← Chapters

ကွယ်လျှိုးနေတဲ့ ရောဂါ

Vol. 17 Ch. 169

ကွယ်လျှိုးနေတဲ့ ရောဂါ

Vol. 17 Ch. 169

ချန်ယွီ့၏ ယခင် စိတ်ဝေဒနာရှင် လူနာများနည်းတူ [ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]သည်လည်း သူက ကမ္ဘာလောက်ကြီးသည့် နောင်တကို ရမည်ဟု ကြားသိလိုက်ရချိန်၌ မသိစိတ်ထဲတွင် လုံးဝ မယုံကြည်နိုင်ခဲ့ချေ။

သူ့ ဘဝမှာ ငယ်စဉ်ကတည်းက အနိမ့်အမြင့် အတက်အကျတို့ဖြင့် ပြည့်နှက်နေသော်လည်း ကြိုးစားမှုဟူသော ထုံးကို နှလုံးကိုမူ၍ ခက်ခဲမှု တစ်ခုချင်းစီတိုင်းကို ဖြတ်ကျော်လာနိုင်ခဲ့သည်။

နွမ်းပါးသည့် လက်လုပ်လက်စား မိသားစုမှ ယခုလို ကြွယ်ဝချမ်းသာသည့် မိသားစုကြီး တစ်ခု ဖြစ်အောင် ကြိုးပမ်းခဲ့နိုင်သည်။

သူ့ ကြွယ်ဝမှုတို့က ငွေရောင်လှံ အာဏာရှင်လေး၏ ဖခင်ကဲ့သို့ ရူးခါဖွယ်ရာ ကောင်းမနေသော်ငြားလည်း မည်သို့ပင် ကြည့်စေကာမူ သူနေသည့် နေရာတစ်ဝိုက်တွင်တော့ သူက အကောင် ဖြစ်၏။

သူ့ဘဝကြီးက ဒီလောက်ထိ လှပအေးချမ်းသာယာနေတာကို ဘယ်နားက ဘယ်လိုဖြစ်ပြီး ကမ္ဘာလောက်ကြီးတဲ့ နောင်တကို လာရမှာလဲ …

တစ်ချိန်တည်းတွင် ဖုန်းသံက မရပ်တန့်သွားဘဲ ဆက်တိုက် မြည်ဟည်းလို့နေသည်။

ချန်ယွီ့က ပေါ့ပါးစွာ ချောင်းနှစ်ချက်မျှဟန့်၍ အတွေးနွံထဲ နစ်မြောနေသည့် သက်လတ်ပိုင်း အမျိုးသားကို လှုပ်နှိုးလိုက်သည်။

“ ဒီရဲ့လူနာ … ကျေးဇူးပြုပြီး ဖုန်း ကိုင်လိုက်ပါ …”

“ အိုး ဟုတ်သား … ဖုန်းကိုင်ရမယ် ….”

ဖြေဆိုမည် ခလုတ်ကို သူ နှိပ်လိုက်သည်။

“ ဘာဖြစ်တယ် …”

နောက်တစ်စက္ကန့်၌ သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ထိုင်ခုံပေါ်မှ မတ်တပ်ရပ်မိသွားခဲ့သည်။

“ ဟုတ် ဟုတ် ဟုတ် … ကျုပ် သဘောပေါက်ပြီ …”

“ သူ ပြောတာ နားထောင်မနေနဲ့ … ကျုပ်က သူ့အဖေ … သူ့အုပ်ထိန်းသူ … သူ့အစား ဆုံးဖြတ်ပေးပိုင်ခွင့်ရှိတယ် …”

“ လူနာတင်ယာဉ် ချက်ချင်းခေါ် … သူ့ကို ဆေးရုံပို့ပြီး သေချာ ဆေးစစ်ပေးပါဦး …..”

“ ပြုတ်ကျလို့ အတွင်းဒဏ်ရာတွေ ဘာတွေ ရသွားခဲ့ရင် နောင်တရလို့ မှီမှာ မဟုတ်ဘူး …”

“ ကုန်ကျစရိတ်ကို ကျုပ်ပေးပါ့မယ် ဆရာမ … အဲ့ကျောင်းသူလေးကိုလည်း ကျေးဇူးပြုပြီး နှစ်သိမ့်ပေးလိုက်ပါဦး … သူ့ကို ဒီကိစ္စ ဘာစိုးရိမ်စရာမှ မလိုဘူးလို့ ပြောလိုက်ပါ …”

“ ကျုပ် ခွင့်လွှတ်တယ် … သူ့ကို ဒီအတိုင်းပဲ ပြောလိုက် …”

