← Chapters

အပြည့်အဝ ထောက်ပံ့မှု

Vol. 5 Ch. 50

အပြည့်အဝ ထောက်ပံ့မှု

Vol. 5 Ch. 50

"သိုင်းဂိုဏ်းတွေကို တရားဝင် ရာထူး ခန့်အပ်မယ် ဟုတ်လား... ဒါက လွတ်ငြိမ်းချမ်းသာခွင့် ပေးတာလား... ဒါမှမဟုတ် ထောင်ချောက်လား..."

ကျန်းယွီချွန်း မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ ဝူပေါက်ယွီ ကိစ္စကြောင့် သူသည် လက်ရှိ ဧကရာဇ်၏ လုပ်ရပ်များကို သံသယအပြည့် ရှိနေပြီး ဧကရာဇ်က ကြင်နာတတ်သူ ဖြစ်သည်ဟု မယုံကြည်ပေ။

ဧကရာဇ်က မင်းအာဏာကို ခြိမ်းခြောက်လာမှသာ ဖရိုဖရဲ ဖြစ်မှုများကို ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက နှစ်ပေါင်းများစွာ မည်သို့ ကြာမြင့်နိုင်မည်နည်း။

လီချင်းချိုးလည်း ဤကိစ္စက ကောင်းသော ကိစ္စ မဟုတ်ဟု ခံစားရသည်။ ဧကရာဇ်က မသေမျိုး ဖြစ်ရန် ကြိုးပမ်းရာတွင် ဘာတွေ လုပ်နေမှန်း လျူဖန်ကျိုး မသိပေ။

"အဲဒါ ဧကရာဇ်လေ... သိုင်းဂိုဏ်းတွေကို ဒုက္ခပေးဖို့ ဒီလောက်ထိ အကြီးအကျယ် ကြံစည်ဖို့ လိုလို့လား... ဓားပြနှိမ်နင်းရေး ခေါင်းစဉ်တပ်ပြီး စစ်တပ်လွှတ် နှိမ်နင်းလိုက်ရုံပဲ... သိုင်းလောကထဲမှာ လူမသတ်ဖူးတဲ့သူ ဘယ်သူ ရှိလို့လဲ... ဥပဒေအတိုင်း စီရင်မယ်ဆိုရင် အများစုက သေဒဏ်ကျခံရမှာပဲ... ဒါ့အပြင် သိုင်းပညာရှင် အများကြီးကို နန်းတော်ဆီ ဆင့်ခေါ်တာက အရှင်မင်းကြီး ကိုယ်တိုင်အတွက်လည်း အန္တရာယ် ရှိစေတယ်..."

လီချင်းချိုးနှင့် ကျန်းယွီချွန်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ဤကိစ္စနှင့် ပတ်သက်၍ လျူဖန်ကျိုးနှင့် ဆွေးနွေး၍ ရမည် မဟုတ်ကြောင်း သဘောပေါက်လိုက်ကြသည်။

"ဒါက အတင်းအကျပ် ဆင့်ခေါ်တာလား... ဒါမှမဟုတ် ဆန္ဒအလျောက်လား..." ဟု ကျန်းယွီချွန်းက ဆက်မေးလိုက်သည်။

"ဒါပေါ့... ဆန္ဒအလျောက်ပါ... အတင်းအကျပ်ဆိုရင်တော့ တကယ် ပြဿနာ ရှိပြီ... ဒါပေမဲ့ မြို့တော်က ဝေးတယ်လေ... ဒီရာထူးကို ယှဉ်ပြိုင်ဖို့ ဆိုတာ ဘယ်သူက သတင်းအရင်ရပြီး ဘယ်သူက အရင် ထွက်ခွာမလဲ ဆိုတဲ့ ပြိုင်ပွဲပဲ..."

လီချင်းချိုး ခေါင်းညိတ်ပြီး …

"ဘာပဲဖြစ်ဖြစ်... ဒီသတင်းကို လာပြောပြတဲ့အတွက် သခင်ကြီးလျူကို ကျေးဇူးတင်ပါတယ်..."

"အားနာစရာတွေ ပြောနေပြန်ပြီ... ကျုပ်တို့က မိသားစုတွေပဲဟာ..."

