မမျှော်လင့်ထားသော အကျိုးအမြတ်များ
Vol. 5 Ch. 48
လင်းယုန်နက် နှစ်ကောင် လီချင်းချိုးထံ ပျံသန်းလာကြပြီး တစ်ကောင်က ကြီး၍ တစ်ကောင်က ငယ်သည်။ အကြီးကောင်မှာ သူ့အိမ်မွေးတိရစ္ဆာန် ရှောင်ပါးဖြစ်ပြီး အငယ်ကောင်မှာ လီစီကျင် မွေးမြူထားသော ရှောင်ကျိုဖြစ်သည်။ ရှောင်ပါးကို အစွဲပြု၍ ထိုနာမည်ပေးထားခြင်း ဖြစ်သည်။
မူလက ထောင်ချီဝိညာဉ်သီးကို စမ်းသပ်ရန် ကြက် သို့မဟုတ် ဝက်ကို အသုံးပြုလိုသော်လည်း ရှောင်ကျိုမှာ ထူးဆန်းသော ရောဂါတစ်ခု ဖြစ်ပွားနေပြီး ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ဖြင့်သာ အသက်ဆက်ထားနိုင်ခဲ့သည်။ လီစီကျင် ယူကျုံးမရ ဖြစ်နေသဖြင့် လီချင်းချိုးက မထူးဇာတ်ခင်းကာ ရှောင်ကျိုကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် ထောင်ချီဝိညာဉ်သီးကို စားသုံးပြီးနောက် ရှောင်ကျိုသည် အသက်ပြန်ရှင်လာရုံသာမက အားအင်များလည်း ပြည့်ဖြိုးလာခဲ့သည်။ လီချင်းချိုး၏ လေ့လာချက်အရ ၎င်း၏ သွေးနှင့် ချီစွမ်းအင်များ များစွာ တိုးတက်လာပြီး ကြွက်သားနှင့် အရိုးများမှာလည်း တဖြည်းဖြည်း သန်မာလာနေသည်။
ထောင်ချီဝိညာဉ်သီးကို ဒဏ်ရာကုသရန်အတွက် ဆေးစွမ်းကောင်း တစ်လက်အဖြစ် သတ်မှတ်နိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုလည်း တိုးတက်စေနိုင်သည်။ ကန့်သတ်ချက် မရောက်မီ အသီးမည်မျှ စားသုံးနိုင်သည်ကိုမူ လက်ရှိတွင် မသိရှိရသေးပေ။
ထောင်ချီဝိညာဉ်သီးကို စားသုံးပြီးနောက် ရှောင်ကျိုသည်လည်း ရှောင်ပါး၏ လမ်းစဉ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့ပြီး လီစီကျင်၏ မူလစွမ်းအင်ကို ပိုမို ကောင်းမွန်စွာ စုပ်ယူနိုင်စေခဲ့သည်။
ယခင်က ဂျူနီယာ မောင်နှမများကို တောရိုင်းတိရစ္ဆာန်များထဲသို့ မူလစွမ်းအင် ထည့်သွင်းရန် တိုက်တွန်းခဲ့သော်လည်း မည်သူမျှ ရှောင်ပါးလို ကိုယ်ပိုင် မူလစွမ်းအင်ကို မကျင့်ကြံနိုင်ခဲ့ကြပေ။
ဤအချက်က ရှောင်ပါးက ထူးခြားသော ပါရမီရှင် ဖြစ်ကြောင်း ပြသနေ၏။
လင်းယုန်နက် နှစ်ကောင် လီချင်းချိုး၏ ရှေ့သို့ ဆင်းသက်လိုက်ကြသည်။ ရှောင်ပါးက အတောင်ပံများကို ခေါက်ထားလျက် ရပ်နေပြီး သူ့ အရပ်နီးပါး မြင့်မားသည်။ ရှောင်ကျိုမှာမူ များစွာ သေးငယ်သော်လည်း ၎င်း၏ ခေါင်းမှာ သူ့ခါးနီးပါး ရှိနေပြီ ဖြစ်သည်။
ရှောင်ပါးက လီချင်းချိုး၏ ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်လိုက်ပြီး ရှောင်ကျိုက အတောင်ပံများကို ခတ်ကာ အလွန် တက်ကြွနေသည်။
သတ္တဝါငယ် နှစ်ကောင်စလုံး ဉာဏ်ရည် ဖွံ့ဖြိုးစ ပြုလာကြပြီ ဖြစ်သည်။ အထူးသဖြင့် ရှောင်ပါးသည် နှစ်အနည်းငယ် အရွယ် ကလေးတစ်ယောက်၏ ဉာဏ်ရည်မျိုး ရှိနေသည်ဟု လီချင်းချိုး ခံစားနေရသည်။
"ဒီတစ်ခါ ဘာတွေ ခိုးစားလာပြန်တာလဲ..."
