← Chapters

မတူတော့တဲ့ ဒေါက်တာချန်

Vol. 17 Ch. 166

မတူတော့တဲ့ ဒေါက်တာချန်

Vol. 17 Ch. 166

[ငွေရောင်လှံ အာဏာရှင်လေး]က နှလုံးသားထဲ ရှုပ်ထွေးမှုတို့ ပြည့်နှက်နေသည့် မျက်ဝန်းတို့ဖြင့် ချန်ယွီ့ကို ကြည့်လိုက်မိသည်။

သူ့စိတ်ထဲတွင် ဖခင်ဖြစ်သူ၏ ဆဲရေးကြိမ်းမောင်းသည့် စကားလုံးတို့ကို လက်ခံဖို့ ပြင်ဆင်ထားပြီး ဖြစ်သော်လည်းပဲ သူ့ဖခင်က မည်သို့မျှ တုံ့ပြန်မလာခဲ့ချေ။

“ အဖေ …. ဒေါသထွက်နေတာလား ….”

ခေတ္တမျှ ကြာသည်ထိအောင် ဖုန်းထဲ မည်သည့် အသံမျှ ထွက်ပေါ်မလာသဖြင့် [ငွေရောင်လှံ အာဏာရှင်လေး]က သူ့ သတ္တိလေးများကို စုစည်းပြီး မေးမြန်းလိုက်သည်။

“ မင်းကို အဲ့စကား ဘယ်သူသင်ပေးတာ ….”

နောက်တစ်စက္ကန့်၌ ဖုန်းထဲက အသံထွက်ပေါ်လာသည်။

“ ချန်ယွီ့လို့ခေါ်တဲ့ စထွင်မာတစ်ယောက် ….” [ငွေရောင်လှံ အာဏာရှင်လေး]က အလျင်အမြန် ခွန်းတုံ့ပြန်လိုက်သည်။

“ မင်း သူ့ကို စော်ကားမိခဲ့တာလား ….”

“ မဟုတ် … အဲ့လို မဟုတ်ပါဘူး အဖေရာ ….”

“ ငါ့ကို အမှန်အတိုင်း ပြောစမ်း ဟေ့ကောင် …..”

ဖုန်းထဲရှိ လေသံက ရုတ်ချည်း တင်းမာလာခဲ့သည်။

[ငွေရောင်လှံ အာဏာရှင်လေး]မှာ မနေနိုင်ဘဲ ကြက်သီးဖြန်းသွားခဲ့ရသည်။

သူက ဘာကိုမျှ မကြောက်တတ်သော်ငြားလည်းပဲ အကြောက်အရွံ့ကင်းနေခြင်းမျိုးတော့ မဟုတ်ပေ။

သူ ကြောက်သည့် တစ်ဦးတည်းသောလူက သူ့ဖခင် တစ်ဦးတည်းကိုပဲ ဖြစ်၏။

“ ကျွန်တော် သူ့ကို စော်ကားမိတယ်ရယ်တော့ မဟုတ်ပါဘူး … သူက ဘာမဆို အကုန်သိ ၊ အကုန်တတ်တယ်လို့ လူတိုင်း ပြောနေကြလို့လေ … ပြီးတော့ လောကကြီးထဲ သူ မလုပ်နိုင်တာ မရှိဘူးဆိုပဲ ….”

“ ကျွန်တော်လည်း သိချင်နေတာနဲ့ အဲ့တာ သူ့လိုက်စထွင်းထဲ တစ်ချက် ဝင်ကြည့်လိုက်တာ ….”

“ ကံကောင်းချင်တော့ ဟုန်ပေါင်းရပြီး သူနဲ့ စကားပြောခွင့် ရသွားတယ် ….”

“ မင်းက သူ့လိုက်စထွင်းထဲ ဝင်ပြီး သူနဲ့ စကားပြောခဲ့တယ်ပေါ့ ….”

