ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်မှု
Vol. 17 Ch. 162
“ မင်းက အဲ့ဒီ ဒေါက်တာချန်ပေါ့ … အတော် ဟုတ်နေတာပဲ …”
လူငယ်က သူ့ကျောကို မတ်လိုက်ပြီး လက်မောင်း ဆန့်တန်း၍ ဘေးရှိ အမျိုးသမီးတစ်ယောက်ကို ဖက်ထားလိုက်သည်။
သူက စခရင်ထံသို့ မောက်မာမှုအပြည့်ဖြင့် ကြည့်ရှုနေခဲ့၏။
ထိုသို့ ပြောပြီးနောက် လူငယ်လေးက ဖုန်းကို သူ့အနား ကပ်လာဖို့ ဝိတ်တာတစ်ဦးအား အမိန့်ပေးလိုက်သည်။
“ ငါက အဲ့လောက်လည်း မဟုတ်ပါဘူး … ဒီတိုင်း သာမန်လူပါပဲ …”
ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်၏။
“ ချီး ….”
လူငယ်လေးက အပြုံးတုဖြင့် လည်ချောင်းသံ တစ်ချက် ပြုလိုက်ပြီး “ ပလတ်ဖောင်း တစ်ခုလုံးတောင် မင်းအတွက် ကြေညာပေးရတာကို အထင်ကြီးဖို့ မကောင်းသေးဘူးပေါ့ …”
“ ငါက အထင်ကြီးဖို့ကောင်းတဲ့ ကောင်တွေနဲ့ မိတ်ဆွေဖွဲ့ရတာ ကြိုက်တယ် ..”
“ ပြောစမ်းပါ … ပလတ်ဖောင်း တစ်ခုလုံးကို မင်းကိုယ်စား ကြေညာပေးရလောက်အောင် ဘာတန်ကြေးတွေများ ပေးခဲ့ရလဲ …”
“ ငါ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်မယ်ဆိုရင် မင်းအတွက်လည်း အကျိုးမယုတ်စေရဘူး ….”
ထိုသို့ ပြောပြီးနောက် လူငယ်လေးက ဘေးရှိ အမျိုးသမီး တစ်ဦး သူ့နှုတ်ခမ်းဝသို့ တေ့ပေးလာသည့် ဝိုင်ခွက်ကို သောက်လိုက်သည်။
“ ဒီရဲ့လူနာ … မင်း တစ်ခုခု အထင်လွဲနေပြီ ထင်တယ် …”
“ ငါက လူနာရဲ့ ရောဂါကို ကုသဖို့ပဲ တာဝန်ရှိတယ် … မင်းရဲ့ အတင်းအဖျင်း မေးခွန်းတွေကို ဖြေဖို့ မဟုတ်ဘူး …”
“ ရောဂါ အကြောင်း ပြောခါမှ …” ချန်ယွီ့က ညင်သာစွာ ပြုံးလိုက်ပြီး “ မင်းရဲ့ အခြေအနေကလည်း အတော်လေးကို ဆိုးဆိုးရွားရွားပဲ ….”
“ တကယ်လို့ အချိန်မီ ဆေးကုသမှု မခံယူဘူးဆိုရင် မင်းမှာ အချိန် ဘယ်လောက်မှ မကျန်တော့မှာကို စိုးရိမ်မိတယ် ….”
“ လူကို ခြောက်နေတာတွေ တော်လိုက်တော့ … ငါ့ စိတ်အခြေအနေကို မင်းထက်တောင် ပိုသိသေးတယ် …”
“ ငွေရှောင်လှံ အာဏာရှင်လေး … ဒီနာမည်ကို ငါ အလကား ပေးထားတယ် ထင်နေလား …” သူ ထိုစကားပြောလိုက်သည်နှင့် ဘေးရှိ အမျိုးသမီးမှာ အကြောင်းအရင်းတစ်ချို့ကြောင့် ရှက်သွေးဖြန်းသွားကြသည်။
“ ဟိုက် … သေပြီ … တကယ်ပဲ သူလားဟ ….”