ရှောင်ပါး၏ နှုတ်သီးတွင် သွေးစများနှင့် အသားစများ တွဲလောင်းကျနေသည်ကို တွေ့ရသဖြင့် လီချင်းချိုး မနေနိုင်ဘဲ မေးလိုက်သည်။
ရှောင်ပါး အတောင်ပံ ဖြန့်လိုက်သောအခါ သုံးဂျင်နီးပါး ကျယ်ဝန်းသည်။ရှောင်ပါးက တကျွီကျွီ အသံများ ပြုလုပ်လိုက်ပြီး လူစကား မပြောတတ်သော်လည်း လီချင်းချိုး နားလည်လိုက်သည်။
ဤနားလည်မှုမျိုးကို လီချင်းချိုး ကိုယ်တိုင်လည်း ရှင်းပြ၍ မရနိုင်ပေ။ ရှောင်ပါး၏ ခန္ဓာကိုယ်ထဲတွင် သူ့ မူလစွမ်းအင် ရှိနေခြင်းကြောင့် ဖြစ်လိမ့်မည်။
"မြွေလား... ဘယ်လောက် ကြီးလဲ..."
"ကျွီ... ကူကူ..."
"အဲဒီလောက် ကြီးတာလား... ဒါဆို မင်း သူတို့ကို မောင်းထုတ်ပြီး ဒီနေရာနဲ့ ဝေးဝေးနေခိုင်းရမယ်..."
"ကျွီကျွီ..."
ကတိပေးသံကို ကြားသောအခါ လီချင်းချိုး ကျေနပ်စွာ ပြုံးလိုက်ပြီး လက်လှမ်း၍ ၎င်း၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
ထို့နောက် လင်းယုန်နက် နှစ်ကောင် လေထဲသို့ ခုန်တက်သွားပြီး လေပြင်းများ ဖြစ်ပေါ်စေကာ လီချင်းချိုး၏ ဝတ်ရုံကို လွင့်ပျံသွားစေသည်။ ထို့နောက် လင်းယုန်နှစ်ကောင် ထူထပ်သော မြူထူများကြား ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်သည်။
လီချင်းချိုးသည် ယခုအခါ လင်းယုန်နှစ်ကောင်ကို ဤနေရာတွင် တာဝန်ချထားပြီး မြူထူများကြားမှ တောရိုင်းတိရစ္ဆာန်များကို မောင်းထုတ်ရန်နှင့် ထောင်ချီဝိညာဉ် မင်္ဂလာမြေကို စောင့်ရှောက်ရန် စီစဉ်ထားသည်။
လင်းယုန်နှစ်ကောင် အစာခိုးမစားစေရန်အတွက် ထောင်ချီဝိညာဉ်သစ်ပင်ကို သူ လာတိုင်း စစ်ဆေးလေ့ ရှိသည်။ ကံကောင်းသည်မှာ သူ မလာသည့် အချိန်တွင် လင်းယုန်နှစ်ကောင် ထောင်ချီဝိညာဉ်သစ်ပင် အနားသို့ လုံးဝ မကပ်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ထောင်ချီဝိညာဉ်သစ်ပင်၏ ဝါးပင်များမှာ ရန်လိုတတ်သောကြောင့် ဖြစ်သည်။
ထူးဆန်းသည်မှာ ထောင်ချီဝိညာဉ်သစ်ပင်က လီချင်းချိုးကိုသာ အနားကပ်ခွင့် ပြုပြီး အခြားမည်သူ့ကိုမျှ ဝါးပင်များနှင့် အထိမခံပေ။ လီချင်းချိုးကသာ သူ့ကို ပထမဆုံး မြင်တွေ့ခဲ့သူ ဖြစ်သောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။
အပြင်ဘက်ရှိ ထူထပ်သော မြူထူများကြားတွင် လူအရိုးစု အများအပြား ရှိနေသော်လည်း မည်သူမျှ ဤနေရာသို့ မရောက်ရှိနိုင်ကြပေ။
ဤမြူထူများသည် ထောင်ချီဝိညာဉ်သစ်ပင်မှ ဖန်တီးထားသော စမ်းသပ်မှုတစ်ခု ဖြစ်ပုံရပြီး လီချင်းချိုးကသာ ထိုစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ခဲ့သည့် ပထမဆုံးသော လူသား ဖြစ်သည်။
...