ဖုန်းတစ်ဖက်ခြမ်းရှိ အမျိုးသားမှာ သူ့အမြီးတက်နင်းခံလိုက်ရသည့်နှယ် လေသံက ရုတ်ချည်း မြင့်တက်လာသည်။

“ သူ မင်း အရင်က လုပ်ခဲ့တဲ့ကိစ္စတွေ အကုန်လုံးကို သိသွားပြီလား …”

အမျိုးသား၏ လေသံက အလျင်လိုပြီး လေးနက်နေခဲ့သည်။

[ငွေရောင်လှံ အာဏာရှင်လေး]မှာ ရှော့ခ်ရသွားခဲ့၏။

သူ့အဖေ ယခုလို လေသံမျိုးဖြင့် စကားပြောဆိုလာသည်ကို ကြားဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။

ယခင်ကဆိုလျှင် သူ ဆိုးရွားသည့် လုပ်ရပ်မျိုးစုံကို ကျူးလွန်ခဲ့စေကာမူ သူ့အဖေက သာမန်လျှံကာပဲ လက်ချာ ရိုက်တတ်သည်။

ယခုလို ကျယ်လောင်သည့် လေသံမျိုးဖြင့် စကားမပြောဆိုခဲ့ဖူးချေ။

“ အဖေက ဘာလို့ အဲ့လောက်တောင် ကြောက်နေရတာလဲ ….”

“ အဲ့ ချန်ယွီ့ ငနဲက ကျွန်တော့်အတိတ်ကို ဖော်ထုတ်တော့ရော ဘာအရေးလဲ … ဘာများ ဖြစ်နိုင်မှာမှတ်လို့ ….”

“ ကျွန်တော်တို့ မိသားစုရဲ့ စွမ်းအားနဲ့ဆိုရင် ဒီလို ကိစ္စအသေးအမွှားလေးတွေကို ကိုင်တွယ်ဖို့က ကိတ်မုန့်လှီးစားသလောက်လေးပဲလေ …”

“ ကျွန်တော်တောင် မကြောက်တာကို အဖေက ဘာတွေ ကြောက်နေတာ …”

[ငွေရောင်လှံ အာဏာရှင်လေး]က မခံမရပ်နိုင် ဖြစ်စွာ ပြောလိုုက်ပြီး “ ချန်ယွီ့ဆိုတဲ့ ငနဲက ဗေဒင်နည်းနည်းပါးပါး တတ်တဲ့ ပါမွှားလေးပါ အဖေရာ …”

“ သူက မန္တန် အစီအရင်တွေ တတ်တယ် … ကျွန်တော်တို့ မိသားစုကလည်း အဲ့လို အစီအရင်တွေ တတ်တဲ့ လူနဲ့ မသိလို့လား ….”

“ ပြီးတော့ … ကျွန်တော့်ကို နိုင်ငံခြားပို့မယ့် ကိစ္စရော အဖေ ဘယ်လိုထင်သေးလဲ ….”

ထိုသို့ပြောပြီးနောက် [ငွေရောင်လှံ အာဏာရှင်လေး]က နိုင်ငံခြားသို့ မသွားချင်သည့် အကြောင်းကို ပြောဆိုလာခဲ့သည်။

“ နိုင်ငံခြားသွားမယ် … ငါ့ဖျင်ခေါင်းထဲပဲ သွားလိုက်တော့ ….”

“ မင်းအခု ဘယ်မှာလဲ … ငါ ချက်ချင်း လူလွှတ်လိုက်မယ် ….”

ထိုစကားကြားတော့ [ငွေရောင်လှံ အာဏာရှင်လေး]က အပျော်လွန်သွားခဲ့ပြီး အလျင်အမြန် ပြောဆိုလိုက်သည်။ “ ကျွန်တော် တကယ်ပဲ နိုင်ငံခြား ကျောင်းသွားတက်ဖို့ မလိုတော့ဘူးနော်….”