လျူဖန်ကျိုးက လက်ဝှေ့ယမ်းလိုက်သည်။ သူသည် လိမ္မာပါးနပ်သူ ဖြစ်သဖြင့် လီချင်းချိုးတို့ဘက်က ဤကိစ္စကို လက်မခံချင်မှန်း သိသာသောကြောင့် ထပ်မပြောတော့ပေ။

လျူဖန်ကျိုးက သိုင်းလောကမှ အခြား အကြောင်းအရာများကို စတင် ပြောဆိုပြီး အကြွင်းမဲ့သူတော်စင်ဂိုဏ်း အကြောင်းကိုပင် ထည့်ပြောလိုက်သေးသည်။

"ယန်ဝူကျင်းက သံမဏိတောင်ထွတ်ကို ဝင်တိုက်ပြီး တောင်ထွတ်သခင် ၁၈ ယောက်စလုံးကို အနိုင်ယူလိုက်တာတိုက်ပွဲတစ်ခုတည်းနဲ့ နာမည်ကြီးသွားခဲ့တယ်... သူက တကယ့်ကို ခေတ်တစ်ခေတ်ရဲ့ ထိပ်တန်း သိုင်းပညာရှင်ပဲ... ပြီးတော့ ကုကျိုး အစွန်အဖျားမှာ အကြွင်းမဲ့သူတော်စင်ဂိုဏ်း ဆိုတဲ့ အမည်နဲ့ ဂိုဏ်းတစ်ခု တည်ထောင်ခဲ့တယ်... လင်းချွမ်ဒေသက ထန်မိသားစုရဲ့ ပံ့ပိုးမှုကို ရရှိထားပြီးပြီလို့ ဆိုကြတယ်... ထန်မိသားစုက လင်းချွမ်ရဲ့ မိသားစုကြီးလေးခုထဲက တစ်ခုလေ... ကျုံးထျန်းကျိုးမှာတောင် သူတို့က ပထမတန်းစား မိသားစုပဲ... ထန်မိသားစုရဲ့ ပံ့ပိုးမှုရယ် ယန်ဝူကျင်းရဲ့ သိုင်းပညာရယ် ပေါင်းလိုက်ရင် ကုကျိုးရဲ့ ဂိုဏ်းကြီးခုနစ်ခုမှာ နောက်ထပ် အခက်အလက် တစ်ခု တိုးလာတော့မယ်..."

လျူဖန်ကျိုးက ယန်ဝူကျင်းကို လေးစားအားကျစွာဖြင့် မှတ်ချက်ချလိုက်သည်။

လျူယန်က သူမ၏ ဖခင်ကို ကြည့်ပြီး ပြောရခက်နေသည်။ အကြွင်းမဲ့သူတော်စင်ဂိုဏ်း၏ တိုက်ခိုက်ခြင်း ခံရသည်ကို ဂိုဏ်းသားအားလုံး သိကြသည်။

အကြွင်းမဲ့သူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို ရွှီနင်း အနိုင်ယူလိုက်ခြင်းက ဂိုဏ်းတွင်း၌ ရွှီနင်း၏ ဂုဏ်သိက္ခာကို အထွတ်အထိပ်သို့ ရောက်စေခဲ့ပြီး ကျန်းကျောက်ရှားနှင့် တန်းတူ ဖြစ်လာစေသည်။ ရွှီနင်းနှင့် ကျန်းကျောက်ရှား မည်သူက ပိုသန်မာသလဲ ဆိုသည့် မေးခွန်းမှာ ဂိုဏ်းသားများကြား မကြာခဏ ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။

လျူဖန်ကျိုးက လီချင်းချိုးကို ကြည့်ပြီး…

"ဂိုဏ်းချုပ်လီ... ကျုပ်အမြင်အရတော့ ကုကျိုးမှာ ဂိုဏ်းကြီးကိုးဂိုဏ်း ရှိသင့်တယ်... ကိုးခုမြောက် ဂိုဏ်းကြီးက ချင်းရှောင်ဂိုဏ်း ဖြစ်သင့်တာ... ဘာလို့ ကြီးမားတဲ့ ခြေလှမ်းတွေ မလှမ်းတာလဲ... လိုအပ်ရင် ကျုပ် လျူဖန်ကျိုးက သေချာပေါက် အပြည့်အဝ ထောက်ပံ့ပေးမှာပါ..."

သူ ချင်းရှောင်ဂိုဏ်းသို့ ရောက်လာသောအခါ အလွန် အံ့သြသွားခဲ့သည်။ ချင်းရှောင်ဂိုဏ်း၏ ပြောင်းလဲမှုများမှာ ကြီးမားလွန်းပြီး ဂိုဏ်းသားများလည်း ပိုမို များပြားလာသည်။ ချင်းရှောင်ဂိုဏ်းတွင် ကြီးမားသော ရည်မှန်းချက်များ ရှိကြောင်း လက္ခဏာရပ် အားလုံးက သက်သေပြနေသည်။

"'အပြည့်အဝ ထောက်ပံ့မယ်' ဆိုတာ ဘယ်လို သဘောလဲ..."

