လူက သေသွားရင် နိုင်ငံထဲက ထွက်သွားစရာ မလိုတာ ပုံမှန်ပဲလေ ….
Vol. 17 Ch. 167
“ မင်း ညာနေတာ … ငါ့အဖေက ငါ့အပေါ် ဒီလို လုပ်မှာမဟုတ်ဘူး ….”
[ငွေရောင်လှံ အာဏာရှင်လေး]က အသံအက်သည်အထိ အော်ဟစ်လိုက်ပြီး “ ငါ ဘာပဲလုပ်လုပ် ငါ့အဖေက ငါ့ကို ကာကွယ်ပေးဖို့ အစွမ်းကုန် ကြိုးစားပေးမှာပဲ … တစ်လောကလုံး ကြိုက်တဲ့ကောင် ရဲတိုင်နိုင်တယ် … ဒါပေမယ့် ငါ့အဖေကတော့ အဲ့လို လုပ်မှာ မဟုတ်ဘူး …”
“ အင်း ….” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ ပုံမှန်ဆိုရင်တော့ တကယ်လည်း အဲ့လိုပဲ …”
“ ဒါပေမယ့် အခု … မင်းပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အရာတွေက ပုံမှန်လို့ ထင်လား …”
“ ငါ ….”
[ငွေရောင်လှံ အာဏာရှင်လေး]က မသိစိတ်အလျောက် နှုတ်ကနေပြီး ချန်ယွီ့ကို ပြန်လည်ချေပချင်သည်။
သို့ပေမယ့် ရုတ်တရက်ဆိုသလို ချန်ယွီ့ ပြောနေသည်က မှန်ကန်ကြောင်း ရှာဖွေတွေ့ရှိသွားခြ့သည်။
သူ ဖုန်းဆက်သည့် လူတိုင်းတွင် တူညီသည့် အထောက်အထား တစ်ခုချင်းစီရှိ၏။ ယင်းကတော့ … သူ့မိသားစု၏ လူယုံများပင်။
ယခင် [ငွေရောင်လှံ အာဏာရှင်လေး] နှလုံးသား ကင်းမဲ့သည့် လုပ်ရပ်များစွာကို ပြုလုပ်ချိန်တွင် ဤလူတစ်စုက သူ၏ လက်ပါးစေများ ဖြစ်၏။
အကယ်၍ သူက တစ်စုံတစ်ယောက်ကို သင်ခန်းစာပေးလိုလျှင် ထိုလူများကို အကူအညီတောင်းလိုက်ရုံမျှပင်။
ပုံမှန်ဆိုပါက သူ့အမိန့်ကို ထိုလူများက တစ်သွေမတိမ်း လိုက်နာပြီး ဒူးထောက်ပြီး ဖိနပ်လျှက်ဆိုလည်း လျှက်မည့် လူစားမျိုးများဖြစ်ကြ၏။
ယခု … သူတို့တွေ အကုန်လုံးက သူ့ဖုန်းကို ကိုင်ဖို့ ငြင်းပယ်နေကြသည်။
သူ ဘယ်လိုပဲ စဉ်းစားပါစေ၊ ဤသည်က လုံးဝ ပုံမှန် မဟုတ်ပေ။
တစ်ယောက်စ ၊ နှစ်ယောက်စ ဆိုပါက အဆင်ပြေသော်လည်းပဲ ၎င်းတို့အားလုံး တစ်ညီတစ်ညွှတ်တည်း ဖြစ်နေသည်ကတော့ …..