“ နောင်ကျရင် မင်းလုပ်ချင်ရာလုပ် ... မင်းကိစ္စတွေ အကုန်လုံး ငါနဲ့ ဘာမှ မဆိုင်တော့ဘူး …. မင်းရဲ့ လိပ်စာသာ ငါ့ပို့လိုက်စမ်းပါ …”

“ အိုကေ … အခုချက်ချင်း ပို့ပေးလိုက်မယ် ….”

[ငွေရောင်လှံ အာဏာရှင်လေး]က ဖုန်းချပြီး ပျော်ပျော်ရွှင်ရွှင်နှင့် သူ့ လိပ်စာကို ပို့ပေးလိုက်သည်။

“ ချန်ယွီ့ … မင်းက တကယ် အစွမ်းအစ ရှိတဲ့ကောင်ပဲ …. ငါ့ အဖေ နိုင်ငံခြားလွှတ်မယ့် ကိစ္စကို တကယ်ပဲ ဟန့်တားနိုင်ခဲ့တယ် ….”

“ ငါ့အဖေကို ဒီလောက်ထိ ကြောက်ရွံ့တုန်လှုပ်သွားရလောက်အောင် အဲ့ဒီ စကားလုံးတွေက ဘာမှော်အစွမ်းတွေများ ရှိနေလို့လဲ ….”

[ငွေရောင်လှံ အာဏာရှင်လေး]က မအောင့်အီးနိုင်ဘဲ မေးမြန်းလာခဲ့သည်။

လူ့အရိုးပြာနဲ့ ရောထားတဲ့ ကော်ဖီ။

သူ ဘယ်လိုပဲ စဉ်းစားစေကာမူ၊ ထိုစကားလုံးက ကျိန်စာတိုက်သည်နှင့် ပိုပြီး ဆင်တူနေလျက် ရှိသည်။

“ ကိစ္စက နည်းနည်းရှုပ်တယ် … မင်းမှာ နားထောင်ဖို့ အချိန်မရှိမှာကိုတော့ စိုးရွံ့မိသား …” ချန်ယွီ့က ညင်သာစွာ ပြုံးပြီး ပြောလိုက်သည်။

“ ပြောရရင် မင်းရဲ့ ဆန္ဒက ပြည့်ဝသွားပြီ .. နိုင်ငံထဲက ဘယ်တော့မှ ထွက်ခွာနိုင်မှာ မဟုတ်တော့ဘူး ….”

ချန်ယွီ့ မျက်နှာထက်ရှိ ဆန်းကြယ်သည့် အပြုံးကို မြင်တော့ [ငွေရောင်လှံ အာဏာရှင်လေး]၏ စိတ်ကောင်းဝင်နေမှုလေးမှာ ပျက်ယွင်းသွားခဲ့ရသည်။

“ ချန်ယွီ့ … မင်းငါ့ကို ဒွိဟဖြစ်အောင် လုပ်မနေစမ်းနဲ့ …”

“ မင်း ပြောချင်တာ ရှိရင် တစ်ခါတည်း ပြီးအောင်ပြော ….”

[ငွေရောင်လှံ အာဏာရှင်လေး]က ဆက်ပြီး မောက်မာစွာ ဆိုသည်။ “ ငါ နားထောင်တာ ၊ နားမထောင်တာက ငါ့ကိစ္စ၊ ငါ ပြောဆိုရင် မင်းပြောလိုက် ….”

“ မင်းက ဒီလောက်အများကြီး သိချင်နေတယ်ဆိုမှတော့ …..” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ ငါကလည်း မင်းကို အမှန်တရား ပြောပြရတော့မှာပေါ့ ….”

“ လူ့အရိုးနဲ့ ရောထားတဲ့ ကော်ဖီဆိုတဲ့ စကားက ဘာမှော်ဂါထာမှ မဟုတ်ဘူး …”

“ ဒီတိုင်း တစ်စုံတစ်ယောက်က ကော်ဖီထဲကို လူ့အရိုးပြာ ရောပြီး ပျော်ပျော်ကြီး သောက်ခဲ့တာကို ပြောချင်ရုံသပ်သပ်ပဲ …”

“ ချီး … ဘယ်သူက အဲ့လောက်တောင် စောက်ဦးနှောက်မဲ့ရတာ ….” [ငွေရောင်လှံ အာဏာရှင်လေး]က လှောင်ပြောင်လိုက်သည်။

“ အဲ့လိုမျိုး ရွံဖို့ကောင်းတဲ့ ဝါသနာရှိတဲ့လူတွေ ရှိလိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး ….”

