မင်းအဖေ နိုင်ငံခြား လွှတ်မယ့် အတွေးကို စွန့်လွှတ်စေမယ့် စကားကြီးတစ်ခွန်း
Vol. 17 Ch. 165
“ မမလေးကျိုးက ဘာကိစ္စ ဟန်ကျိုးမြို့ လိပ်စာနဲ့ လာမန့်နေရတာလဲဟ …”
“ အားဝေ့ရဲ့ ရန်စွယ်ကို ကြောက်လို့ ဒီလာပြီး ပုန်းတာဖြစ်မယ် ….”
“ အခုလို လူမြင်ကွင်းကြီးမှာ အဲ့ဒီ အာဏာရှင်လေးကို မကူညီဖို့ ချန်ယွီ့ကို ပြောရင် ဟိုက မင်းကို မုန်းသွားမှာပေါ့ မမလေးရဲ့ … မမလေးကျိုးတော့ အန္တရာယ်တွင်းထဲ ရောက်ပြန်ပြီ ….”
“ မမလေးကျိုးက သတ္တိကောင်းလွန်းတယ် ….”
ဟန်ကျိုးမြို့ ဟိုတယ်အခန်းတစ်ခုတွင်။
ကျိုးခဲ့ရှင်းက အိပ်ရာပေါ်တွင် ခြေတင်ပလ္လင်ခွေထိုင်ရင်း လက်တော့ကိုလည်း ပေါင်ပေါ်တင်ထား၏။
သူမ၏ ကိုယ်မှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသော်ငြားလည်း စာရိုက်နေသည့် လက်များကတော့ မရပ်တန့်သွားခဲ့ချေ။
သူမက အလျင်အမြန်ပဲ စကားပြောခန်းထဲတွင် ကွန်းမန့်များ ပေးပို့လာသည်။
“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ဒီရဲ့ လူယုတ်မာကို မကူညီပေးပါနဲ့ …”
“ သူ့လို လူယုတ်မာတစ်ယောက် နိုင်ငံခြား ရောက်သွားတာက တခြားလူတွေ အနိုင်ကျင့်ခံရမှာကို ကာကွယ်ပြီးသား ဖြစ်တယ် … သူသာ နိုင်ငံထဲ ဆက်ရှိနေရင် ပြဿနာတွေ ပိုပြီးတောင် တိုးပွားလာဦးမယ် …”
ဤကွန်းမန့်များ ပေးပို့လိုက်သည်နှင့် [ငွေရှောင်လှံ အာဏာရှင်လေး ] ၏ ပစ်မှတ်ထားခြင်း ခံရမှာကို သူမ သိသည်။
သို့ပေမယ့် ကျိုးခဲ့ရှင်း၏ အသိစိတ်က သူမကို နှုတ်ဆိတ်နေဖို့ရာ ခွင့်မပြုခဲ့ချေ။
ထို့ပြင် ထို လူယုတ်မာများက ဟန်ကျိုးမြို့တွင် ရှိနေလေရာ အကယ်၍ တစ်ခုခု ဆိုပါက ချန်ယွီ့ထံသို့ ပြေးပြီး ပြဿနာကို ရှောင်ရှား၍လည်း ရ၏
[ငွေရှောင်လှံ အာဏာရှင်လေး ] က သူမကို ချန်ယွီ့ လက်ထဲကနေ ရအောင် ခေါ်ထုတ်သွားနိုင်မည်ဆိုတာကို ကျိုးခဲ့ရှင်း ယုံကြည်ဖို့ ငြင်းဆန်သည်။
“ ခွေးမ … အသက်ရှင်ရတာ အတော်ငြီးငွေ့နေတယ်ပေါ့ ဟုတ်စ ….”