နှင်းများက မိုင်ပေါင်းများစွာ ရှည်လျားသော တောင်တန်းများနှင့် မြစ်များကို လွှမ်းခြုံထားပြီး ထိုက်ခွန်းတောင်တန်း၏ ဆောင်းရာသီသည် ယခင်နှစ်များအတိုင်း အေးစက်နေဆဲ ဖြစ်သည်။
ပုဝါပါး ဝတ်ဆင်ထားသော ကျူးယန်ကကျောက်ကမ်းပါးပေါ်တွင် ထိုင်နေပြီး သူမ၏ ရှေ့တွင် ကုချင်းကို တင်ထားသည်။ သူမသည် တောကောင်သားမွေးဖြင့် ပြုလုပ်ထားသော ဝတ်ရုံကို လွှမ်းခြုံထားကာ သူမအနီးတွင် နှင်းပွင့်များ ကြွေကျနေပြီး သူမ၏ ဂူချင်းသံစဉ်က လေထုထဲတွင် ပျံ့လွင့်ကာ ထူးခြားလှပသော မြင်ကွင်းတစ်ခုကို ဖန်တီးထားသည်။
အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော ဆုရှီးလင်ကတော့ မလှမ်းမကမ်းတွင် ရပ်လျက် အောက်ဘက်ရှိ ကျောက်ကမ်းပါးကို ငုံ့ကြည့်နေသည်။ သူမကတော့ အနွေးထည် ဝတ်ဆင်မထားသော်လည်း သူမ၏ ဝတ်စားဆင်ယင်မှုမှာ နွေရာသီ၊ ဆောင်းဦးရာသီတို့နှင့် သိပ်မကွာခြားလှချေ။
သီချင်းဆုံးသွားသောအခါ ကျူးယန်က တီးခတ်မှုကို ရပ်တန့်လိုက်ပြီး …"ရှီးလင်း... ဘာကို အဲဒီလောက် စိတ်ဝင်တစား ကြည့်နေတာလဲ..."
ဆုရှီးလင်းက ခေါင်းမလှည့်ဘဲ ..
"ချင်းရှောင်ဂိုဏ်းသားတွေ ဓားသိုင်းကွက် လေ့ကျင့်နေတာကို ကြည့်နေတာ... အဲဒီ ဂိုဏ်းသားတွေကို ဓားနတ်ဆိုး ၁၃ ပါးလို့ ခေါ်သတဲ့... နာမည်က ခေါ်ရခက်လိုက်တာ... သူတို့က ဓားနတ်ဆိုးတွေလား... သူတို့ရဲ့ ဓားသိုင်းကွက်က တော်တော်လေး အထင်ကြီးစရာ ကောင်းတယ်လို့ ပြောရမယ်..."
"ဓားသခင် ၁၃ ပါးက ကျန်းကျောက်ရှားရဲ့ တပည့်တွေလား..." ဟု ကျူးယန်က မေးလိုက်သည်။
"ဟုတ်တယ်... ကျန်းကျောက်ရှားလည်း အောက်မှာ ရှိနေတယ်... ဒါပေမဲ့ သူ ကျောက်တုံးပေါ် ထိုင်နေတာ နာရီဝက်လောက် ရှိပြီ... ဓားလေ့ကျင့်တာ မမြင်ရသေးဘူး..."
ဆုရှီးလင်းက ပြန်ဖြေလိုက်ပြီး စကားဆုံးခါနီးတွင် နားမလည်နိုင်သော လေသံ ပေါက်သွားသည်။
ကျူးယန်ကမူ… "သူ့လို ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးကို သာမန်လူတွေ နားလည်နိုင်မှာ မဟုတ်ဘူး... ရွှီနင်းကိုပဲ ကြည့်လေ... သူ သိုင်းကျင့်တာ ရှင် မြင်ဖူးလို့လား..."