“ ငါ ဒီကောင့်စောက်ခွက်ကြီး ကြည့်ပြီး ဘာလို့ ဖြတ်ရိုက်ချင်စိတ်တွေ တဖွားဖွားဖြစ်နေမိမှန်း မသိဘူး ….”
“ မပူနဲ့ … ဘာလို့ဆို ငါလည်း အဲ့လိုဖြစ်နေလို့ပဲ ….”
“ ငါ မြင်တွေ့ဖူးသမျှ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေထဲမှာ ဒီကောင် အမောက်မာဆုံးပဲ ….”
“ ကိုယ့်မိဘကိုယ်သတ်ပြီး သူ့ဇနီးလောင်းကို ရိုက်နှက်တဲ့ သခင်လေးကျောက်ထက်တောင် ဆိုးသေးတယ် ….”
“ ငွေရောင်လှံ အာဏာရှင်လေးက အရက်တွေ ဒီလောက်ထိ ဆက်သောက်နေမယ်ဆိုရင် သိပ်မကြာခင် သူ့လှံလေး သုံးစားမရ ဖြစ်ရတော့မယ် …. “
“ သူ့အဖေက ဘယ်သူတဲ့တုန်း …”
ကြည့်ရှုသူ အသစ်များက ကွန်းမန့်မန့်ရင်း အလုပ်များနေကြစဉ် ကြည့်ရှုသူ အဟောင်းများကတော့ အံ့အားသင့်နေမိကြသည်။
ချန်ယွီ့ လိုက်စထွင်းကို ကြည့်ရှုလာခဲ့သည့်တစ်လျှောက် …
ပထမဆုံးအကြိမ် အဖြစ် အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး မောက်မာသည့်လူတစ်ယောက်က ချန်ယွီ့အား စော်ကားပြောဆိုနေသည်ကို မြင်တွေ့ဖူးခြင်းပင်။
လူငယ်က ဆက်လက်ပြီး မောက်မာသည့် လေသံဖြင့် ဆက်ပြော၏။ “ ဒေါက်တာချန် … ငါ အခုလေးတင် စကားပြောခန်းထဲမှာ လူတော်တော်များများက မင်းအကြောင်း ပြောနေတာ တွေ့တယ် …”
“မာစတာ၊ ပယောဂနှင်ဆရာ၊ လူသတ်မှုတွေ ဖြေရှင်းတဲ့လူ … ကြည့်ရတာ မင်းက ဘာမဆို လုပ်နိုင်တဲ့ပုံပဲ ….”
“ ဒါပေမယ့် …. “
“ ငါ မယုံဘူး ….”
“ ဒီလိုလုပ်ပါလား … မင်း တစ္ဆေကောင်ဖမ်းပြီး ငါ့ကို အမြင်ကျယ်အောင် လုပ်ပေးပါလား ….”
“ တစ်ကောင်ဆိုရင်ကိုပဲ ရပြီ …”
[ငွေရောင်လှံ အာဏာရှင်လေး]က စော်ကားမော်ကား ပြုစွာဖြင့် လက်ခလယ်ထောင်ပြီး ညွှန်လိုက်သည်။ “ မင်း အဲ့လို လုပ်နိုင်မယ်ဆိုရင် ငါမင်းကို ကာနီဗယ် လက်ဆောင် ၂၀၀ ပေးမယ် …”
[ငွေရောင်လှံ အာဏာရှင်လေး]က ထိုစကားပြောလိုက်သည်နှင့် သီးသန့်ခန်းထဲ ဝါးလုံးကွဲ ရယ်မောသံတို့ ထွက်ပေါ်လာသည်။
“ မင်း မိသားစုက အတော်ချမ်းသာတယ်နဲ့တူတယ် …”
ချန်ယွီ့က ပြုံးပြီး မသိမသာ ခနဲ့သည့် လေသံဖြင့် မှတ်ချက်ပေးလိုက်၏။
“ မှန်တယ် .. ငါ့မိသားစုမှာ ငွေက လွဲပြီး ကျန်တာ ဘာမှ သိပ်မရှိဘူး ….”
