ခက်ခဲတဲ့ ကံကြမ္မာနဲ့ အမျိုးသားတစ်ဦး
Vol. 17 Ch. 170
“ ဒီနေ့ခေတ် အောင်မြင်နေတဲ့လူတိုင်းက အရူးလုပ်ရ ဒီလောက်လွယ်လားဟ … စကားလေး လေးငါးခွန်းလောက် ပြောလိုက်တာနဲ့ ရှိခိုးတော့မတတ်ကို ယုံကြည်နေပြီ …”
“ မင်း စကား မပြောတတ်ရင် ပါးစပ်ပိတ်နေလိုက် … ဒေါက်တာချန်က ဘယ်တော့မှ မလိမ်ဘူးကွ …”
“ မင်းလေသံ နားထောင်ကြည့်တာနဲ့ အသစ်လေးမှန်း သိသာတယ် … မင်းက ဘာမှ မသိတဲ့ကောင်ပဲ …”
“ ဒေါက်တာချန်က လူနာကို ဆေးကုနေတာကွ ….”
“ ဟုတ်လို့လား .... သူ့ကို ငွေလိမ်ဖို့ တစ်ပတ်ရိုက်နေတာ မဟုတ်တာတော့ သေချာပါတယ်နော်…”
“ ဒီ စထွင်မာက အနာဂတ်ကို ကြိုပြီး ခန့်မှန်းနိုင်နေလား ငါ မပြောတတ်ဘူး … ဒါပေမယ့် တခြားလူတွေရဲ့ အတိတ်ကို မှန်းဆနိုင်နေတာနဲ့တင် စိတ်ကျန်းမာရေး ဆရာဝန် မဟုတ်တာကတော့ ကျိန်းသေတယ် …”
“ စိတ်ကျန်းမာရေး ဆရာဝန်တွေမှာသာ ဒီလို အစွမ်းအစမျိုးတွေ ရှိနေလို့ကတော့ ဆေးခန်းဆို လူတိုးလို့ ပေါက်မှာတောင် မဟုတ်ဘူး ….”
“ ဒါကကျ ရုပ်လွန်ဒဿနိက ဖြစ်သွားပြီ ….”
ကြည့်ရှုသူ အသစ်လေးများက ချန်ယွီ့၏ ‘ကုသနည်းလမ်း’ကို ပထမဆုံးအကြိမ် တွေ့ကြုံခံစားနေရခြင်းပင်။
သူတို့ စိတ်ထဲတွင် စကား တစ်လုံးက ရုတ်တရက်ဆို ပေါ်ပေါ်လာသည်။
ကံကြမ္မာဟောပြောခြင်း ….
အကယ်၍ ဤသည်ကသာ စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးမှု ဖြစ်မည်ဆိုပါက ကမ္ဘာပေါ်ရှိ ဗေဒင်ဆရာတိုင်း စိတ်ကျန်းမာရေး ဆရာဝန် ဖြစ်လာနိုင်သည်။
သူ့အတိတ်ကို ပြန်မြင်ယောင်ကြည့်ပြီးနောက် သက်လတ်ပိုင်းအမျိုးသားက ပရမ်းပတာ ဖြစ်နေသည့် ကွန်းမန့်များကို ဥပေက္ခာပြုထားရင်း ဆက်ပြီးပြောသည်။ “ ငါတော့ ဘဝဆုံးပြီလို့ တွေးနေတဲ့ အချိန်မှာပဲ အိမ်နီးချင်းတွေ ၊ ဆိုင်ကို ပုံမှန် လာအားပေးနေကြတဲ့ ဖောက်သည်တစ်ချို့က ငါ့ကို ကူညီပေးလာတယ် …”
“ သူတို့တစ်ယောက်ချင်းစီတိုင်းက ယွမ် ၃၀၀ ၊ ယွမ် ၅၀၀ … အဲ့လိုတွေ ကူညီပေးကြတယ် …”
