ပေါ့ပါးလွင့်ပျံခြင်း
Vol. 2 Ch. 12
မင်ယွဲ့သည် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးနောက်တွင် အလုပ်ရှာဖွေရန် စိတ်ကူးတို့ကို လုံးဝစွန့်လွှတ်လိုက်တော့သည်။ သူမ၏ စိတ်အာရုံတို့သည် ပိတ်လှောင်ထားရာမှ လွတ်မြောက်သွားသကဲ့သို့ ပေါ့ပါးလွင့်ပျံနေ၏။
【တိန်—】
"ယွမ်ပေါ့... နင်ကလည်း ဘာလို့ ရုတ်တရက်ကြီး ထပြောတာလဲ ငါ့မှာ လန့်သွားတာပဲ"
မင်ယွဲ့သည် သူမ၏ ရင်ဘတ်ကို လက်ဖြင့်ဖိကာ လန့်ဖျပ်သွားသော အမူအရာဖြင့် ရေရွတ်လိုက်သည်။ ဝင်းပစိုပြေနေသော သူမ၏ မျက်နှာထက်တွင် စိုးရိမ်တုန်လှုပ်မှု အရိပ်အယောင်လေး တစ်ချက် ဖြတ်သန်းသွား၏။
【ယွဲ့ယွဲ့... အခုဆိုရင် မင်းရဲ့ ကိုယ်ပိုင်
အနာဂတ်ကို စတင် တည်ဆောက်လို့ ရပြီနော်
အစွမ်းကုန် ကြိုးစားလိုက်စမ်းပါ ငါ မင်းကို အားပေးနေမယ်】
"အော်... သိပါပြီ ငါကတော့ နင် ဒီလို ရုတ်တရက်ကြီး ပေါ်လာတာဆိုတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်နေပြီလားလို့ အောက်မေ့နေတာ"
သူမသည် အရာရာကို အသေအချာ စဉ်းစားသုံးသပ်ပြီးနောက် ဇာတိချက်ကြွေ ကျေးရွာလေးသို့ ခေတ္တပြန်ရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ သူမ၏ ဘဝတွင် ပထမဦးဆုံးအကြိမ် လေယာဉ်စီးဖူးခြင်းလည်း ဖြစ်သည်။
လီအောက်ကျေးရွာသို့ ပြန်ရောက်သည့်အခါ မြင်တွေ့ရသော မြင်ကွင်းတို့သည် အပြောင်းအလဲမရှိ ယခင်အတိုင်းပင်။ ရွာအဝင် လမ်းကလေး၊ ရင်းနှီးကျွမ်းဝင်နေသော စမ်းချောင်းလေးနှင့် အေးအေးလူလူ လမ်းလျှောက်နေကြသော ရွာသူရွာသားများမှာ ထူးမခြားနားလှပေ။ ဘုရားကျောင်း၏ အမိုးပြားလေးများပေါ်တွင် ကျရောက်နေသော နေရောင်ခြည်မှာ စူးရှတောက်ပနေဆဲ ဖြစ်သည်။
မင်ယွဲ့သည် ဤနေရာမှ ခွဲခွာသွားသည်မှာ ကြာမြင့်လှပြီဟု ခံစားနေရသည်။ မြင်ကွင်းတို့မှာ တူညီနေသော်လည်း မြင်ရသည့် စိတ်အာရုံမှာမူ လုံးဝ ခြားနားသွားခဲ့ပြီ။
"ဟယ်... ဒါ ဘယ်သူ့သမီးလေးလဲ သိပ်လှတာပဲ"
ရွာထဲမှ အဒေါ်ကြီးတစ်ဦးမှာ လမ်းလျှောက်နေရင်းမှ ရပ်တန့်ကာ မင်ယွဲ့ကို ငေးမောကြည့်ရှုရင်း ရေရွတ်လိုက်သည်။
"မြို့ကြီးက လာတဲ့ ကောင်မလေး ထင်ပါရဲ့ကြည့်ပါဦး... ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း ဈေးကြီးမယ့်ပုံပဲ"