အံ့အားသင့်ပြီး ကြက်သေသေသွားသည့် [ငွေရောင်လှံ အာဏာရှင်လေး]ကို ကြည့်ရင်း ချန်ယွီ့ ဆက်ပြီးပြောသည်။ “အခု မင်းအဖေက ရဲမတိုင်ဘူးလို့ ထင်သေးလား …”
“ မဖြစ်နိုင်ဘူး … ဒါ လုံးဝ မဖြစ်နိုင်ဘူး …”
[ငွေရောင်လှံ အာဏာရှင်လေး]က အရိုးများ မရှိတော့သည့်နှယ် ဆိုဖာပေါ်သို့ ချိနဲ့စွာ ဖင်ထိုင်လျက်သား ကျသွားခဲ့သည်။
“ ငါ ရှာခဲ့တဲ့ ပြဿနာတွေ အကုန်လုံးကို ဖုံးဖိပေးခဲ့တာတောင် ဘာလို့ အခုအချိန်ကျမှ ငါ့ကို ပစ်ပယ်ထားမှာလဲ …”
[ငွေရောင်လှံ အာဏာရှင်လေး]မှာ နားမလည်နိုင် ဖြစ်နေမိ၏။ ကြည့်ရှုသူများဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
[ငွေရောင်လှံ အာဏာရှင်လေး]တော့ ဤတစ်ကြိမ်တွင် အဆုံးသတ်ပြီဟု ခန့်မှန်းရင်း ကျိုးခဲ့ရှင်းက အလျင်အမြန် ကွန်းမန့်ပေးလာသည်။
“ ဒေါက်တာချန် … သူ့အဖေက ဘာလို့ ရဲတိုင်လိုက်တာလဲဟင် … ရက်စက်တဲ့ ကျားတောင် သူ့ကလေးသူ ပြန်မစားဘူးဆိုတဲ့ စကားတောင် ရှိသေးတာပဲမလား … ဟိုက တစ်ကြိမ်ပြီး တစ်ကြိမ် ၊ အကြိမ်တိုင်းလည်း ကာကွယ်ပေးနေတာကို ဘာလို့ ဒီတစ်ကြိမ်မှ စွန့်ပစ်လိုက်ရတာလဲတဲ့ ….”
“ သူ့အဖေက သူ့ကိုယ်သူတောင် မကာကွယ်နိုင်တာ …” ချန်ယွီ့ ထူးဆန်းသည့် အပြုံးဖြင့် ရှင်းပြလိုက်၏။ “ သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင်မှတော့ သူ့သားကိစ္စ ဂရုစိုက်ပေးဖို့ ဘယ်နားက အစွမ်းအစ ရှိတော့မှာ ….”
“ ငါ အရင်က ပြောခဲ့တဲ့အတိုင်းပဲ … အဖေနဲ့ သားက တစ်ကြိတ်တည်း ၊ တစ်ဉာဏ်တည်းတွေ ….”
“ သူတို့အကုန်လုံးက တစ်ကိုယ်ကောင်းဆန် ၊ အတ္တကြီးတဲ့လူတွေ … သူများ ဒုက္ခရောက်တာကို လက်ခုပ်လက်ဝါးတီးပြီး အားရကျေနပ်ရတာကို နှစ်သက်ကြတဲ့လူတွေ …”
“ သူလုပ်ပေးနိုင်တဲ့ အတိုင်းအတာထဲမှာ ရှိရင်တော့ သူ့အဖေက သူ့သားကို ကာကွယ်ပေးဖို့ အစွမ်းကုန် ကြိုးစားပေးမှာပဲ ….”
“ ဒါပေမယ့် ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်တဲ့ အချိန်မှာ သားဖြစ်သူကြောင့် ကိုယ်ပါရောပြီး ဒုက္ခရောက်ရမယ့် အဖြစ်ကို ဘာလို့ လုပ်မှာလဲ ဟုတ်တယ်မလား ….”
“ ဒါတွေ အကုန်လုံးက သူ့ကိုယ်သူ ကာကွယ်ဖို့ သပ်သပ်ပဲ ….”
“ ငါက တစ်ဦးတည်းသောသားကွ …” [ငွေရောင်လှံ အာဏာရှင်လေး]က အော်ဟစ်လိုက်သည်။
“ မင်းမှာ ညီကိုမောင်နှမ မရှိဘူးဆိုတာ မင်းအဖေက ကလေးမရနိုင်လို့ မဟုတ်ဘူး … သူ မလိုချင်လို့ပဲ …”
“ မိသားစုရဲ့ အမွေကို ပိုင်ဆိုင်ခွင့်ရဖို့ ကလေးတစ်အုပ် တိုက်ခိုက်နေမှာကို သူ မမြင်ချင်ဘူး ….”