ဤအကြောင်းစဉ်းစားမိတော့ [ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]သည် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ချေ။
မီးလောင်မှုက နွမ်းပါးလှသည့် သူ့မိသားစု အခြေအနေကို အတော်လေး ဆိုးရွားနေစေပြီး ဖြစ်၏။ ကံကောင်းစွာဖြင့် သူ့မိဘများက ရိုးသားပြီး ပတ်ဝန်းကျင်နှင့်လည်း ဆက်ဆံရေး ကောင်းမွန်နေ၍ပင်။
လူအများအပြားက သူတို့မိသားစု အကူအညီ လိုအပ်နေချိန်တွင် ကူညီပေးဖို့ ရောက်လာခဲ့ကြသည်။
သက်လတ်ပိုင်း အမျိုးသားက စိတ်ထဲ ဝမ်းနည်းမှုကြောင့် နီစွေးနေသည့် သူ့မျက်လုံးများကို ပွတ်သပ်ရင်း “ တက္ကသိုလ်ကနေ ဘွဲ့ရပြီးတော့ အစိုးရ ဌာန တစ်ခုမှာ အလုပ်ဝင်လုပ်တယ် …”
“ လူတိုင်း တောင့်တနေတဲ့ အလုပ်ဆိုတဲ့ ပျော်ရွှင်သင့်တဲ့ ကိစ္စပဲ …”
“ ဒါပေမယ့် ငါ့ကို အချစ်ဆုံးဖြစ်တဲ့ ငါ့အဘိုးက ငါ အလုပ်တက်တဲ့ ပထမရက်မှာပဲ ကားတိုက်ပြီး ဆုံးသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာ ….”
“ နှစ် အနည်းငယ်လောက် လုပ်ပြီးတော့ ငါလည်း ဌာနထဲမှာ အသိအမှတ်ပြုခံရပြီး အသက်အငယ်ဆုံး ဒါရိုက်တာ တစ်ဦး ဖြစ်လာတယ် ..”
“ ကံဆိုးချင်တော့ ကောင်းကင်ရဲ့ အလိုဆန္ဒဆိုတာ တကယ်လည်း မှန်းဆလို့မရဘူး …”
“ လူက ဒါရိုက်တာ ဖြစ်ရုံ ရှိသေးတယ် … ငါ့မိဘတွေက တစ်ယောက်ပြီး တစ်ယောက် ပြင်းပြင်းထန်ထန် နာမကျန်း ဖြစ်ကြတော့တာပဲ ….”
“ ကံကောင်းချင်တော့ ငါ့ဇနီးလေးက သိတတ်နားလည်ပေးတဲ့ မိန်းမကောင်းလေးတစ်ယောက် ဖြစ်နေလို့သာပေါ့ … စောဒက မတက်ဘဲနဲ့ စုငွေတွေအားလုံးကို ထုတ်သုံးဖို့ သဘောတူတယ် … ငါ့မိဘတွေရဲ့ ရောဂါကို ကုသပေးဖို့အတွက် အိမ်ကိုတောင် ရောင်းခွင့်ပြုတယ် …”
ဆရာဝန် ပြောသည်ကတော့ သူ့မိဘများမှာ ငယ်စဉ်က ခါးသီးမှု မျိုးစုံကို ခံစားခဲ့ရသောကြောင့် သူတို့၏ ခန္ဓာကိုယ်တွင် ရောဂါ သေးသေးမွှားမွှားတို့ ပြည့်နှက်နေပြီး ၎င်းတို့က အချိန်မရွေး ထဖောက်လာနိုင်သည်။