"ဟုတ်သားပဲ... ဟာ... ပြင်းထန်လိုက်တဲ့ ဓားချီပါလား..."
ဆုရှီးလင်း ပြန်ဖြေလိုက်စဉ်မှာပင် ရုတ်တရက် အံ့သြသွားပြီး သံသယ ဖြစ်သွားသည်။
သူမ၏ အကြည့်လမ်းကြောင်းအတိုင်း ကြည့်လိုက်လျှင် ဓားချီကို ထုတ်လွှတ်လိုက်သူမှာ ဓားပျံတစ်ဆယ့်သုံးလက် အဖွဲ့ ခေါင်းဆောင် ရွှယ်ကျင်း မှလွဲ၍ အခြားသူ မဟုတ်ပေ။
ရွှယ်ကျင်း ဓားချက် တစ်ချက် ထုတ်လွှတ်လိုက်ရာ နှင်းပြင်ပေါ်တွင် ငါးဂျင်ခန့် ရှည်လျားသော အရာတစ်ခု ကျန်ရစ်ခဲ့သည်။ ဤဓားချက်ပြီးနောက် သူသည် မောပန်းနွမ်းနယ်စွာဖြင့် ဒူးထောက်လိုက်ရသည်။
သူ့ဘေးပတ်လည်ရှိ တပည့် ၁၂ ဦးက ချက်ချင်း ဝိုင်းအုံလာကြပြီး အားလုံး အလွန် စိတ်လှုပ်ရှားနေကြသည်။
"လွှမ်းမိုးထားတဲ့ ဓားချီပဲ... စီနီယာအစ်ကိုရွှယ်... ခင်ဗျား အောင်မြင်သွားပြီ..."
"ဒီ ကောင်းကင်ကွန်ရက် ဓားသိုင်းကွက်က တကယ်ကို သေသပ်တာပဲ... ငါတို့က ပုံရိပ်ယောင်တွေ ဖြစ်ပြီး စီနီယာအစ်ကိုက လက်တွေ့ပဲ... ဘယ်သူက ဒီလို ဓားချီမျိုးကို ခံနိုင်ရည်ရှိမှာလဲ..."
"စီနီယာအစ်ကို... ခင်ဗျား တကယ် တော်တယ်ဗျာ... ကျွန်တော်တို့ ဓားသိုင်းကို တူတူလေ့ကျင့်ခဲ့ကြတာ... ဒီလို ဓားချီမျိုး မပြောနဲ့... ဓားချီ အငွေ့အသက်လေး နည်းနည်းလောက် ကျင့်ကြံနိုင်ရင်တောင် အမွှေးတိုင်ထွန်းပြီး ကျေးဇူးတင်မိမှာ..."
"ဟုတ်တယ်... စီနီယာအစ်ကိုသာ မပါရင် ငါတို့သုံးတဲ့ ဓားသိုင်းကွက်က ဟာသတစ်ခု ဖြစ်နေမှာ..."
ဂိုဏ်းသားများ အချင်းချင်း ဆွေးနွေးနေကြပြိး ထိုစကားများကို ကြားသောအခါ ရွှယ်ကျင်း မော့ကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်သော်လည်း တိတ်တဆိတ် ဝမ်းသာနေမိသည်။
ဟွမ်ယွမ်ကျမ်းစာက တကယ်ကို အံ့သြစရာ ကောင်းတာပဲ...
ယခုအချိန်တွင် သူ့စိတ်ထဲ၌ လီချင်းချိုးအပေါ် ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေသည်။
ဟွမ်ယွမ်ကျမ်းစာသာ မရှိလျှင် သူ့ရဲ့ သိုင်းပညာ စွမ်းရည်များက အခြား ဂျူနီယာ မောင်နှမများထက် သိပ်ပြီး သာလွန်နေမည် မဟုတ်ပေ။
သူ ရုန်းကန်၍ ထရပ်လိုက်ပြီး …
"အချိန် ရှိပါသေးတယ်... နှစ်သစ်ကူး မတိုင်ခင် လူတိုင်း ဓားချီ ထွက်ပေါ်လာအောင် ကြိုးစားကြည့်ကြရအောင်..."