ကျိုးခဲ့ရှင်းက သူ့အစီအစဉ်ကို ဖျက်လိုဖျက်စီးလုပ်ဖို့ ကွန်းမန့်များ ဆက်တိုက် ပေးပို့လာနေတာကို မြင်တော့ [ငွေရှောင်လှံ အာဏာရှင်လေး ]က ဒေါသထွက်ထွက်နှင့် စားပွဲပေါ်ရှိ ဝိုင်ပုလင်းကို ဆွဲပြီး ကြမ်းပြင်သို့ ပေါက်ခွဲပစ်လိုက်သည်။
ခလွမ်း …
ဝိုင်ပုလင်း ကွဲသံက လိုက်စထွင်းခန်းတစ်ခုလုံးသို့ ထင်သာရှင်းလင်းစွာ ထွက်ပေါ်လာသည်။
ကျိုးခဲ့ရှင်း၏ နှလုံးကလည်း လည်ချောင်းဝသို့ တစ်ဆို့လာခဲ့၏။
ဤသည်ကို မြင်တော့ ချန်ယွီ့က ပြုံးရုံမျှသာ ပြုံးလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ခွန်းတုံ့ပြန်လိုက်သည်။ “ ကျိုးခဲ့ရှင်း … ငါ့ကို သတိပေးလို့ ကျေးဇူးပါပဲ … ဘာလုပ်ရမလဲ ငါ သိပါတယ် …”
“ မင်း အခု ဘာမှ ပြောစရာ မလိုဘူး … တိတ်တိတ်လေး နေပြီးသာ စောင့်ကြည့်နေ …”
ဟိုတယ်ခန်းထဲတွင် ကျိုးခဲ့ရှင်းက သူမ၏ နှုတ်ခမ်းကို ခပ်ဖွဖွ ဖိကိုက်လိုက်၏။
ချန်ယွီ့ ဘာတွေ စဉ်းစားနေတာလဲဟု သီးသန့် မက်ဆေ့ချ်ဘောက်မှတစ်ဆင့် စာပို့မေးမြန်းလိုက်သည်။
[ငွေရှောင်လှံ အာဏာရှင်လေး ]၏ လုပ်ရပ်ကို မတိုင်ကြားသည်ကပင် အတော်လေး လူမဆန်သည့် လုပ်ရပ် ဖြစ်နေပြီး ဖြစ်ရာ ထိုသို့သော လူယုတ်မာတစ်ကောင်ကို ချန်ယွီ့က ဘာကြောင့် ကူညီပေးနေရသနည်း။
သီးသန့်မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက် ချန်ယွီ့က ၎င်းစာကို တစ်ချက် ကြည့်ရုံမျှသာ ကြည့်ပြီး စခရင်ထံသို့ အကြည့်ပြန်ပို့လိုက်သည်။
“ မင်းကို ကူညီပေးစေချင်တယ်ဆိုရင် ရတယ် … ပြီးတော့ မင်းငါ့ကို ငွေသိန်းငါးဆယ် မပေးလည်းရတယ် … ပေးဖို့ မလိုဘူး ….”
“ ငါ့စည်းမျဉ်းစည်းကမ်းအတိုင်းဆိုရင် တိုင်ပင်ဆွေးနွေးခ ယွမ်ငါးထောင် လွှဲပေးလိုက် … ပြီးတာနဲ့ ငါ မင်းကို ချက်ချင်း အဖြေပြောပြမယ် ….”
“ ဟမ့် … မင်းက ဉာဏ်တော့ ကောင်းသေးသားပဲ …”
[ငွေရှောင်လှံ အာဏာရှင်လေး ] က အေးစက်စွာ ပြုံးလိုက်သည်။
“ မင်းက အသိတရား ရှိနေသေးတယ်ဆိုမှတော့ စောနတုန်းက မင်းရဲ့ မသိမိုက်မဲမှုကိုလည်း ငါ့ဘက်က ကျေအေးပေးလိုက်မယ် …”
“ မင်း ငါ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် မင်းအတွက်လည်း မနစ်နာစေရပါဘူး …”
“ မင်း မိန်းမကြိုက်တယ်ဆိုမိန်းမ … ငွေကြိုက်တယ်ဆို ငွေ … ကြိုက်ရာ အကုန် ရစေရမယ်….”
“ မင်းက ကျော်ကြားချင်လား … ပိုတောင် လွယ်သေး …”
“ ငါ ပြန်ရောက်ရင် ငါ့အဖေကို ပြောပေးမယ် .. တခြားတော့ အာမ မခံဝံ့ပေမယ့် … မင်း ဖျော်ဖြေရေး နယ်ပယ်ထဲ ဝင်ချင်တယ်ဆိုရင် စီစဉ်ပေးဖို့က မိနစ်ပိုင်းလေးပဲ ….”