“ အင်း … အဲ့လူက မင်းအဖေလေ ….”

ချက်ချင်းဆိုသလို [ငွေရောင်လှံ အာဏာရှင်လေး]၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မည်းမှောင်သွားခဲ့တော့သည်။

“ ချန်ယွီ့ …. မင်းသေချင်နေတာလား ….”

[ငွေရောင်လှံ အာဏာရှင်လေး]က ကြမ်းတမ်းစွာ တံတွေးထွေးလိုက်ပြီး “ ငါ မင်းကို အခုလေးတင် တစ်ချက် ပြုံးပြလိုက်တယ်ဆိုတိုင်း ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်မနေနဲ့ ….”

“ ယုံချင်ယုံ မယုံနေ … ငါ မင်းဆိုင်ကို မီးရှို့ပြီး မင်းကိုပါ ICU ပို့ပေးလိုက်လို့ရတယ်ဆိုတာ သဘောပေါက် ….”

“ ငါ ယုံပါတယ် …” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။

“ မင်းနဲ့ အဖေက ဘမျိုးဘိုးတူတွေ … မင်းတို့နှစ်ယောက်ရဲ့ အကျင့်စရိုက်က တစ်ကျိတ်တည်း၊ တစ်ဉာဏ်တည်းတွေ ….”

“ ငါ့ဆိုင်တစ်ခုလုံးကို မီးရှို့ဖို့ မပြောနဲ့ … အနည်းဆုံးတော့ ငါ့မိသားစု တစ်ခုလုံးကိုတောင် ဖျက်စီးပစ်လောက်တယ် ဟုတ်တယ်မလား …”

ကျိုးခဲ့ရှင်းမှာ စခရင်အပြင်ဘက်တွင် ထိုင်ရင်း တခစ်ခစ် ရယ်မောနေသည်။ သို့ပေမယ့် တစ်ချိန်တည်းတွင် ဇဝေဇဝါ ဖြစ်နေမိသည်။

ချန်ယွီ့က ဒီနေ့ ဘာဆေးတွေများ မှားသောက်ခဲ့မိပါလိမ့် …

အစောပိုင်းတုန်းကကျတော့ သူရဲဘောကြောင်တဲ့ လူတစ်ယောက်လို လုပ်နေပြီးတော့မှ အခုကျတော့ ရုတ်တရက်ကြီး သတ္တိတွေ ဇွတ်ကောင်းပြနေတယ် …. သူပြောလိုက်တဲ့ စကားတိုင်းကလည်း [ငွေရောင်လှံ အာဏာရှင်လေး]ကို ခနဲ့နေတာချည်းပဲ ….

ပြီးတော့ [ငွေရောင်လှံ အာဏာရှင်လေး]ရဲ့ အဖေကရော တကယ်ပဲ ကော်ဖီထဲကို လူ့အရိုးပြာ ရောပြီး သောက်ရတာကို ကြိုက်တဲ့လူလား …

အဲ့လိုမျိုး သောက်နိုင်ဖို့ဆို ဘယ်လောက်တောင် ရူးသွပ်ဖို့ လိုလိမ့်မလဲ …

ကျိုးခဲ့ရှင်း နားမလည်နိုင်သကဲ့သို့ ကြည့်ရှုသူများလည်း နားမလည်နိုင်ခဲ့ချေ။

[ငွေရောင်လှံ အာဏာရှင်လေး]သည်လည်း ထိုအကြောင်းအရာကို ဦးနှောက်ခြောက်ခံပြီး စဉ်းစားနေမှာ မဟုတ်ချေ။ လက်ရှိတွင် ချန်ယွီ့က သေမင်းနှုတ်ခမ်းဝသို့ ပြေးလာနေသည်ဆိုတာကိုပဲ သူသိသည်။

“ ချန်ယွီ့ … မင်းက သေဖို့ ဒီလောက်တောင် စိုင်းပြင်းနေတယ်ဆိုမှတော့ ငါ့ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့ပေါ့ကွာ ….”