နွေဦးပွဲတော် ပြီးနောက် အတွေ့အကြုံယူရန် တောင်အောက်ဆင်းရမည်ဖြစ်ကြောင်း ကျန်းကျောက်ရှားက သူတို့ကို ပြောထားပြီး ဖြစ်သည်။ လူတိုင်း အန္တရာယ်ရှိသော အခြေအနေများနှင့် ရင်ဆိုင်ရနိုင်သည်ဟုလည်း ဆိုသည်။ ထို့ကြောင့် သူတို့ စိတ်လှုပ်ရှားနေသလို ကြီးမားသော အရေးတကြီး လိုအပ်မှုကိုလည်း ခံစားနေကြရသည်။
အဝေးတစ်နေရာတွင်...
ကျန်းကျောက်ရှား ရွှယ်ကျင်းကို လှမ်းကြည့်ပြီး တိတ်တဆိတ် ဝမ်းသာနေမိသည်။ သူ လီချင်းချိုးကို နောက်တစ်ကြိမ် လေးစားမိသွားပြန်ပြီ။
သူ ရွေးချယ်ခဲ့သော ၁၂ ယောက်က သူ့ကို မကျေနပ်စေခဲ့သော်လည်း လီချင်းချိုး အတင်းအကျပ် ထောက်ခံခဲ့သော တပည့်က သူ့ကို အံ့အားသင့်စေခဲ့သည်။
သူ ရွှယ်ကျင်းကို တပည့်အရင်းအဖြစ် သတ်မှတ်ထားပြီး ဖြစ်ကာ ဓားသိုင်း ၁၃ ကွက်၏ အနာဂတ် အောင်မြင်မှုက ရွှယ်ကျင်း၏ သိုင်းပညာ စွမ်းရည်အပေါ် မူတည်နေကြောင်း သိထားသည်။
သူ မျက်လုံးပြန်မှိတ်လိုက်ပြီး ဓားသိုင်းပညာကို ဆက်လက် တွေးတောဆင်ခြင်နေလိုက်ပြန်သည်။
လွန်ခဲ့သော နှစ်လအတွင်း လီချင်းချိုးနှင့် လက်ရည်ယှဉ်ခြင်းက သူ့အား အကြံဉာဏ်များစွာ ရရှိစေခဲ့သည်။ သူသည် ကောင်းကင်ကွန်ရက် ဓားသိုင်းကွက်ကို ဖန်တီးခဲ့သော်လည်း မလုံလောက်သေးဟု ခံစားနေရသည်။ ချင်းရှောင်ဂိုဏ်းအတွက် ဓားသိုင်းကွက်များ ပိုမို ဖန်တီးပေးလိုပြီး နောက်ဆုံးတွင် ချင်းရှောင်းဂိုဏ်းကို ဓားဂိုဏ်းတစ်ခုအဖြစ် တည်ထောင်လိုသည်။
အခြားတစ်ဖက်တွင်မူ...
ဂိုဏ်းတံခါးဝ အထက်ရှိ လင်းရှောင်ဝင်း အတွင်း၌ …
တောင်အောက်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ကျန်းယွီချွန်း ပြောပြနေသည်ကို လီချင်းချိုး နားထောင်နေသည်။
ချင်းရှောင်ဂိုဏ်းက ဝင်းများကို တိုးချဲ့လာသည်နှင့်အမျှ မူလ ဝင်းသုံးခုကို လင်းရှောင်ဝင်း ဟု လီချင်းချိုးက အမည်ပြောင်းလဲပေးခဲ့သည်။ သာမန် ဂိုဏ်းသားများကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခွင့် မပြုပေ။ ဤစည်းကမ်းကို ယန်ကျွယ်တိန်နှင့် ကျန်းယွီတို့က အတင်းအကျပ် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော အချိန်က မူလအားဖြည့်နယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိသွားသော ကျန်းယွီချွန်းက လူတစ်စုကို ဦးဆောင်၍ တောင်အောက်သို့ တဖန် ဆင်းသွားခဲ့သည်။ သို့သော် သူသည် ချင်းရှောင်၏နတ်ဘုရားခုနစ်ပါးကို ခေါ်ဆောင်မသွားဘဲ အခြား ဝါရင့် ဂိုဏ်းသားများကိုသာ ခေါ်ဆောင်သွားခဲ့သည်။ ဒီတစ်ခါတွင် သူတို့တွေ နောက်ထပ် ဂိုဏ်းသား ၈ ဦးကို လက်ခံ ခေါ်ယူလာခဲ့ကြသည်။
"ကုကျိုးက သူပုန်တွေကို နှိမ်နင်းပြီးပါပြီ... ခရိုင်ထဲမှာ နန်းတွင်းတပ်တွေကို တွေ့ခဲ့ရတယ်... သူတို့က နေရာတိုင်းမှာ ကြေညာချက်တွေ ကပ်ထားပြီး သူပုန်တွေကို အမြစ်ပြတ် ချေမှုန်းမယ်လို့ သစ္စာဆိုထားကြတယ်... ဘေးဒုက္ခ ကယ်ဆယ်ရေး စည်းမျဉ်းတချို့လည်း ထုတ်ပြန်ထားပါတယ်... စီနီယာအစ်ကို... ကြည့်ရတာ လောကကြီး ငြိမ်းချမ်းတော့မယ့်ပုံပါပဲ..."