[ငွေရှောင်လှံ အာဏာရှင်လေး ]က ချန်ယွီ့၏ လုပ်ဆောင်နိုင်စွမ်းတို့နှင့် ပတ်သက်ပြီး အနည်းနှင့်အများတော့ နားလည်သဘောပေါက်စ ပြုလာသည်။
ချန်ယွီ့၏ ကံကြမ္မာဖတ်သည့် နည်းလမ်းက အခြားသူများ၏ အတိတ်နှင့် အနာဂတ်ကို ဒက်ခနဲ မှန်အောင် ပြောဆိုနိုင်နေသဖြင့် အခြားသူများ၏ အမြင်မျက်လုံးထဲတွင် ချန်ယွီ့က လောကကြီးထဲ မသိတာ မရှိသည့် အနန္တ တန်ခိုးရှင် တစ်ဦးနှယ် ဖြစ်လာခဲ့သည်။
သို့ပေမယ့် [ငွေရှောင်လှံ အာဏာရှင်လေး ] အဖို့ … ချန်ယွီ့၏ အစွမ်းအစတို့က သာမန်ထက် ပိုရုံမျှဟုသာ မှတ်ချက် ပေးနိုင်သည်။
သူ့အဖေသည်လည်း ဆန်းကြယ်ဂိုဏ်းတွင် အသိတစ်ချို့ ရှိ၏။
[ငွေရှောင်လှံ အာဏာရှင်လေး ]ကလည်း ထိုသို့သော အစွမ်းအစရှိသူ တစ်ချို့ကို ယခင်က မြင်တွေ့ခဲ့ဖူးသည်။
ဆိုတော့ … ချန်ယွီ့က အတိတ်နဲ့ အနာဂတ်ကို သိနေတော့ရော ဘာဖြစ်လဲ …
သူက ဒီတိုင်း ပါမွှားလေး ဖြစ်နေသေးတုန်းပဲ မဟုတ်လား …
ငွေကြေးနဲ့ အာဏာရဲ့ ရှေ့မှောက်မှာ ဘယ်သူမဆို ဝပ်တွားသွားရမှာပဲ ….
“ မင်းတို့ ပြောနေကြတဲ့ တမူထူးခြားတဲ့ ပုဂ္ဂိုလ်ကြီးဆိုတာ ဒါလား … သူရဲဘောကြောင်လိုက်တာလည်း လွန်ပါလေရော …”
“ ဒီလောက် စကားလုံး နည်းနည်းလေးနဲ့ ဖိန့်လိုက်တာကို ကြောက်သွားပြီဆိုတော့ ငကြောက် မဟုတ်ရင် ဘာလဲ … ဂန်ဒူးလား …”
“ မဟုတ်သေးဘူးနော်… ဒေါက်တာချန်က ပုံမှန်ဆို ဒီလိုလူစားမျိုး မဟုတ်ပါဘူး …. သူက အတော်လေး မာရည်ကြောရည် နိုင်တဲ့လူပါ …”
“ မာရည်ကြောရည် နိုင်တာ ဘာအသုံးဝင်လို့ … လူတိုင်းမှာ အသက်တစ်ချောင်းတည်း ပါတယ် … ဒီမျိုးမစစ်ရဲ့ စရိုက်မျိုးနဲ့ သူ့ကို တကယ်ပဲ ဒေါသထွက်အောင် လုပ်လိုက်မယ်ဆိုရင် ငါ စိုးရိမ်မိတာက … ဒေါက်တာချန်တောင် ဘာမှ မတတ်နိုင်မှာကိုပဲ ….”
“ ငါ မကြည့်တော့ဘူးကွာ … ဆက်ကြည့်နေရင် စခရင်ကြီး ရိုက်ခွဲမိတော့မယ် ….”