[ငွေရောင်လှံ အာဏာရှင်လေး]က ဖုန်းကောက်ကိုင်ပြီး ချန်ယွီ့ကို ကိုင်တွယ်ရန်အတွက် တစ်စုံတစ်ယောက်ကို ဖုန်းဆက် လှမ်းခေါ်ဖို့ရာ ဟန်ပြင်သည်။

“ ဒေါက်တာချန် … ပညာရှိ တစ်ယောက်က ဘယ်အချိန်မှာ အရှုံးဝန်ခံရမလဲဆိုတာ သိတယ် …. ပြေးပြီး ခဏလောက် ကိုယ်ယောင်ဖျောက်နေလိုက် ….”

“ ဒီစောက်ကလေးက တကယ်ကိုက်တဲ့ ခွေးရူးနော်… မြန်မြန်ပြေးတော့ … မြန်မြန်လေး ….”

“ တရားဥပဒေ စိုးမိုးနေတဲ့ လူ့အဖွဲ့အစည်းကြီးမှာတောင် ဒီ အမျိုးယုတ်က လုပ်ချင်တိုင်းကို လုပ်နေတော့တာပဲ …. ဒီကောင် တကယ်ပဲ ဒေါက်တာချန်ရဲ့ ဆိုင်ကို မီးရှို့ပစ်မှာတော့ မဟုတ်ဘူးမလား ….”

“ မင်း စောနက လိုက်စထွင်းကို မကြည့်ခဲ့ဘူးလား … ဒေါက်တာချန် ပြောသွားတာ ကျူတာ အမျိုးသမီးက ပျောက်နေတာလို့ ဒေါက်တာချန် မပြောမသွားခဲ့ဘူးလား … သူ အသတ်ခံလိုက်ရတာပဲ ဖြစ်မယ် …”

“ ငိုးပဲ … ဒါဆိုလည်း မင်းတို့ကောင်တွေက ရဲမခေါ်ဘဲ ဘာတွေ လုပ်နေကြတာတုန်းကွ … ဒီတိုင်း ကြည့်ကောင်းကောင်းနဲ့ ကြည့်နေရသလား ….”

ကျူတာ အမျိုးသမီး အကြောင်းပြောဆိုရင်း ကြည့်ရှုသူ အဟောင်းများမှာ ချန်ယွီ့၏ လုံခြုံရေးအပေါ် စိုးရိမ်ပူပန်လာကြသည်။

ချန်ယွီ့ကို အပြင်သို့ ထွက်ပြေးပုန်းအောင်ရန် ဖျောင်းဖြပြီးနောက် လူတိုင်းက ရဲဖုန်းဆက်ဖို့ အဆင်သင့် ဖြစ်နေကြသည်။

[ငွေရောင်လှံ အာဏာရှင်လေး]တို့သားအဖ အဖမ်းခံလိုက်ရပြီဆိုသည့် အချိန်ကျမှ နေရပ်ပြန်လာခဲ့ဖို့ ဝိုင်းဝန်း ဖျောင်းဖြနေကြသည်။

သူတို့ထဲတွင် ကျိုးခဲ့ရှင်းက အများဆုံး ကွန်းမန့်ပေးသူ ဖြစ်ပြီး ပိုက်ဆံသုံးထားသည့် ကွန်းမန့်တို့က တစ်ခုပြီးတစ်ခု တက်လာသည်။

ထို့ပြင် သူမက ချန်ယွီ့နှင့်အတူ ထွက်ပြေးတိမ်းရှောင်ဖို့ကိုပါ အစီအစဉ်တွေ ရေးဆွဲထားပြီး ဖြစ်သည်။

[ငွေရောင်လှံ အာဏာရှင်လေး]က ချန်ယွီ့ကို လက်စားချေရင်း သူမကိုပါ ဆွဲထည့်လာရင် ဘယ်လိုလုပ်မှာ …

အတူ ပြေးကြစို့ ….