ကျန်းယွီချွန်း အတော်လေး စိတ်လှုပ်ရှားနေသည်။ ထိုက်ခွန်းတောင်တန်း အပြင်ဘက် ရောက်သည်နှင့် စစ်ပွဲနှင့် ကြုံတွေ့ရရန် လွယ်ကူသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် သူ လက်ခံခေါ်ယူခဲ့သော ဂိုဏ်းသား အများစုမှာ မိဘမဲ့များ ဖြစ်ကြသဖြင့် ဂိုဏ်းသား အရေအတွက် ကန့်သတ်ချက် ရှိနေခဲ့သည်။
လောကကြီး ငြိမ်းချမ်းသွားသည်နှင့် စစ်ပွဲအတွက် စိုးရိမ်စရာ လိုတော့မည် မဟုတ်ပေ။ သူသည်လည်း ဂိုဏ်းသားများကို ဦးဆောင်၍ ချင်းရှောင်ဂိုဏ်း အကြောင်း သတင်းဖြန့်နိုင်ပြီး ဂိုဏ်းသားအရေအတွက်ကို နှစ်ဆတိုးအောင် လုပ်နိုင်မည်ဟု ယုံကြည်ထားသည်။
လီချင်းချိုး နားထောင်နေရင်း ငါးပျံဓား ကို အသုံးပြု၍ သစ်သားကို ထွင်းထုနေသည်။
"စီနီယာအစ်ကို... ကျွန်တော်တို့ရဲ့ မွေးမြူရေး၊ လယ်ယာ၊ မြင်းခြံ၊ ငါးကန်၊ အမဲလိုက်တာနဲ့ တခြား လုပ်ငန်းတွေ အကုန်လုံး လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ... ဒါပေမဲ့ လူအင်အား လိုအပ်နေတုန်းပဲ... သူပုန်တွေကို နှိမ်နင်းပြီးခါစဆိုတော့ နေရာအနှံ့မှာ ဓားပြတွေ တောင်ပေါ်ဓားပြတွေ အများကြီး ရှိနေတုန်းပဲ... လီစီဖုန်းကို လူတွေ ဦးဆောင်ပြီး တောင်အောက်ဆင်းကာ ဓားပြတွေကို နှိမ်နင်းခိုင်းချင်တယ်... ပြီးတော့ ချင်းရှောင်ဂိုဏ်းရဲ့ ဂုဏ်သတင်းကို ပြန့်ပွားစေချင်တယ်... ဒီလိုဆိုရင် ဂိုဏ်ထဲကို ဝင်ရောက်ဖို့ လူတွေကို ပိုပြီး ဆွဲဆောင်နိုင်မှာပါ..." ဟု ကျန်းယွီချွန်းက လေးနက်စွာ ပြောလိုက်သည်။
လီစီဖုန်းက ယခုဆို ၁၅ နှစ် ရှိပြီ ဖြစ်ပြီး နောက်ထပ် နှစ်ဝက်ကြာလျှင် ၁၆ နှစ် ပြည့်တော့မည် ဖြစ်သည်။ သူသည် မူလအားဖြည့်နယ်ပယ် တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ထိုစဉ်က ကျန်းကျောက်ရှား သူ့အရွယ်တွင် ရန်သူများကို စတင် သတ်ဖြတ်နေပြီ ဖြစ်သည်။
လီချင်းချိုးက …
"ချန်ချန်းဟိုင်ကို သူ့အဖော်အဖြစ် ထည့်ပေးလိုက်... စစ်ဖုန်းက အပြင်ခဏခဏ ထွက်ဖူးပြီး အတွေ့အကြုံ များနေပြီ ဆိုပေမဲ့ အပြည့်အဝ မကြီးပြင်းသေးဘူး..."