လျူဖန်ကျိုးက ရင်ဘတ်ကို ပုတ်ပြီး…

"ချင်းရှောင်ဂိုဏ်းကို ကျုပ်မိသားစု စည်းစိမ်အားလုံးနဲ့ ထောက်ပံ့မယ်... ပြီးတော့ ကျုပ်ရဲ့ အဆက်အသွယ်တွေနဲ့ မျက်နှာသာပေးမှုတွေ အားလုံးကို ချင်းရှောင်ဂိုဏ်းက အသုံးပြုနိုင်တယ်..."

"သခင်ကြီးလျူက ချင်းရှောင်ဂိုဏ်းကို တကယ်ပဲ အဲဒီလောက် ယုံကြည်တာလား..."

"ဟီးဟီး... ဘာပဲပြောပြော ချင်းရှောင်ဂိုဏ်းမှာ သမိုင်းကြောင်း အခြေခံအုတ်မြစ် ရှိပြီးသားပဲ... ပြီးတော့ လက်ရှိ သိုင်းလောကမှာ ဒုတိယအကောင်းဆုံး ဖြစ်နေပြီပဲလေ.... ဂိုဏ်းချုပ်လီကလည်း စိတ်သဘောထား ကောင်းမွန်တဲ့ ပါရမီရှင် လူငယ်တစ်ယောက်ပဲ... ချင်းရှောင်ဂိုဏ်းကို ဘယ်လိုလုပ် မယုံကြည်ဘဲ နေမလဲ..."

"ဒါဆို ခင်ဗျား ဘာလိုချင်တာလဲ..."

"ကျုပ်က ဘာလိုချင်ရမှာလဲ... ကျုပ်လိုချင်တာကို ချင်းရှောင်ဂိုဏ်းက ပေးပြီးပြီလေ... ကျုပ်သမီးကို ကျုပ်အချစ်ဆုံးပဲ... အခု သူ ချင်းရှောင်ဂိုဏ်း ဝင်သွားပြီ ဆိုတော့ ချင်းရှောင်ဂိုဏ်းကို ကူညီတာက သူ့ကို ကူညီတာပဲပေါ့..."

လျူဖန်ကျိုးက ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပြောလိုက်ပြီး လျူယန်ကို ချစ်ခင်ကြင်နာသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

ဒါကို မြင်သောအခါ လီချင်းချိုး သဘာဝကျကျပင် သားအဖ နှစ်ယောက်ကြားက နက်ရှိုင်းသော သံယောဇဉ်ကြောင့် စိတ်လှုပ်ရှားသွားမိခဲ့သည်။

ခဏကြာသောအခါ လျူဖန်ကျိုး လျူယန်နှင့်အတူ ထွက်ခွာသွားသည်။ သားအဖ နှစ်ယောက် အလွမ်းသယ်ရန် သီးသန့် အချိန်လိုအပ်သည်မဟုတ်ပေလော။

လီချင်းချိုးက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး …

"ဒုတိယ ဂျူနီယာညီလေး... သူ့ကမ်းလှမ်းမှုကို ဘယ်လို ထင်လဲ..."

ကျန်းယွီချွန်းက ခေတ္တမျှစဉ်းစားပြီးနောက် "သဘောတူလို့ မဖြစ်ဘူး... ပထမအချက်က လျူဖန်ကျိုးရဲ့ မိသားစု နောက်ခံအကြောင်း ဘာမှ မသိရဘူး... သူ့မှာ သမီး လျူယန် တစ်ယောက်တည်း ရှိတယ် ဆိုတာ မဖြစ်နိုင်ဘူး... ဒုတိယအချက်က အခုလောလောဆယ် ကျွန်တော်တို့ သူ့ပိုက်ဆံကို မလိုဘူး... ကျွန်တော်တို့က သိုင်းဂိုဏ်းလေ... ပိုက်ဆံက အရေးကြီးပေမဲ့ အရေးအကြီးဆုံးတော့ မဟုတ်ဘူး... ချင်မိသားစုက ဥပမာပဲ... မကြာသေးခင်က ချင်ကျွယ် ကျွန်တော့်ဆီ စာထပ်ရေးတယ်... ချင်မိသားစုဝင် နောက်ထပ်တချို့ကို လာဖို့ စီစဉ်ပေးချင်တယ်တဲ့... လျူဖန်ကျိုး ပါဝင်ပတ်သက်လာရင် နောင်ကျ ပြဿနာတွေ အများကြီး ရှိလာလိမ့်မယ်..."