သူ့ဇနီးသည်နှင့် ဆွေးနွေးပြီးနောက် အစိုးရ အလုပ်အကိုင် ရာထူးက နှုတ်ထွက်ပြီး စီးပွားရေး လောကထဲ ဝင်ရောက်ဖို့ ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်သည်။
စီးပွားရေး တစ်ခုခု လုပ်ကိုင်မှပဲ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် သူ့မိဘများ၏ ရောဂါဝေဒနာကို ကုသဖို့ရာအတွက် လုံလောက်သည့် ငွေပမာဏ လက်ထဲ ရှိနိုင်မှာ ဖြစ်သည်။
ကနေဦး ရင်းနှီးမြုပ်နှံငွေကိုတော့ သူ့ ခမည်းခမက်က ထုတ်ပေး၏။
သူကပဲ စီးပွားရေးလုပ်ဖို့ မွေးဖွားလာလေသလား ၊ ဒါမှမဟုတ် သူ့ကံတရားကပဲ ကောင်းမွန်နေသောကြောင့်လားတော့ မပြောတတ်။ စီးပွားရေးလောကထဲ ဝင်ရောက်သည့် ပထမနှစ်မှာပဲ အစစအရာရာ အဆင်ပြေချောမွေ့စွာဖြင့် အောင်မြင်နေခဲ့သည်။
မကြာမီ သူ့ စီးပွားရေးလုပ်ငန်းမှ တစ်ဆင့် ယွမ် သန်းဂဏန်း အနည်းငယ် အမြတ်အစွန်း ရလာသည်။
သုံးပုံတစ်ပုံကို ထုတ်ယူ၍ သူ့ခမည်းခမက် မိသားစုကို ပေးသည်။ သို့ပေမယ့် မကြာခင်မှာပဲ ခမည်းခမက် ဖြစ်သူကလည်း ရောဂါ ပြင်းပြင်းထန်ထန် ခံစားရပြီး ကွယ်လွန်သွားခဲ့၏။
၂ နှစ်ကြာပြီးနောက် သူ့ ယောက္ခမကြီးကလည်း လှေကားအတက်အဆင်းတွင် ခြေကျင်းဝတ်လည်ပြီး လှေကားပေါ်က ပြုတ်ကျသည်။
လူတွေ့သည့်အချိန်၌ အလောင်းမှာ အေးစက်နေပြီး ဖြစ်၏။
ဆိုရလျှင် … [ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]၏ စီးပွားရေးလုပ်ငန်းများ အတိုင်းအတာတစ်ခုအထိ အောင်မြင်ကြီးပွားလာတိုင်း သူ့ဘေးနားပတ်ဝန်းကျင်တွင် မလွှဲမရှောင်သာသည့် ကံဆိုးမိုးမှောင်ကျမှုတို့ ဖြစ်ပွားလေ့ရှိ၏။
ယခုအချိန်ထိတိုင် သူနှင့် ကောင်းတူ၊ ဆိုးတူ ဖြတ်သန်းပေးခဲ့ဖူးသည့် သူ့ဇနီး၊ သူ့မိဘများနှင့် သူ့ယောက္ခ၊ သူ့ခမည်းခမက်တို့အားလုံး သူ့အား ထားသွားခဲ့ကြလေပြီ။
“ ဒီအန်ကယ်က ဂြိုဟ်ဆိုးနဲ့များ ဖက်ပြီး မွေးလာသလားပဲနော်….”
“ သူ့မိဘတွေကို ဂြိုဟ်ဆိုး ဝင်စေတယ် ၊ ကောင်းကင်နဲ့ မြေပြင်ကို ဂြိုဟ်ဆိုး ဝင်စေတယ် … သူကိုယ်တိုင်ကတော့ ဘာမှ မဖြစ်ဘူး …”
“ သူနဲ့ အတူနေဖို့ဆိုရင် ကုသိုလ်ကံ အတော်လေး ကောင်းမှပဲ ရမှာ ….”