"ချန်ချန်းဟိုင်လား... ကောင်းတာပေါ့... သူ စရောက်ကတည်းက တော်တော်လေး ကောင်းကောင်း လုပ်နေတာ... ဒါဆို မန်အာကိုပါ ထည့်ပေးလိုက်မယ်..."ဟု ကျန်းယွီချွန်းက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
ဝူမန်အာသည်လည်း မူလအားဖြည့်နယ်ပယ် တတိယအဆင့်တွင် ရှိနေသော်လည်း ခွန်အားချင်း ယှဉ်လျှင် လီစီဖုန်းက သူ့ပြိုင်ဘက် မဟုတ်ပေ။
"မင်းပဲ စီစဉ်လိုက်ပါ... သူတို့ကို ထိုက်ခွန်းတောင်တန်း တစ်ဝိုက်မှာပဲ နေခိုင်းပြီး နွေဦးပွဲတော် မတိုင်ခင် ပြန်လာခိုင်းလိုက်..."
"ပြဿနာ မရှိပါဘူး..."
လီချင်းချိုး၏ သဘောတူညီချက် ရသည်နှင့် ကျန်းယွီချွန်း ချက်ချင်း ထ၍ စီစဉ်ရန် ထွက်ခွာသွားသည်။
"နေဦး... သူတို့ကို ပိုင်နင်းအာ ပါ ခေါ်သွားခိုင်းလိုက်..."ဟု လီချင်းချိုးက ရုတ်တရက် ပြောလိုက်သဖြင့်ကျန်းယွီချွန်း အံ့သြစွာဖြင့် ခေါင်းလှည့်မေးလိုက်သည်။
"မိန်းကလေးဆုနဲ့ အရမ်းရင်းနှီးတဲ့ ဂိုဏ်းသားလား..."
သူ့တွင် ပိုင်နင်းအာနှင့် ပတ်သက်ပြီး နက်ရှိုင်းသော အထင်အမြင် မရှိသော်လည်း ကျူးယန်နှင့် ဆုရှီးလင်းကိုမူ အထူး ဂရုပြုထားသည်။
"ဟုတ်တယ်... သူပဲ..."
လီချင်းချိုး၏ အဖြေကို ကြားသောအခါ ကျန်းယွီချွန်း နားမလည် ဖြစ်သွားသော်လည်း သဘောတူကြောင်း ခေါင်းညိတ်ပြီး အမြန် ထွက်ခွာသွားခဲ့သည်။
အမှန်တကယ်တွင်မူ တောင်အောက်ဆင်းရန် ဦးဆောင် တောင်းဆိုခဲ့သူမှာ လီစီဖုန်း ဖြစ်သဖြင့် စီနီယာအစ်ကို သဘောတူကြောင်း ကျန်းယွီချွန်း ပြောပြသောအခါ သူ အလွန် ဝမ်းသာသွားသည်။
ထိုနေ့တွင်ပင် သူတို့ နှစ်ဦး ဂိုဏ်းသားများကို စတင် ရွေးချယ်ကြပြီးနောက် ပစ္စည်းများ ထုပ်ပိုးကာ အလျင်အမြန် တောင်အောက် ဆင်းသွားကြသည်။
လီစီဖုန်း၊ ဝူမန်အာနှင့် ချန်ချန်းဟိုင် တို့က ဂိုဏ်းသား ၉ ဦးကို ဦးဆောင်၍ ဓားပြများကို ရှင်းလင်းရန် တောင်အောက် ဆင်းသွားကြသည်။ ဤကိစ္စကို ချင်းရှောင်ဂိုဏ်းသားများကြားတွင် သီးသန့် ဆွေးနွေးနေကြကာ ဂိုဏ်းသားများ အလွန် စိတ်လှုပ်ရှားနေကြပြီး ဂိုဏ်းက သူတို့ကို ထိုကဲ့သို့ တာဝန်ပေးမည့် နေ့ကို မျှော်လင့်နေကြသည်။
တရားမျှတမှုကို ထိန်းသိမ်းခြင်းနှင့် အားနည်းသူများကို ကူညီခြင်းသည် သိုင်းပညာ လေ့ကျင့်သူ အများစု မျှော်မှန်းထားသော အရာဖြစ်ပြီး သူတို့၏ အင်အားကို ပြသနိုင်ကာ ဂုဏ်သတင်း ကောင်းမွန်စေရန် တည်ဆောက်နိုင်ပေမည်။
...