“ တကယ်လို့ သူ မင်းအပေါ် လက်လျှော့လိုက်ပြီဆိုရင်တောင် မင်းအဖေက နောက်ကလေးတစ်ယောက်ကို ထပ်မွေးနိုင်သေးတယ် ….”
“ သူ့ဖို့ သင်္ချိုင်းစက္ကူ မီးရှို့ပေးမယ့် တစ်စုံတစ်ယောက်က ရှိနေဦးမှာပဲ … ဒီတော့ မင်းမရှိလို့ မင်းမိသားစု အဆုံးသတ်သွားမှာကို ပူမနေနဲ့ ….”
ထိုစကားလုံးများက ကျိုးခဲ့ရှင်းကို အကြောက်ရွံ့ကင်းစေသည့် မှော်အာနိသင် တစ်မျိုးမျိုး ပါဝင်နေပုံရသည်။
ထို့ကြောင့် စကားပြောခန်းထဲတွင် အထူးကွန်းမန့်တို့ ပေးပို့လာခဲ့၏။
“ [ငွေရောင်လှံ အာဏာရှင်လေး]ရဲ့ အဖေက ဘယ်သူလဲ ဒေါက်တာချန် …”
“ ဝန်ရှင်းဟွေ့ … ကြယ်အလင်းရုပ်ရှင်ရဲ့ စီအီးအို ….”
[ငွေရောင်လှံ အာဏာရှင်လေး] ဖခင်၏ အထောက်အထားကို ချန်ယွီ့ ဖော်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် စကားပြောခန်းထဲ ပေါက်ကွဲထွက်သွားခဲ့တော့သည်။
[ငွေရောင်လှံ အာဏာရှင်လေး]က ဒီလောက်ထိ မောက်မာစီးပိုးနေတာ မထူးဆန်းတော့ပါဘူး …
ကြယ်အလင်း ရုပ်ရှင် ထောင်တက်နေမှုကြီးက အရင်နှစ်တွေမှာ ဒုံးပျံနဲ့ နင်လားငါလားပဲ …
နှစ်တိုင်းနှစ် ၊ သူတို့ ကုမ္ပဏီကနေ ရိုက်ကူး ထုတ်လုပ်လိုက်တဲ့ ရုပ်ရှင်တိုင်းကလည်း box office မှာ ရယ်စရာကောင်းလိုက်အောင်ကို မြင့်မားနေတယ်။ ကြောက်ဖို့ကောင်းလောက်အောင် ဝေဖန်ထားတဲ့ သုံးသပ်ချက်တွေ ရှိနေပေမယ့်ပေါ့။
တစ်ချို့ ရုပ်ရှင် ဇာတ်ကားဆို လက်မှတ်တောင် အနိုင်နိုင်ရအောင် လုပြီး ဝယ်ရတယ်။
အစောပိုင်း နှစ်တွေမှာ ကြယ်အလင်း ရုပ်ရှင် ကုမ္ပဏီဆိုတာ ပါမွှား ကုမ္ပဏီ သေးသေးလေး။
အဲ့လိုကနေ ကြီးထွားလာလိုက်တာ နိုင်ငံထဲ ထိပ်တန်း ရုပ်ရှင်နဲ့ ဒရာမာ ဇာတ်လမ်းတွဲ ကုမ္ပဏီကြီး တစ်ခု ဖြစ်လာတဲ့အထိပဲ။
ဖျော်ဖြေရေး နယ်ပယ်ထဲက ဒိတ်ဒိတ်ကျဲကြီးတိုင်းကလည်း ဝန်ရှင်းဟွေ့နဲ့ ညီအစ်ကိုလို နေတဲ့လူတွေ။
“ ငိုးပဲ … ဒီကောင် ဒေါက်တာချန်ကို ပေါ်ပေါ်ထင်ထင်ကြီး ခြိမ်းခြောက်ဝံ့နေတာ မဆန်းတော့ပါဘူး …. ဒီစောက် အမျိုးယုတ်လေးက ဝန်ရှင်းဟွေ့ရဲ့ သား ဖြစ်နေတာကိုး ….”