မင်ယွဲ့၏ ဟန်ပန်မှာ သိသိသာသာ ပြောင်းလဲသွားခဲ့သဖြင့် ဘေးမှ ဖြတ်သွားသော ရွာသူရွာသားများပင် သူမကို မမှတ်မိကြတော့ပေ။
ပုခုံးထက်သို့ ဝဲကျနေသော သူမ၏ နက်မှောင်သည့် ဆံနွယ်ရှည်တို့သည် မင်ယွဲ့၏ လှုပ်ရှားမှုနှင့်အတူ လေထဲတွင် ဝေ့ဝဲကခုန်နေကြသည်။ ဖြူစင်ဝင်းပသော အသားအရေမှာ နေရောင်အောက်တွင် ရွှေရောင်အလင်းတန်းလေးများ ဖြာထွက်နေသကဲ့သို့ ထင်မှတ်ရကာ မျက်နှာပေါ်မှ မွေးညှင်းနုလေးများအထိပင် ထင်ထင်ရှားရှား မြင်တွေ့နေရသည်။
ဤအလှမှာ ကျန်းမာသန်စွမ်းမှုနှင့် ပြည့်စုံပြီး ဖော်ပြမရနိုင်လောက်အောင်ပင် ထူးခြားဆန်းပြားလှသည်။ ကျေးရွာလေးအတွင်း ဤကဲ့သို့သော ဟန်ပန်မျိုးရှိသည့် လူငယ်မှာ အလွန်ပင် ရှားပါးလှသဖြင့် လူအများ၏ အကြည့်တို့မှာ သူမထံတွင်သာ ဝိုင်းဝိုင်းလည်နေတော့သည်။ လူစုလူဝေးကြားမှ တိုးတိုးတိတ်တိတ် ဝေဖန်သံများ ထွက်ပေါ်လာ၏။
"ယွဲ့ယွဲ့..."
မင်ယွဲ့၏ မိခင်ဖြစ်သူ၏ အော်ဟစ်ခေါ်သံက လူအများ၏ သံသယကို ရိုက်ချိုးလိုက်ပြီး အဖြေကို ထုတ်ဖော်ပေးလိုက်သည်။
"ဟယ်... ဒါ ယွဲ့ယွဲ့လား မတွေ့တာ ခဏလေးအတွင်းမှာ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် လှသွားရတာလဲ"
"မိန်းကလေးတွေက အရွယ်ရောက်လာရင် တကယ်ကို အပြောင်းအလဲ မြန်တာပဲ တစ်နေ့ထက်တစ်နေ့ ပိုပိုလှလာတာ"
"ထီပေါက်ထားတာဆိုတော့ အဝတ်အစားတွေ ဆင်တတ်ယဉ်တတ်သွားတာ နေမှာပေါ့ ပိုက်ဆံတွေ အပုံလိုက်ဝတ်ထားမှတော့ ကြည့်ကောင်းနေမှာပေါ့လေ"
ချီးမွမ်းသံများ ရှိသကဲ့သို့ပင် မနာလိုဖြစ်ကာ စောင်းမြောင်းပြောဆိုသံများလည်း ထွက်ပေါ်လာစမြဲ ဖြစ်သည်။
"တက္ကသိုလ်ကျောင်းသူဆိုတော့လည်း မပြောသာဘူးလေ တောကလာတာကိုတောင် မေ့နေကြပြီ ထင်ပါရဲ့"
မင်ယွဲ့၏ မိခင်သည် သမီးဖြစ်သူ၏ လက်ထဲမှ ခရီးဆောင်အိတ်ကို လှမ်းယူကာ ရှေ့မှ ဦးဆောင်ထွက်ခွာသွား၏။ သူတို့နောက်တွင် ပါလာသော မင်ယွဲ့၏ ဖခင်မှာမူ အေးစက်စက်ပြောဆိုသူကို ကြည့်ကာ ရပ်တန့်
လိုက်ပြီး-
"တက္ကသိုလ်ကျောင်းသူဆိုတာ တကယ့်ကို အထင်ကြီးစရာ ကောင်းတာပေါ့ အနည်းဆုံးတော့ တောထဲကနေ တစ်ဖဝါးမှ မခွာဖူးတဲ့ လူတွေထက်စာရင် အများကြီး သာတာပေါ့ဗျာ"