ဖုန်းချပြီးနောက် သက်လတ်ပိုင်းအမျိုးသားက ကြောက်ရွံ့တုန်လှုပ်မှုကြောင့် ဖြစ်ပေါ်လာသည့် ချွေးစေးများအား သုတ်လိုက်သည်။

“ ဒေါက်တာချန် … ငါ လုံးဝ နားမလည်ဘူး …”

“ ဖုန်းဖြေတာ မဖြေတာနဲ့ ကမ္ဘာလောက်ကြီးတဲ့ နောင်တရမှာက ဘာသက်ဆိုင်လို့ …”

စိတ်ကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် [ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]သည် မနေနိုင်ဘဲ ဇဝေဇဝါ ဖြစ်နေသည့် လေသံအမူအရာဖြင့် မေးမြန်းလာခဲ့သည်။

ဖုန်းဆက်လာသူက သူ့ သမီးငယ်လေး ကျောင်းက ဆရာမပင်။

ကာယချိန်တွင် သူ့သမီးလေးက ပလတ်ဖောင်း အမြင့်တစ်ခုတွင် အခြား ကျောင်းသူ တစ်ဦးနှင့် ဆော့ကစားနေခဲ့၏။

အတန်းဖော်က မတော်တဆ သူမကို တွန်းချမိသလို ဖြစ်သွားခဲ့သည်။

ကံကောင်းစွာဖြင့် ပလတ်ဖောင်းက မြေပြင်နှင့် တစ်ပေခန့်မျှသာ မြင့်၍ပင်။

အပေါ်ယံ ထိခိုက်အနာတရ ဖြစ်သည်ကလွဲ၍ အခြား မည်သည့် စိုးရိမ်စရာတို့မျှ မရှိချေ။

ရိုးရိုးရှင်းရှင်း ပတ်တီးစည်းပေးပြီးနောက် ဆရာမက သူ့သမီးကို အခြား အတွင်းဒဏ်ရာများ ရှိမရှိ စစ်ဆေးနိုင်ရန်အတွက် ဆေးရုံပို့ချင်သည်။ သို့ပေမယ့် သူ့သမီးက သာမန် ပြုတ်ကျရုံလေးမျှသာ ဖြစ်ပြီး တစ်စိတ်ကို တစ်အိတ်လုပ်၍ ဆေးရုံသွားဖို့ မလိုအပ်ဟု ခေါင်းမာနေခဲ့၏။

မည်သို့ပင်ဆိုစေ ဆေးရုံတက်လိုက်ရမည်ဆိုပါက သူမ၏ အတန်းဖော် သူငယ်ချင်းအတွက်လည်း စိတ်ပိုင်းဆိုင်ရာ ဝန်ပိသွားနိုင်သည်။

ကျောင်းရှိ ဆရာဝန်ကလည်း သူ့သမီးတွင် ကျိုးရာ ၊ အက်ရာ၊ ဒါမှမဟုတ် အတွင်းပိုင်း သွေးယိုစိမ့်သည့် လက္ခဏာရပ်တို့ မရှိသဖြင့် ဆေးရုံသွားပြီး မစစ်ဆေးလည်း အဆင်ပြေကြောင်း အကြံပြု၏။

ဖုန်းဆက်လာသည့် အကြောင်းအရာကို ပြောဆိုပြီးနောက် [ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]သည် ချန်ယွီ့ကို မျက်တောင် မခတ်ဘဲ ကြည့်ရှုလိုက်သည်။

“ တကယ်လို့ သူတို့ ခင်များကို မဆက်သွယ်နိုင်ခဲ့ဘူးဆိုရင် …” ချန်ယွီ့က တည်ငြိမ်သည့် လေသံဖြင့် “ သူတို့တွေက ကျောင်းမှာရှိတဲ့ ဆရာဝန်ဆီ ခေါ်သွားပြီး ခင်များသမီးရဲ့ ဆန္ဒအတိုင်း လူနာတင်ယာဉ် ခေါ်မှာ မဟုတ်ဘူး …”

“ နှစ်ဝက်ကြာပြီးရင် ခင်များသမီး ရုတ်တရက် နာမကျန်းဖြစ်လို့ အရေးပေါ် ဆေးရုံတင်ရလိမ့်မယ် …”

“ ဟင် … ခဏလေးနေဦး ….”

[ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]က မရေမရာလေသံဖြင့် မေး၏။ “ ဒေါက်တာချန် … ငါ ဒီလို နားလည်လိုက်လို့ရလား … ငါ့ သမီးမှာ အပေါ်ယံ မမြင်ရတဲ့ ရောဂါတစ်ခုခု ရှိနေတာလား ဟုတ်လား ….”

“ ခင်များ သမီးမှာ တကယ်လည်း ပုန်းကွယ်နေတဲ့ ရောဂါ တစ်ခု ရှိတယ် …” ချန်ယွီ့က ပြုံးလျက် အတည်ပြုပေးလိုက်၏။

ထိုစကား ကြားပြီးနောက် [ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]၏ အမူအရာမှာ လေးနက် တည်ကြည်သွားခဲ့တော့သည်။

“ ငါ့သမီး အခြေအနေက ဘယ်လောက်တောင် ပြင်းထန်လို့လဲ ….”

“ အန္တရာယ်ရှိတဲ့ အသားပို ….”

[ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]၏ စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားခဲ့၏။

သူ့သမီးငယ်လေး၏ ပုန်းကွယ်နေသည့် ရောဂါက ထိုမျှ လေးနက် ပြင်းထန်နေလိမ့်မည်ဟု ဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့ပါချေ။

ကလေးမလေးကို မွေးဖွားပြီး မကြာမီမှာပဲ သူ့ဇနီးသည်က ရှုပ်ထွေးလှသည့် အကြောင်းအရင်းအမျိုးမျိုးတို့ကြောင့် ဆုံးပါးသွားခဲ့သည်။

ယခု … ချန်ယွီ့ကလည်း သူ အသက်တမျှ တန်ဖိုးထားရသည့် သမီးငယ်လေးတွင် အန္တရာယ်ရှိသည့် အသားပို တစ်ခု ရှိနေသည်ဟု ပြောဆိုလာနေပြန်သည်။

ကောင်းကင်က ဘာကြောင့် ငါ့အပေါ် ဒီလိုမျိုး လုပ်ရက်ရတာလဲ …

သူ့ဇနီးကလည်း လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ဆုံးပါးသွားခဲ့ပြီ … အခု သူ့သမီးလေးကလည်း အသက် အန္တရာယ် ရှိနေပြန်ပြီ ….

“ သူ့သမီးလေးက ဒီလူကြီးရဲ့ အရာရာပဲ ဖြစ်ရမယ် …”

“ အင်း … သမီးဆိုတာက အဖေတစ်ယောက်အတွက် အနွေးဂျက်ကက်နဲ့တူတယ်လေ …”

“ သူ ဖုန်းမကိုင်ရင် ကမ္ဘာလောက်ကြီးတဲ့ နောင်တရမယ်လို့ ဒေါက်တာချန် ပြောခဲ့တာ မဆန်းတော့ပါဘူး ….”

“ ဦးလေး … စိတ်မညစ်နဲ့ … ခင်များသမီးကို ဆေးရုံပို့လိုက်ပြီပဲဟာ …”

“ ဟုတ်တယ် အန်ကယ် … ကိစ္စက နောင်ကျရင် အဲ့လောက်ထိ ဆိုးရွားချင်မှလည်း ဆိုးရွားတော့မှာလေ ….”

“ ဒေါက်တာချန်က လူတွေကို ကူညီလာခဲ့ပေးတာ မနည်းတော့ဘူး … သူ ခင်များကိုလည်း ကူညီပေးမှာ ကျိန်းသေတယ် ….”

နာကျင်ပြီး မိမိကိုယ်ကို အပြစ်တင်နေသည့် သက်လတ်ပိုင်း အမျိုးသားမှာ စကားပြောခန်းထဲရှိ ကွန်းမန့်များကို မြင်‌တော့ အသက်ကယ်နိုင်တဲ့ ကောက်ရိုးလေးတစ်မျှင်ကို မြင်တွေ့လိုက်ရသည့်နှယ် ခံစားသွားခဲ့ရသည်။

သူတို့ပြောတာ ဟုတ်တယ် …

ချန်ယွီ့က သူ့ဘဝရဲ့ ပထမတစ်ဝက်ကိုတောင် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့နိုင်တယ် … ပြီးတော့ သူ့သမီးလေးမှာ ကင်ဆာအကြိတ် ရှိနိုင်တယ်လို့တောင် ခန့်မှန်းခဲ့သေးတယ် …

သူ့သမီးလေး ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်မယ့် နည်းလမ်းလည်း ကျိန်းသေပေါက် ရှိမှာပဲ …

ထိုအကြောင်းတွေးမိတော့ သူ့ဖုန်းကို ကိုင်ပြီး “ ဒေါက်တာချန် … မင်း ငါ့သမီးလေးကို ကယ်ပေးနိုင်မယ်မလားဟင် ….”