“ ဖျော်ဖြေရေး နယ်ပယ်ရဲ့ ရေက နက်ရှိုင်းလွန်းတယ် … ဒါပေမယ့် ဝန်ရှင်းဟွေ့ကို မျက်နှာသာ မပေးရဲတဲ့လူတော့ မရှိကြဘူး ….”
“ အဲ့လိုတွေ ပြောနေလို့ ဘာထူးသွားမှာမို့လို့ …”
“ အဲ့လို ဒိတ်ဒိတ်ကျဲကြီးတွေကို ငါတို့လို လူသာမန်တွေက ရွံရှာမုန်းတီးလို့ စက်ဆုပ်ရင်တောင် သူတို့ကို တစ်ခုခု သွားလုပ်လို့မှမရတာ ….”
“ သူတို့တွေက ငါတို့ကို ပေါ်ပေါ်ထင်ထင်ကြီး ထေ့ငေါ့လှောင်ပြောင်နေတယ် … ငါတို့မှာတော့ ကူကယ်ရာမဲ့မဲ့နဲ့ အံကြိတ်ရုံကလွဲပြီး ဘာများ တတ်နိုင်မှာမို့လို့ …”
“ ဒီ ဖြစ်ရပ်ကို အာရုံလွှဲဖို့ နောက်ထပ် ဆယ်လီတစ်ယောက်ရဲ့ အတင်းအဖျင်း သတင်းတွေ ကြားရဖို့ မစောင့်နိုင်တော့ဘူး ဟီးဟီး ….”
“ သူတို့က ကြောက်ကို မကြောက်တာ …. သူတို့ကို ဖော်ထုတ်တဲ့ လူတိုင်းလည်း အောက်ဆုံးထိ ဆွဲချခံရမှာပဲ ….”
“ မင်းတို့ကောင်တွေက အရင်အတိတ်တွေတုန်းက အကြောင်းအရာတွေ ပြောနေကြတာပဲ … ကြယ်အလင်း ရုပ်ရှင်က ခုတလော ပြဿနာတက်နေတာတောင် ကြာပြီ …”
“ အင်း … သူတို့တွေ အတင်းအဖျင်း အမျိုးမျိုး ဖော်ထုတ်ခံလိုက်ရတယ် … ပြီးတော့ အစိုးရကလည်း ဝန်ရှင်းဟွေ့နဲ့ စကားပြောဖို့ စောင့်နေတယ်ဆိုပဲ ….”
“ ဒီကောင် သူ့သားသူ စွန့်ပစ်သွားတာ မဆန်းတော့ပါဘူး … သူ့ဘက်ခြမ်းလည်း ရေက အတော်ကြီးနေတာကိုး ….”
“ ကပ်ဘေးရောက်လာရင် စွန့်ပစ်ပြီး ကိုယ်လွတ်ရုန်းသွားမယ့် လူတွေချည်းပါကွာ …”
“ တစ်ဦးတည်းသောသား ဖြစ်တော့ကော ဘာအရေးလဲ … သူ့အဖေက ကျန်းမာသန်စွမ်းနေသေးတယ် … ကလေး နောက်ထပ်တစ်ယောက် အေးဆေး ယူလို့ရသေးတယ် …”
ထေ့ငေါ့လှောင်ပြောင်သည့် အမျိုးမျိုးသော ကွန်းမန့်များ တစ်လှိမ့်ပြီးတစ်လှမ့် ဝင်ရောက်လာခဲ့သည်။
ကြည့်ရှုသူများမှာ [ငွေရောင်လှံ အာဏာရှင်လေး]ကို ဝေဖန်ကြိမ်းမောင်းနေကြရင်း တက်ကြွသည့် ကြက်ဖကြီးများနှယ် ဖြစ်နေကြသည်။
ဝန်ရှင်းဟွေ့ သူ့သားကို ရဲတိုင်လိုက်ရသည့် အကြောင်းအရင်းက ပြဿနာများ ပိုမိုဆိုးရွားသွားမည့် အခြေအနေမှ ကြိုတင်ကာကွယ်ရန်နှင့် သူ့ကိုယ်သူ ပုံရိပ်လွတ်ဖို့အတွက် ဖြစ်သည်။