“ ဒါ ရှေးတုန်းက လူတိုင်းရဲ့ အထက်မှာ တည်ရှိခဲ့တဲ့ မင်းမျိုးမင်းနွယ်တွေရဲ့ အကြောင်းကို ရိုက်ပြနေသလိုတောင် ဖြစ်နေပြီ … ဒီလိုအရာမျိုးတွေ မော်ဒန်ခေတ်ကြီးမှာ ရှိနေသေးတုန်းပဲဆိုတာ ငါ့ဖြင့် ယုံတောင် မယုံနိုင်ဘူး ….”
ကြည့်ရှုသူ အဟောင်းများ ဖြစ်စေ၊ အသစ်ကလေးများပင် ဖြစ်စေ၊ လူတိုင်း ဒေါသထွက်လွန်း၍ သွေးဆောင့်တိုးလုနီးပါး ဖြစ်နေကြသည်။
“ မင်းဘက်က ပြဿနာ မရှိဘူးဆိုမှတော့ …” ချန်ယွီ့က သူ့မျက်နှာထက်တွင် ညင်သာသည့် အပြုံးတစ်ခုဖြင့် “ ပိုက်ဆံ အရင်ချေလာခဲ့လိုက်တော့ …”
ဤစကားကြားတော့ [ငွေရှောင်လှံ အာဏာရှင်လေး ]က တိုက်ရိုက်ပဲ ယွမ်တစ်သောင်းကို ချန်ယွီ့ အကောင့်ထဲသို့ လွှဲပေးလာခဲ့သည်။
“ ချန်ယွီ့ … မင်း အခု အချိန်ဆွဲနေတာတွေ တော်လိုက်တော့ …”
“ ငါ ခဏနေကျရင် တခြားကိစ္စ လုပ်စရာတွေ ရှိသေးတယ် … မင်းတို့လို အောက်တန်းစားတွေနဲ့ စကားပြောပြီး အချိန်ဖြုန်းဖို့ ငါ မအားဘူး …”
“ အခု အမြန်ပြော … ငါ့ အဖေ နိုင်ငံခြား မလွှတ်အောင် ငါ ဘာလုပ်သင့်လဲ …”
ချန်ယွီ့ သူ့အား ဆက်ပြီး စိန်ခေါ်ဝံ့ခြင်း မရှိတော့တာကို အာရုံရတော့ [ငွေရှောင်လှံ အာဏာရှင်လေး ]က ဆိုဖာပေါ်သို့ ဟိတ်ဟန်အပြည့်ဖြင့် ပြန်ထိုင်ချသွားခဲ့သည်။
သူ့ လက်မောင်းနှစ်ဖက်ကို ဆန့်တန်းပြီး ဘေးတွင် အရက်သောက်နေသည့် မိန်းကလေးနှစ်ဦးကို ပွေ့ဖက်ထားလိုက်၏။
“ မင်းအဖေကို အခု ဖုန်းဆက်ပြီး စကားတစ်ခွန်းပြောလိုက် …” ချန်ယွီ့ တည်တည်ငြိမ်ငြိမ်ပဲ ပြောဆိုလာပြီး “ သူ မင်းကို နိုင်ငံခြားပို့မယ်ဆိုတဲ့ စကား နောက်ဘယ်တော့မှ ထွက်မလာစေရဘူး …”
“ မင်း ငါ့ကို လာနောက်နေတာလား … စကားလေး တစ်ခွန်းတည်းက သူ့ကို လက်လျှော့သွားအောင် လုပ်နိုင်မယ်ပေါ့ ….”