“ များလွန်းလို့ ငါ့ နှစ်သက် ၊ သုံးသက် ၊ ဖြုန်းမကုန်တဲ့ အထိပဲ …”
[ငွေရောင်လှံ အာဏာရှင်လေး]က မောက်မာစွာ ပြောဆိုလိုက်သည်။
“ ပေါက်ကရတွေ ပြောနေတာတော်တော့ … ငါ ကြည့်ရအောင် တစ္ဆေတစ်ကောင် မြန်မြန် ဖမ်းပေးစမ်း ….”
“ တစ္ဆေတွေက ဇာတ်ကားထဲကလိုလားဆိုတာ ငါသိချင်တယ် …”
“ အဲ့တာက လွယ်ပါတယ် … မင်းတို့ သီးသန့်ခန်းထဲမှာတင် တစ်ကောင် ရှိတယ် ….” ချန်ယွီ့ ပြောလိုက်သည်။
“ ဟမ် …”
[ငွေရောင်လှံ အာဏာရှင်လေး]က မသိစိတ်အလျောက် သူ့ ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။
“ ငိုးပဲ … ငါ့လာလိမ်နေတယ်ပေါ့ … ဒီမှာ တစ္ဆေရှိတယ် … ထွီး ….” [ငွေရောင်လှံ အာဏာရှင်လေး]က ဒေါသတကြီးနှင့် တံတွေးထွေးလိုက်သည်။
“ မင်းက အဲ့တစ်ကောင် မဟုတ်ဘူးလား …”
“ မင်းက TV ဇာတ်လမ်းတွေထဲမှာပါတဲ့ တစ္ဆေသရဲတွေထက်တောင် ပိုပြီး တစ္ဆေတစ်ကောင်နဲ့ တူသေးတယ် …”
ချန်ယွီ့ နှာမှုတ်လိုက်ပြီး “ ပြီးတော့ မင်းက မကောင်းတာ မျိုးစုံ လုပ်ဖူးတဲ့ ရက်စက်တဲ့ တစ္ဆေပဲ …”
“ စော်ကားလိုက်တာ …” [ငွေရောင်လှံ အာဏာရှင်လေး]က မတ်တပ်ရပ်ပြီး စခရင်သို့ လက်ညှိုးညွှန်လိုက်သည်။
“ ချန်ယွီ့ … လူအုပ်ကြီးက မင်းဘက်မှာ ရှိတိုင်း ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်မနေနဲ့ …”
“ ငါ့မိသာစုကလည်း ဟန်ကျိုးကပဲ … မင်းကို ရှာချင်ရင် မိနစ်ပိုင်းလေးပဲ ကြာတယ် …”
“ ငါ အခု စောက်ရမ်း ဒေါသထွက်နေပြီ … ငါ စိတ်ပြေအောင် မင်းတစ်ခုခု ဖျော်ဖြေပြ … မဟုတ်ရင်တော့ မင်း ပြဿနာ အကြီးကြီး တက်ပြီသာ မှတ်လိုက် …”
[ငွေရောင်လှံ အာဏာရှင်လေး]က တကယ်လည်း ဒေါသထွက်နေခဲ့သည်။
အကယ်၍ ချန်ယွီ့သာ သူ့ရှေ့တွင် ရှိနေမညဆိုပါက [ငွေရောင်လှံ အာဏာရှင်လေး]သည် လူလွှတ်ပြီး ရိုက်နှက်ခိုင်းပြီးသည်မှာ ကြာပြီ ဖြစ်၏။
“ မင်း အပျော်ရွှင်ဆုံးက ကောင်းကင်နဲ့ အကြောင်းအကျိုးကို ဖီဆန်ပြီး လုပ်ရတာပဲ … ဒါတောင် မင်းကို ဘယ်သူကမှ ဘာမှ မလုပ်နိုင်ဘူးလေ …”
“ မင်းကြောင့် နစ်နာသူက သိပ်သနားစရာ ကောင်းလေလေ ၊ မင်းပိုပြီး အားရပျော်ရွှင်လေပဲ ….”
