဤကဲ့သို့ ပြုမူတတ်ပေသည်။

ထို့နောက် လီချင်းချိုးက ကျန်းကျောက်ရှားကို ခေါ်ဆောင်၍ တောင်အောက်သို့ ဆင်းသွားခဲ့သည်။

တစ်နာရီခန့် ကြာသောအခါ...

သူတို့နှစ်ဦး ထူထပ်သော မြူထူများကို ဖြတ်ကျော်ပြီး သစ်ပင်ကြီးဆီသို့ ရောက်ရှိလာကြသည်။ ကျန်းကျောက်ရှားက သစ်ပင်ကြီးကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေမိပြီး ပုံမှန် အေးစက်သော အမူအရာကို မထိန်းသိမ်းနိုင်တော့ပေ။

"ဒါက..."

ကျန်းကျောက်ရှား အလွန်အမင်း တုန်လှုပ်သွားသည်။ ချင်းရှောင်ဂိုဏ်း၏ နောက်ဘက်ရှိ နက်ရှိုင်းသော တောတောင်များထဲတွင် ဤမျှ ကြီးမားသော သစ်ပင်ကြီး တစ်ပင် ပုန်းကွယ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ ထို့အပြင် ဤနေရာရှိ ဝိညာဉ်ချီ စွမ်းအင်များမှာ အလွန် ပေါကြွယ်ဝပြီး မြေအောက် ဝိညာဉ်ရေကန်နှင့် မလျော့နည်းချေ။

လီချင်းချိုးက ပြုံး၍ ပြောလိုက်၏။ "ငါ ဒီသစ်ပင်ကို 'ထောင်ချီဝိညာဉ်သစ်ပင်လို့ ခေါ်တယ်... အခုကစပြီး ဒီနေရာကို 'ထောင်ချီဝိညာဉ် မင်္ဂလာမြေ'လို့ ခေါ်ကြမယ်... ဒါက ချင်းရှောင်ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေထဲက တစ်ခုပဲ... ဒီနေရာမှာ လာပြီး ကျင့်ကြံချင်တဲ့ ဘယ်ဂိုဏ်းသားမဆို ငါ့ခွင့်ပြုချက် ရမှ ဖြစ်မယ်... မင်း အရင်ဆုံး ဒီမှာ ကျင့်ကြံပြီး မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်ကို ရောက်မှ ထွက်လာခဲ့..."

ကျန်းကျောက်ရှား အသက်ပြင်းပြင်း ရှူလိုက်ပြီး လီချင်းချိုးကို ကြည့်ကာ…."ဘာလို့ ရွှီနင်းကို အရင် မလာခိုင်းတာလဲ... သူ့ရဲ့ ပါရမီက ကျွန်တော့်ထက် ပိုကောင်းတယ်..."

လီချင်းချိုးက သူ့ကို စူးစိုက်ကြည့်ပြီး နှာခေါင်းရှုံ့ကာ… "မင်း ဘာတွေ ပြောနေတာလဲ... မင်းထက် ပါရမီပါတဲ့ တပည့်တစ်ယောက် ပေါ်လာတိုင်း ဂိုဏ်းထဲက ကောင်းတဲ့အရာ အားလုံးကို မင်းထက်အရင် သူ့ကို ပေးရမယ်လို့ ဆိုလိုတာလား... ချင်းရှောင်ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရတဲ့ ငါ့ရဲ့ အဓိက ရည်ရွယ်ချက်က ငါတို့ ခုနစ်ယောက် ပိုပြီး မြင့်မားတဲ့ နေရာကို ရောက်ဖို့ပဲ... ဘာပဲဖြစ်ဖြစ် ဂိုဏ်းထဲမှာ အကျိုးကျေးဇူး အများဆုံး ရမယ့်သူတွေက ငါတို့ ခုနစ်ယောက်ပဲ ဖြစ်ရမယ်... ပြီးမှ တခြား ဂိုဏ်းသားတွေ အလှည့်..."