"ဟုတ်တယ်... မင်းတို့က သူ့နဲ့ ရင်းနှီးပြီး သူ့ဘက် ပါသွားပြီလို့တောင် ငါ ထင်နေတာ..."

လီချင်းချိုးက ပြုံး၍ ပြောလိုက်သည်။ ကျန်းယွီချွန်းမှာ အလွန် ဆင်ခြင်တုံတရား ရှိသဖြင့် အာဏာလွှဲအပ်ထားရသည်ကို ပို၍ပင် စိတ်ချမိသွားသည်။

ကျန်းယွီချွန်းက ခေါင်းခါပြီး

"လျူဖန်ကျိုးက နောက်ဆုံးကျတော့ ကုန်သည်ပဲ... သူ့အတွက် အကျိုးရှိမယ့်သူတိုင်းကို အလွန်အမင်း စိတ်အားထက်သန် ပြတတ်တယ်... အသက်အရွယ် ကွာခြားပေမဲ့ ကျွန်တော့်ကို တကယ် ညီအစ်ကိုလို သဘောထားတယ်လို့ မထင်ပါဘူး..."

လီချင်းချိုး ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး လီတုန်းယွဲ့မှာမူ မနေနိုင်ဘဲ ဟားတိုက် ရယ်မောလိုက်လေသည်။

ကျန်းယွီချွန်းက သူမဘက်သို့ လှည့်ကြည့်ပြီး အံ့သြစွာ မေးလိုက်သည်။

"စတုတ္ထ ဂျူနီယာညီမလေးက ဘာလို့ ရယ်နေတာလဲ..."

လီတုန်းယွဲ့ အပြုံးကို ထိန်းလိုက်ပြီး ချောင်းအနည်းငယ် ဟန့်ကာ …

"ငယ်ငယ်တုန်းက အကြောင်း တွေးမိလို့ပါ... စီနီယာအစ်ကိုက မပြောင်းလဲပေမဲ့ ဒုတိယအစ်ကိုကတော့ အရင်တုန်းကလို ဉာဏ်မများတော့ဘူး... စီနီယာအစ်ကိုဆီမှာ အလိမ်ခံရတာ ခဏခဏပဲ..."

သူမ ငယ်ဘဝအကြောင်း ပြောလိုက်သောအခါ ကျန်းယွီချွန်း ရှက်သွားပြီး အလျင်အမြန် ငြင်းဆိုရန် ကြိုးစားလေသည်။

လီချင်းချိုး စိတ်ထဲ၌ ဂျူနီယာ မောင်နှမများ ကြီးပြင်းလာပြီ ဖြစ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။

ဒီနှစ်ဆို သူ အသက် ၂၀ ပြည့်တော့မည်။ ကျန်းယွီချွန်းက ၁၉ နှစ် ပြည့်မည် ဖြစ်ပြီး လီတုန်းယွဲ့က ၁၈ နှစ် ပြည့်တော့မည်။

သူတို့တွေ ဆယ်ကျော်သက်များ မဟုတ်ကြတော့ဘဲ အားလုံး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သူများ ဖြစ်လာကြပြီ ဖြစ်သည်။

အကြောင်းရင်း တစ်စုံတစ်ရာကြောင့် လီချင်းချိုး ရုတ်တရက် အချိန်မရှိတော့သလို ခံစားလိုက်ရပြန်သည်။

အကယ်၍ သူတို့၏ ကျင့်ကြံခြင်းက ပိုမို မြင့်မားသော ဝိညာဉ်အသိ နယ်ပယ်သို့ မရောက်ရှိနိုင်ပါက ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့တွေ အများဆုံး နောက်ထပ် နှစ် ၁၂၀၊ ၁၃၀ ခန့်သာ နေရပေလိမ့်မည်။

လီချင်းချိုးက မသေမျိုး ဖြစ်ရန် ကြိုးပမ်းနေပြီး ဂျူနီယာ မောင်နှမများ သူ့နောက်သို့ လိုက်ပါကာ ပိုမို ဝေးကွာသော ခရီးကို သွားနိုင်ရန် မျှော်လင့်နေသည်။

လက်ရှိ သူပိုင်ဆိုင်ထားသော ကျင့်ကြံခြင်း နည်းလမ်းများက ဂျူနီယာ မောင်နှမများ၏ ကံကြမ္မာကို ပြောင်းလဲပေးရန် မလုံလောက်သေးပေ။ သူသည် ဂါထာများနှင့် လျှို့ဝှက် နည်းလမ်းများကို ပိုမို သင်ယူနိုင်ရန်အတွက် ချင်းရှောင်ဂိုဏ်းကို အမြန်ဆုံး ပိုမို အားကောင်းလာအောင် လုပ်ဆောင်ရန် လိုအပ်သည်။

...