“ ငါ ပြောတာ မှန်တယ်မလား …”
[ငွေရောင်လှံ အာဏာရှင်လေး]၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
လေးနက်တည်ကြည်သည့် အကြည့်တို့ဖြင့် စခရင်ထက်ရှိ ချန်ယွီ့ကို စိုက်ကြည့်လိုက်သည်။
“ မင်းငယ်ငယ်တုန်းက မင်းမိသားစုရဲ့ နောက်ခံက သာမန်ပဲ … မင်းရဲ့ အကျင့်စရိုက်ကလည်း အတော်လေး ကောင်းတယ် … သိတတ်တယ်…”
“ မင်း အဖေ စီးပွားရေး စလုပ်ပြီဆိုကတည်းက မင်းရဲ့ အကျင့်စရိုက်ကလည်း တဖြည်းဖြည်းချင်း မောက်မာပြီး ကြမ်းတမ်းတဲ့ဘက်ကို ယိမ်းလာတယ် …”
“ အထူးသဖြင့် မင်းမိသားစု စီးပွားရေးတွေ ပေါက်ကွဲမတတ် ကောင်းမွန်နေတဲ့ ဒီနှစ်တွေ တစ်လျှောက်မှာပေါ့ …”
“ မင်းရဲ့ အကျင့်စရိုက်ကလည်း ပိုပိုပြီး လိမ်ဖည်လာတယ် ... စဉ်းလဲလာတယ် … ကောက်ကျစ်လာတယ် …”
“ မင်းလိုချင်တဲ့အရာဆို ရကိုရမှ ….”
“ မင်း အထက်တန်း ဒုတိယနှစ်မှာ မင်းအဖေကို ပြိုင်ကားတစ်စင်း ဝယ်ပေးဖို့ ပူဆာတယ် …”
“ ကားနဲ့ လမ်းပေါ်မှာ ရောက်လာတဲ့ ယာဉ်တိုက်မှု တန်းဖြစ်တာပဲ ….”
“ မင်းမှာ ယာဉ်မောင်းလိုင်စင် မရှိဘူး .. ပြီးတော့ မူးပြီးလည်း မောင်းသေးတယ် … ဘယ်လိုပဲ ကြည့်ကြည့် မင်းဘက်က အမှား …”
“ ဒါပေမယ့် မင်းကတော့ တစ်ဖက် နစ်နာသူ အမှားကြောင့် မင်းရဲ့ ပြိုင်ကား ထိခိုက်သွားတယ်လို့ ဆိုတယ် …”
“ အဲ့ဒီအတွက် မင်း လျော်ကြေးတောင်းတယ် …”
“ ဒရိုင်ဘာနဲ့ သူ့ဇနီးကလည်း သဘောတူဖို့ ငြင်းဆန်ပြီး ရဲကို ခေါ်တယ် …”
“ အဲ့စကားကြားတော့ မင်း ဒေါသထွက်ပြီး ကားထဲက ဘတ်တံထုတ်ပြီး သူတို့ကို ရိုက်တော့တာပဲ …”
“ နှစ်ယောက်လုံး ခေါင်းပေါက်ကွဲပြဲသွားတော့မှ မင်းရပ်တန့်တယ် …”
“ အဲ့နောက်မှာ မင်းအဖေက သူ့အဆက်အသွယ်တွေ သုံးပြီး မင်းရဲ့ လုပ်ရပ်တွေကို ဖုံးဖိပေးတယ် …”
[ငွေရောင်လှံ အာဏာရှင်လေး] လုပ်ခဲ့ဖူးသည့် ရွံရှာဖွယ် လုပ်ရပ်များကို ပြန်ပြောင်းပြောပြရင်း ချန်ယွီ့၏ လေသံက ရေခဲတမျှ အေးစက်နေခဲ့သည်။