“ အားလုံးပဲ … စိတ်ပူပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် …” ချန်ယွီ့ အပြုံးဖြင့် ပြောလိုက်ပြီး “ ဒီနေရာမှာ ပြေးသင့်တဲ့လူက ငါ မဟုတ်ဘူး …. သူပဲ ….”

“ သူ့မှာ လွတ်မြောက်နိုင်မယ့် အချိန်က ခုနစ်မိနစ်တောင် မကျန်တော့ဘူး ….”

“ ဒီလောကကြီးထဲ နေနိုင်မယ့် အချိန်ကလည်း လေးလတည်း ကျန်တယ်...."

“ ??? “

ကျိုးခဲ့ရှင်းနှင့် ကြည့်ရှုသူများမှာ သူတို့တွေ နားကြားမှားလေသလောဟု ထင်ယောင်ထင်မှား ဖြစ်သွားခဲ့ကြသည်။

[ငွေရောင်လှံ အာဏာရှင်လေး]မှာ လွတ်မြောက်နိုင်မယ့် အချိန် ခုနစ်မိနစ်ပဲကျန်ပြီး လောကကြီးထဲ နေဖို့ လေးလထဲ ကျန်တော့တယ်ဆိုတာက ချန်ယွီ့ ဘာအဓိပ္ပာယ်နဲ့ ပြောချင်နေတာ ဖြစ်မလဲ …

ဧကန္တ … [ငွေရောင်လှံ အာဏာရှင်လေး]က အချိန်လေးလအတွင်းမှာ သေဆုံးရတော့မှာမို့လို့များလား …

“ ဒီ မျိုးမစစ်တွေ … ဘာလို့ တစ်ကောင်မှ ဖုန်းမကိုင်ကြတာလဲကွ …”

[ငွေရောင်လှံ အာဏာရှင်လေး]က တစ်ချီတည်းနှင့် အကြိမ်ရေဆက်တိုက် ဖုန်းခေါ်ဆိုမှု ပြုလုပ်နေခဲ့သည်။

သို့သော်လည်း ခြွင်းချက်မဲ့စွာဖြင့် မည်သူကမျှ သူ့ဖုန်းကို မကိုင်ကြချေ။

“ ခေါ်မနေနဲ့ … သူတို့တွေ မင်း ဖုန်းကို ကိုင်ကြမှာ မဟုတ်ဘူး …”

သက်တောင့်သက်သာရှိသည့် ကိုယ်နေဟန်ပန်ကို ပြောင်းလဲပြီးနောက် ချန်ယွီ့က လက်ပိုက်လျက် “ မင်း အခုချိန် ထွက်မပြေးထားဘူးဆိုရင် ရဲတွေ ခြောက်မိနစ်နေရင် ရောက်လာတော့မယ် …”

“ ရဲတွေ ဟုတ်လား … မင်း ဘာစကားတွေ လျှောက်ပြောနေတာတုန်း ချန်ယွီ့ ….”

[ငွေရောင်လှံ အာဏာရှင်လေး]က ဒေါသထွက်သွားခဲ့ပြီး “ ငါ့ကို ကာကွယ်ပေးမယ့် ငါ့အဖေတစ်ယောက်လုံးရှိတယ် … တစ်လောကလုံး ဘယ်ကောင်မှ ငါ့ကို ဘာမှ မလုပ်နိုင်ဘူးကွ ….”

“ ရဲတိုင်လိုက်တဲ့လူက မင်းအဖေဆိုရင် မင်း ဘာပြောချင်သေလဲ ….”

ချန်ယွီ့က ခနဲ့သည့် အမူအရာဖြင့် ပြုံးလျက် မေးလိုက်သည်။

All Chapters