ကျန်းကျောက်ရှား အလွန် စိတ်လှုပ်ရှားသွားသော်လည်း မျက်နှာသေဖြင့် ပြောလိုက်သေးသည်။

"ဂိုဏ်းချုပ် တစ်ယောက်က ဘယ်လိုလုပ် အဲဒီလို လုပ်လို့ ဖြစ်မှာလဲ..."

"အပိုတွေ ပြောမနေနဲ့... မြန်မြန် သိုင်းကျင့်စမ်း... ငါ့တပည့်က ငယ်သေးတယ်... ပြီးတော့ သူက မိန်းကလေး... နောင်တစ်ချိန် တိုက်ခိုက်ဖို့ ဆိုရင် မင်းကိုပဲ အားကိုးရဦးမှာ..."

"နားလည်ပါပြီ..."

ကျန်းကျောက်ရှားက ထောင်ချီဝိညာဉ်သစ်ပင်ကို လှည့်ကြည့်လိုက်ပြီးနောက် တရားထိုင်ရန် နေရာတစ်ခု ရှာလိုက်သည်။

လီချင်းချိုး ထောင်ချီဝိညာဉ်သစ်ပင် ပေါ်သို့ တက်သွားပြီး စတင် လေ့လာတော့သည်။ ဤသစ်ပင်နှင့် ပတ်သက်ပြီး သူ သိချင်သောအရာများ များစွာ ရှိနေသေးသည်။

ဆောင်းဦးရာသီ ရောက်နေပြီ ဖြစ်သော်လည်း ထောင်ချီဝိညာဉ်သစ်ပင်တွင် ညှိုးနွမ်းခြင်း သို့မဟုတ် အရောင်ဝါခြင်း လက္ခဏာများ မတွေ့ရဘဲ အနီးနားရှိ တောအုပ်သည်လည်း အလားတူ စိမ်းလန်းစိုပြေကာ သက်ရှိစွမ်းအားများဖြင့် ပြည့်နှက်နေသည်။

လီချင်းချိုး အသိချင်ဆုံး အရာမှာ ထောင်ချီဝိညာဉ်သီး၏ အသုံးဝင်ပုံ ဖြစ်သည်။

ထောင်ချီဝိညာဉ်သစ်ပင် ပေါ်တွင် အနည်းဆုံး အသီး တစ်ထောင်ခန့် ရှိနေပြီး မြေပြင်ပေါ်တွင် ပုပ်သိုးနေသော အသီးများလည်း အများအပြား ရှိသည်။ ယ ထောင်ချီဝိညာဉ်သီးကို စမ်းသပ်ရန် တိရစ္ဆာန် တစ်ကောင် ရှာဖွေဖို့ ဆုံးဖြတ်လိုက်သည်။

ကျန်းကျောက်ရှားက မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်နှင့် မဝေးတော့သဖြင့် ထောင်ချီဝိညာဉ် မင်္ဂလာမြေသို့ ရောက်ရှိပြီး ခြောက်ရက်အကြာတွင် အနားမယူ မအိပ်စက်ဘဲ အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့သည်။

လီချင်းချိုး ပြန်ရောက်လာသောအခါ ကျန်းကျောက်ရှားက သတင်းကောင်း ပြောပြလိုက်ရာ သူ အလွန် ဝမ်းသာသွားသည်။

သို့သော် ကျန်းကျောက်ရှားက ဓားကို မြှောက်၍ လီချင်းချိုးကို ချိန်ရွယ်ကာ တက်ကြွစွာ ရယ်မော၍…

"စီနီယာအစ်ကို... ကျွန်တော်တို့ လက်ရည်မယှဉ်ဖြစ်တာ ကြာပြီ... တစ်ပွဲလောက် စမ်းကြမလား..."

ယခင်ကဆိုလျှင် လီချင်းချိုး ထိုတိုက်ခိုက်မှုကို ရှောင်လွှဲကောင်း ရှောင်လွှဲလိမ့်မည် ဖြစ်သော်လည်း ယခုအခါတွင်မူ သူလည်း လက်ယားနေပြီ ဖြစ်သည်။

ရွှတ်….