ဤသည်ကို ကြားတော့ စကားပြောခန်းထဲရှိ ကြည့်ရှုသူများပင် နှလုံး အေးစက်သွားရ၏။
ဒီရဲ့ [ငွေရောင်လှံ အာဏာရှင်လေး]က လူရော ဟုတ်သေးရဲ့လား …
သူ့ အထက်တန်း ဒုတိယနှစ်မှာပဲ ဒီလောက် ဆိုးသွမ်း ရက်စက်နေပြီပေါ့ …
“ စိတ်ဝင်စားစရာပဲ …”
[ငွေရောင်လှံ အာဏာရှင်လေး]က သူ့မျက်နှာထက်ရှိ အေးစက်မှုကို ဖယ်ရှားလိုက်ပြီး လျစ်လျုရှုသည့် အမူအရာဖြင့် “ ဟုတ်တယ် … ငါ တကယ်လည်း အဲ့လိုလုပ်ခဲ့တယ် …”
“ ငါ့မိသားစုက ပေးသင့်တဲ့ လျော်ကြေးတွေ ပေးခဲ့ပြီးပြီ … အဲ့စုံတွဲကလည်း သဘောတူပါတယ်ဆိုတဲ့ စာချုပ်မှာ လက်မှတ်ထိုးထားပြီးပြီ ….”
“ မင်း ဖော်ထုတ်တော့ကော ဘာအရေးလဲ … ရဲကို ဖုန်းဆက်ပြီး ငါ့ကို ဖမ်းမှာလား … တော်စမ်းပါ … လာနောက်မနေစမ်းပါနဲ့ ….”
[ငွေရောင်လှံ အာဏာရှင်လေး]၏ မောက်မာစီးပိုးမှုက ယခင်ကထက်ပင် ပိုဆိုးလာခဲ့သည်။
သူက ၎င်းတို့ကို ရိုက်နှက်ခဲ့သူ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံနေသည်။
ကြည့်ရှုသူများကို ဘယ်လိုဘယ်ပုံတွေနဲ့ ရိုက်နှက်ပြီး တစ်ဖက်သူက ဘယ်လိုပုံစံမျိုးနဲ့ အသနားခံနေပါတယ်ဆိုတာကိုပါ အသေးစိတ် ပြောပြနေတော့၏။ ယင်းက ကြည့်ရှုသူများကို အမျက်ချောင်းချောင်း ထွက်သွားစေခဲ့လေသည်။
နတ်ဆိုး … ဒီကောင်လူမဟုတ်ဘူး နတ်ဆိုး ….
ကြည့်ရှုသူများမှာ စစချင်းတုန်းက [ငွေရောင်လှံ အာဏာရှင်လေး]ကို ချမ်းသာပြီး ကောင်မလေးများ ထည်လဲတွဲသည့် သူဌေးသားလေးတစ်ဦးမျှ ဖြစ်မည် ထင်ထားခဲ့ပေမယ့် ထိုအစား လူသားအရေခြုံထားသည့် နတ်ဆိုးတစ်ဦး ဖြစ်နေခဲ့လေသည်။
“ မနှစ်တုန်းက ….” ချန်ယွီ့ မနှေးမမြန် လေသံဖြင့် “ မင်း ဆန်ကုန်မြေလေး တစ်သိုက်နဲ့ ကလပ်သွားပြီး အရက်သွားသောက်တယ် … အဲ့မှာ ကလပ်က ဝိတ်တာမလေးကို စိတ်ဝင်စားသွားတယ် ….”