[ငွေရောင်လှံ အာဏာရှင်လေး]က ဤတစ်ကြိမ်တွင် သာမန် လူတစ်ဦးကို သွားရောက်စော်ကားမိခဲ့တာ မဟုတ်။ ချန်ယွီ့က သူတို့ အတိတ်တွင် လုပ်ခဲ့ဖူးသည့် ဒုစရိုက်အမှုပေါင်း မျိုးစံကို ဖော်ထုတ်လိုက်ချိန်တွင် ဝန်ရှင်းဟွေ့၏ အစွမ်းအစ မည်မျှပင် ရှိစေကာမူ ဘူးပေါက် တစ်ရာ ပိတ်ကောင်းပိတ်နိုင်သော်လည်းပဲ သန်းပေါင်းများစွာသော ဘူးပေါက်များကိုတော့ ပိတ်ဆို့နိုင်မှာ မဟုတ်ချေ။
သူ့သားကို မကာကွယ်ပေးနိုင်မှတော့ အိမ်မြောင်တို့၏ ရှင်သန်ရေးနည်းလမ်းအတိုင်း အမြီးကို ဖြတ်ချထားခဲ့ရုံသာ ရှိတော့သည်။
ထို့ကြောင့် သူ့ဘက်က လက်ဦးမှု ရယူပြီး ဂုဏ်သတင်းတစ်ချို့ ထိခိုက်သွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် သားဖြစ်သူကို ရဲထံ အရင်ဦးဆုံး သတင်းပို့လိုက်၏။
သို့သော် ချန်ယွီ့တစ်ဦးတည်းသာလျှင် ဝန်ရှင်းဟွေ့ မည်သည်ကို ကြောက်ရွံ့သွားလဲဆိုတာ ရှင်းရှင်းလင်းလင်းသိသည်။
‘ လူ့အရိုးပြာနဲ့ ရောထားနဲ့ ကော်ဖီ’ဆိုသည့် စကားကို ကြားတော့ ဝန်ရှင်းဟွေ့မှာ ဦးရေဖျားတို့ ကျိန်းစပ်သွားသည်အထိ ထိတ်လန့်သွားခဲ့၏။
[ငွေရောင်လှံ အာဏာရှင်လေး]က ချန်ယွီ့ လိုက်စထွင်းထဲ ဝင်ရောက်ပြီး စိန်ခေါ်နေသည်ကို ကြားသိပြီးနောက်တွင်တော့ ဝန်ရှင်းဟွေ့မှာ သားဖြစ်သူကို လူတိုင်းထက်ပင် လည်ပင်းညှစ်သတ်ချင်စိတ်များ ပေါက်ဖွားမိလာတော့သည်။
“ အဟွတ် သခင်လေးဝန် … ငါ အိမ်မှာ လုပ်စရာ ရှိတာကို မေ့နေတာကြည့်စမ်း … အချိန်တောင် မစောတော့ဘူး …”
“ အိုး ဟုတ်သား … ငါ့ အဘွားလည်း ဒီနေ့လက်ထပ်မှာပါဆို အခုမှ သတိရတယ် … သွားလိုက်ဦးမယ်နော်…”
“ ငါ့အမေကလည်း အပြင်မှာ နောက်ကျအောင် မနေနဲ့တဲ့ ….”
[ငွေရောင်လှံ အာဏာရှင်လေး]၏ သူငယ်ချင်းတစ်ချို့ကလည်း အတွေးတူညီစွာဖြင့် ထွက်ပြေးသွားခဲ့ကြသည်။
လက်ရှိ အနေအထားအရ၊ [ငွေရောင်လှံ အာဏာရှင်လေး]မှာ လုံးဝ အဆုံးသတ်ပြီ ဖြစ်၏။
အကယ်၍ သူတို့သာ ဤနေရာတွင် ဆက်လက် နေရစ်မည်ဆိုပါက သူတို့လည်း ရောယှက် အမှုပတ်၊ အဖမ်းခံရပြီး အာဏာပိုင်များ၏ စစ်ကြောရေးနှင့် ရင်ဆိုင်ရမှာ ဖြစ်သည်။
ချက်ချင်းဆိုသလို အနှီ ဆန်ကုန်မြေလေးများအားလုံး အတောင်ပေါက်သည့်နှယ် အကုန်လုံး ပျံပြေးကုန်ကြ၏။
ကျန်ရစ်သည့် ဆက်စီ မိန်းမချောလေးများမှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လေပြင်းတစ်ချက်နှင့် အတူ အခန်းထဲက ပျောက်ကွယ်သွားခဲ့ကြသည်။
“ ငါက လူမဟုတ်ဘူး … ငါ မင်းကို မစော်ကားခဲ့သင့်ဘူး ဒေါက်တာချန် ….”