“ ငါ့ ဇနီး မဆုံးခင်တုန်းက သမီးလေးကို ကောင်းကောင်းဂရုစိုက်ပေးဖို့ တဖွဖွ မှာသွားခဲ့တာကွ …”

“သမီးလေးသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါ ဘယ်လိုအကြောင်းပြချက်နဲ့ ဆက်ပြီး အသက်ရှင်ရမလဲတောင် မသိတော့ဘူး …”

“ မင်းသာ ငါ့သမီးလေးရဲ့ ရောဂါကို ကုသပေးနိုင်မယ်ဆိုရင် ပိုက်ဆံ ဘယ်လောက်ပဲ ဖြစ်ဖြစ် တောင်းလို့ရတယ် …”

“ တကယ်လို့ တစ်သန်းက မလောက်ဘူးဆိုရင် နှစ်သန်းပေးမယ်…. ငါ့ ရှိသမျှ အကုန်ကုန်ရပါစေ၊ မင်း စိတ်ကျေနပ်တဲ့အထိ ပေးမယ် ….”

“ ဒီရဲ့လူနာ … အဲ့လောက်ထိလည်း စိတ်လှုပ်ရှားဖို့ မလိုပါဘူး …” ချန်ယွီ့ တည်ငြိမ်စွာ စကားဆိုလိုက်ပြီး “ ကျုပ် ခင်များကို မကူညီဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဘူးသလို ခင်များသမီးကို ပစ်ထားမယ်လို့လည်း မတွေးထားဖူးဘူး ….”

“ ကျုပ် သူ့ရောဂါကို ဖယ်ရှားပေးလို့ရတယ် … ဒါပေမယ့် ဒါက လက္ခဏာကိုပဲ ကုသလို့ရမှာ … အမြစ်တော့ ဖြတ်နိုင်မှာ မဟုတ်ဘူး …”

“ မင်း ဘာပြောချင်နေတာ …” [ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]က မေးလိုက်သည်။

“ ကျုပ် သူ့ကို တစ်ကြိမ်တစ်ခါ ကူညီပေးလို့ရတယ် … ဒါပေမယ့် ဒုတိယ တစ်ကြိမ်ဆိုရင်တော့ ကျုပ် ကူညီပေးနိုင်မှာ မဟုတ်ဘူး …”

“ နောက် တစ်ကြိမ် ဖြစ်လို့ ခင်များ ကျုပ်ဆီ လာရှာဦးမယ် ဆိုရင်တောင် တတိယအကြိမ်၊ စတုတ္ထအကြိမ်တွေ ဖြစ်ရင် ဘယ်လိုလုပ်မှာ …” ချန်ယွီ့ မေးလိုက်သည်။

သက်လတ်ပိုင်း အမျိုးသားမှာ အံ့အားသင့်သွားခဲ့၏။

သူ့သမီးလေးက ဤကပ်ဆိုးကြီး၌ ရှင်သန်ကျန်ရစ်နိုင်ခဲ့သေးရင်တောင် နောင်အနာဂတ်မှာ ပြဿနာတွေ ဆက်တိုက် ကြုံရဦးမှာလား …

ကလေးက အခုမှ ၁၃ နှစ်တည်း ရှိသေးတာလေ …

ကောင်းကင်က ဘာကြောင့် သူ့အပေါ် ဒီလောက်ထိ ရက်စက်နိုင်ရတာလဲ …

“ ခင်များသမီး ဆက်တိုက် ကံဆိုးမိုးမှောင်ကျနေတာ ကောင်းကင်ကြောင့်လည်း မဟုတ်သလို ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး …” ချန်ယွီ့ သက်ပြင်းချလိုက်ပြီး “ ဒါတွေ အကုန်လုံးက ခင်များကြောင့်ပဲ ….”