“ မင်းက ယွမ် ငါးသောင်းပေးပြီး သူ့ကို မင်းနဲ့အတူ တစ်ည အိပ်ခိုင်းတယ် … ဒါပေမယ့် ဝိတ်တာမလေးက လက်မခံဘဲ အဲ့ဒီအစား မင်းမျက်နှာကို ရေနဲ့ ပက်ခဲ့တယ် ….”
“ သူ့လုပ်ရပ်က ထောင်လွှားတဲ့ မင်းစရိုက်ကို မီးထိုးပေးသလို ဖြစ်ပြီး မင်း ဒေါသထွက်သွားတယ် …”
“ သူငယ်ချင်းတွေ ရှေ့မှာတင်ပဲ မင်း အဲ့တာဝိတ်မလေးကို ရိုက်နှက် ….”
“ ပြီးတာနဲ့ အားလျော့သွားတဲ့ ဝိတ်တာမလေးကို အခွင့်ကောင်းယူပြီး သူ့ကို သီးသန့်ခန်းထဲ ခေါ်သွားတယ် ….”
“ ကလပ် ပိုင်ရှင်က မင်းအဖေရဲ့ မိတ်ဆွေ … မင်းက မင်းမိသားစုရဲ့ အဖိုးတန်လေးဆိုတာ သိတော့ ချက်ချင်းပဲ ရောက်လာပြီး မင်းဖို့ ပြဿနာ လာရှင်းပေးတယ် …”
“ ဝိတ်တာမလေးကို ရဲ ဖုန်းမဆက်ဖို့ ခြိမ်းခြောက်တယ် ….”
“ အဲ့နောက်မှာ မင်း အဖေက ကောင်မလေးရဲ့ မိဘတွေအကြောင်း စုံစမ်းမိပြီး သူတို့ကို ခြိမ်းခြောက်တယ် …”
“ ကောင်မလေးရဲ့ မိဘတွေက ရိုးသားတဲ့ တောသူတောင်သားတွေ … လူချမ်းသာတွေနဲ့ ဖက်ပြိုင်ပြီး ရန်ဖြစ်လို့ ကောင်းမှမဟုတ်ဘူးဆိုတာကို ယုံကြည်သူတွေပေါ့ ….”
“ မင်း မိသားစုက ပေးလာတဲ့ လျော်ကြေးငွေကို လက်ခံပြီး ဒီကိစ္စကို ဖုံးကွယ်ထားလိုက်တယ် …”
ချန်ယွီ့ စကားမဆုံးခင် အချိန်မှာပဲ သီးသန့်ခန်းထဲ ရှိနေသည့် အခြားသော လူငယ်များမှာ သေမတတ် ကြောက်လန့် နေကြပြီ ဖြစ်၏။
သူတို့အားလုံး [ငွေရောင်လှံ အာဏာရှင်လေး] ကို ချိတ်ဆက်မှု ဖြတ်တောက်ပစ်ဖို့ ဝိုင်းဝန်း နားချကြသည်။ အကယ်၍ ချန်ယွီ့သား စကားဆက်ပြောနေမည်ဆိုပါက တစ်ခုခု ဖြစ်လာတော့မည်ကို သူတို့တွေ အာရုံရနေသည်။
“ ယီးလိုမှပဲ ငါထွီး …” [ငွေရောင်လှံ အာဏာရှင်လေး]က ဒေါသတကြီး တံထွေးထွေး၍ “ မင်းတို့ကောင်တွေက ဘာကြောက်နေကြတာ …. ငါ့မိသားစုရဲ့ အစွမ်းအစကို မင်းတို့က မသိတာလား ...”
“ ဒီလို သတင်းဇာတ်လမ်းလေးတွေ ပိတ်ဆို့တာထက် ငှက်ပျောသီး အခွံနွှာစားတာတောင် ပိုခက်နေဦးမယ် …”