လီချင်းချိုးက ခါးကြားမှ ကောင်းကင်သက်တံဓားကို ဆွဲထုတ်လိုက်ပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"ဂျူနီယာညီလေး... ရှုံးရင် မငိုနဲ့နော်..."

"စီနီယာအစ်ကို... ကျွန်တော် ဘယ်တုန်းကမှ မရှုံးဖူးဘူး..."

ကျန်းကျောက်ရှားက လီချင်းချိုးထံသို့ ခြေလှမ်းကျဲကြီးဖြင့် ပြေးဝင်သွားရာ လီချင်းချိုးလည်း အလားတူ ပြုလုပ်လိုက်လေသည်။

ဓားနှစ်လက် ထိတွေ့သွားပြီး မျက်လုံးချင်း ဆုံမိကြရာ မီးပွားများ လွင့်စင်ထွက်သွားပြီး နှစ်ယောက်စလုံး စိတ်လှုပ်ရှားသော အပြုံးများ ပြုံးနေကြသည်။

ပြင်းထန်သော ခုန်ပျံမှုနှင့်အတူ နှစ်ယောက်စလုံး နောက်သို့ တပြိုင်နက် ခုန်ဆုတ်လိုက်ကြသည်။ ဤခုန်ပျံမှုသည် ဆောင်းဦးရာသီကို ကျော်လွန်သွားပြီး ရုတ်တရက် နှင်းများ သည်းထန်စွာ စတင် ကျဆင်းလာကာ ထောင်ချီဝိညာဉ် မင်္ဂလာမြေကို လွှမ်းခြုံသွားတော့သည်။

သူတို့နှစ်ဦး တဖန် ပြန်လည် တိုးဝင်ကြပြီး ပုံရိပ်များ ရောယှက်သွားကာ ဓားများကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ကြသည်။ သူတို့၏ ဓားသိုင်းများမှာ သေသပ်လှပပြီး လှုပ်ရှားမှုများက သွက်လက်သဖြင့် မည်သူသာသည်ကို ပြောရန် ခက်ခဲလှသည်။

ကျန်းကျောက်ရှား မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိပြီးကတည်းက သူတို့နှစ်ဦး ဒီနေရာတွင် မကြာခဏ လက်ရည်ယှဉ်ခဲ့ကြရာ နှစ်လခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

လီတုန်းယွဲ့နှင့် လီစီကျင်တို့က သစ်ပင်အောက်တွင် ခြေချိတ်ထိုင်ကာ မျက်လုံးဖွင့်၍ သူတို့ကို ကြည့်နေကြသည်။

"ကြိုးစားထား... တတိယ စီနီယာအစ်ကို..."

လီစီကျင်က အော်ဟစ် အားပေးလိုက်သော်လည်း ဤစကားများက ကျန်းကျောက်ရှားကို အားမတက်စေဘဲ စိတ်အနှောင့်အယှက်သာ ဖြစ်စေသည်။

သူ မည်သည့် ဓားကွက်ကို အသုံးပြုသည်ဖြစ်စေ လီချင်းချိုးက လွယ်ကူစွာ ကိုင်တွယ်နိုင်ပြီး အလားတူ ဓားကွက်ဖြင့်ပင် ပြန်လည် တိုက်ခိုက်နိုင်ကြောင်း သူ တွေ့ရှိလိုက်ရသည်။

သူ့ကိုယ်သူ နောက်တစ်ယောက်နှင့် တိုက်ခိုက်နေရသကဲ့သို့ ခံစားလိုက်ရပြီး ၎င်းမှာ ယုတ္တိမရှိပေ။

သူ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်ခိုက်နေခြင်း မဟုတ်ဘဲ စီနီယာအစ်ကို၏ ဓားသိုင်းက သူ့ထက် သာလွန်နေသဖြင့် သူ့ဓားကွက်များကို လွယ်ကူစွာ ဖောက်ထွင်းမြင်နိုင်ခြင်း ဖြစ်ကြောင်း နားလည်လိုက်သည်။