“ ငါ့ကြောင့် ဟုတ်လား …”

သက်လတ်ပိုင်း အမျိုးသားက မယုံကြည်နိုင်စွာ မျက်လုံးပြူးကျယ်ပြီး မေးလိုက်သည်။

“ အင်း …” ချန်ယွီ့ ခေါင်းညိတ်ပြီး ပြော၏။ “ ခင်များရဲ့ ဒီနေ့ အောင်မြင်မှုတွေက မလျှော့တဲ့ ဇွဲ၊လုံ့လ၊ဝီရိယကြောင့်လို့ ခင်များ ယုံကြည်နေတယ် …”

“ ကောင်းကင်က ဇွဲရှိသူကို ဆုချတယ်ဆိုတာက ခင်များ ဘဝသက်တမ်းရဲ့ ပထမ တစ်ဝက်ကို ကောင်းကောင်းကြီး ဖော်ညွှန်းနေတယ် …”

“ ခဏလေးနေပါဦး …” သက်လတ်ပိုင်း အမျိုးသားက ကြားဖြတ်ပြောလိုက်ပြီး “ ငါ မှားတယ်လို့ မင်းပြောခဲ့တယ် … ပြီးတော့ အဲ့တာက ကံကောင်းမှုနဲ့ ကံဆိုးမှု ဒွန်တွဲရောက်လာတယ်လို့ ပြောတာက ပိုပြီး မှန်ကန်တယ်လို့လည်း မင်းပြောခဲ့တယ် …”

“ ကံကောင်းမှုနဲ့ ကံဆိုးမှုက ဒွန်တွဲလာတယ် …”

သက်လတ်ပိုင်း အမျိုးသားက တစ်စုံတစ်ရာကို စဉ်းစားမိသွားသည့်နှယ် ရုတ်ချည်း တုန်ယင်သွားခဲ့သည်။

“ ငါ့သမီးလေး ကံဆိုးမှုတွေ ဆက်တိုက် ဖြစ်နေတာက ငါ့ရဲ့ ကံကောင်းခြင်းတွေနဲ့ သက်ဆိုင်နေတာပေါ့နော်….”

လက်ပိုက်လျက် ချန်ယွီ့ အေးအေးလူလူပဲ ပြန်ဖြေလိုက်သည်။ “ သေချာလေးစဉ်းစားကြည့် … ခင်များရဲ့ ငယ်ဘဝက ဒီစကားလုံးတွေနဲ့ ဆက်စပ်နေတယ်လို့ မထင်ဘူးလား ….”

“ ငါ ….”

[ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]က မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ့ ကလေးဘဝတုန်းက အကြောင်းအရာတစ်ချို့ကို ပြန်မြင်ယောင်ကြည့်ဖို့ ကြိုးစားနေသည်။

“ ကျုပ် ကူညီပေးလိုက်မယ်…” ချန်ယွီ့ ပြောလိုက်ပြီး “ အစဖော်ပေးတယ်ပဲ မှတ်လိုက် ..”

“ ခင်များ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မဖြေခင် ခင်များမိဘတွေက ခင်များရဲ့ ကျောင်းစရိတ်အတွက် စပြီး စုဆောင်းတယ် …”

ခေတ္တကြာပြီးနောက် သူ့နှုတ်က လွှတ်ခနဲ ပြောမိသွားခဲ့၏။ “ မင်းပြောတာ လုံးဝ မှန်တယ် ဒေါက်တာချန် ….”

“ ငါ့မိဘတွေ ကျောင်းစရိတ် စစုပါပြီ ဆိုကတည်းက ငါ့ဆီမှာ ကံကောင်းမှုရော ၊ ကံဆိုးမှုပါ ဒွန်တွဲ ရောက်လာတော့တာပဲ …”

“ ငါ့အဆင့်တွေနဲ့ဆိုရင် တက္ကသိုလ် တက်ဖို့ ပြဿနာ မရှိမှန်း ငါ့မိဘတွေလည်း သေချာသိတယ် …”

“ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဖို့ နှစ်ဝက်လောက် လိုသေးတဲ့ အချိန်မှာ သူတို့က ငါ့ကျောင်းစရိတ် စုငွေကို တိုးမြင့်ဖို့ ဆုံးဖြတ်လိုက်ကြတယ် …”

“ ငါ့ဘက်ကလည်း စိတ်မပျက်စေခဲ့ပါဘူး … တက္ကသိုလ် ကောင်းကောင်းတစ်ခုကို လျှောက်ထားနိုင်ခဲ့တယ် …”

“ ပြန်စာ စောင့်နေတဲ့ အချိန်မှာပဲ အိမ်ကြီး တစ်ခုလုံး မီးလောင်ပြာကျသွားခဲ့တယ် …”

“ ငွေတွေ အကုန်လုံး ပြာတွေ ဖြစ်သွားခဲ့တယ် ...”

ရှုပ်ထွေးပြီး အတက်အကျ နိုင်လွန်းလှသည့် [ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]၏ ဘဝခရီးက ထိုအချိန်အခိုက်အတန့်မှာပဲ တရားဝင် စတင်လေတော့သည်။

All Chapters