[ငွေရှောင်လှံ အာဏာရှင်လေး ]က မောက်မာသည် ဆိုသော်ငြားလည်း ဦးနှောက်မရှိသူ တစ်ဦး မဟုတ်ပေ။
စကားလေး တစ်ခွန်းက သူ့အဖေ နိုင်ငံခြားပို့မည့် လုပ်ရပ်ကို ရပ်တန့်စေဖို့ဆိုသည်မှာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။
အရူးတစ်ယောက် သွားမေးလျှင်ပင် ထိုသို့ ပြောမည်မှာ ကျိန်းသေသည်။
“ ငါ ဘယ်တော့မှ မလိမ်ဘူး … မင်းဆီက တိုင်ပင်ဆွေးနွေးခနဲ့ သမားခကို ယူပြီးမှတော့ မင်းရဲ့ ပြဿနာတွေ ၊ စိတ်ဒုက္ခတွေကို ကူညီပေးဖို့ ငါ့မှာ တာဝန်ရှိတယ် …”
ချန်ယွီ့က ညွှန်ပြပြောဆိုသည့် လေသံဖြင့် ထပ်ပြီး ဖြည့်စွက်ပြောလာခဲ့သည်။ “ မင်းငါ့ဆီ အကူအညီတောင်းလာတယ်ဆိုမှတော့ အရင်ကလည်း ဖြေရှင်းနည်းလမ်းတွေ အများကြီးကို စဉ်းစားခဲ့ဖူးမှာပဲလေ … ဒါပေမယ့် ဘယ်တစ်ခုကမှ အသုံးမဝင်ဘူး … ဟုတ်တယ်မလား …”
“ အဲ့လိုဆိုမှတော့ ငါ အကြံပေးတဲ့အတိုင်း ဘာလို့ မလုပ်ကြည့်မှာလဲ ….”
[ငွေရှောင်လှံ အာဏာရှင်လေး ]မှာ ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သည်။
ချန်ယွီ့ ပြောဆိုသည်ကလည်း မမှားပေ။ သူ တွေးနိုင်သည့် နည်းလမ်းပေါင်းစုံကို တွေးတောခဲ့ပြီး ဖြစ်သည်။
ငိုယို၍ ဖြစ်စေ၊ သောင်းကြမ်း၍ ဖြစ်စေ၊ သူ့ကိုယ်သူ သေကြောင်းကြံမည်ဟု ခြိမ်းခြောက်၍ပဲ ဖြစ်စေ၊ သူ့အဖေက မည်သည့် နည်းလမ်းကိုမဆို လျစ်လျူရှုထားခဲ့သည်။
“ ကောင်းပြီလေ …. ငါ မင်းကို တစ်ခါတော့ ယုံပေးလိုက်မယ် …”
“ ငါ အခု ငါ့အဖေကို ဖုန်းခေါ်မယ် … အလုပ်မဖြစ်လို့ကတော့ မင်းချက်ချင်း ပြေးပြီး ငါ လိုက်မရှာပါစေနဲ့လို့သာ ဆုတောင်းပေတော့ ….”
[ငွေရှောင်လှံ အာဏာရှင်လေး ]က ဖုန်းထုတ်ပြီး သူ့အဖေ၏ နံပါတ်ကို နှိပ်လိုက်သည်။
ချန်ယွီ့ပြောသည့် စကားတစ်ခွန်းကို မေးမြန်းဖို့လည်း မမေ့လျော့ခဲ့ချေ။
“ လူ့အရိုးပြာနဲ့ ရောထားတဲ့ ကော်ဖီ ….”
“ ဟမ် …”
[ငွေရှောင်လှံ အာဏာရှင်လေး ]မှာ ကြက်သေသေသွားပြီး သူ နားကြားမှားသည်ဟု ကိုယ့်နားကိုယ် မယုံကြည်နိုင်ဖြစ်ကာ နောက်တစ်ကြိမ် မေးမြန်းလာသည်။ “ ဘာပြောတယ် … ပြောရမယ့် စကားကဘာ ….”
“ လူ့အရိုးပြာနဲ့ ရောထားတဲ့ ကော်ဖီ …” ချန်ယွီ့ ဖြည်းညင်းစွာဖြင့် တစ်လုံးချင်း ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်သည်။
“ မင်း ရူးနေတာလား ချန်ယွီ့ ….”
[ငွေရှောင်လှံ အာဏာရှင်လေး ]က ဒေါသတကြီးနှင့် တံတွေးထွေးလိုက်ပြီး “ ဒါ ဘယ်လို စောက်ရေးမပါတာကြီးလည်း အဲ့တာ .. ငါ့အဖေသာ ဒီစကားကြားလို့ကတော့ ငါ့ကို သေအောင် အရေခွံနွှာမှာပေါ့ကွ ….”
“ ချန်ယွီ့ … မင်း ငါ့လာပြီး ပြက်ရယ်ပြုနေတာလား ….”