ကွန်းမန့်အများစုက တူညီသည့် အဓိပ္ပာယ်တစ်ခုကို ဆောင်ကြဉ်းနေသည်။ [ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]အတွက် အရာအားလုံးက အဆင်ပြေချောမွေ့နေသော်ငြားလည်း သူ့ ဆွေမျိုးများကတော့ တစ်ယောက်ပြီးတစ်ယောက် ကြမ္မာငင်သွားကြရ၏။
ထို့ပြင် ဤသို့သော ဆိုးရွားသည့် ကံတရားက လူတစ်ဦးတစ်ယောက်၏ အသက်ကို ဆုံးပါးစေသည်အထိပင်။
စကားပြောခန်းထဲရှိ ကြည့်ရှုသူတို့က သူ့အား တစ်ကိုယ်တည်း နေထိုင်ရန် ကံပါလာသူက ပြောဆိုလာသည့်အချိန်၌ [ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]သည် စိတ်ဓာတ်ကျနေသည့် အမူအရာဖြင့် ချန်ယွီ့အား မေးလိုက်၏။ “ ဒေါက်တာချန် … ငါက တကယ်ပဲ ဂြိုဟ်ဆိုးဖြစ်နေတာလား ….”
မေးမြန်းလိုက်သော်လည်းပဲ [ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]သည် သူ့ကိုယ်သူ ဂြိုလ်ဆိုးတစ်ကောင် ဖြစ်ကြောင်းကို စိတ်ထဲ၌ လက်သင့်ခံထားပြီး ဖြစ်၏။
မဟုတ်ဘူးဆိုပါက ဘာကြောင့် သူ့ဆွေမျိုးများက တစ်ယောက်ပြီး တစ်ယောက် သူ့အား ထားသွားကြလိမ့်မည်နည်း။
သူ အမြတ်နိုးရဆုံးသော သူ့သမီးလေးတွင်လေး အသိမပေး၊ ဘာမပေးနှင့် အဘယ်ကြောင့် အန္တရာယ်ရှိသည့် အကြိတ်တစ်ခု ဖြစ်ပေါ်လာရသနည်း။
ချန်ယွီ့၏ အစောပိုင်း စကားလုံးများနှင့် ပေါင်းစပ်လိုက်သည့်အခါတွင်တော့ သူက ဂြိုဟ်ဆိုးတစ်ယောက် ဖြစ်နေသည်မှာ တကယ်ပဲ သေချာသွားခဲ့တော့သည်။
ချန်ယွီ့က သူ့သမီးလေးကို တစ်ကြိမ်ကနေ နှစ်ကြိမ် ကယ်တင်ပေးနိုင်တယ် … ဒါပေမယ့် အမြစ်ဖြတ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောနေတာ မဆန်းတော့ပါဘူး …
သူ့လို အဖေတစ်ယောက်က သမီးဘေးနားမှာ ရှိနေရင် သူ့သမီး ကံကောင်းနေမှပဲ ထူးဆန်းနေလိမ့်ဦးမယ် …
“ ခင်များက ဂြိုဟ်ဆိုးမဟုတ်ပါဘူး … ဒါပေမယ့် ခင်များက အဲ့လိုမျိုး နားလည်ချင်တယ်ဆိုရင်လည်း ကျုပ် မကန့်ကွက်ပါဘူး ….”