ဒီတစ်ခါတွင် လျူဖန်ကျိုးက ယခင်က ချင်းရှောင်ဂိုဏ်းသို့ တက်လာစဉ်ကကဲ့သို့ တောင်အောက်ဆင်းရန် အလျင်မလိုခဲ့ပေ။ အလုပ်ကိစ္စတွေ လိုက်လုပ်ရတာ ပင်ပန်းလို့ ရက်အနည်းငယ်လောက် နားချင်တယ်ဟု အကြောင်းပြခဲ့သည်။

နောက်ရက်များတွင် သူသည် ကျူးယန်၏ ဝင်းသို့ မကြာခဏ သွားရောက်သော်လည်း မည်မျှပင် မျက်နှာလိုမျက်နှာရ လုပ်စေကာမူ ဆုရှီးလင်းက သူ့ကို ပေးမဝင်ခဲ့ပေ။

လျူဖန်ကျိုး ထိုနေရာတွင် နှစ်ဝက်ခန့် နေထိုင်ခဲ့သည်။

လွန်ခဲ့သော ခြောက်လအတွင်း လီစီဖုန်း တောင်အောက်သို့ နှစ်ကြိမ် ဆင်းခဲ့သည်။ ချန်ချန်းဟိုင်နှင့် ပိုင်နင်းအာမှလွဲ၍ သူ ပြန်လာတိုင်း ဂိုဏ်းသားအသစ် တစ်သုတ်ကို ခေါ်ဆောင်လာလေ့ ရှိသည်။ သူသည် ဂိုဏ်းသားများကို ဦးဆောင်၍ အတွေ့အကြုံယူရန် တောင်အောက်ဆင်းခြင်းက ဂုဏ်သိက္ခာကို များစွာ မြင့်တက်စေခဲ့သည်။

သူသည် ယခင်လို သောင်းကျန်းတတ်သော ကောင်လေး မဟုတ်တော့ဘဲ ဂိုဏ်းသားများ လေးစားရသော အကြီးအကဲ တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။

လီစီဖုန်း သာမက လီတုန်းယွဲ့၏ တပည့်များလည်း တိုးပွားလာရာ ချင်းရှောင်ဂိုဏ်းသို့ ဆေးကုသရန် လာရောက်သူ အရေအတွက် တိုးလာစေခဲ့သည်။

လီစီကျင်ကတော့ မြေကမ္ဘာအဆောင် ရတနာကျမ်းကို တတ်မြောက်ထားပြီး ဖြစ်ရာ သူမ၏ တပည့်များကို တာအိုစာရွက် ပြုလုပ်နည်းနှင့် ဝိညာဉ်ဆေးပင် စိုက်ပျိုးနည်းများကို သင်ကြားပေးနေသည်။ သို့သော် ထိုတပည့်များက သူတို့ ဘာလုပ်နေမှန်း မသိကြဘဲ ဂိုဏ်းအတွက် ငွေရှာပေးသော နည်းလမ်းတစ်ခုဟုသာ ထင်မြင်နေကြသည်။

ဆောင်းဦးရာသီ ရောက်ရှိလာပြန်ပြီ…

လီချင်းချိုး တောင်ထိပ်ပေါ်တွင် ရပ်လျက် လက်ကို နောက်ပစ်ကာ အောက်ဘက်ရှိ ဝင်းသစ်ကို ငုံ့ကြည့်နေသည်။ ထိုနေရာတွင် ကျန်းယွီချွန်းက ဂိုဏ်းဝင်လာသူများကို ကိုယ်တိုင် စစ်ဆေးနေသည်။

လီစီဖုန်းနှင့်သူ့အဖွဲ့သားများ တောင်များကို လှည့်လည်သွားလာပြီး ရောက်လေရာတွင် သူရဲကောင်းဆန်မှုနှင့် ရက်ရောမှုများကို ဖြန့်ဝေခဲ့ကြသည်။ ခြောက်လ အတွင်းမှာပင် ချင်းရှောင်ဂိုဏ်း၏ သူရဲကောင်းဆန်မှုနှင့် ကြင်နာတတ်မှု ဂုဏ်သတင်း စတင် ပြန့်နှံ့လာပြီး နောက်ဆုံးတွင် လူအချို့က တပည့်ခံရန် တောင်ပေါ်သို့ ကိုယ်တိုင် တက်လာကြသည်။