သမီးဖြစ်သူ၏ အောင်မြင်မှုနှင့် မြင့်မားလာသော လူနေမှုအဆင့်အတန်းကြောင့် မင်ယွဲ့၏ ဖခင်သည် ယခုအခါတွင် ခေါင်းမော့ရင်ပေါ့နေနိုင်ပြီ ဖြစ်သည်။
ယခင်က သမီးဖြစ်သူကို ကျောင်းထားပေးခြင်းမှာ အပိုအလုပ်သာဖြစ်ကြောင်း၊ တစ်နေ့တွင် သူများအိမ်သို့ ရောက်သွားမည့်သူဖြစ်ကြောင်း ကဲ့ရဲ့ခဲ့ကြသူများကို သူ မမေ့ပေ။
ကျောင်းလခပေးရန်အတွက် အားလုံးကို ဒူးထောက်တောင်းပန်ကာ ငွေချေးခဲ့ရဖူးသည်။
အချို့က ငွေမချေးသည်မှာ ကိစ္စမရှိသော်လည်း ထိုအခွင့်အရေးကို အသုံးချကာ သူတို့မိသားစုကို နှိမ့်ချစော်ကားခဲ့ကြသည်။
ထိုစဉ်က မင်ယွဲ့၏ ဖခင်သည် ဒေါသကို မြိုသိပ်ခဲ့ရသည်။ ဆင်းရဲနွမ်းပါးမှုကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့ခဲ့ရပြီး သားသမီးတို့၏ အနာဂတ်မှာ မည်သို့ဖြစ်လာမည်ကို မသိနိုင်သဖြင့် ရွာထဲမှ အဆက်အသွယ်များကို မဖြတ်တောက်ရဲခဲ့ပေ။
ယခုမူ အခြေအနေတို့သည် လုံးဝပြောင်းလဲသွားခဲ့ပြီ။ မိသားစုတွင် ငွေကြေးအင်အား ပြည့်စုံလာခဲ့ပြီး ကျေးရွာအတွင်း ပထမဦးဆုံးသော ဗီလာအိမ်ကြီးကို တည်ဆောက်နေပြီဖြစ်သည်။ ဤအိမ်ကြီးသည် လီအော်ကျေးရွာ၏ အလှဆုံး မြင်ကွင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
သူမ၏ သမီးမှာလည်း ယန်ကျန်းတက္ကသိုလ်မှ ဘွဲ့ရရှိထားသူဖြစ်ပြီး ထီပေါက်ရာမှ ရရှိသော ငွေကျပ် နှစ်သန်းမှာလည်း လက်ထဲတွင် ရှိနေသေးသည်။ သူမ၏ အနာဂတ်အတွက် မိဘများအနေဖြင့် ပူပန်ရန် မလိုတော့ပေ။ သားဖြစ်သူမှာလည်း စာသင်ခန်းထဲတွင် ထူးချွန်နေသကဲ့သို့ ဇနီးမောင်နှံနှစ်ဦးမှာလည်း ကျန်းမာသန်စွမ်းနေကြဆဲ ဖြစ်သည်။
"မင်းလင်း... မင်းကတော့ ပိုက်ဆံလေး ရှိလာတာနဲ့ ငါ့ကိုတောင် အသံမြှင့်ပြောရဲနေပြီပေါ့လေ"
ရွဲ့သံနှောကာ ပြောလိုက်သူမှာ မင်ယွဲ့တို့နှင့် ဆွေမျိုးတော်စပ်သူ ဖြစ်ပြီး မင်ယွဲ့အနေဖြင့် "ဦးလေး" ဟု ခေါ်ရမည့်သူဖြစ်သည်။
"ပိုက်ဆံမရှိဘဲ ဟိတ်ဟန်ထုတ်နေတာထက်စာရင်တော့ အများကြီး တော်သေးတာပေါ့"
မင်ယွဲ့သည် လူကြီးလူကောင်းဆန်မှုကို ဂရုမစိုက်နိုင်တော့ပေ။ ထိုသူများသည် သူတို့၏ ဝါစဉ်အရ လူငယ်များကို ဖိနှိပ်လိုကြသည်မဟုတ်ပါလား။ ထိုသို့ဆိုလျှင် သူမကလည်း ငွေကြေးအင်အားဖြင့် အဘယ်ကြောင့် ပြန်လည်မတုံ့ပြန်နိုင်ရမည်နည်း။