“ ငါတောင်းပန်ပါတယ် … ကျေးဇူးပြုပြီး ငါ့ကို ကယ်တင်ပေးပါဦးကွာ ….”
[ငွေရောင်လှံ အာဏာရှင်လေး]က ကြောက်ကြောက်လန့်လန့်နှင့် လက်အုပ်ချီပြီး တောင်းပန်လာခဲ့သည်။
ထိုမျှမကသေး။ သူ့မျက်နှာသူလည်း ပြန်ဖြတ်ရိုက်နေခဲ့၏။
ကာမလိုက်စားပြီး သောက်စားမူးယစ် ပျော်ပါးခြင်းတွင်သာ မွေ့လျော်နေသဖြင့် သူ့အဖေ ကုမ္ပဏီတွင် ပြဿနာ တစ်ချို့ တက်နေသည်ကို သိသော်လည်းပဲ အနှီ ပြဿနာတို့က မည်ကဲ့သို့သော အကျိုးဆက်မျိုးကို ဆောင်ကြဉ်းလာမလဲဆိုတာ သူ လုံးဝ သိရှိခြင်း မရှိခဲ့ပေ။
ကွန်းမန့်များကို မြင်တွေ့သည့်အခါမှပဲ သူ့အဖေ ကုမ္ပဏီက အခွန်ရှောင်မှု၊ အနုပညာရှင်များနှင့် အတင်းအကြပ် စာချုပ်ချုပ်ဆိုမှု စသည့် စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိသွားခဲ့ရတော့သည်။
လူထုအမြင်ကိုလည်း အင်တာနက် မှင်စာများဖြင့် ထိန်းချုပ်ပြီး အရေးကြီး ပုဂ္ဂိုလ်အများစုကို လာဘ်ထိုးသည်ဟုလည်း သံသယ ရှိခံနေရသည်။
“ ငါ မင်းကို ကူညီပေးပြီးပြီ ….” ချန်ယွီ့က အေးအေးဆေးဆေး ပြန်ဖြေလိုက်ပြီး “ အဲ့တာကို မင်းက တခြား ဘာကူညီပေးစေချင်သေးတာ …”
“ မင်းက နိုင်ငံခြား မသွားချင်ဘူးဆိုတော့ မင်း အဖေ နိုင်ငံခြားလွှတ်မယ့် ကိစ္စအပေါ် လက်လျှော့သွားမယ့် နည်းလမ်းတစ်ခုကို ပေးခဲ့ပြီးပြီ …”
“ မင်း ကျန်တဲ့ တစ်သက်လုံး နိုင်ငံခြားကို သွားစရာ မလိုတော့ဘူး ….”
ချန်ယွီ့၏ ထိကပါး၊ ရိကပါး စကားလုံးများကို ကြားတော့ ကြည့်ရှုသူတို့မှာ ကျယ်လောင်စွာ အားပါးတရ ရယ်မောမိသွားခဲ့ကြသည်။
[ငွေရောင်လှံ အာဏာရှင်လေး]က နိုင်ငံခြား သွားဖို့ မလိုအပ်တော့ချေ။
သူ ကျူးလွန်ထားသည့် ပြစ်မှုတို့က သေဒဏ်စီရင်ခံရဖို့အထိ လုံလောက်၏။
သေဆုံးသွားသည့်လူက နိုင်ငံခြား သွားဖို့ မလိုအပ်သည်မှာ သဘာဝပင်။