ဤသည်မှာ ကောင်းသော နိမိတ်လက္ခဏာ ဖြစ်သည်။ မည်သည့် ဂုဏ်သတင်းကြီးသော ဂိုဏ်းက တပည့်လက်ခံရန် တောင်အောက်သို့ ကိုယ်တိုင် ဆင်းကြသနည်း။

သို့သော် လီချင်းချိုး မပျော်ရွှင်ပေ။ သူ့ စိတ်နှလုံးသားက ကျန်းကျောက်ရှား ထံတွင်သာ ရောက်နေသည်။

ယုတ္တိကျကျ ပြောရလျှင် မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့် ရှိသော ကျန်းကျောက်ရှားသည် ကောင်းကင်ဓားဂိုဏ်း တားဆီးနိုင်မည့်သူ မဟုတ်ပေ။ သို့သော် လောကကြီးက အန္တရာယ်များပြီး လူတို့၏ စိတ်သဘောထားမှာ ခန့်မှန်းရ ခက်ခဲသဖြင့် သူ စိုးရိမ်ရသည်။

ပြောရလျှင် ကျန်းကျောက်ရှားက သန်မာသော်လည်း အမြဲတမ်း ဒဏ်ရာရလေ့ ရှိသည်။

အတွေးလွန်နေစဉ် လီချင်းချိုး ရုတ်တရက် လမ်းကြောင်းတစ်ခုကို လှမ်းကြည့်လိုက်ရာ ရုံးတော်အမှုထမ်း တစ်စု တောင်ပေါ်လမ်းအတိုင်း ဂိုဏ်းတံခါးဝ ဆီသို့ ဦးတည် လျှောက်လာသည်ကို တွေ့လိုက်ရသည်။

အမျိုးသား နှစ်ဦးက ရုံးတော်အမှုထမ်းများ၏ ရှေ့မှ ဦးဆောင် လာကြသည်။ တစ်ဦးမှာ ဟေးရွှေခရိုင်၏ မြို့ပိုင်မင်း ဖုန်းသိုက် ဖြစ်ပြီး အခြားတစ်ဦးမှာ ပိုးထည်ဝတ်ရုံ ဝတ်ဆင်ထားကာ ခါးတွင် ဓားချိတ်ထားသည်။ သူသည် ချောမောခန့်ညားပြီး အရှိန်အဝါမှာ ဖုန်းသိုက်နှင့် အခြားသူများထက် များစွာ သာလွန်နေသည်။ဖုန်းသိုက် ရံဖန်ရံခါ နောက်လှည့်ကြည့်နေပုံမှာ ဤလူသည် အလွန် အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေသည်။

ဒါကို မြင်သောအခါ လီချင်းချိုး လှည့်ထွက်လိုက်ပြီး တောင်အောက်သို့ ဖြည်းညင်းစွာ လျှောက်ဆင်းသွားလိုက်သည်။

...

ဝင်းသစ်ထဲတွင် လူများနှင့် ပြည့်ကျပ်နေသည်။ ပွဲကြည့်ရန် လာရောက်ကြသော ချင်းရှောင်ဂိုဏ်းသား ဒါဇင်ပေါင်းများစွာ အပြင် ကလေးများကို တပည့် လာအပ်ကြသော သာမန်ပြည်သူ အများအပြားလည်း ရှိနေသည်။ စုစုပေါင်း တပည့်ငယ် ၁၀ ဦး ရှိနေသည်။

"အကြီးအကဲကျန်း... နန်းတွင်းက လူလွှတ်လိုက်တယ်..."

ယွမ်ချီ ဝင်းထဲသို့ အမြန် ဝင်ရောက်လာပြီး ကျန်းယွီချွန်း အနားသို့ လာကာ တိုးတိုးလေး ပြောလိုက်သည်။

ကျန်းယွီချွန်က ကြီးမားသော အာဏာကို ကိုင်စွဲထားပြီး သူ့တပည့်များကလည်း လိုအပ်သည့်အခါ သူ့အကူအညီကို ရယူရန် နေသားကျနေပြီ ဖြစ်သည်။ ယခုအချိန်တွင် နန်းတွင်းမှ လူရောက်လာသည်ဟု ကြားသောအခါ သူ ထိတ်လန့်ခြင်း မဖြစ်ပေ။ ထိုအစား သူက …

"ယွမ်ချီ... သူတို့ကို ခေါ်သွားပြီး နေရာချပေးလိုက်... ပြီးရင် မင်းနာမည်နဲ့ တပည့်အဖြစ် ယာယီ လက်ခံထားလိုက်..."