လွန်ခဲ့တဲ့ တစ်လကျော်ကဆိုလျှင် သူ စိတ်ပျက်မိမည် ဖြစ်သော်လည်း ယခုအခါတွင်မူ ပိုမို ကြိုးစားတိုက်ခိုက်ရန် တွန်းအားတစ်ခုသာ ဖြစ်လာတော့သည်။

စီနီယာအစ်ကိုကို အနိုင်ယူခြင်းက သူ့ရည်မှန်းချက် ဖြစ်လာပြီ ဖြစ်သည်။

လီတုန်းယွဲ့က လီစီကျင်ကို ကြည့်ပြီး… "ကျင့်ကြံတာကိုပဲ အာရုံစိုက်ပါ... ဒုတိယအဆင့် ရောက်ပြီ ဆိုပြီး အနားယူလို့ ရပြီလို့ မထင်နဲ့..."

ဟုတ်ပါသည်... သူတို့နှစ်ဦး မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်လအတွင်း သူတို့ အချိန်အများစုကို ဤနေရာတွင် ကုန်ဆုံးခဲ့ကြသည်။ ကျန်းယွီချွန်းကိုပင် လီချင်းချိုးက မြေအောက် ဝိညာဉ်ရေကန်သို့ အတင်းအကျပ် ပို့ဆောင်ခဲ့သဖြင့် မနေ့က မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူတို့ ကြိုးစားပမ်းစား ကျင့်ကြံနေကြစဉ် အာဏာသည် သဘာဝကျကျပင် ဂိုဏ်းသားများဘက်သို့ ရွေ့လျားသွားသည်။ ယန်ကျွယ်တိန်၏ လမ်းညွှန်မှုအောက်တွင် ချင်းရှောင်၏နတ်ဘုရားခုနစ်ပါးနှင့် ချင်ယဲ့တို့သည်လည်း တာဝန်ယူ စီမံခန့်ခွဲလာကြပြီး ကျန်းယွီချွန်းနှင့် အခြားသူများ၏ ဝန်ထုပ်ဝန်ပိုးကို မျှဝေထမ်းဆောင်ပေးကြသည်။

ကျန်းယွီချွန်းနှင့် အခြားသူများကတော့ သူတို့၏ စီနီယာအစ်ကိုက သူတို့ကို မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ အဘယ်ကြောင့် အလျင်စလို ရောက်စေချင်မှန်း နားမလည်ကြပေ။ သို့သော် စီနီယာအစ်ကို ပြောသဖြင့် သူတို့ လိုက်နာရုံသာ ရှိတော့သည်။

လီတုန်းယွဲ့၏ တိုက်တွန်းမှုကို ခံရပြီးနောက် လီစီကျင် မျက်လုံးမှိတ်ကာ ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်လိုက်ရတော့သည်။

သူမက လီတုန်းယွဲ့နှင့် အရင်းနှီးဆုံး ဖြစ်ပြီး လီတုန်းယွဲ့၏ စကားကို နားထောင်လိုစိတ် ရှိသည်။

အမွှေးတိုင် တစ်တိုင်စာခန့် ကြာအောင် လက်ရည်ယှဉ်ပြီးနောက် လီချင်းချိုး ရပ်တန့်လိုက်ပြီး လက်တစ်ဖက်ဖြင့် ဓားကို ခါလိုက်ကာ ဓားအိမ်ထဲသို့ ချောမွေ့စွာ ပြန်ထည့်လိုက်သည်။

ကျန်းကျောက်ရှားမှာ အမောဖြေနေရပြီး အသက်ရှူမှန်နေသော လီချင်းချိုးကို ကြည့်ကာ ပြောလိုက်သည်။

"စီနီယာအစ်ကို... နှစ်သစ်ကူး ပြီးရင် ကျွန်တော် ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့ကို ခေါ်ပြီး လေ့ကျင့်ရေးဆင်းဖို့ တောင်အောက် သွားမယ်... အကြာဆုံး သုံးလအတွင်း ပြန်လာခဲ့မယ်..."