“ မင်း သူ့ကို ခေါ်တောင် မခေါ်ရသေးပဲနဲ့ …” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ သူ မင်းကို ဆူဆဲလာမယ်လို့ ဘာကြောင့် ဒီလောက်တောင် သေချာနေတာ …”
“ မင်း မိသားစုက သိပ်ဩဇာကြီးတယ်လေ … ဟုတ်တယ်ဟုတ် … မင်း ဘယ်လို ရာဇဝတ်မှုမျိုးပဲ ကျူးလွန်၊ ကျုးလွန် မင်းမိသားစုက ဖိနှိပ်ပေးနိုင်တယ် … ငါက ဒီတိုင်း ဘာမဟုတ်တဲ့ စိတ်ကျန်းမာရေး ဆရာဝန်လေး တစ်ဦးပဲဟာ … မင်းကို ဘယ်လိုလုပ်ပြီး လှည့်စားဝံ့မှာလဲ …”
“ မင်း စောနတုန်းက ငါ့ကို ပြောသေးတယ် … ငါ မင်းကို ညာရင် မင်းငါ့ကို လွှတ်ပေးမှာ မဟုတ်ဘူး …”
“ လူ့လောကကြီးထဲ နေလို့တောင် မဝသေးတာကို ဘာကိစ္စ သေလမ်းရှာရမှာလဲ ဟုတ်တယ်မလား …”
ထိုစကားကြားပြီးနောက် [ငွေရှောင်လှံ အာဏာရှင်လေး ]၏ မျက်နှာမှာ ပြုံးရွှင်သွားခဲ့သည်။
စဉ်းစားချင့်ချိန်ပြီးနောက် ချန်ယွီ့ အကြံပေးသည့်အတိုင်း လိုက်နာဖို့ရာ ဆုံးဖြတ်လိုက်သည်။
အကယ်၍ ချန်ယွီ့ကသာ သူ့အား တကယ်ပဲ ဆော့ကစားနေသည်ဆိုပါက ချန်ယွီ့ကို တစ်သက်လုံး ဝှီးချဲပေါ်မှာ ထိုင်ခိုင်းဖို့ ဝန်လေးနေမှာ မဟုတ်ချေ။
စိတ်ပိုင်းဖြတ်ပြီးနောက် [ငွေရှောင်လှံ အာဏာရှင်လေး ] က ခေါ်ဆိုမည် ဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်။
ခေတ္တကြာပြီးနောက် သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ အသံက ဖုန်းထဲမှ ထွက်လာသည်။
“ ဘာလဲ … ပိုက်ဆံမရှိတော့ဘူးလား … ဒါမှမဟုတ် တစ်ယောက်ယောက်ကို စော်ကားမိပြန်ပြီလား ..”
ကိုယ့်သားအကြောင်း အဖေ ဖြစ်သူထက် မည်သူက ပိုပြီး သိနိုင်လိမ့်မည်နည်း။
[ငွေရှောင်လှံ အာဏာရှင်လေး ]၏ ဖခင်ကလည်း သူ့သား၏ အကျင့်စရိုက် အကြောင်းကို သူသာလျှင် အသိဆုံးပင်။
[ငွေရှောင်လှံ အာဏာရှင်လေး ]က အသက်ပြင်းပြင်းရှူသွင်းပြီး “ လူ့အရိုးပြာနဲ့ ရောထားတဲ့ ကော်ဖီ …”
သူ ထိုစကား ပြောလိုက်သည်နှင့် [ငွေရှောင်လှံ အာဏာရှင်လေး ] မျှော်လင့်ထားသည့် ဒေါသတကြီး ဆဲရေးသံတို့ ထွက်ပေါ်မလာခဲ့ချေ။
ထိုအစား စက္ကန့်အနည်းငယ် ကြာသည်ထိတိုင်အောင် သူ့အဖေထံမှ မည်သည့် ခွန်းတုံ့ပြန် စကားတို့မျှ ထွက်ပေါ်မလာခဲ့ချေ။
သူ ဖုန်း စခရင်ကို ရှော့ခ်ရစွာ ကြည့်လိုက်မိ၏။