"ဟုတ်ကဲ့..."

ယွမ်ချီ ချက်ချင်း လှည့်ထွက်သွားပြီး လူအုပ်ကြီးကို ဝင်းသစ်ထဲမှ ခေါ်ထုတ်သွားသည်။ သူတို့ ဝင်းထဲမှ ထွက်လိုက်သည်နှင့် ဖုန်းသိုက်နှင့် အခြားသူများ လာနေသည်ကို တွေ့လိုက်ရသည်ဖယ

သာမန်ပြည်သူများက ပွဲကြည့်ရသည်ကို နှစ်သက်ကြသည်။ အရာရှိ တစ်စု ရောက်လာသည်ကို မြင်သောအခါ ဘာဖြစ်သလဲ ဆိုသည်ကို သိရရန် အားလုံး ရပ်တန့်လိုက်ကြသည်။ အကယ်၍ ချင်းရှောင်ဂိုဏ်း ပြစ်မှုကျူးလွန်ထားပါက သူတို့၏ ကလေးများကို တပည့်အဖြစ် ထားရဲကြမည် မဟုတ်ပေ။

ကျန်းယွီချွန်း မတ်တတ်ရပ်လိုက်ပြီး စားပွဲကို ပတ်လျှောက်ကာ ဝင်းထဲသို့ ဝင်ရောက်လာသော ဖုန်းသိုက်နှင့် အခြားသူများကို ကြည့်ပြီး ချက်ချင်း လက်သီးဆုပ် ဂါရဝပြုလိုက်သည်။

"ကျုပ်က ချင်းရှောင်ဂိုဏ်းရဲ့ အုပ်ချုပ်ရေး အကြီးအကဲ ကျန်းယွီချွန်း ပါ... လူကြီးမင်းတို့ ဘာကိစ္စနဲ့ လာကြတာလဲ မေးလို့ ရမလား..."

ကျန်းယွီချွန်းက နှိမ့်ချခြင်း မရှိသလို မာနကြီးခြင်းလည်း မရှိဘဲ မေးလိုက်သည်ဖယ

ဖုန်းသိုက်က ပြုံး၍ လက်မြှောက်ကာ မိတ်ဆက်ပေးလိုက်သည်။

"ဒါက နန်းတွင်းအစောင့်တပ်က သခင်ကြီး ကျာရီပါ... အရှင်မင်းကြီးရဲ့ အလိုဆန္ဒကို လာရောက် ပြောကြားတာပါ..."

အရှင်မင်းကြီးရဲ့ အလိုဆန္ဒ ဟုတ်လား...

ကျန်းယွီချွန်း အံ့သြသွားပြီး ဝင်းထဲရှိ ဂိုဏ်းသားများမှာမူ စူးစမ်းလိုစိတ် ဖြစ်သွားကြသည်။

ဘယ်အရာကများ ဧကရာဇ်ကို တုန်လှုပ်စေခဲ့တာလဲ...

ကျာရီ အမည်ရှိ ပိုးထည်ဝတ်ရုံနှင့် လူက လက်တစ်ဖက်ကို ဓားလက်ကိုင်ရိုးပေါ် တင်ထားပြီး ကျန်လက်တစ်ဖက်ကို နောက်ပစ်ထားသည်။ သူက ကျန်းယွီချွန်းကို အကဲခတ် ကြည့်ရှုလိုက်ပြီး…

"ချင်းရှောင် ဂိုဏ်းချုပ် ဘယ်မှာလဲ..."

"ကျုပ် စီနီယာအစ်ကိုက လောလောဆယ် သိုင်းကျင့်ဖို့ တံခါးပိတ် စခန်းဝင်နေပါတယ်... ကျုပ်တောင် သူ့ရဲ့ တည်နေရာ အတိအကျကို မသိပါဘူး..."