တစ်လတာ အချိန် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ လင်းရှောင်ဝင်း အတွင်း၌ လီချင်းချိုးက ယွမ်လီကို ထောင်ချီဝိညာဉ်သီး ကျွေးနေပြီး လီတုန်းယွဲ့က ခေါင်မိုးစွန်းတွင် ရပ်လျက် အဝေးကို လှမ်းမျှော်ကြည့်နေသည်။
နှင်းများ သည်းထန်စွာ ကျဆင်းနေပြီး လောကကြီးက ကျယ်ပြောကာ တိတ်ဆိတ်ခြောက်သွေ့နေသည်။ နှင်းပွင့်များက သူမ အနားသို့ ရောက်သည်နှင့် အရည်ပျော်သွားကြသည်။
ယွမ်လီက ထောင်ချီဝိညာဉ်သီးကို ကမ်းပေးသည်ကို မြင်သောအခါ လီချင်းချိုး ပြုံးလိုက်ပြီး လီတုန်းယွဲ့ကို ကြည့်ကာ …
"ဂျူနီယာညီမလေး... ဆင်းလာခဲ့ပါ... သူတို့ ဘာမှ မဖြစ်ပါဘူး..."
လီတုန်းယွဲ့ ခေါင်းလှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ …
"မနက်ဖြန် နှစ်သစ်ကူးလေ... ပြီးတော့ ညရောက်ဖို့ တစ်နာရီတောင် မလိုတော့ဘူး... သူတို့ ပြန်မရောက်သေးရင် တောင်အောက်ဆင်းပြီး သွားရှာကြမလား..."
လီချင်းချိုး ဖြေရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။ သူ အဝေးသို့ လှည့်ကြည့်လိုက်ပြီး ..
"သူတို့ ပြန်လာပြီ..."
ထိုစကားကို ကြားသောအခါ လီတုန်းယွဲ့ အလွန် ဝမ်းသာသွားသည်။ သူမ လီချင်းချိုး၏ စကားကို သံသယ မဝင်ပေ။ သူမ ချက်ချင်းပင် မြို့ရိုးပေါ်မှ ခုန်ဆင်းပြီး ဂိုဏ်းတံခါးဝ ဆီသို့ ပြေးသွားလိုက်သည်။
လီချင်းချိုး မထသေးဘဲ ယွမ်လီ ထောင်ချီဝိညာဉ်သီး စားနေသည်ကိုသာ လှည့်ကြည့်နေလိုက်သည်။
ယွမ်လီက ထိုင်ခုံပုလေးပေါ်တွင် ထိုင်လျက် ထောင်ချီဝိညာဉ်သီးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အလွန် လိမ္မာသော ပုံစံဖြင့် စားသောက်နေသည်။
ခဏကြာသောအခါ ဆူညံသံများ ထွက်ပေါ်လာပြီး လီစီဖုန်း ဝင်းထဲသို့ ပထမဆုံး ပြေးဝင်လာသည်။ သူ့ ဝတ်ရုံမှာ အနည်းငယ် စုတ်ပြဲနေသော်လည်း မျက်နှာထားကတော့ ကြည်လင်တောက်ပနေသည်။
သူ လီချင်းချိုး၏ ဘေးသို့ ရောက်လာပြီး လီချင်းချိုး၏ လက်မောင်းကို ဆွဲကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့်…
"စီနီယာအစ်ကို... ကျွန်တော်တို့ ရလာတာတွေကို လာကြည့်ပါဦး... အစ်ကိုလုံးဝ ယုံမှာ မဟုတ်ဘူး..."