ချန်ယွီ့နှင့် လာရောက်ဆုံတွေ့သည့် လူနာတိုင်းတွင် ထူးဆန်းသည့် ကံကြမ္မာကိုယ်စီ ရှီကြသည်။
တစ်ချို့က ကံကြမ္မာသုံးခု၊ တစ်ချို့က သက်တမ်းပြည့်စွာ ခံစားခွင့်မရနိုင်သည့် လွန်လွန်ကြူးကြူး ကံကောင်းမှုတို့ ရှိနေပြီး တစ်ချို့ကလည်း သူတို့၏ ကံကောင်းမှုကို ရရှိရန်အတွက် ရှေ့မျိုးဆက်တို့ အသက်သွင်းပေးသည့်အပေါ် မှီခိုရသည်။
[ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]အတွက်ကတော့ သူ့ ကြမ္မာက ဂြိုဟ်ဆိုးတစ်ယောက် ဖြစ်ဖို့ ကံပါလာသူ မဟုတ်ပေ။
သူ့ကံကြမ္မာက ထို့ထက်ကိုပိုပြီး ရှုပ်ထွေး၏။
ယင်းက ဩဇာကြယ်နှင့် မွေးဖွားလာသည့် ကံကြမ္မာပင်။
ဩဇာကြယ်က အဓိက ကံတရားကြယ်ကြီးများထဲတွင် အကောင်းမွန်ဆုံး ဖြစ်သလို အကြမ်းတမ်းဆုံး ဖြစ်သည်ဟု ပြောဆိုလျှင်လည်း မမှားပေ။
ဩဇာကြယ်နှင့် လူတစ်ယောက်က ငယ်စဉ်ဘဝတုန်းကတည်းကစပြီး ခက်ခဲခါးသီးမှုတို့ကို ရင်ဆိုင်ရသည်။ သူတို့၏ အလုပ်အကိုင်လမ်းကြောင်းကလည်း အစစအရာရာ အဆင်ပြေချောမွေ့ပြီး သူတို့၏ ကိုယ်စီ နယ်ပယ်များတွင် ကြီးမားသည့် အောင်မြင်မှုတို့ ရရှိတတ်၏။
သူတို့ကိုယ်သူတို့ တင်းကြပ်ချုပ်ချယ်ပြီး အခြားသူများအပေါ်တွင်တော့ ဗိုလ်ကျတတ်သည်။
တစ်ချိန်တည်းတွင် မိဘများအပေါ် အထူးတလှယ် သိတတ်ပြီး သားသမီးဝတ္တရားကို ကျေပွန်သည်။
သူတို့ကို ကျွေးမွေးစောင့်ရှောက်ပေးခဲ့သည့် မိဘများ၏ ကျေးဇူးကို တစ်သက်မမေ့တတ်ပေ။
ဆိုပေမယ့်လည်း … သူတို့က ချမ်းသာပြီး အဆင့်အတန်းရှိကြတော့ရော ဘာဖြစ်လဲ….
ကြယ်ဝမှုနဲ့ ကံကောင်းမှုကို လုယူတဲ့လူတိုင်းက ဩဇာကြယ်နဲ့ တွေ့ဆုံရမယ် … ကြီးပွားမှု လမ်းကြောင်းကို ဆက်ပြီး လျှောက်လှမ်းဖို့ဆိုရင် ခါးသီးတဲ့ နှလုံးသားနဲ့ အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ကြုံတွေ့ဖို့ လိုအပ်တယ်။
“ ဒေါက်တာချန် … ငါက ဂြိုဟ်ဆိုးတစ်ယောက် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ငါ့သမီးလေးနဲ့ ငါ့ရဲ့ ဆွေမျိုးတွေ အကုန်လုံးက ငါ့ကြောင့် သက်ရောက်မှုတွေ ဖြစ်ကုန်တာတော့ မှန်တယ်မလား ….”
“ အင်း …” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ တကယ်လို့ ခင်များရဲ့ သားနဲ့သမီးကို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေချင်တယ်ဆိုရင် ကျုပ် ခင်များကို အကြံနည်းနည်းပါးပါး ပေးလို့ရတယ် …”
“ မင်းဘာပဲ ပြောပြော ငါလိုက်နာဖို့ အသင့်ပဲ ဒေါက်တာချန် …”
[ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]က တောင်းပန်လိုက်၏။
“ ပထမ နည်းလမ်းက ခင်များနာမည်အောက်မှာ ရှိတဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို သားနဲ့ သမီးဆီ လွှဲပြောင်းပေးဖို့ပဲ ….”