ကျာရီက နှာခေါင်းရှုံ့လိုက်ပြီး …

"ခင်ဗျားတို့ ချင်းရှောင်ဂိုဏ်းက တကယ် စိတ်ဝင်စားစရာပဲ... ဂိုဏ်းချုပ်က သိုင်းကျင့်နေပြီး ခင်ဗျားလို ငယ်ရွယ်တဲ့သူကို အာဏာ ပေးထားတယ်ပေါ့... ကောင်းပြီ... ကျုပ် စကားအများကြီး မပြောတော့ဘူး... နိုင်ငံအနှံ့က သိုင်းဂိုဏ်းချုပ် အားလုံး မြို့တော်ကို လာပြီး ဧကရာဇ်နဲ့ တွေ့ဆုံဖို့ အရှင်မင်းကြီးက အမိန့်ထုတ်ထားတယ်... ထူးချွန်တဲ့သူတွေကို တရားဝင် ရာထူးတွေနဲ့ ဂုဏ်ပြုဆုတွေ ချီးမြှင့်နိုင်တယ်... ချင်းရှောင် ဂိုဏ်းချုပ် အနေနဲ့ လာမယ့်နှစ် နွေဦး မတိုင်ခင် မြို့တော်ကို ရောက်ရမယ်..."

အမိန့်တော်ကို ထုတ်ပြရန်ပင် ပျင်းရိနေသော သူ့ပုံစံကို ကြည့်ပြီး ဖုန်းသိုက်က ချင်းရှောင်ဂိုဏ်းအပေါ် ထိုသူ၏ သဘောထားကို သိလိုက်သည်၊ ထို့ကြောင့် သူကိုယ်တိုင် အတင်းအကျပ် လိုက်လာခဲ့ခြင်း ဖြစ်သည်။

ဝူပေါက်ယွီ ကိစ္စကြောင့် ချင်းရှောင်ဂိုဏ်း နန်းတွင်းနှင့် ထိပ်တိုက်တွေ့မည်ကို ဖုန်းသိုက် စိုးရိမ်နေခြင်း ဖြစ်သည်။

ထိုစကားကို ကြားသောအခါ ကျန်းယွီချွန်း မျက်မှောင်ကြုတ်လိုက်ပြီး …

"မဖြစ်မနေ သွားရမှာလား... ဒါပေမဲ့ တခြားသူတွေ ပြောတာ ကြားမိသလောက်တော့ အတင်းအကျပ် မဟုတ်ဘူးဆို..."

ကျာရီ၏ မျက်လုံးများ စူးရှသွားပြီး

"ဘယ်သူ ပြောတာလဲ..."

"သိုင်းလောက မိတ်ဆွေတစ်ယောက်ပါ... သူက တခြားသူဆီကနေ ကြားလာတာပါ..."

"ကျုပ်က ခင်ဗျားကို ကိုယ်တိုင် လာပြောနေတာလေ... နားမလည်ဘူးလား..."

ကျာရီက လေးနက်သော အသံဖြင့် အော်ဟစ်လိုက်သည်။ သူ ရုတ်တရက် လက်မြှောက်လိုက်ပြီး ကျန်းယွီချွန်းဆီသို့ အဝေးမှ လှမ်းဆွဲလိုက်လေရာ အတွင်းအားများပေါက်ကွဲထွက်လာပြီး ပြင်းထန်သော စုပ်ယူအား တစ်ခု ဖြစ်ပေါ်လာကာ ကျန်းယွီချွန်းကို ဆွဲယူလိုက်သည်။

ကျာရီ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် အငိုက်မိသွားသော ကျန်းယွီချွန်း ရှေ့သို့ ခြေလှမ်း နှစ်လှမ်း ယိုင်သွားသော်လည်း အချိန်မီ ပြန်လည် ထိန်းသိမ်းလိုက်နိုင်သည်။

ဤပြင်းထန်သော စုပ်ယူအားကို ရင်ဆိုင်နေရသော်လည်း ကျန်းယွီချွန်း၏ ဝတ်ရုံက ပြင်းထန်စွာ လွင့်ပျံနေပြီး ဆံပင်များ ရိုင်းစိုင်းစွာ ကခုန်နေသည်။ သူသည် မျက်မှောင်ကြုတ်လျက် ကျာရီကို ကြည့်လိုက်ရာ သူ့ဘေးပတ်လည်တွင် ဖုန်မှုန့်များ လှိမ့်တက်လာသည်။ ချင်းရှောင်ဂိုဏ်းသားများ အလျင်အမြန် လူစုခွဲလိုက်ကြပြီး ဝင်းသစ်၏ ဝင်ပေါက်ကို ပိတ်ဆို့လိုက်ကြသည်။

ကျာရီ၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ကျန်းယွီချွန်း အနေဖြင့် သူ့ရဲ့ နတ်ဆိုးဖမ်းယူခြင်း သိုင်းကွက် ကို ခံနိုင်ရည် ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

All Chapters