သူ ဘာကြောင့် လေ့ကျင့်ရေး ဆင်းချင်သည်ကို လီချင်းချိုး သိသည်။ သူ့မျက်လုံးထဲမှ ဆုံးဖြတ်ချက် ခိုင်မာမှုကို မြင်သောအခါ လီချင်းချိုးက…

"ငါ့မှာ တောင်းဆိုချက် တစ်ခုပဲ ရှိတယ်... ဒီတပည့် ၁၃ ယောက်ထဲက တစ်ယောက်မှ ပျောက်ဆုံး မသွားစေနဲ့..."

ကျန်းကျောက်ရှားက ပြုံး၍ …

"ဒါပေါ့... သူတို့က ကျွန်တော့်တပည့်တွေပဲ... ကျွန်တော် သေရင်တောင် သူတို့ကို အသေခံမှာ မဟုတ်ဘူး..."

"ကောင်းပြီလေ... ဒါပေမဲ့ မင်း အရင်ဆုံး ဘေးကင်းအောင် နေပါ... ငါက မင်းကို အသေခံမှာ မဟုတ်ဘူး..."

လီချင်းချိုး ခေါင်းခါလိုက်သည်။ ကျန်းကျောက်ရှား လက်စားချေရန် တောင်အောက်ဆင်းမည့် ကိစ္စကို သူ သိပ်မစိုးရိမ်ပေ။ ထိုစဉ်က ကျန်းကျောက်ရှားသည် မူလအားဖြည့်နယ်ပယ် တတိယအဆင့်သာ ရှိသေးပြီး လုဖူဟုကို အနိုင်ယူနိုင်ခဲ့သည်။ ယခု ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ မည်သို့ ရှုံးနိမ့်နိုင်မည်နည်း။

ပြောစရာ တစ်ခုမှာ ဓားသခင် ၁၃ ဦးအနက် တစ်ဦးသည် လီချင်းချိုးထံမှ သိုင်းပညာကို ရရှိပြီး မူလအားဖြည့်နယ်ပယ် ပထမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုသူမှာ ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့ ခေါင်းဆောင် ရွှယ်ကျင်း ဖြစ်သည်။

လီချင်းချိုးက ချင်ယဲ့ သူ့ကို အရှက်ရစေခဲ့သည်ကို အကြောင်းပြချက် ပေးပြီး သူ့ကို ရှာဖွေကာ ပြန်လည် ကုစားပေးသည့် အနေဖြင့် ဟွမ်ယွမ်ကျမ်းစာကို သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်တွင်မူ လီချင်းချိုးက ပြန်လည် ကုစားပေးလိုခြင်း မဟုတ်ဘဲ ရွှယ်ကျင်းတွင် ကျင့်ကြံခြင်းအတွက် ပါရမီ ရှိနေပြီးသား ဖြစ်သောကြောင့် အချိန်ဖြုန်းနေသည်ကို မကြည့်ရက်ခြင်းကြောင့်ပင်ယေ

လီချင်းချိုးနှင့် မိနစ်အနည်းငယ် စကားပြောပြီးနောက် ကျန်းကျောက်ရှားက ဘေးတစ်ဖက်သို့ သွားကာ ခွန်အားပြန်လည် ပြည့်ဖြိုးစေရန် တရားထိုင်တော့သည်။

လီချင်းချိုး မတ်တတ်ရပ်လျက် လေချွန်လိုက်လေရာ မကြာမီ အရှေ့ဘက်ရှိ တောအုပ် တုန်ခါသွားပြီး အနက်ရောင် ပုံရိပ်နှစ်ခု တောထဲမှ ပျံသန်းထွက်ပေါ်လာကာ လေထဲတွင် ဝဲပျံပြီးနောက် သူ့ထံသို့ ထိုးဆင်းလာကြသည်။

All Chapters