“ ပြီးရင် သတင်းစာရှင်းလင်းပွဲ တစ်ခု ကျင်းပပြီး ခင်များနဲ့ သူတို့ရဲ့ ဆက်နွယ်မှုတွေ အားလုံး ဖြတ်တောက်ပါတယ်လို့ ကြေညာရမယ် … ပြီးတော့ ခင်များ သူတို့ နှစ်ယောက်ကို နာမည်အသစ်မှည့်ပေးပြီး အိမ်ထောင်စု စာရင်းကိုလည်း ပြန်ပြင်ရမယ် …”
“ ကုန်ကုန်ပြောရရင် သွေးချင်းဆက်နွယ်မှုကလွဲပြီး ကျန်တာအကုန်လုံး ဖြတ်တောက်ရမယ်…”
“ ပြီးရင် သူတို့နဲ့ ဝေးဝေးနေ … ခင်များ တစ်သက်လုံး သူတို့နဲ့ မတွေ့နဲ့ … သူတို့လည်း ခင်များကို မရှာစေနဲ့ ….”
ချန်ယွီ့က သူ့နည်းလမ်းကို မနှေးမမြန် လေသံဖြင့် ရှင်းပြလိုက်သည်။
“ ဒေါက်တာချန်ကတော့ ထင်ထားတဲ့အတိုင်းပဲ သူ့ ကုသရေး နည်းလမ်းတွေက ပုံမှန် ဖြစ်တယ်ရယ်ကို မရှိဘူး ….”
“ သူ့ရဲ့ ကြွယ်ဝမှုတွေကို အုပ်ထိန်းသူ မရှိတဲ့ ကလးနှစ်ယောက်ဆီ လွှဲပေးရမယ် … ဒါ သူတို့ကို ထိခိုက်အောင် လုပ်နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား …”
“ လိုက်စထွင်းခန်းထဲမှာ ဆရာကြီး တစ်ယောက်ယောက်လောက် မရှိကြဘူးလားကွ … ဂြိုလ်ဆိုးဖြစ်တဲ့ ကံကြမ္မာကို ချေဖျက်ဖို့က တကယ်ပဲ အဲ့လောက်ထိ ခက်တာလား ….”
“ ဒေါက်တာချန်က ဒီဦးလေးကြီးကို တစ်ယောက်တည်း ဖြစ်အောင် လုပ်နေတာပဲ … အဲ့လိုမှပဲ သူ့ကလေးနှစ်ယောက်ကို ထိခိုက်မှု မရှိစေနိုင်မှာလေ … အဲ့သဘောပဲမလား ….”
ကြည့်ရှုသူများက တက်တက်ကြွကြွနှင့် ဆွေးနွေးနေကြပြီး ဤနည်းလမ်းက အနည်းငယ် မသင့်လျော်ဟု ခံစားမိနေကြသည်။
[ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]၏ ဝတ်စားဆင်ယင်မှုကို အကဲဖြတ်ကြည့်ရသလောက်ကတော့ သူ့ မိသားစု ကြွယ်ဝမှုက အနည်းဆုံး ဘီလီယမ် အနည်းငယ်လောက်တော့ ရှိနိုင်သည်။
အကယ်၍ သူသာ အသက်မပြည့်သေးသည့် ကလေးနှစ်ယောက် လက်ထဲသို့ ကြွယ်ဝမှုများအားလုံး လက်လွှဲပေးလိုက်မည်ဆိုပါက [ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]အတွက် အဆင်ပြေသော်ငြားလည်းပဲ ကလေးနှစ်ဦးအဖို့ကတော့ ချိန်ကိုက်ဗုံးနှင့် မခြားပေ။
[ဇွဲရှိသူကို ကောင်းကင်က ဆုချမည်]ကလည်း ဒီနည်းလမ်းက အားကိုးလို့မရတာကို သိတော့ သူ ဂရုတစိုက်နှင့် မေးလိုက်၏။ “ ဒေါက်တာချန် … မင်းပြောတဲ့ လေသံအတိုင်းဆိုရင် နောက်တစ်နည်း ရှိသေးတယ်မလား …”
“ အင်း … ဒါပေမယ့် ဒုတိယနည်းလမ်းက ခင်များကို နည်းနည်းလေး စော်ကားသလို ဖြစ်နေလိမ့်မယ် …”
စာစဉ် (၁၇)ပြီး၏။